မြန်မာသတင်းများ မေလ ၁၁ ရက် ၂၀၁၂ ခုနှစ်

ပိုလန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်တို့ကို တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr. Radosław Sikorski ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ မနေ့က ညနေက သွားရောက်တွေ့ဆုံခဲ့ကြောင်းပိုလန် နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ နေ့ခင်းကလည်း နိုင်ငံရေးအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍအကြောင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း
ဒီကနေ့ တွေ့ဆုံပွဲမှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ပိုလန်အစိုးရရဲ့ သဘောထားအမြင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ လက်ရှိဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း ပိုလန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၈ ဦး တက်ရောက်ခဲ့ကြကြောင်း
ဒီကနေ့ မနက်မှာပဲ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆွီဒင်အခြေစိုက် NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ OLOF PALME Center အဖွဲ့က လာရောက်တွေ့ဆုံပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နော်ဝေး ၀န်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ ကိုယ်စားလည်အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးကြကြောင်း
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ ဘဝ ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးရေး ကိစ္စတွေကို ဆွေးနွေးကြောင်း သိရပါတယ်။

မြန်မာ့အပြောင်းအလဲ စိတ်မချရသေး

မြန်မာနိုင်ငံတွင်းက ပြုပြင် ပြောင်းလဲမှုတချို့ကို တွေရပေမယ့် ဒီအခြေအနေတွေဟာ ဘယ်လောက်ထိ ခိုင်မာမှု ရှိမလဲဆိုတာ စောင့်ကြည့်ဖို့ လိုအုံးမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ကြောင်း ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာဖြစ်ပြီး နိုင်ငံမှာ ရင်းနှီး မြုပ်နှုံသူအတွက်ရော တိုင်းပြည်အတွက်ပါ နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိဖို့လိုမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း
မြန်မာနိုင်ငံကို ရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၁၀ ရက်ကြာသာပတေးနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တစ်နာရီ နီးပါးလောက် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး ခဲ့ကြကြောင်း အဲဒီနောက် ခေါင်းဆောင် ၂ ဦး သတင်းထောက်တွေကို တွေ့ရာမှာတော့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက သူခရီးစဉ်နဲ့ ပတ်သက်လို့ ဦးစွာ ရှင်းပြရာမှာ မြန်မာနိုင်ငံထဲ အပြောင်းအလဲ ရှိလာတာကို မြင်ရတာ အားရပေမယ့် ဒီအပြောင်းအလဲတွေ ခိုင်ခံမှု ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည်ဖို့ လိုမယ်ဆိုတဲ့ သူသဘောထား တွေကို သတင်းထောက်တွေကို ပြောခဲ့ကြောင်း သိရသည်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာဂျာနယ်လစ်များအတွက် အလုပ်ရုံဆွေးနွေးပွဲနှင့်အတူ ရက်တိုသင်တန်းပို့ချ

ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှကြီးမှူး၍ှ အလုပ်ရုံဆွေးနွေးပွဲအပါအ၀င် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့်အတူ မြန်မာဂျာနယ်လစ်များအတွက် ရက်တိုသင်တန်းပို့ချပေးမည့် ဖွင့်ပွဲအခမ်းအနားကို မေလ ၁၀ ရက် နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပကြောင်း သတင်းရရှိပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား ပိုလန်နိုင်ငံခြားရေးဝန်ကြီး Rodoslaw Sikorski နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာနေရာများရှိ ဒုက္ခသည်များကို နိုင်ငံတကာအဖွဲ့အစည်းများက သွားရောက်အကူအညီပေးနိုင်ရန် အမေရိကန်မှတောင်းဆိုထား

မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးဒုက္ခသည် အမျိုးသမီးများနှင့် နေရာရွှေ့ပြောင်းနေထိုင်ရသူများထံသို့ လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများမှ လိုအပ်သည့်အကူအညီများ သွားရောက်ပေးနိုင်ရန် တောင်းဆိုထားသည်ဟု ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးရေးရာအဖွဲ့မှ အမေရိကန်သံအမတ်ကြီး Melanne Verveer က အမေရိကန်သံရုံးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားလိုက်သည်။ ၄င်းကမြန်မာနိုင်ငံသို့ မေလ ၆ ရက်နေ့မှ ၁၁ ရက်နေ့ အထိလာရောက်ခဲ့ပြီး ၄င်း၏ ခရီးစဉ်အတွင်း နေပြည်တော်သို့ သွားရောက်ပြီး အစိုးရအဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သလို အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

ကချင်ပြည်နယ်သာမကပဲ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာတိုင်းရှိ ဒုက္ခသည်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများကို ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများပါ သွားရောက်ကူညီပေးနိုင်ရန် ဆွေးနွေးထားသည်ဟုလည်း အမေရိကန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံအကြား မိခင်နှင့်ကလေးစောင့်ရှောက်ရေး ရန်ပုံငွေကိစ္စများ ပူးပေါင်းဆောင်ရွက်ရန်၊ အမျိုးသမီးကျန်းမာရေးမြှင့်တင်ရန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းတို့၏ လုပ်ငန်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

သူမသည် မြန်မာနိုင်ငံမှ ထွက်ခွာအပြီးတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တိုင်းရင်းသားမျိုးနွယ်စုများမှ အမျိုးသမီးကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။




အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်သစ်အရ ကားအစီးရေ ၅၀၀၀၀ ခန့် တင်သွင်းပြီးဖြစ်သော်လည်း ၉၈ ရာခိုင်နှုန်းသော ရန်ကုန်မြို့နေလူထုမှာ တက္ကစီအစုတ်၊ ဘတ်စကားဟောင်းများဖြင့် ကားကျပ်မှုထပ်ဆင့် ဝေဒနာကိုသာ ခံစားနေရဆဲဖြစ်

 

အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်သစ်အရ ကားအစီးရေ ၅၀၀၀၀ ခန့် တင်သွင်းပြီးဖြစ်သော်လည်း ၉၈ ရာခိုင်နှုန်းသော ရန်ကုန်မြို့နေလူထုမှာ တက္ကစီအစုတ်၊ ဘတ်စကားအဟောင်းများဖြင့် ကားကျပ်မှု ထပ်ဆင့်ဝေဒနာကိုသာ ခံစားနေရဆဲဖြစ်သည်။ ယင်းအပြင် အိမ်စီးကားများ ပေါများစွာ တင်သွင်းနေသော်လည်း လမ်းအခြေအနေအား ထည့်သွင်း တွက်ချက်ခြင်းမရှိဘဲ တက္ကစီများတင် သွင်းခွင့်ပြုရာတွင်မူ လမ်းအခြေအနေအား ထည့်သွင်းတွက်ချက်သည်ဟု ဆိုခြင်းမှာလည်း လွဲမှားလျက်ရှိကြောင်း သုံးသပ်ကြသည်။

အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်အရ ကားသွင်းခွင့်ပေးစဉ် ရှစ်လတာကာလအတွင်း  ခြောက်ကြိမ်ပြောင်းလဲခဲ့သည့် မူဝါဒများ
၁။ Van, Minivan နှင့် Wagon အမျိုးအစား ခွဲခြားမှု နိုင်ငံတကာသတ်မှတ်ချက်ဖြင့် ကွဲလွဲမှု ပြန်လည်သတ်မှတ်ခြင်း။
၂။ ကား CIF ဈေးနှုန်းသစ်နှင့် တင်သွင်းခွင့်ပြုသည့် ကားမော်ဒယ်များ ပြင်ဆင်သတ်မှတ်ခြင်း။ ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ မော်ဒယ်အထိ ပြင်ဆင်သတ်မှတ်လိုက်ပြီး ကားအမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ပေးခြင်း။
၃။ နိုင်ငံခြားငွေဖြင့် အခွန်ထမ်းဆောင်ထားသူများအား ကြေညာထားသည့်အတိုင်း ပါမစ်အားလုံး ခွင့်ပြုမပေးဘဲ ၃၀၀၀ တစ်သုတ်အဖြစ် ကန့်သတ်ချက် ပြင်ဆင်ခြင်း။ ၃၀၀၀ နောက်ပိုင်း သင်္ဘောသားများ ယနေ့အထိ လျှောက်ထားသော်လည်း ပါမစ် မရရှိခြင်း။
၎။ ကညနမှ ကောက်ခံသည့် ယာယီမှတ်ပုံတင်ကြေးအား ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခြင်း။ အင်ဂျင်ပါဝါအလိုက် ၅၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ ခွဲခြားသတ်မှတ် ကောက်ခံခြင်း။
၅။ မော်ဒယ်ကွဲလွဲသည်ဟု သတ်မှတ်ခံရသည့် ကားများအပေါ် တပ်ရိုက်သည့် ဒဏ်ကြေးအား ပြင်ဆင်သတ်မှတ်ခြင်း။ ဂျပန်နိုင်ငံမှ ၁၉၉၆ မော်ဒယ်ဟု သတ်မှတ်ကာ တင်ပို့လိုက်သောကားများ မြန်မာနိုင်ငံမှ စစ်ဆေးချက်အရ ၁၉၉၅ မော်ဒယ်ဖြစ်သည့် ဖြစ်ရပ်မျိုးများစွာ ဖြစ်ပေါ်ပြီးနောက် မော်ဒယ်တစ်နှစ်နိမ့်လျှင် ဒဏ်ကြေးသုံးဆ တပ်ရိုက်ခြင်းအစား ဒဏ်ကြေးကင်းလွတ်ခွင့်ပြုပြီး ယခင်ဒဏ်ကြေး ပေးသွင်းပြီးသူများမှာ ပြန်လည် ထုတ်ယူခွင့်မရ၍ နစ်နာရခြင်း။
၆။ ယခု ၂၀၀၇ မော်ဒယ်နှင့်အထက်ကားများ ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုခြင်း။

ကုလားတန်မြစ်ကြောင်း စီမံကိန်းနှင့် ပတ်သက်၍ EIA ၊ SIA ကို လက်ရှိအချိန်အထိ ပြုလုပ်ထားခြင်းမရှိသေး မြန်မာနိုင်ငံဘက်ခြမ်းတွင် မကြာမီ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရ

 

မြန်မာ-အိန္ဒိယနှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်းနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ ပြုလုပ်ထားခြင်း မရှိသေးသော EIA၊ SIAကို မြန်မာနိုင်ငံဘက်ခြမ်းတွင် မကြာမီ ပြုလုပ်သွားဖွယ်ရှိကြောင်း ကုလားတန်စီမံကိန်းတွင် အပိုင်းသုံးပိုင်းပါဝင်ပြီး ပင်လယ်ကူးသင်္ဘောကြီးများနှင့်သင်္ဘောအများအပြား ဆိုက်ကပ်နိုင်ရန် စစ်တွေဆိပ်ကမ်းကို အဆင့်မြှင့်တင်ခြင်း၊ စစ်တွေဆိပ်ကမ်းမှ ချင်းပြည်နယ်ပလက်ဝအထိ ကုလားတန်မြစ်ကြောင်း သောင်တူးခြင်းနှင့် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်စပ်အထိ ကားလမ်းဖောက်လုပ်ခြင်းတို့ဖြစ်ပြီး စီမံကိန်းကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ကာ အကောင်အထည် ဖော်လျက်ရှိကြောင်း

သို့ရာတွင် အဆိုပါစီမံကိန်းနှင့် တိုက်ရိုက်ပတ်သက်မှုရှိသည့် မြို့နယ်လေးမြို့နယ်ဖြစ်သည့် စစ်တွေမြို့၊ ကျောက်တော်မြို့၊ ပုဏ္ဍားကျွန်းမြို့နှင့် ပလက်ဝမြို့များတွင် EIA၊ SIA ကို ပြုလုပ်မှုများ မရှိသေးကြောင်း

