မြန်မာသတင်းများ မေလ ၁၀ ရက် ၂၀၁၂ ခုနှစ်

လှိုင်သာယာ Hi-Mo ဆံပင်တုစက်ရုံ အလုပ်သမားများ ဆန္ဒပြ 

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ Hi-Mo ဆံပင်တုစက်ရုံမှ အမျိုးသမီး အလုပ်သမား များ ၂၀၀ ကျော်သည် အချက် ၇၈ ချက်ပါ တောင်းဆိုချက်များ ရရှိရန်အတွက် မရမ်းကုန်းမြို့နယ်ရှိ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးသို့ ဗုဒ္ဓဟူးနေ့ နံနက်က လာရောက် အရေးဆိုကြကြောင်း

အမျိုးသမီး အလုပ်သမားပေါင်း ၁,၈၀၀ ခန့် ရှိသည့် ကိုရီးယားအမျိုးသားပိုင် Hi-Mo စက်ရုံမှ အလုပ်သမားများသည် လက်ရှိ အခြေခံလစာ ၈,၅၀၀ မှ ၃ သောင်းခွဲထိ တိုးမြှင့် ရရှိရေးအပါအဝင် အလုပ်ချိန်၊ ခွင့်ရက်၊  အချိန်ပိုကြေးတို့အပြင် ကျန်းမာရေးနှင့် အခြား လူမှုဖူလုံရေးတို့ကို တောင်းဆိုထားကြောင်း

အလုပ်သမားရုံးထဲတွင် တာဝန်ရှိသူများရှေ့မှောက်၌ စက်ရုံကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်နှင့် ညှိနှိုင်းနေသည့် အလုပ်သမားကိုယ်စားလှယ် ၇ ဦးမှာ မသီတာထွန်း၊ မယဉ်မင်းလွင်၊ မမြနှင်းရည်၊ မနီလာအောင်၊ မလဲ့လဲ့ခင်၊ မအေးမြတ်မွန်နှင့် မထက်ထက်မှုန်တို့ဖြစ်ကြောင်း ညနေ ၄ နာရီခွဲအထိ ညှိနှိုင်းမှု မပြီးသေးသော်လည်း တောင်းဆိုချက်များ ရသည်အထိ ဆက်လက် ဆန္ဒပြသွားကြမည် ဟုလည်း ပြောကြောင်း
စက်ရုံထဲတွင် အလုပ်ရှင်နှင့် ညှိနှိုင်းပါက လာရောက်စောင့်ကြည့်သူများ၊ သတင်းမီဒီယာများနှင့် ဝေးကွာသွားမည် ဖြစ်၍လည်း အလုပ်သမားရုံးတွင်သာ ဆက်လက် ဆန္ဒပြလိုကြကြောင်း

ဆန္ဒပြ အလုပ်သမားများအား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က သောက်ရေသန့်နှင့် ပေါင်မုန့်များ လာရောက်ဝေငှ လှူဒါန်းသွားသည်။ ထို့ပြင် ဆန္ဒပြရာသို့ ၈၈ မျိုးဆက် ကျောင်းသားများ၊ အဲန်အယ်ဒီလူငယ်အချို့နှင့် နိုင်ငံရေးပါတီ တချို့လည်း လာရောက်ကြည့်ရှု အားပေးနေကြကြောင်း
အဆိုပါ စက်ရုံတွင်ပင် ဧပြီလ အတွင်းကလည်း အလုပ်သမား အခွင့်အရေးများအား တောင်းဆိုဆန္ဒပြမှု ဖြစ်ပွားခဲ့သေးကြောင်း Hi-Mo စက်ရုံတွင် အလုပ်သမားအများစု၏ လက်ရှိ အခြေခံလစာမှာ ၈,၅၀၀ ကျပ် ဖြစ်ပြီး အမြင့်ဆုံး အခြေခံလစာဖြစ်သည့် ကျပ် ၁၂,ဝဝဝ ရရှိသည့် အလုပ်သမားဦးရေမှာ ၅၀ ပင် မရှိကြောင်း
သိရသည်။

