မြန်မာသတင်းများ မေလ ၃၀ ရက် ၂၀၁၂ ခုနှစ်

ဒေါ်စုကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပမ်းတသာ ကြိုဆို

ထိုင်းနို်င်ငံကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အခု မနက်ပိုင်း မြန်မာအလုပ်သမားတွေ အများစု အလုပ် လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသကို သွားရောက် မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးကိုပါ အထောက်အပံ့ဖြစ်စေတဲ့ ဒီအလုပ်သမားတွေရဲ့ အတွေ့အကြုံ၊ နေ ထိုင်မှု ဘ၀ တွေကို မျက်မြင်တွေ့လိုတာကြောင့် သူတို့ရဲ့ အလုပ်ခွင်ထဲအထိ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုမှာဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ မနေ့ညပိုင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘုမိ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ချိန်မှာတော့ ထိုင်းအထူးရဲတပ်ဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် လုံခြုံရေး ယူပေးထားပါတယ်။ လေဆိပ်အထွက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းရောက် မြန်မာ တွေရော ထိုင်းလူမျိုးတွေရော စိတ်လှုပ်ရှားတကြီး ကြိုဆိုခဲ့ကြပါတယ်။
အလုပ်သမတဦး။        ။ “အရမ်းလည်းဝမ်းသာမိတယ်၊ ဂုဏ်ယူတယ်၊ ကျေနပ်တယ်၊ စိတ်ထဲ အရမ်း လှုပ်ရှားတယ်။ ဘယ်အချိန်လာမလဲ၊ နာရီကိုခဏခဏလည်းကြည့်တယ်။ ထိုင်းနိုင်ငံမှာရောက်ရှိလာ တဲ့ မြန်မာအလုပ်သမားတွေအတွက် မြန်မာနိုင်ငံက အလုပ်သမားတွေပေါ့နော်- တရားမျှတမှုရှိအောင်- ထိုင်းအစိုးရတွေကို ပြေပြေလည်လည်ဖြစ်အောင် လုပ်ပေးပါလို့ ပြောချင်တယ်။”
အလုပ်သမားတဦး။     ။ “ကျနော့်ရင်ထဲမှာ အတိုင်းအဆမရှိအောင် ပျော်ပါတယ်ခင်ဗျ။ ဒီနေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ဆိုပြီး ကျနော်လာတာ။ ၈ နာရီလောက်ကတည်းက ဒီကိုရောက်နေ တာ။ ဒီနေ့ကတော့ ကျနော့်ဘဝမှာအပျော်ဆုံးနေ့လို့ ပြောလို့ရပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ စိတ်လှုပ်ရှားတကြီး စောင့်နေတဲ့ထဲမှာ ထိုင်းလူမျိုးတွေလည်း အတော်များများပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်ဟာ ထိုင်းနိုင်ငံကို အရင်ဆုံးရောက်လာတဲ့အပေါ် သူတို့က အင်မတန်ကို ၀မ်းသာခဲ့ကြပါတယ်။
“ကျမ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ ပြီးခဲ့တဲ့ သတင်းကြားရတုန်းက သူ နော်ဝေးသွားမယ်လို့ သိရ တာပါ။ ပထမဆုံး ပြည်ပခရီးစဉ်က နော်ဝေးသွားမယ်လို့ ဟိုတုန်းကတည်းက သူမကလည်း ပြောခဲ့တာပါ။ အခုတော့ မဟုတ်ဘူး. ဒီကို ပထမဆုံးရောက်လာပြီလေ။ အခုဆို မြန်မာပြည်ပခရီးစဉ်က ပထမဆုံး ထိုင်းနိုင်ငံဖြစ်တယ်လေ- ၀မ်းသာလွန်းလို့ ကျမ ပြောစရာ စကားတောင်မရှိပါဘူး။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက်တင်မက အခြားကမ္ဘာအသီးအသီးက အမျိုးသမီးတွေ အတွက်ပါ စိတ်ခွန်အားဖြစ်စေတယ်လို့ အဲဒီ ထိုင်း အမျိုးသမီးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ မနက်ပိုင်း ၈ နာရီခွဲမှာတော့ ဘန်ကောက်အနီးက မြန်မာအလုပ် သမားတွေ အများဆုံးအလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင် ဒေသကို သွားမှာပါ။ ရေလုပ်ငန်းတွေရှိတဲ့ မဟာ ချိုင်ဒေသမှာတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်ဆိုတဲ့အတွက် မြန်မာ အလုပ်သမားတွေလည်း စိတ်လှုပ်ရှားတကြီး ပြင်ဆင် စောင့်ဆိုင်းနေပါတယ်။
“သူနဲ့တွေ့ချင်တာက - အခု ကျနော်တို့အလုပ်သမားတွေ ခံစားနေရတဲ့ ပြဿနာ၊ ဖြစ်ပျက်နေရတဲ့ အတွေ့ အကြုံတွေကို အကုန်လုံးသိသွားအောင် - ထိုင်းအစိုးရရော၊ ဗမာအစိုးရရော အကုန်လုံး သိသွားအောင် ပြောပြစေချင်တယ်။”
အလုပ်သမားရေးလှုပ်ရှားသူ Andy Hall ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအလုပ်သမားတွေရဲ့ တန်ဘိုးကို သဘောပေါက်နားလည်တာကြောင့် အခုလို အရေးတယူ လာရောက်တာဖြစ်တယ် လို့ ပြောပါတယ်။
“ဒီ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာစီးပွားရေးအတွက် အတော်လေး အထောက်ကူဖြစ်စေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆမယ်လို့ ထင် တာ။ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်က လူဦးရေ ရဲ့ ၁၀ % ရှိပါတယ်။ စီးပွားရေးကြောင့်ဖြစ်စေ၊ ပဋိ့ပက္ခတွေကြောင့်ဖြစ်စေ အကြောင်းအမျိုးမျှိုးနဲ့ ပြည်ပ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၅ သန်း - ၆ သန်းလောက်ဟာ အရေးပါတဲ့ အင်အားစုဖြစ်ပါတယ်။ သူတို့ဟာ သူတို့မိသားစုတွေကို ထောက်ပံ့နိုင်ဖို့ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတာပါ။ ဒီလူတွေ တိုင်းပြည်အတွက် ဆောင်ရွက်နေတာတွေကို အသိအမှတ်ပြုလိုတယ်၊ သူတို့နဲ့ တွေ့ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက်အနေနဲ့ ထိုင်းနိုင်ငံတွင်း က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ဘ၀တွေကို မြင်တွေ သိရှိလိုတာပါ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်း ၉ နာရီကျော်မှာ မဟာချိုင်မှာရှိတဲ့ ပုစွန်ဈေးကို ရောက်မယ်လို့ သိရပါတယ်။ အဲဒီကနေ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ရှိသလို စက်ရုံတခုမှာ နေလည်စာစားမယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်းမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာပြုလုပ်တဲ့ ၂၀၁၂  ခုနှစ်၊ World Economic Forum on East Asia အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ဇွန်လ တစ်ရက်နေ့မှာ အဲဒီ ညီလာခံမှာ မိန့်ခွန်းပေးဖို့ရှိပါတယ်။ ဒီနောက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်၊ အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့နှင့် တွေ့ဆုံမည်ဟု သိရ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ မေလ ၂၉ ရက်နေ့ ညပိုင်းက လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် World Economic Forum on East Asia 2012 တက်ရောက်ရန်အတွက် မေလ ၂၉ ရက် ဒေသစံတော်ချိန်ည ၉ နာရီ မိနစ် ၃၀ ခန့်အချိန်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။