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည့် စီမံကိန်းကြီးများတွင် ယင်းစီမံကိန်း ပြုလုပ်ရာ ဒေသ၊ သက်ရောက်နိုင်ခြေရှိသည့် ဒေသများအတွင်း သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်ချက်(Environmental Impact Assessment-EIA) နှင့် လူမှုဘ၀များအပေါ် သက်ရောက်နိုင်မှု လေ့လာဆန်းစစ်ချက်(Social Impact Assessment-SIA) စသည်တို့ ပြုလုပ်ရပြီး ယင်းတွေ့ရှိချက်များ ပေါ်တွင် မူတည်ကာ စီမံကိန်းအား လုပ်ဆောင် သင့်သည်၊ မသင့်သည်ကို ဆုံးဖြတ် လုပ်ကိုင်လေ့ရှိကြကြောင်း
ထိုသို့ ပြုလုပ်ရာတွင်လည်း နိုင်ငံတကာအသိအမှတ်ပြု ပညာရှင်များ၊ အဖွဲ့အစည်းများက တာဝန်ယူ လုပ်ကိုင်လေ့ရှိကြသည်ဟု သိရှိရပါသည်။ 


ကုလားတန်မြစ်ကြောင်းဆိုင်ရာ စီမံကိန်းလျာထားချက်များ
(၁) စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၆၀၀၀ ရေယာဉ်များ ၀င်၊ ထွက် ဆိုက်ကပ်နိုင်ရေးအတွက် လုံလောက်သော ရေအနက်ရရှိစေရန် သောင်တူးခြင်း။
(၂) စစ်တွေဆိပ်ကမ်းသို့ တန်ချိန် ၂၀၀၀၀ ရေယာဉ်ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားတစ်စင်း တည်ဆောက်ခြင်း။
(၃) တန်ချိန် ၃၀၀ မြစ်တွင်း သွားရေယာဉ်ခြောက်စင်း တည်ဆောက်ခြင်း။
(၄) စစ်တွေနှင့် ပလက်ဝတို့တွင် တန်ချိန် ၃၀၀ မြစ်တွင်းသွားရေယာဉ်များ ဆိုက်ကပ်ရန် ဆိပ်ခံတံတားနှစ်စင်း တည်ဆောက်ခြင်း။
(၅) စစ်တွေမှ ပလက်ဝအထိ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြအမှတ်အသားများ ပြုလုပ်တပ်ဆင်ခြင်း။
(၆) ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ် အဝေးပြေး မော်တော်ကားလမ်း ဖောက်လုပ်ခြင်း။

ထိုင်းအာဏာပိုင်တွေထံ လက်နက်မချဟု ဗိုလ်မှူးချုပ် စောလားပွယ် ပြောဆို

ဒီကေဘီအေ ကလိုထူးဘော အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်စောလားပွယ် အနေနဲ့ ထိုင်းအာဏာပိုင်တွေထံ လက်နက်ချမှာ မဟုတ်ကြောင်း မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်လို့ စုံစမ်းသိရှိရပါတယ်။

YES – Inno အထည်ချုပ်စက်ရုံ အလုပ်သမား တစ်ထောင်ခန့် ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် အမှတ် ၄ မှာရှိတဲ့ YES – Inno အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်နီးပါးလောက်ဟာ မနေ့က အခြေခံ လုပ်ခလစာ တိုးပေးရေး တောင်းဆို ဆန္ဒပြနေကြပါတယ်လို့ စုံစမ်းသိရှိရပါတယ်။

Hi-Mo High-Art ဆံပင်တုစက်ရုံ ဆန္ဒပြ အလုပ်သမား တောင်းဆိုချက်ရရှိ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံက မနေ့က ဆန္ဒပြ အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ အခြေခံလုပ်ခလစာနဲ့ အချိန်ပိုကြေး တိုးပေးဖို့ အပါအ၀င် အခြားအလုပ်သမား ရပိုင်ခွင့်တွေကို အလုပ်သမားရုံး တာဝန်ရှိသူတွေက ညှိနှိုင်းဆောင်ရွက်ပေးခဲ့လို့ မနေ့က မွန်းလွဲပိုင်းမှာ ပြေလည်မှု ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆံပင်တုစက်ရုံ အလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု အောင်မြင်

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် (၄) ရှိ High Art ဆံပင်တု စက်ရုံနှစ်ရုံမှ အလုပ်သမား ၁၈၀၀ က အခြေခံလစာ တိုးပေးရေးနှင့် လုပ်ငန်းခွင်အတွင်း အလုပ်သမား ခံစားပိုင်ခွင့်များရရှိရေး တောင်ဆိုမှုကို စက်ရုံပိုင်ရှင်ဖက်က လိုက်လျောသဖြင့် ပြေလည်မှု ရှိသွားပြီဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်များက ပြောကြောင်း သတင်းရရှိသည်။



ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းထားသည်မှာ မှန်ကန်ကြောင်း ၄င်း၏မိသားစုနှင့် နီးစပ်သည့် ပုဂ္ဂိုလ်မှတစ်ဆင့် စုံစမ်းသိရှိရကြောင်း
ရဟန်းဘောင်သို့ ခေတ္တ မ၀င်ရောက်မီ မေလ (၃)ရက်နေ့တွင် တာဝန်မှ အနားယူခွင့်တောင်းသည့်စာအား နိုင်ငံတော်သမ္မတ အပါအ၀င် တာဝန်ရှိသူများထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရက်မတိုင်မီက စင်ကာပူနိုင်ငံတွင် သွားရောက်ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ယခုကဲ့သို့ တာဝန်မှ အနားယူခွင့် တောင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေကြောင့် မိမိ သဘောဆန္ဒအလျှောက်သာ တာဝန်မှ အနားယူခွင့်တောင်းသည်မှာ မှန်ကန်ကြောင်း သိရပြီး အဆိုပါ အနားယူခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံခြင်း ရှိ၊ မရှိကိုမူ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေး ကြောင်း