Grand Royal စက်ရုံလုပ်သားများ သောက်ရေနှင့် ကြိုပို့ယာဉ် တောင်းဆို

ရန်ကုန်တိုင်း၊ ရွှေပြည်သာ စက်မှုဇုန်ရှိ Grand Royal အရက် ထုတ်လုပ်သည့် စက်ရုံမှ လုပ်သားများက သောက်ရေ အလုံအလောက်ရရှိရေး၊ ကြိုပို့ယာဉ် ထားရှိပေးရေးနှင့် အခြေခံ လစာကိစ္စတို့နှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ ဗုဒ္ဓဟူးနေ့က တင်ပြတောင်းခံမှုများ ပြုလုပ်ထားကြောင်း
ထိုအခွင့်အရေးများ ရရှိနိုင်ရန်အတွက် စက်ရုံတွင်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သော်လည်း ထိရောက်သောအဖြေ မရရှိသဖြင့် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း တောင်းဆိုချက်များအတွက် အင်္ဂါနေ့က အုပ်စု ၁ မှ ညှိနှိုင်းဆောင်ရွက်ခဲ့ရာတွင်လည်း အဆင်ပြေမှု မရရှိကြောင်း

၎င်း Grand Royal စက်ရုံသည် ရွှေပြည်သာ စက်မှုဇုန် တည်ဆောက်စဉ်ကတည်းက တည်ထောင်ထားခဲ့သည်။
လှိုင်သာယာ စက်မှုဇုန်ရှိ Hi-mo ဆံပင်တု စက်ရုံမှ အမျိုးသမီး အလုပ်သမားများကလည်း အခြေခံလစာ တိုးမြှင့်ရေး အပါအဝင် ၇၈ ချက်ပါ တောင်းဆိုချက်များဖြင့် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံး၌ ဗုဒ္ဓဟူးနေ့တွင်ပင် ဆန္ဒပြ အရေးဆိုလျက် ရှိကြကြောင်းအလုပ်သမားပေါင်း ၁,၈၀၀ ခန့်ရှိသည့် ထိုစက်ရုံတွင်မူ အများစုမှာ အခြေခံလစာအဖြစ် ကျပ် ၈,၅၀၀ သာ ရရှိကြပြီး ၃ သောင်းခွဲအထိ ရရှိရန် တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း
သိရပါတယ်။

မြန်မာ့တိုးတက်မှု အထွေထွေညီလာခံ အသိအမှတ်ပြုဖို့ Mr. Ban တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အသိအမှတ်ပြုပြီး တိုးတက်မှုတွေ ပိုရှိလာအောင် ကုလသမဂ္ဂအနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်မလဲ သုံးသပ် အဖြေထုတ်ဖို့ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တိုက်တွန်းလိုက်ကြောင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု အောင်မြင်မှုရအောင် နိုင်ငံတကာအနေနဲ့ ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း တိုက်တွန်းသွားကြောင်း သိရပါတယ်။

မြန်မာအပေါ်ဒဏ်ခတ်မှု ဆွစ်ဇာလန်ရုပ်သိမ်း

မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံတဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံ က လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းပေးလိုက်ပြီလို့ AFP သတင်း တရပ်မှာ ဖော်ပြကြောင်းဒါပေမယ့်လည်း မြန်မာ့နိုင်ငံရေးအခြေအနေ ပြန်ပြီးဆိုးဝါးလာမယ်ဆိုရင်တော့ အရေးယူမှုတွေ ကို ပြန်ပြီးလုပ်မယ်လို့လည်း ဖော်ပြထားကြောင်း
မြန်မာနိုင်ငံအတွင်း ဖိနှိပ်ချုပ်ခြယ်ရာမှာ အသုံးပြု ဆက်နွယ်နေတဲ့ လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထား တာက လွဲပြီးတော့ တခြားအရေးယူမှုတွေအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ဆွစ်ဇာလန်နိုင်ငံက စီးပွားရေးဆိုင်ရာ SECO ရုံးကြေညာချက်ကို ကိုးကားပြီးတော့ ဖော်ပြကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု ND-Burma အဖွဲ့ သတင်းထုတ်ပြန်

