မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ သွားရောက်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်၊ အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့နှင့် တွေ့ဆုံမည်ဟု သိရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ မေလ ၂၉ ရက်နေ့ ညပိုင်းက လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် World Economic Forum on East Asia 2012 တက်ရောက်ရန်အတွက် မေလ ၂၉ ရက် ဒေသစံတော်ချိန်ည ၉ နာရီ မိနစ် ၃၀ ခန့်အချိန်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့သည်။

သုဝဏ္ဏဘူမိလေဆိပ်သို့ TG306 လေယာဉ်ဖြင့် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ထိုင်းအထူးရဲအဖွဲ့မှ တာဝန်ယူပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သုဝဏ္ဏဘူမိလေဆိပ်၏ သီးခြားအထူးဧည့်သည်များ ထွက်ခွာလေ့ရှိသောဂိတ်မှ မထွက်ခွာပဲ ဂိတ်အမှတ် (၁၀)မှ ထွက်ခွာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဘန်ကောက်မြို့၌ နေထိုင်စဉ်ကာလအတွင်း World Economic Forum on East Asia 2012 ကျင်းပပြုလုပ်နေသည့် ရှန်ဂရီလာဟိုတယ်၌ပင် ခေတ္တတည်းခိုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံသို့ လိုက်ပါသတင်းရယူသူ Eleven Media Group ၏ အကြီး တန်းအယ်ဒီတာ ကိုနေထွန်းနိုင်၏ သတင်းပေးပို့ချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်၊ အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့နှင့် တွေ့ဆုံမည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ထိုင်းဝန်ကြီးချုပ် ယင်လပ်ခ်နှင့် အတိုက်အခံခေါင်းဆောင် အဘ်ဟီးဆစ်တို့သည် ပြီးခဲ့သည့်လများက ၎င်းတို့၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ထိုင်းနိုင်ငံတွင် မေလ ၃၀ ရက်နေ့မှ ဇွန် လ ၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁ ရက်နေ့တွင် အဆိုပါဖိုရမ်၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း မယ်လ ဒုက္ခသည်စခန်းကိုလည်း သွားရောက်လေ့လာမည်ဟုလည်း သတင်းဖော်ပြချက်များအရ သိရသည်။