အဆိုပါသတင်းအား အတည်ပြုနိုင်ရန် နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးထံ Eleven Media Group မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယသမ္မတ (၁) တာဝန်မှ အနားယူခွင့်တောင်းခြင်းနှင့် ပတ်သက်၍ မသိရှိကြောင်းနှင့် အတည်ပြုပေးရန် ငြင်းဆိုခဲ့ကြောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး တာဝန်မှ အနားယူခွင့်တောင်းခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်ခြင်းနှင့် ဆက်စပ်နေကြောင်း ထွက်ပေါ်နေသည့် သတင်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကျန်းမာရေးကြောင့်၊ ၄င်း၏ သဘောဆန္ဒအလျောက်သာ ဖြစ်ကြောင်း ဒုတိယသမ္မတ (၁) နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရှိရပါသည်။ 


မူးယစ်ရာဇာ နော်ခမ်းကို တရုတ်သို့ လွှဲပြောင်း

တရုတ်၊ မြန်မာ၊ လာအို နှင့် ထိုင်းနိုင်ငံတို့မှ ပူးပေါင်း စုံစမ်း၍ ဖမ်းဆီးရမိထားသည့် မူးယစ်ရာဇာ နော်ခမ်းကို တရုတ်အာဏာပိုင်များထံ လွှဲပြောင်း ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ နော်ခမ်းအား ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရ သော် လည်း မည်သည့် နေရာမှ ဖမ်းဆီးမိခဲ့သည်ကို အာဏာပိုင်များက ပြောဆိုခြင်း မရှိကြောင်းလည်း ဆင်ဟွာသတင်း၌ ယနေ့ ရေး သား ထားသည်။ နော် ခမ်းကို လာအိုနိုင်ငံဘက်၌ လာအို စစ်တပ်က ပစ်ခတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြခဲ့ဖူးသည်။ ဧပြီ ၂၀ ရက်နေ့က နော်ခမ်းအား ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ရုံး(ONCB)က ဆုငွေ ထိုင်းဘတ်၂ သန်း ထုတ်ပြန် ထားသည်။

လစာဆွေးနွေးမှု အလုပ်သမ ၁၅၀၀ နေပူထဲ ရပ်စောင့်ရ

လှိုင်သာယာ မြို့နယ်ရှိ High Art ဆံပင်တု စက်ရုံ အလုပ်သမား ၁၅၀၀ ကျော်သည် အခြေခံလစာ ၈ ထောင်ကျပ် အစား ၃ သောင်း ကျပ်အထိ တိုးမြှင့်ပေးရန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ရှေ့တန်း ကြီးကြပ်ရေးရုံးရှေ့တွင် အလုပ်ရှင်၊ အလုပ်သမားဝန်ကြီးဌာနတို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးမှုကို မနက် ၉ နာရီကျော်မှ စတင်ကာ မွန်းလွဲ ၂ နာရီအထိ အမိုးအကာမဲ့ လမ်းမပေါ်တွင် စောင့်ဆိုင်းနေကြကြောင်း အလုပ်သမားများကပြောသည်။

မြန်မာ့အပြောင်းအလဲ စစ်မှန်ရေးအားပေးရန် မန်မိုဟန်ဆင်းကို တိုက်တွန်း

ယခုလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားမည့် အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် စစ်မှန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်ရေး အားပေးကူညီပြောဆိုရန် အိန္ဒိယရှိ မြန်မာ့အရေး လှုပ်ရှားသူများက တိုက်တွန်းပြောဆိုလိုက်သည်။ မြန်မာ့အရေး စိတ်ဝင်စားသူ အိန္ဒိယပါလီမန် အမတ်များအဖွဲ့၊ အိန္ဒိယ လူမှုရေးအဖွဲ့များနှင့် အိန္ဒိယအခြေစိုက် မြန်မာအဖွဲ့အစည်း အသီးသီးတို့က အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းထံ စာပေးပို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓည၀တီရေတပ် အဓမ္မ လယ်မြေသိမ်းနေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ အခြေစိုက်ထားသည့် ဓည၀တီ ရေတပ်စခန်း ဌာနချုပ်နှင့် ဒေသ တ၀ိုက်ရှိ အစိုးရတပ်ရင်းများ သည် ဒေသခံများ ၏ လယ်ယာမြေများကို လျော်ကြေး တစုံတရာမပေးဘဲ အဓမ္မ သိမ်းယူနေကြောင်း ကျောက်ဖြူမြို့နယ် သစ်တောကျေးရွာအုပ်စုရှိ သစ်ပုတ်တောင်၊ စည်မော်၊ ကြံချိန်၊ ဦးဂင်း၊ စိန်ခြုံ ကျေးရွာအုပ်စု အပါအ၀င် ဒေ သတ၀ိုက်ရှိ ကျေးရွာများမှ လယ်ဧက ထောင်ချီ၍ သိမ်းယူထားခြင်းဖြစ်ကြောင်းဓည၀တီ ရေတပ်စခန်းဌာနချုပ်သည် ယခင်က စစ်တွေဒေသ၌ အခြေစိုက်ခဲ့ပြီး ၁၉၉၄-၉၅ ၀န်းကျင်တွင် ကျောက်ဖြူ ဒေသသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ထိုအချိန်မှ စတင်၍ ဒေသခံများ၏ လယ်မြေများကို သိမ်းယူခဲ့ရာ ယခုအချိန်အထိ သိမ်းယူနေဆဲ ဖြစ်ကြောင်း၊ ယခင်က မတိုင်ကြားရဲကြသော်လည်း ယခုအခါ အစိုးရသစ်နှင့် လွှတ်တော် အသီးသီးပေါ်ပေါက်လာပြီ ဖြစ်၍ တိုင်ကြား ရဲ လာကြကြောင်းထိုလယ်မြေများ ပြန်လည်ရရှိရေးအတွက် ကျောက်ဖြူမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြည်ထောင်စု ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းအား တင်ပြခဲ့ရာ တရားမ၀င်သိမ်းယူထားပါက ပြန်လည်ရရှိရေး ဆောင်ရွက် ပေး မည်ဟု ကတိပေးထားကြောင်း
ဓည၀တီဌာနချုပ်က သိမ်းယူထားသည့် လယ်ယာမြေများကို လယ်ပိုင်ရှင်များထံ သီးစားစနစ်ဖြင့် ပြန်လည် လုပ်ခွင့် ပေးကြောင်း၊ တဧကလျှင် ယခင်က စပါး ၅ တင်းသာ တောင်းခံခဲ့ပြီး ယခုအခါ ၁၅ တင်းအထိ တိုးမြှင့်ကောက်ခံနေကြောင်း၊ မပေးပါ က လယ်လုပ်ပိုင်ခွင့် မရှိစေရဟု ခြိမ်းခြောက်ထား၍ လယ်သမားများ စိုးရိမ်နေကြောင်းလည်း ခြေမြန်တပ်ရင်း ခမရ ၅၄၂-၅၄၃ တပ်ရင်းများသည်လည်း ကျောက်ဖြူမြို့ အနီးရှိ ဂုံးချိန် ကျေးရွာ အုပ်စု၊ အုန်းတော၊ မလကျွန်း၊ တပ်တောင် စသည့်ကျေးရွာများမှ လယ်ယာမြေများကို သိမ်းယူထား၍ လယ်သမား ၁၀၀ ကျော်သည် မိမိတို့ လယ်မြေများ ပြန်လည် ရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)များထံ ယခုနှစ်ဆန်းပိုင်းက တိုင်ကြားခဲ့သည့်အတွက် ခမရ ၅၄၂ ၏ တပ်ရင်းမှူး ဗိုလ်မှူးဝင်းခန့်၏ ကန့်သတ် တားမြစ်မှုကို ခံနေကြရကြောင်း လယ်ယာမြေနှင့် နွားစားကျက်မြေ ဧက ထောင်ပေါင်းများစွာအား သိမ်းယူခဲ့ရာတွင် ရခိုင်ဒေသ၌ တိုင်းမှူး တာဝန်ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီး ဟောင်း ဗိုလ်ချုပ် သိန်းဆွေ တို့၏မြေကွက်များ ပါဝင်ခဲ့သော်လည်း လျော်ကြေးငွေ ကျပ် သိန်းထောင်ချီ၍ရရှိကြကြောင်း
၎င်းတို့သည် တိုင်းမှူးအဖြစ်တာ ၀န်တာထမ်းဆောင်ခဲ့ချိန်က ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၌ ပါဝင်မည့် ဒေသခံများ၏ လယ်မြေများ၊ မြေလွတ် မြေရိုင်းများ၊ နွားစားကျက် မြေများကို ဒေသခံ မြေစာရင်းဌာနနှင့်ပေါင်း၍ ဇနီးများ၊ သားသမီးများ၏ အမည်ဖြင့် ဖော်ဆောင်ထားခဲ့သည့် မြေကွက်များဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ချိန်၌ ထိုမြေများအတွက် ကုမ္ပဏီများ က လျော်ကြေးငွေ ပေးဆောင်ရာ ကျပ်သိန်းပေါင်း ထောင်ချီ၍ ရရှိခဲ့ကြခြင်းဖြစ်ကြောင်းစစ်တပ်မှ သိမ်းယူထားသည့် လယ်မြေများသို့ ဒေသခံလယ်ပိုင်ရှင်များအား ၀င်ခွင့်မရသည့်အပြင် ကျွဲ နွား များ ၀င်လျှင်လည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ ဓည၀တီဌာနချုပ် လက်အောက်ခံရေတပ်များကိုလည်း ဒေသတွင်းပင်လယ်ပြင်များ ၌ ဖြန့်ကျက်ချထားကာ သင်္ဘော၊ စက်လှေ၊ လောင်းလှေ စသည့်များထံမှ ဆက်ကြေး ကောက်ခံနေကြောင်း
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီမှ ဦးစီးတည်ဆောက်နေသော ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ဆက်စပ်နေသည့် စီမံကိန်းများ၏ လုံခြုံရေးကို အကြောင်းပြကာ ဓည၀တီ ရေတပ်စခန်း ဌာနချုပ်အပြင် အစိုးရစစ် တပ်၏ တပ်ရင်း အများအပြားသည် ဒေသ တ၀ိုက်ရှိ ပင်လယ်ပြင်နှင့် ကုန်းတွင်းပိုင်းများ၌ တိုးချဲ့တပ်စွဲ ထားကြောင်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ စီမံကိန်း၊ ရေနံ သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စီမံကိန်းများကို တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီတခု ဖြစ်သော တရုတ်အမျိုးသား ရေနံ ကော်ပိုရေးရှင်း(China National Petroleum Corporation-CNPC) ကုမ္ပဏီ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ အများအပြားက လုပ်ဆောင်နေကြကြောင်းရခိုင်ဒေသတွင် အစပြုသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့၌ အဆုံးသတ်မည်ဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့များကို၂၀၁၃ ခုနှစ်မှ စ၍ ကျောက်ဖြူမြို့မှ နန်နင်းသို့ ပို့လွှတ် မည် ဖြစ်ကြောင်းသိရသည်။