ပြီးခဲ့တဲ့ ၂၀၁၁ မတ်လကနေ ၂၀၁၂ မတ်လအထိ တနှစ်တာ ကာလအတွင်း လက်ရှိအစိုးရနဲ့ အစိုးရကို ထောက်ခံသူတွေက ကျုးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း (၄၁၅) မှု ရှိတယ်လို့ ထိုင်းနယ်စပ် အခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် ND-Burma အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ လယ်ယာမြေ အသိမ်းဆည်းခံရမှုနဲ့ မိသားစုပိုင် ပစ္စည်းတွေ အဓမ္မ သိမ်းဆည်းခံရမှုပေါင်း ၁၁၄ မှု၊ ညှဉ်းပန်းနှိပ်စက်ခံရမှုက ၈၅ မှုနဲ့ အဓမ္မ စေခိုင်းမှုပေါင်း ၅၉ မှု ရှိတယ်လို့ ND-Burma အဖွဲ့က ပြောကြောင်း
သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်ပေါက်လာတယ် ဆိုပေမယ့် လွတ်လပ်စွာ လုပ်ဆောင်ခွင့် မရသလို၊ အဲဒီကော်မရှင် ရှိတယ်ဆိုတာတောင် တိုင်းရင်းသားဒေသတွေမှာ အသေအချာ မသိကြဘူးလို့ ND-Burma ကွန်ယက် စီမံခန့်ခွဲမှုအဖွဲ့ဝင် မမွန်းနေလီကပြောပါကြောင်း
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ လျှော့ကျသွားဖို့ဆိုရင် ဥပဒေစိုးမိုးမှု ရှိဖို့လိုကြောင်းနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေကို လွတ်လပ်စွာ လေ့လာလုပ်ဆောင်ခွင့် ပေးဖို့လိုကြောင်း ND-Burma ကွန်ယက်က တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။

NLD ဗဟိုကော်မရှင် ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီပြန်လည် ဖွဲ့စည်းရေးအတွက် နာယက ဦးတင်ဦး ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါ ဗဟို ကော်မရှင်တစ်ရပ်ကို NLD က ဒီကနေ့ စတင်ဖွဲ့စည်းလိုက်ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ်၊ တိုင်း၊ မြို့နယ်နဲ့ ကျေးရွာ အဆင့်ဆင့် ကော်မရှင် ဖွဲ့စည်းရေးဆိုင်ရာ ညီလာခံ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းလိုက်တာလို့ NLD က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း
ညီလာခံကျင်းပရေး ဗဟိုကော်မရှင်အနေနဲ့ ပါတီတွင်း အာဏာအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရေးကို အဓိက ဆောင်ရွက်မှာ ဖြစ်ကြောင်း ဒီဗဟိုကော်မရှင်မှာ ဥက္ကဋ္ဌ အဖြစ် ဦးတင်ဦး၊ အတွင်းရေးမှူးအဖြစ် ရှေ့နေကြီး ဦးဥာဏ်ဝင်း၊ အဖွဲ့ဝင်တွေအဖြစ် ဦးဟန်သာမြင့်၊ ဦးသိန်းဦး၊ ဦးစိုးဝင်း၊ ဦးမျိုးညွန့်၊ ဒေါ်လဲ့လဲ့၊ ဒေါ်မြင့်မြင့်စိန်နဲ့ ဒေါ်ခင်စောမူတို့ ပါဝင်ကြောင်းကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပါတီဝင် စုဆောင်းရေး၊ ပါတီပြန်လည်ဖွဲ့စည်းရေးအတွက် NLD က ဆက်လက်ဆောင်ရွက်တာ ဖြစ်ကြောင်း သိရပါတယ်။