သုဝဏ္ဏဘူမိလေဆိပ်သို့ TG306  လေယာဉ်ဖြင့် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ထိုင်းအထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏဘူမိလေဆိပ်၏ သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသောဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့၌ နေထိုင်စဉ်ကာလအတွင်း  World Economic Forum on East Asia 2012 ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာဟိုတယ်၌ပင် ခေတ္တတည်းခိုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ လိုက်ပါသတင်းရယူသူ Eleven Media Group ၏ အကြီး တန်းအယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်းပေးပို့ချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်၊ အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့နှင့် တွေ့ဆုံမည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်နှင့်  အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့သည် ပြီးခဲ့သည့်လများက ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ထိုင်းနိုင်ငံတွင် မေလ ၃၀ ရက်နေ့မှ ဇွန် လ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် အဆိုပါဖိုရမ်၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မယ်လ ဒုက္ခသည်စခန်းကိုလည်း သွားရောက်လေ့လာမည်ဟုလည်း သတင်းဖော်ပြချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ ရောက်ရှိ၊ မြန်မာပြည်သားတို့နှင့် တွေ့မည်

ထိုင်းနိုင်ငံတွင် ရက်အနည်းငယ်ကြာနေထိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာသည်။ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာ့စီးပွားရေးညီလာခံ တက်ရောက်ရန် ဖြစ်သည်ဟု အများက နားလည်ထားကြသည်။ထိုင်းတွင် ရောက်ရှိစဉ် မြန်မာပြည်သား ဒုက္ခသည်များ၊ အလုပ်သမားများနှင့် တွေ့ဆုံရန်လည်း ပြင်ဆင်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသည် အင်္ကျီအနီရောင်ဝတ် နှင့် အ၀ါရောင်ဝတ် သူများဟူ၍ အင်အားစု နှစ်ခု ကွဲနေပြီး ယခင်နှစ်များက နိုင်ငံရေးမတည်ငြိမ်မှု များစွာ ပေါ်ပေါက်ခဲ့သည်။ယနေ့ည ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် အနီ နှင့် အ၀ါကို ရှောင်ပြီး ၀တ်ဆင်ထားသည်ကို တွေ့ရသည်။
ယနေ့ညနေပိုင်း ၀တ်ဆင်လာသော အင်္ကျီအရောင်သည် အနီနှင့် အ၀ါ ရောစပ်ထားသောအရောင်ဖြစ်သည်ဟု တချို့က ပြောဆိုနေကြသည်။ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၄ နှစ်အတွင်း ပထမအကြိမ် ပြည်ပခရီးကို အများက စိတ်ဝင်စားနေကြပြီး သူ လေဆိပ်သို့ ရောက်ရှိလာသည့် သတင်းသည် နိုင်ငံတကာ ထိပ်တန်းသတင်းတခု ဖြစ်နေသည်။သူနှင့်အတူ လက်ထောက်တချို့၊ NLD လုံခြုံရေးအရာရှိတချို့၊ မြန်မာသတင်းထောက်တချို့ ရန်ကုန်မှ လိုက်ပါလာသည်ကို ရုပ်သံသတင်းများတွင် တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် သွားမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသားများစွာ အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ စမွတ် စခွန်ခရိုင် မဟာချိုင် မြို့သို့ မေလ ၃၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင် လုပ်ကိုင် ခွင့် အလုပ်သမား လက်မှတ် ပြုလုပ်ပေးမှု အခြေအနေများကိုလည်း လေ့လာရန်ရှိကြောင်း၊ မြန်မာ အလုပ်သမားများနှင့် မိသားစု ၀င် များကိုလည်း တွေ့ဆုံ စကားပြောရန်ရှိကြောင်း အလုပ်သမားအရေး ကူညီနေသူ တဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် မေလ ၃၀ ရက် ဘန်ကောက်မြို့၌ စတင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောရန်ရှိပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့လည်း သွားရောက် လေ့လာရန်ရှိကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ ဆက်ဆံရေး တရုတ် ကြိုဆို

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးမြှင့်၍ ပူးပေါင်းဆောင်ရွက်မှုများအပေါ် တရုတ်နိုင်ငံက ကြိုဆိုကြောင်း ပြော ကြားလိုက်သည်။ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ၏ တနင်္ဂနွေနေ့က စတင်သည့် ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ ခြားရေး ၀န်ကြီးဌာနက ပြောကြားခြင်း ဖြစ်သည်ဟု ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ မနေ့က ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောမည်

အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အိန္ဒိယ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အနေ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင် လုပ်ဆောင်နိုင် တာတွေ ရှိပြီး အိန္ဒိယနဲ့ ဆက်ဆံရေး ပိုပြီး နီးကပ်လာမယ့် အလားအလာအပေါ် ၀မ်းသာမိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောခဲ့ပါ တယ်။ သူတို့နှစ်ဦးမနေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေး အပြီးမြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ မနေ့က့ မနက်ပိုင်းက ရန်ကုန်မြို့၊ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက် တွေကို အသီးသီး စကားပြောဆိုခဲ့တာပါ။
အိန္ဒိယနိုင်ငံဆီ ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်လာရောက်ဖို့နဲ့ အထူးထင်ရှားတဲ့ ကွယ်လွန်သူ အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟာလာ နေရူး အောက်မေ့ဖွယ် အထိမ်းအမှတ် အဖြစ် နှစ်စဉ် နိုဝင်ဘာလမှာ ကျင်းပတဲ့ အခမ်းအနားမှာ မိန့်ခွန်း ပြောကြား ပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။မကြာခင်သီတင်းပတ်တွေမှာ ပြည်ပခရီးတွေ ဆက်တိုက်ထွက်ဖို့ စီစဉ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံဆီလာဖို့ ၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကိုလည်း လက်ခံခဲ့ပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မည်

အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းဟာ မနေ့တုန်းက မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေကို အလေးပေးဆွေးနွေးသွားပါတယ်။ ဒါ့အပြင် အိန္ဒိယအနေ နဲ့ မြန်မာနိုင်ငံတွင်း IT နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးရော နည်းပညာအရပါ ကူညီသွားဖို့ အိန္ဒိယ၀န်ကြီးချုပ်က ကတိပြုခဲ့ပါတယ်
အိန္ဒိယနဲ့ မြန်မာနယ်ချင်းစပ်ဒေသတွေက လက်နက်ကိုင်လှုပ်ရှားမှုတွေကို တိုက်ဖျက်ဖို့ကိစ္စမှာ အိန္ဒိယ အနေနဲ့ မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်သွားဖို့လိုမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Somannahalli Mallaiah Krishna က သတင်းထောက်တွေကို ပြောသွား ပါတယ်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လုံးဟာ နယ်စပ်မှာ သူပုန်ထမှုအခြေအနေတွေကို ရင်ဆိုင်နေရတာကြောင့် နယ်စပ်လုံခြုံရေးအတွက် ပူးတွဲ မဟာဗျူဟာတရပ် ထားဖို့လိုမယ်လို့ သုံးရက်ကြာ မြန်မာခရီးစဉ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်နဲ့အတူ ပါလာတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Krishna က ပြောသွားပါတယ်။အိန္ဒိယအစိုးရကို လက်နက်ကိုင်ပုန်ကန်နေတဲ့ နာဂသူပုန်အဖွဲ့အစည်းအချို့ဟာ မြန်မာပိုင်နက်ထဲမှာ ခိုအောင်းပြီး လှုပ်ရှားနေတယ်လို့ အိန္ဒိယဘက်က ယူဆထားတာပါ။ တချိန်တည်းမှာ မြန်မာအစိုးရကို ပုန်ကန်တဲ့ တိုင်းရင်းသားသူပုန်အချို့ဟာ အိန္ဒိယ မြန်မာနယ်စပ် တလျှောက်မှာ လှုပ်ရှားနေတာပါ။ ဒီအပေါ်မှာ နှစ်ဖက် ပူးပေါင်းပြီး သူပုန်ထမှုတွေကို ကိုင်တွယ်သွားဖို့ အိန္ဒိယဘက်က လိုလားပုံရပါတယ်။ ဒါပေမယ့်လည်း မြန်မာဖက်ကတော့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ယူပြီး၊ နယ်စပ် အခြေအနေ တွေကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ မြန်မာ သမ္မတက ပြောဆိုခဲ့တဲ့အကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai က သတင်းထောက်တွေကို နေပြည်တော်မှာပြောပါတယ်။

အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ ချေးရန် သဘောတူ

အိန္ဒိယက မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ပေးရန် သဘောတူညီကြောင်း သိရသည်။ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အချက် ၁၂ ချက်ပါ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ၌ လက်မှတ်ထိုး သဘောတူလိုက်ခြင်း ဖြစ်သည်။ အချက် ၄၆ ချက်ပါ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကိုလည်း ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြောင်း အစိုးရ သတင်းစာ များ၌ ယနေ့ ဖော်ပြထားသည်။ မန်မိုဟန်ဆင်းသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် တနင်္ဂနွေနေ့က စတင်ရောက်ရှိလာခြင်း ဖြစ်ပြီး အိန္ဒိယ ၀န်ကြီးချုပ် တဦးအနေဖြင့် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်သည်။

ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး

လတ်တလော ဖြစ်နေတဲ့  ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ကြ ဖို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့ နိုင်ငံရေးပါတီတချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာမှာ နိုင်ငံရေးပါတီ တချို့က ၀င်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်လို့  အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားလာတာတွေ ရှိတဲ့အတွက် အခုလို ခေါ်ယူ တွေ့ဆုံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်၊အခုသူတို့ခေါ်တွေ့တဲ့ နိုင်ငံရေးပါတီ ၅ခုကတော့  ကြံ့ခိုင်ဖွံဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ အမျိုးသား ဒီမိုကရေစီအင်အားစု NDF နဲ့  ပြည်ထောင်စုမြန်မာနို်င်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ပါတီ နဲ့ နောက်ထပ်  နိုင်ငံရေးပါတီ တွေ ဖြစ်ပြီး ဒီပါတီတွေဟာ အခုလက်ရှိပြဿနာတွေမှာ ၀င်ရောက် ပတ်သက်နေတာတွေရှိတာကြောင့် ကော်မရှင်က ခေါ် တွေ့တာ ဖြစ်တယ်လို့လည်း  နိုင်ငံရေးပါတီတွေက ပြောပါတယ်၊ အထူးသဖြင့်ကတော့ လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ် သမား ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ ပတ်သက်နေတယ်ဆိုတဲ့ တိုင်ကြားမှုတွေ ရှိတာကြောင့် ခေါ်တွေ့တာဖြစ်တယ် လို့သိရပါတယ်

ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ၀ိုင်းဝန်း ကူညီပါဝင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပန်ကြားလိုက်ပါတယ်လို့သိရပါတယ်

လျှပ်စစ်မီး ရရှိရေး ဆန္ဒထုတ်ဖော်သူကို မြို့နယ်အာဏာပိုင် ခေါ်ယူမေးမြန်း

ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ပုသိမ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့မှာ လျှပ်စစ်မီးအချိန်ပြည့် ရရှိရေးအတွက် ညစဉ်ဆန္ဒထုတ်ဖော်သူတွေထဲက လူငယ်ခေါင်းဆောင် ၁၁ ဦးကို မနေ့က မွန်းလွဲ တစ်နာရီမှာ ခရိုင်ရဲမှူးကြီးအပါအ၀င် မြို့နယ်အာဏာပိုင်တွေက ပုသိမ်ဝန်ကြီးရုံးကို ခေါ်ယူခဲ့ပြီး ၃ နာရီကြာ မေးမြန်းခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောတယ်လို့ သိရပါတယ်။

အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည် 

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုတရပ် မေလ ၂၉ ရက်နေ့ ည ၇ နာရီတွင် ဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီး အပြည့်အ၀ မရမချင်း သုံးရက်ဆက်တိုက် ဆက်လက်ပြုလုပ်သွား
ကြမည်ဟု သိရသည်။
ရုံးရှေ့တွင် စတင်စုဝေးခဲ့ကြပြီး ထိုမှတဆင့် ဖယောင်းတိုင်မီးများ ကိုင်ဆောင်လျက် စီတန်းလှည့်လည်ကာ စောရန်ပိုင် အရှေ့ရပ်ကွက် သစ်တောလမ်းရှိ ပြည်တော်အေး
စေတီသို့ သွားရောက်ကာ ၀တ်ပြုဆုတောင်းခဲ့ကြသည်။အလုံရဲစခန်း၊ အလုံ လျှပ်စစ်ဓာတ်အားပေးရုံး ရှေ့တို့တွင် စုရုံးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