ကလေးသူငယ် ပြုစုပျိုးထောင်မှု အနာဂတ်ဒီမိုကရေစီအတွက် အရေးကြီး

အနာဂတ် ဒီမိုကရေစီရေးအတွက် မိဘများအနေဖြင့် ကလေးများကို ပြုစုပျိုးထောင်မှု မှန်ကန်ရန် အရေးကြီးကြောင်း မေလ ၈ ရက်နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာမွေမြို့နယ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီရောက်ဖို့အတွက် ကလေးများပြုစုပျိုးထောင်မှုနဲ့ ဆိုင်တယ်။ မြန်မာနိုင်ငံမှာဆိုရင် မိဘတွေက ကလေးတွေကို သွန်သင်ဆုံးမတဲ့နေရာမှာ ပြတ်သားမှု၊ ရှင်းရှင်းလင်းလင်းဆုံးမှု မရှိဘူး။ မိဘခိုင်းတာပဲလုပ် ဆိုတာဟာ သားသမီးတွေ အရွယ်ရောက်လာရင် အမြဲတမ်း ခေါင်းငြိမ့်တတ်တဲ့အကျင့် ဖြစ်သွားတယ်။ ဒါကြောင့် လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ ကလေးတွေကို နားလည်အောင် ရှင်းပြဖို့လိုအပ်တယ်။ ကလေးတွေကြီးလာရင် အထက်ကလူကြီးတွေ၊ အစိုးရ လုပ်တဲ့အခါ အကျင့်ပါသွားနိုင်ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံသည် လွန်ခဲ့သည်နှစ်ပေါင်း၂၀ ကျော်က အာရှေ့တောင်အာရှ နိုင်ငံအားလုံး အားကျခဲ့သည့် နိုင်ငံဖြစ်ပြီး ယခင်အခြေအနေ ပြန်လည်ရောက်ရှိလာအောင် ၀ိုင်းဝန်းကြိုးစားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးသည်လည်း ပြုပြင်ရန်လိုအပ်ကြောင်း၊ ပညာရေးစနစ်ကောင်းမှ နိုင်ငံသူ နိုင်ငံသားများ၏ လုပ်အားအကျိုး မြှင့်တင်နိုင်၊ တိုးတက်နိုင်မည်ဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဒါကြောင့် ကလေးတွေ ငယ်ငယ်ကတည်းက စပြီးကျောင်းတွေမှာ မိသားစုတွေထဲက စပြီးတော့ သွန်သင်ဆုံးမဖို့ လိုအပ်တယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက နိုင်ငံအတွက် တန်ဖိုးရှိတယ်။ ကြီးလာအောင် ပြုစုပျိုးထောင်ကြပါ။ ဆုံးမတဲ့အခါမှာလည်း နားလည်အောင် ပြောပါ” ဟု တိုက်တွန်းသွားကြောင်းအဆိုပါ ကလေးငယ်များ ပြုစုပျိုးထောင်မှုနှင့် ပတ်သက်ပြီး ၁၉၈၈ ခုနှစ်က အရှေ့တောင်အာရှ နိုင်ငံများအား သုနေသနပြုပြီး နှိုင်းယှဉ်ရေးသားထားသည့် စာအုပ်အပေါ် အခြေခံ၍ ပြောကြားခြင်းဖြစ်ကြောင်းလည်း ပြောကြားသွားသည်။
မြန်မာနိုင်ငံသည် ကလေးအခွင့်အရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသော်လည်း၊ ၎င်းစာချုပ်ပါ အချက်အလက်များကို ပြည်သူလူထုသိရှိစေရန် ပညာပေးမှု နည်းပါးခြင်း၊ အကောင်အထည် ဖော်ဆောင်ရန် အစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှုမှာ နည်းပါးခြင်းတို့အပေါ် ကလေးသူငယ်အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ဝေဖန်ကြသည်။ ကျောင်းနေရမည့်အရွယ်တွင် ကျောင်းသို့ မပို့နိုင်ခြင်း၊ ကလေးအလုပ်သမားများ လုပ်အားခနည်းပါးစွာဖြင့် အလုပ်လုပ်နေရခြင်း၊ ကလေးစစ်သားစုဆောင်းခြင်း ပြဿနာများသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေဆဲဖြစ်သည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ်ရောက်မှသာလျှင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စာချုပ် တွင်အချက်ပေါင်း ၅၄ ချက်ပါဝင်ပြီး၊ အချက် ၄၀ အထိ ကလေးအခွင့်အရေး ဖော်ပြထားပြီး၊ ကျန် ၁၄ချက်သည် အစိုးရ များဘက်မှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။
ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်ထားကာ အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိ လူငယ်အဖြစ် သတ်မှတ်ထားသည်ဟုသိရသည်။

ရွှေနံ့သာမြေပေါ် စီမံကိန်း ဆိုင်းငံ့၊ လယ်မလုပ်ရ တားမြစ်ထား

စက်မှုဇုန် စီမံကိန်းအတွက် သိမ်းယူထားခြင်းခံရသည့် ရွှေနံ့သာ ကျေးရွာအုပ်စုရှိ လယ်မြေများ
ပေါ်တွင် စီမံကိန်း ဆိုင်းငံ့ရန်နှင့် ယခုနှစ်အတွက် ထွန်ယက် စိုက်ပျိုးခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမှ တားဆီးထားကြောင်း မေလ ၉ ရက်နေ့တွင် မြိ့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်းတောင်သူများက မိမိတို့၏ လယ်မြေများတွင် စိုက်ပျိုးရေး လုပ်ငန်း စတင်ရန်အတွက် ကြာသပတေး နံနက် ၁ဝ နာရီခန့်တွင် ကြိုးပမ်းခဲ့သော်လည်း ကျေးရွာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လာရောက်တားမြစ်ခြင်းဖြစ်ကြောင်း စက်မှုဇုန် ၄ အဖြစ် အဆိုပါ လယ်မြေများကို မြေညှိရန်အတွက် ဇေကမ္ဘာကုမ္ပဏီမှ စက်ယန္တရားများ အသုံးပြုဆောင်ရွက်နေလျက်ရှိသော်လည်း စီမံကိန်း ဆောင်ရွက်မှုများကိုပါ ရပ်ဆိုင်းထားရန် ညွှန်ကြားထားကြောင်း