ဒေါ်စုကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပမ်းတသာ ကြိုဆို

ထိုင်းနို်င်ငံကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အခု မနက်ပိုင်း မြန်မာအလုပ်သမားတွေ အများစု အလုပ် လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသကို သွားရောက် မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးကိုပါ အထောက်အပံ့ဖြစ်စေတဲ့ ဒီအလုပ်သမားတွေရဲ့ အတွေ့အကြုံ၊ နေ ထိုင်မှု ဘ၀ တွေကို မျက်မြင်တွေ့လိုတာကြောင့် သူတို့ရဲ့ အလုပ်ခွင်ထဲအထိ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုမှာဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ မနေ့ညပိုင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘုမိ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ချိန်မှာတော့ ထိုင်းအထူးရဲတပ်ဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် လုံခြုံရေး ယူပေးထားပါတယ်။ လေဆိပ်အထွက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းရောက် မြန်မာ တွေရော ထိုင်းလူမျိုးတွေရော စိတ်လှုပ်ရှားတကြီး ကြိုဆိုခဲ့ကြပါတယ်။
အလုပ်သမတဦး။        ။ “အရမ်းလည်းဝမ်းသာမိတယ်၊ ဂုဏ်ယူတယ်၊ ကျေနပ်တယ်၊ စိတ်ထဲ အရမ်း လှုပ်ရှားတယ်။ ဘယ်အချိန်လာမလဲ၊ နာရီကိုခဏခဏလည်းကြည့်တယ်။ ထိုင်းနိုင်ငံမှာရောက်ရှိလာ တဲ့ မြန်မာအလုပ်သမားတွေအတွက် မြန်မာနိုင်ငံက အလုပ်သမားတွေပေါ့နော်- တရားမျှတမှုရှိအောင်- ထိုင်းအစိုးရတွေကို ပြေပြေလည်လည်ဖြစ်အောင် လုပ်ပေးပါလို့ ပြောချင်တယ်။”
အလုပ်သမားတဦး။     ။ “ကျနော့်ရင်ထဲမှာ အတိုင်းအဆမရှိအောင် ပျော်ပါတယ်ခင်ဗျ။ ဒီနေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ဆိုပြီး ကျနော်လာတာ။ ၈ နာရီလောက်ကတည်းက ဒီကိုရောက်နေ တာ။ ဒီနေ့ကတော့ ကျနော့်ဘဝမှာအပျော်ဆုံးနေ့လို့ ပြောလို့ရပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ စိတ်လှုပ်ရှားတကြီး စောင့်နေတဲ့ထဲမှာ ထိုင်းလူမျိုးတွေလည်း အတော်များများပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်ဟာ ထိုင်းနိုင်ငံကို အရင်ဆုံးရောက်လာတဲ့အပေါ် သူတို့က အင်မတန်ကို ၀မ်းသာခဲ့ကြပါတယ်။
“ကျမ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ ပြီးခဲ့တဲ့ သတင်းကြားရတုန်းက သူ နော်ဝေးသွားမယ်လို့ သိရ တာပါ။ ပထမဆုံး ပြည်ပခရီးစဉ်က နော်ဝေးသွားမယ်လို့ ဟိုတုန်းကတည်းက သူမကလည်း ပြောခဲ့တာပါ။ အခုတော့ မဟုတ်ဘူး. ဒီကို ပထမဆုံးရောက်လာပြီလေ။ အခုဆို မြန်မာပြည်ပခရီးစဉ်က ပထမဆုံး ထိုင်းနိုင်ငံဖြစ်တယ်လေ- ၀မ်းသာလွန်းလို့ ကျမ ပြောစရာ စကားတောင်မရှိပါဘူး။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက်တင်မက အခြားကမ္ဘာအသီးအသီးက အမျိုးသမီးတွေ အတွက်ပါ စိတ်ခွန်အားဖြစ်စေတယ်လို့ အဲဒီ ထိုင်း အမျိုးသမီးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ မနက်ပိုင်း ၈ နာရီခွဲမှာတော့ ဘန်ကောက်အနီးက မြန်မာအလုပ် သမားတွေ အများဆုံးအလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင် ဒေသကို သွားမှာပါ။ ရေလုပ်ငန်းတွေရှိတဲ့ မဟာ ချိုင်ဒေသမှာတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်ဆိုတဲ့အတွက် မြန်မာ အလုပ်သမားတွေလည်း စိတ်လှုပ်ရှားတကြီး ပြင်ဆင် စောင့်ဆိုင်းနေပါတယ်။
“သူနဲ့တွေ့ချင်တာက - အခု ကျနော်တို့အလုပ်သမားတွေ ခံစားနေရတဲ့ ပြဿနာ၊ ဖြစ်ပျက်နေရတဲ့ အတွေ့ အကြုံတွေကို အကုန်လုံးသိသွားအောင် - ထိုင်းအစိုးရရော၊ ဗမာအစိုးရရော အကုန်လုံး သိသွားအောင် ပြောပြစေချင်တယ်။”
အလုပ်သမားရေးလှုပ်ရှားသူ Andy Hall ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအလုပ်သမားတွေရဲ့ တန်ဘိုးကို သဘောပေါက်နားလည်တာကြောင့် အခုလို အရေးတယူ လာရောက်တာဖြစ်တယ် လို့ ပြောပါတယ်။
“ဒီ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာစီးပွားရေးအတွက် အတော်လေး အထောက်ကူဖြစ်စေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆမယ်လို့ ထင် တာ။ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်က လူဦးရေ ရဲ့ ၁၀ % ရှိပါတယ်။ စီးပွားရေးကြောင့်ဖြစ်စေ၊ ပဋိ့ပက္ခတွေကြောင့်ဖြစ်စေ အကြောင်းအမျိုးမျှိုးနဲ့ ပြည်ပ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၅ သန်း - ၆ သန်းလောက်ဟာ အရေးပါတဲ့ အင်အားစုဖြစ်ပါတယ်။ သူတို့ဟာ သူတို့မိသားစုတွေကို ထောက်ပံ့နိုင်ဖို့ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတာပါ။ ဒီလူတွေ တိုင်းပြည်အတွက် ဆောင်ရွက်နေတာတွေကို အသိအမှတ်ပြုလိုတယ်၊ သူတို့နဲ့ တွေ့ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက်အနေနဲ့ ထိုင်းနိုင်ငံတွင်း က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ဘ၀တွေကို မြင်တွေ သိရှိလိုတာပါ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်း ၉ နာရီကျော်မှာ မဟာချိုင်မှာရှိတဲ့ ပုစွန်ဈေးကို ရောက်မယ်လို့ သိရပါတယ်။ အဲဒီကနေ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ရှိသလို စက်ရုံတခုမှာ နေလည်စာစားမယ်လို့ သိရပါတယ်။ မွန်းလွဲပိုင်းမှာတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာပြုလုပ်တဲ့ ၂၀၁၂  ခုနှစ်၊ World Economic Forum on East Asia အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ဇွန်လ တစ်ရက်နေ့မှာ အဲဒီ ညီလာခံမှာ မိန့်ခွန်းပေးဖို့ရှိပါတယ်။ ဒီနောက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့ ရောက်ရှိ၊ မြန်မာပြည်သားတို့နှင့် တွေ့မည်