၁ နာရီခန့် ကြာမြင့်ခဲ့သော ဆန္ဒပြမှုတွင် သက်ဆိုင်ရာ အာဏာပိုင်နှင့် ရဲတပ်ဖွဲ့များမှ ဆန္ဒပြ ပြည်သူများအား တစုံတရာ အနှောင့်အယှက်ပေးမှု မရှိခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်မြိုကတွင် မေလ ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့တွင် လျှပ်စစ်မီး အလုံအလောက် ရရှိရေးအတွက် ဆန္ဒပြမှု ၆ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။

RNDP ပါတီ ပထမအကြိမ် ညီလာခံ ကျင်းပမည်

RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပထမအကြိမ် ညီလာခံကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနက်ဖြန်က စတင်ပြီး ဇွန်လ (၁) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဇာထိုးပန်းထိုးစက်ရုံ အလုပ်သမ ၁၀၀၀ ကျော် ဆက်လက်ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစစ်မှုဇုန်က တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံက အလုပ်သမ ၁၀၀၀ ကျော်ဟာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

အစာငတ်ခံ ဆန္ဒပြနေသော သံရည်ကျို စက်ရုံလုပ်သားများကို အကူအညီပေးနေသည့် အဖွဲ့အစည်းများက မေတ္တာရပ်ခံခဲ့သဖြင့် အစာငတ်ခံဆန္ဒပြမှုကို ၈၄ နာရီအကြာတွင် ယာယီဆိုင်းငံ့ခဲ့ကြောင်း သိရ 

အစာငတ်ခံ ဆန္ဒပြနေသော မြောင်းတာကာစက်မှုဇုန်၊ သံရည်ကျိုစက် လုပ်သားများအနေဖြင့်  အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်၏ ညှိနှိုင်းပေးမှုကြောင့် စက်ရုံဘက်မှ လုပ်ခလစာအား တစ်နေ့ ကျပ် ၂၁၀၀ အထိ ပေးအပ်ခဲ့ပြီး လုပ်သားများဘက်မှ သဘောတူလက်ခံလိုသည့် ဆန္ဒမရှိသော်လည်း ယင်းတို့အား ကူညီမှုပေးနေသည့် အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံမှုကြောင့် ဆန္ဒပြမှုအား ယာယီရပ်ဆိုင်းလိုက်ကြောင်း မေလ ၂၈ရက်နေ့တွင် သတင်းရရှိပါသည်။ မှော်ဘီမြို့နယ်၊မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန်သရဖူသံမဏိ သံရည်ကျိုစက်ရုံတွင်မေလ ၂၀ ရက် နေ့မှစတင်၍ လုပ်သားအင်အား၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ ပြီး လုပ်သားများ၏ တောင်းဆိုချက်အား စက်ရုံတာဝန်ရှိသူများမှ လိုက်လျောမှု မပေးသဖြင့်မေလ ၂၅ ရက်တွင် စက်ရုံလုပ်သား ၂၅ ဦးမှစတင်၍ အစာငတ်ခံ ဆန္ဒပြခဲ့ပြီးလုပ်သားများ ၏ဆန္ဒအရ  အစာငတ်ခံဆန္ဒပြ လုပ်သားဦးရေ ၄၁ဦးအထိ တိုးမြှင့်လာခဲ့ကာ လက်ရှိကာလတွင် အစာငတ်ခံ ဆန္ဒပြမှုနှင့် ဆန္ဒပြမှုများအား ယာယီရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။ စတင် အစာငတ်ခံဆန္ဒပြသူ လေးဆယ့်တစ်ဦးအနက် လုပ်သား အများစုမှာ ကျန်းမာရေး ချို့ယွင်းလာနေပြီး ဆေးကုသမှုခံယူသူ ၁၃ဦးအထိ ရှိလာနေပြီဖြစ်ကာ အလုပ်သမားသုံးဦးမှာ ရန်ကုန် ဆေးရုံကြီးသို့ သွားရောက်ကုသမှု ခံယူနေကြောင်း သတင်းရရှိပါသည်။     

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ရက်ရွေ့ဆိုင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေလ ၃၀ ရက်နေ့မှာ စတင်မယ့် ကမ္ဘာ့ စီးပွားရေးညီလာခံကို သမ္မတ ဦးသိန်းစိန် တက်ရောက်မယ့် ခရီးစဉ်ကို ရက်အနည်းငယ် ရွှေ့ဆိုင်းလိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Thani Thongpakdi က မနေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။

အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၂ ဦး ဆေးရုံတင်ရ

အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုနေကြတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က ရန်ကုန် Crown ( ရန်ကုန် သရဖူ ) သံမဏိစက်ရုံက အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၂ ဦး ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် မနေ့က မှော်ဘီဆေးရုံကို ထပ်မံတင်ပို့လိုက်ရပါတယ်။

မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်

ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စေဖို့အတွက် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ နိုင်ငံပေါင်း ၂၀ ကျော်က လုပ်ငန်းရှင်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

စီးပွါးရေး ဆိုက်ရောက်ဗီဇာစနစ် သောကြာနေ့တွင် စတင်မည် 

မြန်မာနိုင်ငံသို့ လာရောက်လိုကြသော စီးပွါးရေးသမားများ လွယ်ကူ ချောမွေ့စေရေး အတွက် ကန့်သတ်ချက်များ ရှိသော ဆိုက်ရောက်ဗီဇာ စနစ်ကို သောကြာနေ့တွင် စတင်တော့မည်ဟု လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိများက ပြောသည်။မူလက ထိုဆိုက်ရောက်ဗီဇာ အစီအစဉ်၌ သာမန် ကမ္ဘာလှည့် ခရီးသွားများပါ အကျုံးဝင်လိမ့်မည်ဟု ထင်မြင်ခဲ့ကြသော် လည်း အကျုံးမဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အေပီသတင်းဌာန သို့ တနင်္လာနေ့က ပြောကြားခဲ့သည်။