စက်မှုဇုန် အကောင်အထည်မဖော်မီ လယ်သမားများအနေနှင့် လုပ်ပိုင်ခွင့် ရှိသင့်ကြောင်း ရွှေနံ့သာ မြေယာအရေးတွင် လိုက်ပါဆောင်ရွက်နေသူ ဦးနေမျိုးဝေ က ပြောကြောင်းသို့သော် နှစ်ဘက်လုံးအား သက်ဆိုင်ရာက တားမြစ်ထားစဉ်တွင် ကုမ္ပဏီမှ မေလ ၉ ရက်နေ့ထိ စက်ယန္တရားကြီးများနဲ့ စီမံကိန်းဆောင်ရွက်လျက်ရှိပြီး တားမြစ်ချက်ကို ချိုးဖောက်လျက်ရှိကြောင်းဇေကမ္ဘာကုမ္ပဏီသည် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ရွှေနံ့သာနှင့် ပေါင်းကူရွာတို့မှ လယ်ဧက ၈ဝဝ ကျော်ကို စက်မှုဇုန် စီမံကိန်းအတွက် ၂ဝ၁ဝ ခုနှစ်အတွင်း သိမ်းယူခဲ့ပြီး ကွန်ကရစ်လမ်းများ၊ လမ်းမီးတိုင်များ ဆောက်လုပ်နေပြီး လျှပ်စစ် မီးကြိုးများလည်း သွယ်တန်းလျက် ရှိနေကြောင်းအဆိုပါ လယ်မြေများပေါ်တွင် အဆောက်အဦများ မဆောက်လုပ်မီအထိ လယ်ယာ စိုက်ပျိုးခွင့်ရှိကြောင်း

တဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် လယ်မြေ သိမ်းယူစဉ်က ဇေကမ္ဘာကုမ္ပဏီမှ နစ်နာကြေး ပေးခဲ့သော်လည်း လယ်သမားများဘက်မှ အဆိုပါ နစ်နာကြေးသည် နည်းလွန်းသည်ဟုဆိုကာ တိုးမြှင့်ပေးရန် တောင်းဆိုထားပြီး ကုမ္ပဏီနှင့် လယ်သမားတို့အကြား ယခုတိုင် ပြေလည်မှု မရရှိသေးကြောင်းသိရသည်။

သံတွဲကမ်းခြေ အများပိုင်မြေကွက် ပိုင်ဆိုင်မှုအပေါ် သမ္မတထံ တိုင်ကြား

ရခိုင်ပြည်နယ်၊ သံတွဲကမ်းခြေရှိ အများပြည်သူပိုင် အပန်းဖြေနေရာအား တိုင်းမှုးဟောင်း ကတော်တဦးက ပိုင်ဆိုင်ကြောင်း ပြောဆိုလာသဖြင့် ဒေသခံများက မကျေနပ်၍ သမ္မတဦးသိန်းစိန်ထံ ကန့်ကွက်လွှာ
ပေးပို့ခဲ့ကြောင်း နပခ တိုင်းမှုးဟောင်း ဗိုလ်ချုပ်သောင်းအေး၏ ဇနီးဖြစ်သူ ဒေါ်သင်းမျိုးမျိုးအောင် က မြေနေရာ ၄၇၅ ပေ အကျယ်အဝန်း ရှိ ပင်လယ်ကမ်းခြေ မြေကွက်အား သူမ၏ အမည်ပေါက်ဖြင့် ပိုင်ဆိုင်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအောင်မြတ်ကျော် မှတဆင့် ခေါ်ယူပြောဆိုလာမှုအား ဒေသခံများက ကန့်ကွက်ကြခြင်း ဖြစ်ကြောင်းသံတွဲမြို့နယ်၊ မြဇင်ကျေးရွာအုပ်စု၊ လင်းသာကျေးရွာအုပ်စုတို့မှ ရွာသား ၆၅ ဦးက ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း

မြေကွက်မှာ ကျေးရွာအုပ်စုနှစ်ခုအကြား ကမ်းခြေစပ် ၄၇၅ ပေအရှည် ကမ်းပါးစောင်းဘေး ကပ်လျက်တွင် တည်ရှိပြီးဒေသခံအချို့မှာ လာရောက် အပန်းဖြေသူများအပေါ် အားထားကာ ထိုမြေကွက်တွင် ဈေးရောင်းချခြင်းဖြင့် အသက်မွေးကြကြောင်း အဆိုပါ မြေကွက်ဘေး ပတ်လည်တွင် ဟိုတယ် အမြောက်အများရှိသော်လည်း ပင်လယ်ကမ်းခြေသို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံတဝှမ်းမှ အများပြည်သူများ နားနေရန်သင့်တော်သည့် အခမဲ့ အပန်းဖြေနိုင်သည့်နေရာ
ဖြစ်ကြောင်း ထို့ပြင် ကန့်ကွက်ကြသူများထဲတွင် မြို့သူမြို့သား ၂၉ဝ ခန့်လည်း ထပ်မံပါဝင်လာကြရန်ရှိပြီး အခက်အခဲရှိပါက ရင်ဆိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

လယ်သမားသမဂ္ဂ တရားဝင်ဖြစ်ရန် ဒေါ်ဘောက်ဂျာ ပြင်ဆင်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ယာယီဖွဲ့စည်းထားသည့် တောင်သူလယ်သမား သမဂ္ဂကို တရားဝင် ဖြစ်ရန်အတွက် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာ က ကြိုးပမ်းနေကြောင်း
အခြေခံ အလုပ်သမားအဖွဲ့များ ဖွဲ့စည်းခွင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်လိုက်ပြီးနောက် အဖွဲ့ဝင် ၅၀၀ ဖြင့် ယာယီ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း

ထိုမှတဆင့် နိုင်ငံလုံးဆိုင်ရာ သမဂ္ဂများ ပေါ်ထွန်းလာပါက တရားဥပဒေ စိုးမိုးရေးကိုပါ အထောက်အကူ ဖြစ်စေနိုင်ကြောင်း “မြန်မာပြည်တပြည်လုံး တောင်သူလယ်သမား သမဂ္ဂတို့၊ အလုပ်သမားသမဂ္ဂတို့ ပေါ်လာရင် သူ့ဟာနဲ့သူပြဿနာတွေကို ဖြေရှင်းသွားနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ဒေသ၊ ကိုယ့်ရဲ့ပြည်နယ်မှာ ဥပဒေစိုးမိုးမှုက ပိုပြီး ထိရောက် လာလိမ့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာပါ” လို့ ပြောကြောင်း