မဲလက်မှတ် ဖယောင်းသုတ်သည့် စွပ်စွဲချက် မမှန်ဟု ကော်မရှင်ပြော
 
ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲ လက်မှတ်များကို ဖယောင်းသုတ်သည်ဟူသော NLD ၏ စွပ်စွဲချက်သည် မမှန်ကန်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေ ရန်ကုန်တိုင်း ကော့မှူး မြို့နယ် အပါဝင် စွပ်စွဲထားသည့် ၁၀ မြို့နယ်ကို စုံစမ်းစစ်ဆေးရေး အဖွဲ့ စေလွှတ်၍ စစ်ဆေးချက်များအရ ဆန္ဒမဲ လက်မှတ် များတွင် ဖယောင်းသုတ်သည်ဆိုခြင်းမှာ မှန်ကန်မှုမရှိ၍ မမှန်မကန်တိုင်ကြားသူကို အရေးယူနိုင်ကြောင်း၊ လိုအပ်ပါက အရေးယူနိုင် ရန် သက်ဆိုင်ရာ ပါတီကို ခေါ်ယူ အသိပေး ရှင်းလင်းပြီး ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ၌ ဖော်ပြထားသည်။

SNLD ပြန်လည် တည်ထောင်ခွင့်ပြု

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီအဖြစ် ပြန်လည် တည်ထောင်ခွင့်ပြုကြောင်း မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။ ပါတီတည်ထောင် ခွင့် လျှောက်ထားရာ၌ ဦးခွန်ထွန်းဦး ပါ ၁၅ ဦးက လျှောက်ထားခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ ဦးခွန်ထွန်းဦးသည် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံ ထားရပြီး ဇန်န၀ါရီလအတွင်းက သမ္မတ ဦးသိန်းစိန် ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက် လာသူ ဖြစ်သည်။ SNLD ကို ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားခြင်း မရှိ၍ ဖျက်သိမ်းကြောင်း ၂၀၁၀ ပြည့် စက်တင်ဘာလ အတွင်း က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ကြောင်းသိရသည်။

နိုင်ငံတကာ ငွေကြေးဆိုင်ရာ ကန့်သတ်မှုအားလုံး ဖယ်ရှားမည်

မြန်မာအစိုးရက နိုင်ငံတကာ ငွေကြေးလွှဲပြောင်း ပေးချေမှုဆိုင်ရာ ကန့်သတ်ထားမှုအားလုံးကို လာမည့် ၂၀၁၃ ခုနှစ် မကုန်ခင် ဖယ်ရှားသွားရန် စီစဉ်နေကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပါက ကုမ္ပဏီများအနေဖြင့် ကုန်သွယ် ကူးသန်းရောင်းဝယ်မှုများ လွယ် ကူ ချောမွေ့သွားမည် ဖြစ်ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ကပြောသည်။ မြန်မာနိုင်ငံအတွင်း ပြုလုပ်နေသည့် အပြောင်းအလဲများသည် လက်ရှိအတိုင်း ဆက်လက် ဆောင်ရွက်သွားပါက အာရှတွင် တိုးတက်မှုအမြင့်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာ ဖွယ် ရှိသည်ဟုလည်း IMF ၏ ထုတ်ပြန်ချက်၌ ပါရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိ

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရက တရားဝင်ထုတ်ပေးသော နိုင်ငံကူးလက်မှတ်ရရှိပြီ ဖြစ်သည်။ ယမန်နေ့က ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ လာရောက် ပေးအပ်သွားခြင်းဖြစ်သည်ဟု NLD က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည်၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့်ရရှိခြင်းဖြစ်ပြီး ဇွန် လအတွင်း နော်ဝေနှင့် ဗြိတိန် နိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်း သိရသည်။