ရက်ပေါင်း ၇၀ ခွင့်ပြုမည့် ဆိုက်ရောက်ဗီဇာကြေးမှာ ဒေါ်လာ ၅၀ ခန့် ဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ အမေရိကန် စသည့် ၂၇ နိုင်ငံမှ စီးပွါးရေးသမားများ အကျုံးဝင်လိမ့်မည်ဟု ဦးမောင်မောင်သန်းက ပြောသည်။
ယခင်က ဆိုက်ရောက်ဗီဇာ စနစ်ကို ၂၀၁၀ ခုနှစ်တွင် စတင် ကျင့်သုံးခဲ့ဖူးသော်လည်း ထိုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီတွင် ရပ်ဆိုင်းခဲ့သည်။ဆိုက်ရောက်ဗီဇာများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထုတ်ပေးမည် ဖြစ်ပြီး နောက်ပိုင်းတွင်မူ မန္တလေး နှင့် နေပြည်တော်တို့တွင်လည်း ထုတ်ပေးသွားမည်ဟု သိရသည်။

ယခုအပတ်အတွင်း မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ် လေးခုသို့ နေ့စဉ် နိုင်ငံတကာ ခရီးသည်ပေါင်း ၁,၅၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး ဖြစ်ကာ ထိုပမာဏမှာ ယခင်နှစ် နိုင်ငံတကာ ခရီးသည် ဝင်ရောက်မှုနှုန်းထက် သုံးပုံတပုံခန့် ပိုမိုလာခြင်း ဖြစ်သည်။ နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာ လေဆိပ်လေးခုမှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ညောင်ဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်များ ဖြစ်ကြသည်။
၂၀၁၁ ခုနှစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်ရောက်လာသည့် နိုင်ငံတကာ ခရီးသည် အရေအတွက် မှာ ၃၅၉,၃၅၉ ဦးရှိပြီး ၂၀၁၂ ခုနှစ်တွင်မူ ခရီးသည်ဦးရေ ၁.၅ သန်းအထိ ရှိလာလိမ့်မည်ဟု မျှော်လင့်ထားကြောင်း တရားဝင် စာရင်းဇယားများအရ သိရသည်။

ပိုမိုပွင့်လင်းလာသည့် ၂ဝ၁၁ နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် လာရောက် လည်ပတ်ကြမည့်
နိုင်ငံတကာ ခရီးသွားများနှင့် စီးပွါးရေးသမားများ တည်းခိုရန်အတွက် ဟိုတည်လုပ်ငန်း ကဏ္ဍတွင်လည်း အားသွန်ခွန်စိုက် ပြင်ဆင်နေကြသည်။၂ဝ၁၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖေါ်ဝါရီလများတွင် မြောက်အမေရိက၊ အနောက်ဥရောပ၊ အရှေ့ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာရှ၊ သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများမှ ခရီးသည်ပေါင်း ၉၈,၄၈၆ ဦး လာရောက်ခဲ့ကြ သည်ဟု မြန်မာ့ ခရီးသွား မြှင့်တင်ရေးဘုတ်အဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ် ၂၂ လုံး၊ ဖက်စပ်ဟိုတယ် ၄ လုံး၊ အစိုးရပိုင် ဟိုတယ် ၆ လုံးနှင့် ပုဂ္ဂလိကပိုင် ဟိုတယ် ၇ဝ၇ လုံး ရှိသဖြင့် မြန်မာနိုင်ငံရှိ စုစုပေါင်း ဟိုတယ် အရေအတွက်မှာ ၇၃၉ လုံး ဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ၂ဝ၁၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၁၉ သန်း ရရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှ အမေရိကန် ဒေါ်လာ ၂၅၄ သန်းနှင့် နှိုင်းယှဉ်လျှင် ၂၆ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။


ကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားပြီးသော နိုင်ငံခြားဘဏ်များ မြန်မာဘဏ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သောကြောင့် ညှိနှိုင်းမှုများ စတင်ပြုလုပ်နေ

မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်  ရုံးဖွင့်လှစ်ထားပြီးသော နိုင်ငံခြားဘဏ်များသည် မြန်မာဘဏ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိမည်ဖြစ်သောကြောင့် နှစ်ဖက်ဘဏ်များအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ပုဂ္ဂ လိက ဘဏ်အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။ အဆိုပါ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားပြီးသော နိုင်ငံခြားဘဏ်များနှင့် မြန်မာဘဏ်များ အကျိုးတူ ဖက်စပ်ပြုလုပ်နိုင်မည့် လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာမှ မကြာမီ ထုတ်ပြန်ပေး မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်ရသည့် ဘဏ်များ၊  အစုရှယ်ယာ ခွဲဝေမှုပမာဏနှင့် ဘဏ်လုပ်ငန်းအမျိုးအစားများ စသည်တို့ကို မကြာမီ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ပြီးသော နိုင်ငံခြားဘဏ်အရေအတွက်မှာ ဗဟိုဘဏ်မှ တရားဝင် ထုတ်ပြန်ထားချက်များအရ ၁၇ ဘဏ်ရှိပြီး လာရောက်လျှောက်ထားလျက်ရှိသော နိုင်ငံခြားဘဏ်အရေအတွက် ၂၀ ၀န်းကျင်ရှိကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။ ထို့ပြင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်လိုသောကြောင့် ယခင်က လိုင်စင်မလျှောက်ထားခဲ့သော ပုဂ္ဂလိကဘဏ်အချို့လည်းလုပ်ကိုင်  ခွင့်လျှောက်ထားမှုများ ပြုလုပ်နေပြီး သတ်မှတ်ချက်များ ကိုက်ညီပါက ဗဟိုဘဏ်က ခွင့်ပြုသွားမည်ဟု အကြောင်းပြန်ကြားသည်ဟု သတင်းရရှိပါသည်။ 

ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေပြင်ဖို့ ငြိမ်းကော်မတီအား လူထုပြော 

အဓိက လိုလားချက်ဖြစ်သော ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေပါ အချက်အချို့အား
ပြင်ဆင်ပေးရန် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအား ကချင်ပြည်သူလူထုမှ တင်ပြဆွေးနွေးကြကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်ဦးဆောင်သည့် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီသည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းသို့ သွားရောက်ခဲ့ပြီး ပြည်သူများ၏ အခက်အခဲများ၊ အစိုးရအဖွဲ့၏ အခက်အခဲများကို လေ့လာခဲ့ခြင်းဖြစ်သည်။

သို့သော် ဆွေးနွေးချက် အသေးစိတ်ကိုမူ မသိရှိရပေ။

ဦးသိန်းဇော် ဦးဆောင်သည့် ကော်မတီတွင် အဖွဲ့ဝင် ၇ ဦး ရှိသော်လည်း မေလ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ်သို့ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒေါ်ဒွဲဘူနှင့် ကော်မတီဝင်တဦးတို့သာ သွားရောက်ခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့နှင့် သီးသန့် တွေ့ဆုံခဲ့သည်။

