“မိုးတိမ်နှင့် ငွေလှိုင်း”
အမေ။
မိုးပေါ်က လူတွေက ခေါ်နေကြတယ်။
‘မိုးတိမ်တွေပေါ်မှာ ငါတို့  ကစားတယ်။
အိပ်ရာက နိုးတာနဲ့  တစ်ပြိုင်နက် ကစားလိုက်တာ
အိပ်ရာဝင်တော့မှ နားတာပဲ။
ရွှေအရုဏ်နဲ့ လဲ ကစားတယ်။
ငွေလမင်းနဲ့ လဲ ကစားတယ်။
ငါတို့ ဆီကို လာပါလား’ တဲ့။
ကျွန်တော်က ပြန်မေးတယ်။
‘ဘယ့်နဲ့  လုပ်လာရမလဲ’ လို့ 
ဒီတော့ သူတို့ က ပြန်ပြောတယ်။
‘ကမ္ဘာ့အစွန်းကိုလာ။
လက်နှစ်ဖက်ကို မြှောက်။
ငါတို့  ဆင်းပြီး ခေါ်မှာပေါ့’ တဲ့။
ကျွန်တော်က ပြန်ပြောတယ်။
‘ကျွန်တော့်ကို အမေ မျှော်နေတယ်။
လာလို့  မဖြစ်ပါဘူး ခင်ဗျာ’ လို့ 
ဒီတော့ သူတို့ တစ်တွေ ပြုံးပြီး
တိမ်ယာဉ် စီးသွားကြတာပေါ့။
ဒါပေမယ့် အမေ
ကျွန်တော် အကြံတစ်ခု ရပါတယ်။
ကျွန်တော်တို့  ခေါင်မိုးကြီးက
ကောင်းကင်ပြာကြီး ဆိုပါတော့။
အမေက ငွေလမင်း။
ကျွန်တော်က မိုးတိမ်။
မေမေ့ကို ကျွန်တော်က
လက်နှစ်ဖက်နဲ့  ဖက်ထားမှာပေါ့။
အမေ။
ရေထဲကလူတွေက ခေါ်နေကြတယ်။
‘ငွေလှိုင်းတွေကြားမှာ ငါတို့  တေးဆိုတယ်။
နေထွက်က နေ၀င်အထိပါပဲ။
လည်ကြ ပတ်ကြတာလဲ
ဘယ်တိုင်း ဘယ်ပြည်ကို ရောက်မှန်းတောင်
မသိတော့ပါဘူး။
ငါတို့ နဲ့  လိုက်ပါလား’ တဲ့။
ကျွန်တော် ပြန်မေးတယ်။
‘ဘယ့်နှယ်လုပ် လိုက်ရမလဲ’ လို့ ။
ဒီတော့ သူတို့ က ပြန်ပြောတယ်။
‘ပင်လယ်ကမ်းစပ်ကိုလာ
မျက်စိမှိတ်ပြီး ရပ်။
ငါတို့ တက်ပြီး ခေါ်မှာပေါ့’ တဲ့။
ကျွန်တော်က ပြန်ပြောတယ်။
‘ညအခါမှာ ကျွန်တော် မရှိရင်
အမေလွမ်းမှာပေါ့
လာလို့  မဖြစ်ပါဘူးဗျာ’ လို့ ။
ဒီတော့ သူတို့ တစ်တွေပြုံးပြီး
လှိုင်းယာဉ်စီးသွားကြတာပေါ့။
ဒါပေမယ့် အမေ
ကျွန်တော် အကြံတစ်ခု ရပါတယ်။
ကျွန်တော်က ငွေလှိုင်းဖြူ။
အမေက ပင်လယ်ကမ်း။
ကျွန်တော်က တလိမ့်လိမ့်နဲ့  တက်လာပြီး
အမေ့ရင်ခွင်မှာ တိုးမှာပေါ့။
အဲဒီအခါ ကျွန်တော်တို့  သားအမိ
ဘယ်မှာလဲလို့  ဘယ်သူမှ သိမှာ မဟုတ်ဘူးပေါ့။
တဂိုး
မင်းသုဝဏ် ပြန်ဆိုပါတယ်
LWIN PWIN
NLABR
Web-site: www.nlabr.com
0 comments:
Post a Comment