စစ်တွေ၌ ဈေးအခွန် အဆမတန်ကောက်ခြင်းအပေါ် ဆန္ဒပြမှု အောင်မြင်

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နာဇီဈေး၌ အခွန်နှုန်း တိုးမြှင့် ကောက်ခံနေခြင်းအား ရပ်ဆိုင်းပေးရန် ဈေးသူ ဈေးသားများ ဆန္ဒပြ တောင်းဆိုမှုကြောင့် အခွန်ကောက်ခံခွင့် လေလံအောင်ထားသူ၏ လိုင်စင်အား ရုပ်သိမ်းလိုက်ကြောင်း ဈေးအခွန် အဆမတန်ကောက်ခြင်းအပေါ် ဆန္ဒပြမှု အောင်မြင် ရှိကြောင်းသိရသည်။

သမ္မတရုံး အင်တာနက် ဝက်ဘ်ဆိုက် ဖွင့်တော့မည်

သမ္မတနှင့် ပတ်သက်သည့် သတင်းများကို သမ္မတရုံး အင်တာနက် စာမျက်နှာတခု ဖွင့်လှစ်၍ တင်ဆက်သွားမည်ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face Book လူမှုကွန်ယက်တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ဖေါ်ပြ ထားသည်။

“သတင်းထုတ်ပြန်ရေးအတွက် သမ္မတရုံး ဝက်ဘ်ဆိုက် စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ပါသည်။ မကြာခင် နိုင်ငံတော် သမ္မတ၏ Update သတင်းများကို ယင်းဝက်ဘ်ဆိုက်မှ တရားဝင် လွှင့်တင်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါ သည်” ဟု သူ၏ Face Book စာမျက်နှာတွင် ရေးသားထားသည်။

ဗုဒ္ဓဟူးနေ့ သမ္မတရုံး အင်တာနက် စာမျက်နှာ၏ စမ်းသပ် တင်ဆက်မှုတွင် ပိုလန် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတ တို့၏ တွေ့ဆုံမှုကို ဖော်ပြထားပြီး ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ အပြီးတိုင် ရုပ်သိမ်းပေးရေးလည်းဆွေးနွေးကြသည်ဟု အဆိုပါ စမ်းသပ် စာမျက်နှာတွင် ဖေါ်ပြထားသည်။
အဆိုပါ စာမျက်နှာကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖေါ်ပြထားသည်ကို တွေ့ရပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့်၊ ပြည်ထောင်စုလွှတ်တော်တို့၏ အခန်းကဏ္ဍများလည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။ စီးပွားရေး၊ ပညာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ တိုင်းရင်းသား၊ နိုင်ငံခြားရေးမူဝါဒ စသည့် အခန်းကဏ္ဍများလည်းပါဝင် ဖွဲ့စည်းထားသည်။ သမ္မတ၏ နေ့စဉ်သတင်းများအပြင် ထုတ်ပြန်ချက်များ၊ သတင်းစာရှင်းလင်းပွဲ ကောက်နုတ်ချက်များကိုလည်း ထည့်သွင်းဖေါ်ပြထားသည်ကို တွေ့ရသည်။

စမ်းသပ်ဆဲ ကာလဖြစ်၍ အင်တာနက် ဝက်ဘ်ဆိုက်အမည် မရှိသေးဘဲ IP Address ဖြင့်သာ လွှင့်တင်ထားသေးသည်။ “စမ်းသပ်ဆဲကာလ ဖြစ်ပါတယ်ခင်ဗျား။ ဒိုမိန်းနိမ်းဖြင့် လွှင့်ပါမည်။ ဥပမာ - www.president.gov.mm ကဲ့သို့ ဖြစ်ပါ မည်” ဟု သမ္မတရုံးနှင့် နီးစပ်သူတဦး၏ Face book စာမျက်နှာတွင် ရေးသားထသည်။ ယခု လောလောဆယ်တွင် http://203.81.81.136/e-President/ လိပ်စာကို အသုံးပြုထားသည်။