မေလ ၂၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။အဆိုပါ ကော်မတီသည် မန္တလေးတိုင်းမှ ချင်းပြည်နယ် ဟားခါးမြို့သို့ ဆက်လက် သွားရောက် လေ့လာမည်ဖြစ်ပြီး ထိုမှတဆင့် နေပြည်တော်တွင် ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်မှ ဖွဲ့စည်းထားသည့် ဦးစိုင်းပေါင်းနပ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ သည်လည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ လေ့လာရေးခရီး သွားရောက်နေပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ တဆင့် နေပြည်တော်တွင် ခရီးစဉ် ပြီးဆုံးမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးပေါင်းကော်မတီသည် မေလ ၂၂ ရက်မှ စတင်၍ ပြည်နယ်နှင့် တိုင်းများသို့ လေ့လာရေး ခရီးများ စတင် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။


ကြွေးကျန်ရွှေ ပေးသွင်းခြင်းကိစ္စ ပြန်လည် သုံးသပ်စေလို 

သတ်မှတ်ထားသည့်အတိုင်း နိုင်ငံတော်သို့ ရွှေစင်သတ္တုများ မပေးသွင်းသည့် ရွှေတူးဖော်ရေး ကုမ္ပဏီများအား အမည်ပျက်စာရင်း (black list) သွင်းရန် သတ္တုတွင်း ၀န်ကြီးဌာနမှ အသိပေးမှုအပေါ် ပြန်လည် သုံးသပ်စေလိုကြောင်း ကချင် ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်များက ပြောသည်။
ရွှေထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် မေလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ပေးဆောင်ရန်ရှိသည့် ကြွေးကျန်
ရွှေစင်များကို ပေးဆောင်ခြင်းမရှိပါက အမည်ပျက်စာရင်း ကြေညာရန် အမှတ်(၂)သတ္တုတူးဖော်ရေး လုပ်ငန်းက
မေလ ၂၄ နှင့် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အသိပေးကြော်ငြာခဲ့မှုအပေါ် တုန့်ပြန်လိုက်ခြင်းဖြစ် သည်။

ကချင်ပြည်နယ်တွင် ဗန်းမော်၊ မန်စီ၊ မြစ်ကြီးနား၊ တနိုင်း၊ ရွှေကူ စသည့် မြို့နယ်များတွင် ရွှေတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်နေကြသည်။ဝန်ကြီးဌာနမှ သတိပေးကြေညာချက် ထုတ်ပြန်ခံရသည့် ကုမ္ပဏီ ၃ဝဝ မှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ရွှေတူးဖော်ရေး လုပ်ငန်းကုမ္ပဏီများဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ကြသည်။ ကချင်ပြည်နယ်မှ ကုမ္ပဏီပေါင်း ၁၀၄ ခု ပါဝင်သည်။သတိပေးခံရသည့် ကုမ္ပဏီများသည် သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်း လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ရွှေကုမ္ပဏီနှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ သဘောတူညီချက်၌ ဧက ၂ဝ မှာ ရွှေလုပ်ကွက် တခုအတွက် တလလျှင် သန့်စင်ပြီးရွှေ ၂ ကျပ်သားနှုန်းဖြင့် တနှစ်အတွက် ရွှေစင်သတ္တု ၂၄ ကျပ်သား နိုင်ငံတော်အစိုးရသို့
ပေးဆောင်ရသည်ဟု ပါရှိသည်။

ထိုကုမ္ပဏီ ၃၀၀ သည် “၂ဝဝ၇- ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဘဏ္ဍာရေး နှစ်အထိ သတ်မှတ်ချက်အတိုင်း ပေးသွင်းရမည်ထက် လျော့နည်း ပေးသွင်းခြင်း၊ လုံးဝ ပေးသွင်းမှု မရှိခြင်း” ဟု မေလ ၂၄ နှင့် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။

အမျိုးသားအဆင့် အကြံပေးကောင်စီ အတွက် ဆွေးနွေးမှုများ ရှိနေ 

အစိုးရ၏ ဒုတိယအဆင့် မဟာဗျူဟာ ပြောင်းလဲမှုအတွက် အထောက်အကူဖြစ်စေရေး အကြံပေးရန်အတွက် အမျိုးသားအဆင့် လူမှုစီးပွား အကြံပေးကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေကြောင်း

ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသော်လည်း ဖွဲ့စည်းနိုင်မည့် ကာလနှင့် ပတ်သက်၍ ခန့်မှန်းရ ခက်ခဲကြောင်း အစိုးရ အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက “သမ္မတ က target ကို မထားထားဘူး။ ဘယ်တော့မှာ ပြီးအောင်ဖွဲ့မယ်။ ဘယ်လို ဆက်လုပ်မယ်ဆိုတဲ့ ကိစ္စ မပါဘူး။ မရှိဘူးဗျ။ လပေါင်းများစွာ ကြာတာလည်း ဖြစ်နိုင်တယ်။ ဇွန်လထဲမှာ ဖွဲ့တာလည်း ဖြစ်နိုင်တယ်။ တွေ့တယ်ဆိုတာတော့ နှစ်ကြိမ်စလုံး သမ္မတနဲ့ တွေ့တာပါပဲ။ သမ္မတ မပါဘဲနဲ့ နောက်ထပ် ရန်ကုန်မှာလုပ်တဲ့ အစည်းအဝေးကတော့လေး၊ငါး၊ ခြောက်ကြိမ် လောက်တော့ လုပ်ပြီးပါပြီ” ဟု ပြောကြောင်းသိရသည်။

IDPs များ ပြန်လည်နေရာချထားရေး နော်ဝေ ကူညီမည်

နော်ဝေ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Torgeir Larsen, ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မြန်မာအစိုးရ တာဝန်ရှိသူများသည် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDPs) များ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်သို့ ယမန်နေ့က သွားရောက်ကြကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က “အရင်ကတော့ ပြောထားတာ ရှိတယ်။ ကျောက်ကြီးမြို့နယ်မှာ KNU ခရိုင်ဥက္ကဋ္ဌတွေနဲ့ ဆွေးနွေးပြီတော့ စီစဉ်ထားတယ်။ အဲဒီကိစ္စတွေကို နော်ဝေနိုင်ငံမှာရှိတဲ့ NGO တခုကနေ IDPs တွေ နေရာပြန်လည်ချထားဖို့ပဲဖြစ်ဖြစ် ကူညီမယ်လို့ စီစဉ်ထားတယ်” ဟု ပြောသည်။

ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ

မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပါဖောမန့်စ် (Performance) ပြခဲ့သည့် အနုပညာရှင် ၇ ဦးအား ယနေ့ တရားစွဲကာ  ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
မေ ၂၄ ရက်နေ့က မြန်မာအနုပညာရှင် ၇ ဦးနှင့် နိုင်ငံခြား အနုပညာရှင် ၅ ဦးတို့ ပူးပေါင်း၍ “ခံစားချက် ကိုယ်စီ” အမည်ရှိ ပါဖောမန့်ကို မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပြသခဲ့သဖြင့် မြန်မာ ၇ ဦးအား အထူးနှင့် အထွေထွေ ဥပဒေ ပုဒ်မ ၁၁၊ ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၁၁ တို့ဖြင့် မန္တလေး အမှတ် ၂ ရဲစခန်းက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းဥပဒေမှာ ပြစ်ဒဏ်ထင်ရှားလျှင် ထောင်ဒဏ် ၃ နှစ်သော်လည်ကောင်း၊ ငွေဒဏ် ကျပ် ၂ ထောင်သော် လည်ကောင်း၊ ဒဏ်နှစ်ရပ်စလုံး ကိုသော်လည်ကောင်း ကျခံရမည် ဖြစ်သည်။
ပြပွဲတွင် ပါဝင်သည့် မလေးရှားနိုင်ငံသား ၄ ဦးနှင့် ဂျာမနီ နိုင်ငံသား ၁ ဦး တို့ကိုလည်း မေ ၂၅ ရက်နေ့က ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း၊ တရားစွဲဆို ခံရသည့် မြန်မာနိုင်ငံအနုပညာရှင်များမှာ စူးမြင့်သိန်း၊ မောင်နီဦး၊ မိုးစက်၊ အောင်မြတ်ဌေး၊ လွင်ဦးမောင်၊ မအိနှင့် မငယ်လေးတို့ ဖြစ်ကြကြောင်း သိရသည်။
နှစ်နိုင်ငံ အနုပညာဖလှယ်ပြပွဲအဖြစ် ပထမဆုံး မလေးရှားနိုင်ငံ ကွာလမ်လပူမြို့ရှိ စူတန်လမ်းမကြီး ပလက်ဖောင်းတွင် ပါဖောင့်မန့် ၅ ရက်ပြသခဲ့ပြီးမှ မန္တလေးမြို့ ကျုံးမြောက်ဘက်ထောင့်တွင် ပြသခဲ့ခြင်းဖြစ်ကာ တာဝန်ရှိသူများ၏ ရပ်ဆိုင်းခြင်းကို ခံခဲ့ရကြောင်း မန္တလေး အနုပညာ အသိုင်းအဝန်းက ဆိုသည်။
အနုပညာရှင် ၁၁ ဦး ပါဖောမန့် ပြသည့်အချိန်သည် မန္တလေးမြို့တွင် လျှပ်စစ်မီးမရရှိသဖြင့် ဖယောင်းတိုင်မီးကိုင် ဆန္ဒပြသည့် အချိန်နှင့် တိုက်ဆိုင်လျှက် ရှိသော်လည်း အနုပညာရှင်များမှာ အနုပညာသက်သက်ကိုသာ ပြသခဲ့ခြင်း ဖြစ်ကြောင်း၊ ပြပွဲပြသချိန် ၄၅ မိနစ်အကြာတွင် ပြသနေမှုကို ရဲစခန်းက လာရောက်ဟန့်တားကာ ရပ်ခိုင်းခဲ့ပြီး ပါဝင်သူများကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာ အနုပညာရှင် ၇ ဦးမှာ အာမခံနှင့် နေထိုင်ခွင့်ရထားကြောင်း ပြပွဲတွင် ပါဝင်သူ အနုပညာရှင် စူးမြင့်သိန်းက
“ကျနော်တို့က အနုပညာဘဲ ပြတာပါ။ ဆန္ဒပြတာ တခုမှမလုပ်ပါဘူး။ ပါဖောမန့် ဆိုကတည်းက ပြည်သူတွေနဲ့ နီးစပ်တဲ့ လမ်းဘေး ပလက်ဖောင်းတွေ၊ ဈေးတွေနဲ့ မီးပွိုင့်တွေမှာ ပြရတာ၊ အဲဒါမှ အရသာရှိတာ။ အခုဟာက အနုပညာပြကွက်ပဲ၊ ကျနော်တို့မှာ ဘာအပြစ်မှ မရှိဘူးလို့ ထင်ပါတယ်” ဟု သူက ရှင်းပြသည်။
ပြပွဲ ပြသသည့်နေ့က အနုပညာရှင်များအား ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သော်လည်း ခရိုင်လူကြီးများက ခံဝန်ကတိ လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ် ပေးခဲ့ကြောင်း၊ သို့သော် ယနေ့တွင် မြို့နယ်က တရားစွဲသည်ဟု ဆိုကြောင်း၊ နေပြည်တော်မှ ညွှန်ကြားသဖြင့် တရားစွဲသည်ဟု သိရကြောင်း အနုပညာရှင် တဦးဖြစ်သည့် မောင်နီဦးက ပြောသည်။
“အခု ဥပဒေပုဒ်မက နှစ် ၃၀ အတွင်း တခါမှ မကြားဖူးဘူး။ ညွှန်ကြားချက်ကြောင့် တရားစွဲဖို့ ဥပဒေကို ညတွင်းချင်း စာအုပ်လှန် ရှာရတယ်လို့ ဒုရဲအုပ်တစ်ယောက်က ပြောပြတယ်။ အဲဒီဥပဒေ ရှာရတဲ့ ဒုရဲအုပ်ဆို တညလုံး မအိပ်ရဘူးတဲ့” ဟု သူက ဆိုသည်။
ဒီမိုကရေစီခေတ်တွင် အနုပညာပြသမှုကြောင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ် ပေးသည်မှာ မြန်မာနိုင်ငံတနိုင်ငံသာ ရှိသည်ဟု နိုင်ငံခြားသား အနုပညာရှင်တဦးက ပြောဆိုသွားကြောင်း သိရသည်။
နအဖ စစ်အစိုး ရလက်ထက်က ပါဖောင့်မန့် ပြသခဲ့ကြသော်လည်း ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းမျိုး မရှိကြောင်း၊ လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ရောက်မှ ပထမဆုံး ပြသသည့် ပါဖောမန့် အနုပညာပွဲတွင် ယခုကဲ့သို့ အရေးယူ ခံရသည်ကို များစွာ အံ့သြမိကြောင်း မန္တလေး အနုပညာရှင် အသိုင်းအဝန်းက ဝေဖန် နေကြသည်။
“အစိုးရက အနုပညာရှင်တွေကို ထိန်းချုပ်တည့်မတ်တာမဟုတ်ဘဲ အရေးယူဖို့ပဲ စဉ်းစားနေလားလို့ တွေးမိတယ်။ ပါဖောမန့် လုပ်တဲ့သူတွေကို အရေးယူမယ် ဆိုရင် ကျုံးဘေးမှာ အုပ်စုလိုက် ကိုယ်ကာယအလှ လေ့ကျင့်နေတဲ့ တရုတ်မတွေကိုကော ဘာလို့ တရားမစွဲတာလဲ၊ ဒါပဲ ပါဖောမန့် တမျိုးပဲလေ” ဟု ပါဖောမန့် ပြသရာတွင် ပါဝင်ခဲ့သူ အနုပညာရှင် မိုးစက်က ပြောသည်။

လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ လျှပ်စစ်မီးဓာတ်အားကြိုးများ သွယ်တန်းထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က တာဝါတိုင်များကို ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) က စုံစမ်းနေကြောင်း သိရသည်။

အမေရိကန်ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာတော်သင်ဆုရရှိ

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်ပြည်နယ် ဘတ်ဖလိုမြို့တွင် နေထိုင်သည့် ကရင်လူငယ် ၃ဦး အမေရိကန်\ အစိုးရမှ  ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ခုနှစ်အတွက် ပညာတော်သင်ဆု(Scholastic Achievement Recognition)ကို လက်ခံရရှိခဲ့သည်။
ယခုနှစ်အတွက် ပညာတော်သင်ဆု(စကောလားရှစ်ပ်)ကို ဘတ်ဖလိုမြို့ရှိ ကျောင်းသူကျောင်းသား ၂၄၆ဦးအား ရွေးချယ်ပေးအပ်ခဲ့သည့် အထဲတွင် အထက်တန်းကျောင်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် နော်အယ်စေးထူး ၂၀နှစ်၊ စောဝင်းကိုဟန် ၁၈နှစ်နှင့် နော်မိုရင်းဒါသွယ် ၂၁နှစ်တို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။
Lafayette High School အထက်တန်းကျောင်းတွင် ဘာသာစုံ၌ အမှတ်အများဆုံး ရရှိခဲ့သူ နော်မိုရင်းဒါသွယ်က “မျှော်လင့်မထားဘဲ အခုလို ပညာသင်ဆုရတော့ ၀မ်းသာတယ်။ သူများနိုင်ငံသားတွေကြားမှာမို့ ဂုဏ်လည်းယူတယ်။ တချိန်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည်အတွက် ပြန်လုပ်ကိုင်ပေးမယ်လို့ စိတ်ကူးရှိပါတယ်”ဟု ပြောသည်။
သူမအနေဖြင့် Business and Accounting ဘာသာရပ်ဖြင့် Houghton College ကျောင်းတွင် ပညာဆက်လက်သင်ကြားရန် ရည်ရွယ် ထားသည်ဟုလည်း ကေအိုင်စီသို့ ပြောသည်။


တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆက်သွယ်ရေးနှင့် သတင်းနည်းပညာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါလာ ခေတ်ကာလနှင့် လျော်ညီခြင်း မရှိတော့သည့် မိုနိုပိုလီ လုပ်ကိုင်နေခြင်းအပေါ် သုံးသပ်မှုများရှိနေ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ တိုးတက်ရေးသည် တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် များစွာ အရေးကြီးလာပြီး မြန်မာ့ ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့ကသာ အဓိက ချုပ်ကိုင်ထားခြင်း မှာ ခေတ်နှင့် လျှော်ညီမှု မရှိတော့ကြောင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ အပါအ၀င်ပြည်တွင်းမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ က ဝေဖန်သုံးသပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်သည့် သဘာဝရင်းမြစ်များစွာ ပိုင်ဆိုင်ထားသော်လည်း ဆက်သွယ်ရေး ကဏ္ဍအပါအ၀င် အခြေခံကျသော Infrastructure များတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့်အပြင် ၎င်းတို့ အတွက် သုံးစွဲရသည့် ကုန်ကျစရိတ်မှာလည်း အများဆုံးဖြစ်နေကြောင်း ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ပြီး လုပ်ကိုင်နေသူများက ပြောဆိုကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် (၈၈) လူထုလှုပ်ရှားမှု အပြီးတွင် ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲ ကျင့်သုံးခဲ့သည် ဆိုသော်လည်း လုပ်ငန်းအများစုမှာ အစိုးရထိန်းချုပ်မှုဖြင့်သာ လည်ပတ်ခဲ့သည်။  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီအချိန်တွင် လုပ်ငန်းအချို့အား ပုဂ္ဂလိကလက်သို့ လွှဲပြောင်းပေးခဲ့သည်။ လွှဲပြောင်းခဲ့သော လုပ်ငန်းများထဲတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်းကြီးဌာနလက်အောက်ရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပါဝင်ခဲ့ခြင်း မရှိခဲ့ဘဲ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍအား အစိုးရမှ ချုပ်ကိုင်ထားခြင်းထက် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းသည် အပြိုင်အဆိုင် ရှိလာနိုင်သည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှာလာနိုင်မည် ဖြစ်ကြောင်းလည်း  သုံးသပ်ပါသည်။

ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ သတင်းအချက်အလက် ထုတ်ပြန်မှု အလွန်နည်းပါး 

မြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများမှ တရားဝင် လွှင့်တင်ထားသော အင်တာနက် ဝက်ဘ် စာမျက်နှာအများစုမှာ သတင်းအချက်အလက် ထုတ်ပြန်မှု မရှိသလောက် နည်းပါးကြောင်း
လေ့လာတွေ့ရှိရသည်။
ယခုအစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၃၄ ခုရှိပြီး အဆိုပါ ဝန်ကြီးဌာနများအနက် ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြန်ကြားရေး နှင့် အမှတ်(၂) လျှပ်စစ် ဝန်ကြီးဌာန ၄ ခုတို့မှာ သတင်းထုတ်ပြန်ရန် အင်တာနက် ဝက်ဘ်စာမျက်နှာပင် တရားဝင် လွှင့်တင်ထားခြင်း မရှိပေ။

ထို့ပြင် ပြည်ထဲရေး၊ သတ္ထုတွင်း၊ အားကစား၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေး စသည့် ဝန်ကြီးဌာန ငါးခု၏ ဝက်ဘ် စာမျက်နှာများသည် ဝက်ဘ်ဆိုက်ဒ် လိပ်စာ ရှိသော်လည်း ဝင်ရောက်ကြည့်ရှု၍ မရကြောင်း တွေ့ရှိရသည်။
နိုင်ငံတော်၏ သတင်းနှင့် အချက်အလက်များကို ထုတ်ပြန်ပေးသည့် ပြန်ကြားရေး ဝန်ကြီးဌာနသည်ပင် တရားဝင် သီးသန့် အင်တာနက်စာမျက်နှာ မတွေ့ရှိရဘဲ modins.net ဝက်ဘ်ဆိုက်ဒ်မှ တဆင့် ဌာန၏ အကြောင်းအရာ အချို့ကိုသာ လွှင့်တင်ပေးထားကြောင်း တွေ့ရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

 

0 comments:

Post a Comment