၎င်းတောင်သူလယ်သမားသမဂ္ဂကို တရားဝင်ဖြစ်စေရန်အတွက် ရှေ့နေများနှင့် တိုင်ပင်ညှိနှိုင်း ဆောင်ရွက်နေကာ ကချင်ပြည်နယ် တခုလုံး အတိုင်းအတာဖြင့် သမဂ္ဂတရပ် ဖြစ်လာဖို့လည်း ရည်ရွယ်ကြောင်း ဒေါ်ဘောက်ဂျာမှာ ကချင်ပြည်နယ်အတွင်း တောင်သူလယ်သမားအရေး၊ ကလေးစစ်သားအရေးကိစ္စတို့ကို ကူညီဆောင်ရွက်ပေးနေသူတဦး ဖြစ်ကြောင်း သိရသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန်လေ့လာ

မြန်မာဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာရှိတဲ့ ဥရောပ ပါလီမန်ကို မနေ့က ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် သွားရောက်လေ့လာခဲ့ကြကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ယာက်နဲ့ အတူ မြန်မာအစိုးရတာဝန်ရှိသူတွေက EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy နဲ့ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton တို့ကို Belgium နိုင်ငံ Brussels မြို့ရှိ ဥရောပပါလီမန် မှာ တွေ့ဆုံခဲ့ကြောင်း
မြန်မာနိုင်ငံရဲ့ လတ်တလောပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဥရောပ သမဂ္ဂနဲ့ မြန်မာနိုင်ငံအကြား အခုလို ဆွေးနွေးပြောဆိုကြတာဖြစ်တယ်လို့ ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Schulz ကပြောကြောင်း ဒီမိုကရေစီရေး လမ်းပွင့်အောင် အပြောင်းအလဲဖော်ဆောင်နေတာဟာ EU ဥရောပ သမဂ္ဂအတွက် အပြုသဘောဆောင်တဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်လို့ Mr. Schulz ကပြောကြောင်းဥရောပပါလီမန်အနေနဲ့ နေပြည်တော်မှာ ဋ္ဌာနဆိုင်ရာ လိုအပ်ချက်တွေကို ပူးတွဲပံ့ပိုးပေးဖို့ အဆင်သင့်ရှိ ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ် က ဥရောပပါလီမန်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုချီးမြှင့်ခဲ့တဲ့ လွတ်လပ်စွာတွေးခေါ်မှု ဆိုင်ရာ ဆာခါရော့ဗ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကိုယ်တိုင်လက်ခံနိုင်ဖို့အတွက် ဖိတ်ကြားချက်ကိုလည်း Mr. Schulz က ထပ်လောင်း ပြောဆို လိုက်ကြောင်း
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအားလုံးနီးပါးကို ပြီးခဲ့တဲ့လက တနှစ်ဆိုင်းငံ့ပေးလိုက်ပြီး ဒီနေ့ သောကြာနေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ကြောင်းနိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton ကို စေလွှတ်ပြီး ရန်ကုန်မြို့မှာလည်း EU ဋ္ဌာနေကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပေးခဲ့ပကြောင်း သိရသည်။

တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီးမြှုပ်နှံသူတွေကို ဒေါ်စုတိုက်တွန်း

မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြမယ် ဆိုရင် မြန်မာပြည်မကြီး တင်မဟုတ်ဘဲ မြန်မာတိုင်းရင်းသား လူနည်းစုဒေသတွေမှာပါ သွားရောက် လုပ်ဆောင်ကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းကြောင်း မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းလာတဲ့ တချိန်တည်း မှာ နိုင်ငံတကာက မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး စိတ်ဝင်စားမှု တိုးလာကြကြောင်း
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အနောက်နိုင်ငံတွေဘက် စီးပွားရေးပိတ်ဆို့မှု အကန့်အသတ်တွေကို ဖယ်ရှားလိုက်တာကြောင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်လိုတဲ့ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းတွေ လုပ်ခွင့်သာခွင့်တွေ ပိုလာ ကြောင်းဒီနှစ်အတွင်း မြန်မာနိုင်ငံတွင်း လာရောက်တဲ့ နိုင်ငံခြားခရီးသည်အများစုဟာလည်း စီးပွားရေးလုပ်ငန်းတွေ အခြေချ ရင်းနှီးမြှုပ်နှံဖို့ လာရောက်လေ့လာ ဆန်းစစ်သူတွေများပါကြောင်း ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ကြမယ်ဆိုရင် မြန်မာပြည်မကြီးမှာတင် မဟုတ်ဘဲ တိုင်းရင်းသား လူနည်း စုဒေသတွေမှာလည်း လုပ်ကိုင်နိုင်ရေး စဉ်းစားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့တုန်းက တိုက်တွန်းသွားပါကြောင်း
မနေ့တုန်းက ပိုလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတာပါ။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ၊ ဘဏ္ဍာငွေကြေး ဆိုင်ရာ တင်းကြပ်မှုတွေကြောင့် မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံသူတွေ အခက်ကြုံခဲ့ကြရကြောင်း အထူး သဖြင့်တော့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး အလွှဲအပြောင်း ကိစ္စတွေမှာပါအပြင် မြန်မာနိုင်ငံထဲ ဖွံ့ဖြိုးမှု နိမ့်ကျရတာ ဒီလို စီးပွားရေး ဒဏ်ခတ်မှုတွေကြောင့်လို့ အပြစ်တင်သူတွေလည်း ရှိကြောင်း ပိုလန်နိုင်ငံခြားရေး ၀န်ကြီး H.E Mr. Radoslaw Sikorski ကတော့ အနောက်နိုင်ငံတွေ အထူးသဖြင့် အီးယူဘက်က အရေးယူ ဒဏ်ခတ်မှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် အခုနက အကန့်အသတ်တွေ မရှိတော့ဘူးလို့ မနေ့က ဒေါ်စုနဲ့ အတူကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားကြောင်းသိရသည်။

LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com  
LWIN PWIN

0 comments:

Post a Comment