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သစ်ကို တိုင်းရင်းသား အဖွဲ့အစည်းများ ကြိုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့သစ်တွင် ဆုံးဖြတ်ချက် ချနိုင်သည့် ထိပ်ပိုင်း
ခေါင်းဆောင်များ ပါဝင်လာသဖြင့် နိုင်ငံရေးပြဿနာ ဖြေရှင်းရာတွင် ထိရောက်မည်ဟု မျှော်လင့်ရကြောင်း တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် လေ့လာသူများက ကြိုဆိုလိုက်ကြောင်း
နိုင်ငံတော် သမ္မတ၊ ဒု-သမ္မတများနှင့် တပ်မတော် ထိပ်တန်းခေါင်းဆောင်များလည်း ပါဝင်လာသဖြင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် ယခင်ထက် ပို၍ ထိထိရောက်ရောက် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်ကြောင်းသိရသည်။

ဘုရားသုံးဆူမြို့မှာ လူ ၅ ဦး ပြန်ပေးဆွဲ ခံရ

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ မနေ့ညက လက်နက်ကိုင်လူ (၆) ဦးက ရပ်ကွက်အတွင်း ဝင်ရောက်လာပြီး လူ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတဲ့အတွက် မြို့သူမြို့သားတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ သိရပါတယ်။
M 22 တလက်၊ M 16 လေးလက် မောင်းပြန်တွေ ကိုင်ဆောင်ထားတဲ့ ပျောက်ကြား စစ်ဝတ်စုံဝတ်၊ ဦးထုပ်ဆောင်းထားတဲ့ လူတစုက ဘုရားသုံးဆူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ငုဝါလမ်းသွယ် (၁၀) နဲ့ (၁၁) ကြားကို ညပိုင်း ၈ နာရီခွဲလောက်မှာ ရုတ်တရက် ဝင်ရောက်လာပြီး ကိုသက်ဦး၊ ကိုဝေယံ၊ ကိုဘိုဘို၊ ကိုမောင်နဲနဲ့ မသီတာတို့ (၅) ဦးကို လက်ပြန်ကြိုးတုတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
သေနတ်သမားတွေက တွေ့တဲ့လူကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဖမ်းခံရသူတွေထဲမှာ လက်ကိုင်ဖုန်းရှိသူ ပါသွားတဲ့အတွက် သူတို့ဆွေမျိုးတွေကို ဖုန်းဆက်သွယ်ပြီး လက်နက်ကိုင် ပြန်ပေးသမားတွေက ထိုင်းဘတ်ငွေ (၅) သိန်းနဲ့ ပြန်ရွေးရမယ်လို့ ပြောကြောင်း အဖမ်းခံရသူတဦးနဲ့ ဆွေမျိုးတော်စပ်သူ တဦးက ပြောပါတယ်။
ဘုရားသုံးဆူ အုပ်ချုပ်ရေးပိုင်း အာဏာပိုင်တဦးကတော့ ဓားစာခံတွေရဲ့ လုံခြုံမှုကို စိုးရိမ်လို့ ဒီကိစ္စကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
ဘုရားသုံးဆူမှာ အခုလို ပြန်ပေးဆွဲတာ ဒီနှစ်ထဲမှာ (၂) ကြိမ် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက် ချစ်သူများနေ့ကလည်း အခုလို လက်နက်ကိုင် ပြန်ပေးသမားတွေက သမီးရည်းစားအတွဲ နှစ်တွဲနဲ့ ကိုသိန်းဆိုသူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွှေတကျပ်သားနဲ့ ဘတ်ငွေ ၁ သောင်း တောင်းဆိုခဲ့ကြောင်း၊ အခုတခေါက်မှာတော့ တဦးကို ဘတ်ငွေ (၅) သိန်း တောင်းတဲ့အတွက် လူတွေစိုးရိမ်ထိတ်လန့်ပြီး အလုပ်အကိုင်တောင် မသွားရဲအောင် ဖြစ်နေကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

LWIN PWIN
NLABR
Blog:                          http://wanna23-23.blogspot.com/
Web-site:                    www.nlabr.com

0 comments:

Post a Comment