ထိုင်းနိုင်ငံတွင် ရက်အနည်းငယ်ကြာနေထိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာသည်။ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာ့စီးပွားရေးညီလာခံ တက်ရောက်ရန် ဖြစ်သည်ဟု အများက နားလည်ထားကြသည်။ထိုင်းတွင် ရောက်ရှိစဉ် မြန်မာပြည်သား ဒုက္ခသည်များ၊ အလုပ်သမားများနှင့် တွေ့ဆုံရန်လည်း ပြင်ဆင်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသည် အင်္ကျီအနီရောင်ဝတ် နှင့် အ၀ါရောင်ဝတ် သူများဟူ၍ အင်အားစု နှစ်ခု ကွဲနေပြီး ယခင်နှစ်များက နိုင်ငံရေးမတည်ငြိမ်မှု များစွာ ပေါ်ပေါက်ခဲ့သည်။ယနေ့ည ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်သည် အနီ နှင့် အ၀ါကို ရှောင်ပြီး ၀တ်ဆင်ထားသည်ကို တွေ့ရသည်။
ယနေ့ညနေပိုင်း ၀တ်ဆင်လာသော အင်္ကျီအရောင်သည် အနီနှင့် အ၀ါ ရောစပ်ထားသောအရောင်ဖြစ်သည်ဟု တချို့က ပြောဆိုနေကြသည်။ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၄ နှစ်အတွင်း ပထမအကြိမ် ပြည်ပခရီးကို အများက စိတ်ဝင်စားနေကြပြီး သူ လေဆိပ်သို့ ရောက်ရှိလာသည့် သတင်းသည် နိုင်ငံတကာ ထိပ်တန်းသတင်းတခု ဖြစ်နေသည်။သူနှင့်အတူ လက်ထောက်တချို့၊ NLD လုံခြုံရေးအရာရှိတချို့၊ မြန်မာသတင်းထောက်တချို့ ရန်ကုန်မှ လိုက်ပါလာသည်ကို ရုပ်သံသတင်းများတွင် တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် သွားမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသားများစွာ အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ စမွတ် စခွန်ခရိုင် မဟာချိုင် မြို့သို့ မေလ ၃၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၌ တရားဝင် နေထိုင် လုပ်ကိုင် ခွင့် အလုပ်သမား လက်မှတ် ပြုလုပ်ပေးမှု အခြေအနေများကိုလည်း လေ့လာရန်ရှိကြောင်း၊ မြန်မာ အလုပ်သမားများနှင့် မိသားစု ၀င် များကိုလည်း တွေ့ဆုံ စကားပြောရန်ရှိကြောင်း အလုပ်သမားအရေး ကူညီနေသူ တဦးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် မေလ ၃၀ ရက် ဘန်ကောက်မြို့၌ စတင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောရန်ရှိပြီး ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့လည်း သွားရောက် လေ့လာရန်ရှိကြောင်း သိရသည်။

မြန်မာ-အိန္ဒိယ ဆက်ဆံရေး တရုတ် ကြိုဆို

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးမြှင့်၍ ပူးပေါင်းဆောင်ရွက်မှုများအပေါ် တရုတ်နိုင်ငံက ကြိုဆိုကြောင်း ပြော ကြားလိုက်သည်။ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ၏ တနင်္ဂနွေနေ့က စတင်သည့် ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ ခြားရေး ၀န်ကြီးဌာနက ပြောကြားခြင်း ဖြစ်သည်ဟု ဆင်ဟွာ သတင်း၌ ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ မနေ့က ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောမည်

အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အိန္ဒိယ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အနေ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင် လုပ်ဆောင်နိုင် တာတွေ ရှိပြီး အိန္ဒိယနဲ့ ဆက်ဆံရေး ပိုပြီး နီးကပ်လာမယ့် အလားအလာအပေါ် ၀မ်းသာမိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောခဲ့ပါ တယ်။ သူတို့နှစ်ဦးမနေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေး အပြီးမြန်မာနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ မနေ့က့ မနက်ပိုင်းက ရန်ကုန်မြို့၊ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက် တွေကို အသီးသီး စကားပြောဆိုခဲ့တာပါ။
အိန္ဒိယနိုင်ငံဆီ ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်လာရောက်ဖို့နဲ့ အထူးထင်ရှားတဲ့ ကွယ်လွန်သူ အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟာလာ နေရူး အောက်မေ့ဖွယ် အထိမ်းအမှတ် အဖြစ် နှစ်စဉ် နိုဝင်ဘာလမှာ ကျင်းပတဲ့ အခမ်းအနားမှာ မိန့်ခွန်း ပြောကြား ပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။မကြာခင်သီတင်းပတ်တွေမှာ ပြည်ပခရီးတွေ ဆက်တိုက်ထွက်ဖို့ စီစဉ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံဆီလာဖို့ ၀န်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကိုလည်း လက်ခံခဲ့ပါတယ်။

 
LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment