မြန်မာသတင်းများ မေလ ၀၃ ရက် ၂၀၁၂ ခုနှစ်

NLD လွှတ်တော်အမတ်တွေ မူလရပ်တည်ချက် ဆက်လက်ဆုပ်ကိုင်သွားမည်

အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စာသားအတိုင်း ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပေမဲ့ လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မူလရပ်တည်ချက်တွေအတိုင်း ဆက်လက် လုပ်ဆောင် သွားကြမယ်လို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး တဲ့နောက် NLD ပါတီက လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို ဆက်သွယ်မေးမြန်းတာမှာ အဲဒီလိုပြောခဲ့ကြောင်း ရှေ့မှာ လုပ်ဆောင်စရာတွေ အများကြီး ရှိနေကြောင်း  NLD လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျမ်းသစ္စာကျိန်ဆိုတဲ့စာသားကို မပြောင်းလဲဘဲ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ ကြပေမဲ့ မူလ ရည်တည်ချက်ဖြစ်တဲ့ လေးစားလိုက်နာပါမည်ဆိုတဲ့ သဘောထားကတော့ မပြောင်းလဲဘဲ ဆက်ပြီး ကိုင်စွဲသွားကြမယ်လို့ ပြောခဲ့ကြကြောင်း မဲဆန္ဒရှင်လူထုနဲ့ လူမျိုးစုတိုင်းရင်းသားပါတီတွေရဲ့ ဆန္ဒသဘောထားတွေကို အသိအမှတ်ပြု လေးစားတဲ့ အနေနဲ့ ကျမ်းသစ္စာ ကျိန်ဆိုတာမှာပါဝင်တဲ့ စာသားကို ပြင်ဆင်ဖို့ကြိုးစားနေတာ အဆုံးသတ်ပြီး လိုက်လျောခဲ့တာဖြစ်ပေမဲ့ မူလ ရပ်တည်ချက် အတိုင်း ဆက်လုပ်သွားပါမယ်လို့ပြော ကြောင်း သိရသည်။

လွှတ်တော်ပြင်ပနိုင်ငံရေးလည်း ဆက်လုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တက်ရခြင်းအပေါ် စိတ်လှုပ်ရှားမှုမရှိဘဲ ပြည်သူများ၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း ဆက်လုပ်မည်ဟု ပြောဆိုလိုက်သည်။ ကျမ်းကျိန်အပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တက်ရောက်သော ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်

ယနေ့ နံနက် ၁၀ နာရီတွင် စတင်သော လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်ကြောင်း သတင်းရရှိသည်။ တခြား NLD လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးဇေယျာသော်တို့သည် သြစတြေးလျနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်နေသဖြင့် လွှတ်တော်မတက်နိုင်သေးကြောင်း ခွင့်တိုင်ကြားထားသည်ဟု သိရသည်။

ဆုငွေထုတ်မှု နယ်စပ်တည်ငြိမ်ရေး ထိခိုက်နိုင်ဟု ဗိုလ်နှုတ်ခမ်းမွေး ပြော

မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ဖမ်းဆီရန် ထိုင်းအစိုးရက ဘတ်ငွေ ၁၀ သိန်း ဆုငွေထုတ်ခြင်းကို ထိုင်းနိုင်ငံမူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံးတာဝန်ရှိသူ ထိုင်း ဒုဝန်ကြီးချုပ် မဖြေရှင်းပါက နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နိုင်ကြောင်း ဆုငွေထုတ်ခံရသူ DKBA မှ ဗိုလ်မှူးချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေးက ပြောဆိုလိုက်သည်။ အခြေအနေမှန်ကို သိရှိရန် လာရောက် စစ်ဆေးနိုင်ကြောင်း၊ မဟုတ်မှန်ပါက အမည်ပျက်စာရင်းမှ ထုတ်ပေးရမည်ဖြစ်ကြောင်း ယမန်နေ့က DKBA ဌာနချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောသည်။

မန္တလေး မိုးဇလ သတင်းယူလိုလျှင် ကျပ် ၆ ထောင်ကျော် ကျမည်
မန္တလေးမြို့ရှိ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနရုံးတွင် မိုးလေ၀သသတင်းများ လာရောက်ရယူလိုလျှင် မည်သည့်အဖွဲ့စည်းနှင့် သတင်းဌာန ဖြစ်စေကာမူ တနှစ်စာကျသင့်ငွေ ၆၄၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနက တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားပါတီများနှင့် NLD ဆွေးနွေးလို

တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနှင့် တိုင်းရင်းသားပါတီများ ဆွေးနွေးလုပ်ဆောင်သွားရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ပြောဆို ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က ပြောသည်။

“တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးရေးတွေ လုပ်ဖို့ ညှိနှိုင်း တိုင်ပင်ချင်ပါတယ်။ ဟိုဒေသ ဒီဒေသ အကုန်လုံးပေါ့။ အဲဒါကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆွေးနွေးတိုင်ပင်သွားလိုပါတယ်။ ပူးပေါင်း ဆောင်ရွက်ပြီးမှ ဖွံ့ဖြိုးမှု အဆင့်တခုခုကို ရောက်အောင်သွားနိုင်ဖို့ တိုင်ပင်ချင်တယ်။ ဆွေးနွေးချင်တယ်လို့ ပြောပါတယ်” ဟု ဒေါက်တာ
အေးမောင်က ပြောသည်။

NLD အမတ်များ လွှတ်တော်အတွင်း ဝင်ရောက်ရေးအတွက် မေတ္တာရပ်ခံ ပန်ကြားခဲ့ကြသည့် တိုင်းရင်းသားပါတီများမှ လွှတ်တော်အမတ်များကို NLD မှ နံနက်စာဖြင့် ဧည့်ခံစဉ် NLD ဥက္ကဋ္ဌက ပြောကြားသွားခြင်းဖြစ်သည်ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဧည့်ခံပွဲသို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ့် အမျိုးသား အဖွဲ့ချုပ်၊ တအာင်း အမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ဖလုံစဝေါ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ တို့မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ် ၇ဝ ဦးခန့် တက်ရောက်ခဲ့ကြသည်။

“NLD နဲ့ တိုင်းရင်းသားပါတီတွေ ရှေ့ဆက်ပြီးတော့ လက်တွဲသွားကြပါမယ်။ ရှေ့ဆက်ပြီး ပူးပေါင်းသွားဖို့ တိုင်းရင်းသား ပါတီတွေက အဆင်သင့် ဖြစ်နေကြလောက်ပါပြီ။ ကျနော်တို့ လက်တွဲ ခိုင်ခိုင်တွဲနိုင်မယ်ဆိုရင် ကျနော်တို့ မဟာမိတ်ပြုမှုဟာ သမိုင်းမှာ တွင်ကျန်ရစ်ခဲ့မှာပါ” ဟုလည်း ဒေါက်တာအေးမောင် က ပြောသည်။

NLD သည် “တိုင်းရင်းသား ညီအစ်ကိုများ၏ မေတတ္တာရပ်ခံချက်ကို လေးစားတန်ဖိုးထား တုန့်ပြန်လိုသောကြောင့် လွှတ်တော်သို့ တက်ရောက်ရန် ဆုံးဖြတ်ခြင်း ဖြစ်ပါသည်” ဟု ဧပြီလ ၃ဝ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့လည်း ကြိုဆိုပါတယ်၊ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ကျနော်တို့ ကိုယ်၌ကိုက အင်အားတခု ရလာ သလိုပဲ။ ကျနော်တို့ ခန္ဓာကိုယ်မှာ အနွေးထည်ကြီးတခုကို စွတ်လိုက်ရသလိုပဲ ကျနော်တို့ နွေးထွေးသွားပါတယ်။ အင်မတန်မှလည်း အားရှိပါတယ်” ဟုလည်း ဒေါက်တာ အေးမောင်က
မေတ္တာရပ်ခံရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က “ကျနော်တို့က ဘာပဲပြောပြော NLD ကို မျှော်နေတာ။ ပထမအဆင့် လုပ်ငန်းတခုကတော့
အောင်မြင်သွားပြီပေါ့” ဟု ပြောသည်။

ဇူလိုင်လအတွင်း ပြန်လည်ကျင်းပရန်ရှိသည့် လွှတ်တော်အစည်းအဝေးတွင် NLD အမတ်များကို ကြိုဆိုပွဲလုပ်ရန် ဦးခိုင်မောင်ရည်တို့က စီစဉ်ထားမှုကို ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးရာ ထိုဧည့်ခံပွဲသို့ တပ်မတော်သား အမတ်များကိုလည်း ဖိတ်ကြားစေလိုကြောင်း ပြောသည်ဟုဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရယ်စရာအဖြစ် ပြောလိုက်ပေမယ့် အဲဒီစကားလေးက တော်တော်လေး ကောင်းတဲ့ စကားလေးတခုပါ။ သူက အဲဒီလိုဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ရအောင် ဖိတ်ပေးလေတဲ့။ သူ တပ်မတော်သား ကိုယ်စားလှယ်တွေကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ခင်ခင်မင်မင်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလိုတဲ့ ဆန္ဒရှိတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး” ဟု ဦးခိုင်မောင်ရည်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဋ္ဌေးဦးက တွေ့ဆုံနှုတ်ဆက်ခဲ့သေးသည်။

“ရွေးကောက်ပွဲလမ်းကြောင်းအရကော လွှတ်တော်လမ်းကြောင်းအရကော ပါဝင်လာတဲ့သူတွေ အားလုံးကို ကျနော် ကြိုဆိုမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ကျနော် ကြိုဆိုတယ်။ တခြားလူတွေလည်း ကျနော် ကြိုဆိုတယ်။ ဒီနေ့ လည်း သူတို့ ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် ကျနော်ကိုယ်တိုင်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီးနှုတ်ဆက်ပါတယ်။ ဒီကို ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်” ဟု ဦးဋ္ဌေးဦး က ပြောသည်။

ကချင်ဒုက္ခသည်များအတွက် ဆန်ဂိုဒေါင်များ အရေးတကြီးလိုအပ်

တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ပြေးဒုက္ခသည် စခန်းများတွင် သောက်သုံးရေ၊ ဆေးဝါးနှင့် ဆန်ဂိုဒေါင်များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။ကချင်ဒုက္ခသည် စခန်းများအား ဒုတိယအကြိမ်အဖြစ် သွားရောက်ကူညီ လှူဒါန်းပေးနေသည့် အဖြူရောင် တွဲလက်များ အဖွဲ့ တာဝန်ရှိသူ ကိုဘိုဘို ခေါ် ကိုမိုးကျော်သူ က မံစီမြို့နယ်၊ မန့်ဝိုင်းကြီးစခန်းတွင် ရောက်ရှိနေစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အရေးတကြီး လိုအပ်နေတာက ဆန်ဂိုဒေါင်တွေ ဆောက်ဖို့ဗျ။ အခု စိုးရိမ်နေကြတာက မိုးရွာနေတော့ အခြား အလှူရှင်တွေက ပေးတဲ့ ဆန်တွေကို သိုလှောင် သိမ်းဆည်းနိုင်ဖို့ပဲဗျ” ဟု ပြောသည်။

ရန်ကုန်မြို့မှာ ဧပြီလ ၂၉ ရက်နေ့က စတင်ထွက်ခွါလာခဲ့ပြီး မန့်ဝိုင်းကြီးစခန်းအပြင် နန်ထောင်၊ အခြေနှင့် ငါနောင်ပါ စခန်းများသို့ ရောက်ရှိပြီး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါဒေသသည် ငှက်ဖျားရောဂါ ထူပြောသည့် ဒေသတခုဖြစ်ပြီး ယခုအခါ အဖျားအနာနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ ကာ သေဆုံးမှုများ ရှိနေကြောင်း သူက ဆက်ပြောသည်။

“ကျနော် ဒုက္ခသည်စခန်း လေးခု ရောက်ပြီးပါပြီ။ မန့်ဝိုင်းကြီးစခန်းမှာဆို အားလုံးလူ ၉၀၀ ကျော် ရှိတယ်။ ဆေးဆရာမလေးဦးပဲ ရှိတယ်။ ဆေးဝါးကုန်ကျ စားရိတ်က လူတဦးကို တလတလ တသိန်းကျော် ကုန်တယ်။ ဆေးဝါး မလောက်မင နဲ့သွားနေတာ။ ကလေး နှစ်ယောက်၊ လူကြီး တယောက် သေတယ်။ ဝမ်းရောဂါကြောင့်။ အထက်လန် အောက်လျှောဖြစ်တယ်။ ဖျားတာနာတာတွေ ဖြစ်နေတယ်” ဟု ကိုမိုးကျော်သူ က ဆိုသည်။

ဒုက္ခသည် စခန်းလေးခုတွင် ဒုက္ခသည် ၃,၀၀၀ ကျော်ခန့်ရှိပြီး ကလေးငယ်များမှာ အာဟာရ ချို့တဲ့မှုများ ဖြစ်ပေါ်နေ၍ အာဟာရမှုန့်များ စားသုံးနေရကြောင်း သိရသည်။
စခန်းတွင်းရှိ ကလေးများ ပညာရေးနှင့် ပါတ်သက်ပြီး မိဘများက စိုးရိမ်ပူပန်နေကြကြောင်း “ထွက်ပြေးလာရတဲ့ အခါမှာကျောင်းတွေ အခက်အခဲ ဖြစ်လာတယ်။ မူလရွာက ကျောင်းတွေ မီးရှို့ခံရတယ်၊ အဖျက်ခံရတယ်။ ကလေးပညာရေး ဘယ်လို သွားရမလဲဆိုတာ ခက်လာတယ်။ ကချင်ပြည်နယ်မှာ လုံခြုံရေး အခြေအနေ စိတ်ချရတဲ့ နယ်မြေတွေက ပိုကျဉ်းလာနေပြီ” ဟု ကိုမိုးကျော်သူ က ဆိုသည်။

အဖြူရောင်တွဲလက်များက ဒုက္ခသည် စခန်းများ၏ လိုအပ်ချက်များအတွက် အလှူငွေသိန်း ၂ဝ နှင့် အနွေးထည် ၁၅,ဝဝ ကူညီသွားမည်ဖြစ်ပြီး ဒုက္ခသည် စခန်း ကော်မတီနှင့် ညှိနှိုင်းလှူဒါန်းမည်ဟု သိရသည်။
အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများကလည်း ကလေးများအတွက် ကစားစရာအရုပ်၊ ကလေးဝတ် အင်္ကျီများနှင့်ဆေးဝါးအချို့အား ၎င်းတို့အဖွဲ့နှင့် ပေးပို့လှူဒါန်းကြသည်။
တရုတ်နိုင်ငံဘက်ခြမ်းရှိ ဒုက္ခသည်စခန်းအချို့မှာ ဆန်အခက်အခဲ မရှိသော်လည်း သောက်သုံးရေ အခက်အခဲရှိကြောင်း သိရသည်။ယခုအကြိမ် သွားရောက်ကူညီရာတွင် မျက်လှည့် ဆရာများ၊ ပန်းချီဆရာများ၊ သီချင်းဆိုသူများ ပါဝင်ပြီး အခွင့်ရပါက ဒုက္ခသည်များနှင့်အတူ ပြဇာတ်များ တင်ဆက်ကပြ ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။အဖြူရောင်တွဲလက်များအဖွဲ့ကို စစ်ဘေးဒဏ်ခံရသည့် တိုင်းရင်းသား ညီအကိုမောင်နှမများအား စာနာထောက်ထားကြောင်း ပြသရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှစ၍ နှစ်ဖက် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာရာမှ ဒေသခံများမှာ တရုတ်-မြန်မာ နယ်စပ်တလျှောက်နှင့် မြို့ပေါ်များသို့ စစ်ပြေးဒုက္ခသည်များ အဖြစ်နေရပ်စွန့်ခွါ ထွက်ပြေးခဲ့ကြရသည်။

လက်ရှိအခြေအနေတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၇ သောင်းကျော်ရှိလာကာ ကုလသမဂ္ဂ အဖွဲ့အစည်းများက မိုးမောက် မြို့နယ် အင်ခေါင်းပါနှင့် ဒွန်ဘွမ်ဒုက္ခသည်စခန်းရှိ စစ်ပြေးဒုက္ခသည် ၁,၅၀၀ ဦးအား အစားအသောက်များ ကူညီခဲ့သည် သိရသည်။

သတင်းသမား အခြေခံ အခွင့်အရေး ကာကွယ်ရန် MJN ဆွေးနွေး

ရန်ကုန်ရှိ လူငယ်သတင်းစာဆရာ အများစုဖြင့် ဖွဲ့စည်းထားသည့် Myanmar Journalists’ Network (Yangon) က သတင်းသမားများ၏ အခြေခံ အခွင့်အရေးများအား ကာကွယ်ရန် နည်းလမ်းများနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးခဲ့ကြကြောင်း 7 day ဂျာနယ်မှ သတင်းထောက် ကိုအောင်သူရ က ပြောသည်။

ဗဟန်းမြို့နယ်၊ ယုဇနဟိုတယ်တွင် ပြုလုပ်သည့် အဆိုပါ MJN ဆွေးနွေးပွဲအတွင်း အဖွဲ့၏ ဖွဲ့စည်းပုံပါ အခြေခံ အခွင့်အရေး ကာကွယ်ရန်ကိစ္စအား ပြင်ဆင်ရေးဆွဲရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

“အခန်း ၁ မှာ သတင်းသမားများ၏ အခြေခံ အခွင့်အရေးကို ကာကွယ်ပါမည်ဆိုတဲ့ လုပ်ဆောင်ချက် အချက် လေးချက် ရှိတယ်။ အဲဒီ လေးချက်ထဲက ပထမဆုံးအချက်က သတင်းသမားများ၏ အခြေခံ အခွင့်အရေးကို ဘယ်လို ကာကွယ် မလဲဆိုတာ ဆွေးနွေးတယ်။ အဲဒီအချက်ကို သေချာပြန်ပြင်မှာ။ ပြင်ဖို့ သဘောတူလိုက်တယ်” ဟု အဖွဲ့၏ ဖွံဖြိုးရေး လုပ်ဆောင်ပေးနေသူ ကိုအောင်သူရ က ပြောသည်။

ဆွေးနွေးပွဲမှ ၂ဝ၁၂ ခုနှစ်အတွက် လုပ်ငန်းကော်မတီကို အဖွဲ့ဝင် သတင်းစာသမား ၁ဝ၅ ဦးအနက် ၁၇ ဦးအား မဲပေး ရွေးချယ်ခဲ့သည်။MJN ကို သတင်းစာဆရာ ၃၅ ဦးဖြင့် လူမှုရေးနှင့် သတင်းသမားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပြီး ရှစ်လကြာ ကာလအတွင်း သတင်းသမားများကျင့်ဝတ်နှင့် သတင်းစာရှင်းလင်းပွဲ သွားရာတွင် မည်သို့ ပြင်ဆင်ထားသည့် ပညာရပ်များဆိုင်ရာ ရက်တိုသင်တန်းများ ပို့ချပေးနိုင်ခဲ့သည်။

ထို့ပြင်သတင်းစာဆရာကြီး မောင်ဝံသနှင့် ပြည်ပမှ ပြန်လာကြသည့် ဒေါက်တာ ဇော်ဦး၊ ဒေါက်တာတင်မောင်သန်း၊ ဦးဘိုဘိုကျော်ငြိမ်းတို့နှင့် ဟောပြောပွဲများလည်း ကျင်းပပေးခဲ့သည်ဟု ကိုအောင်သူရက ပြောသည်။ရန်ကုန်၊ မန္တလေး၊ အခြားမြို့များနှင့် ရခိုင်ပြည်နယ်တွင်းတွင် ကွန်ယက်များ စတင်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။

MJN သည် အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံတွင် ပထမဆုံးဖွဲ့သည့် သတင်းစာဆရာအသင်းဖြစ်ပြီး
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသ က ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီကို ဧပြီလ ၅ ရက်နေ့က ပြည်တွင်းပြည်ပမှ သတင်းစာဆရာ ၈ဝ ဖြင့် ဖွဲ့စည်းထားသည်။အသင်းကို စာနယ်ဇင်း လွတ်လပ်ခွင့် ထွန်းကားရေးရှေးရှု၍ လူ့အဖွဲ့အစည်းအတွက်လည်းကောင်း၊ သိက္ခာရှိသော စတုတ္ထ မဏ္ဍိုင် ဖြစ်တည်ရေးအတွက်လည်းကောင်း ဆောင်ရွက်သွားနိုင်ရန်အတွက် သီးခြားလွတ်လပ်သည့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်သွားမည်ဟု သိရသည်။

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့် International Media Support အဖွဲ့တို့မှ ကြီးမှူး၍ အသံလွှင့်မီဒီယာ နည်းဥပဒေဆွေးနွေးပွဲတခုကို နေပြည်တော်တွင် ဧပြီလ ၂၃ ရက်နေ့က လည်းကောင်း၊ ပုံနှိပ်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲ (Print Media Regulation Workshop) ကို ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ Chatrium Hotel တွင်လည်းကောင်း ကျင်းပခဲ့ပြီး ပြည်တွင်း မီဒီယာသမားများ တက်ရောက်ခဲ့ကြသည်။

မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) ပထမဦးဆုံးအကြိမ် ညီလာခံ ကျင်းပ


လူငယ်သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) ရဲ့ ပထမဦးဆုံးအကြိမ် ညီလာခံကို ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပြီး သတင်းသမားတွေရဲ့ ရပိုင်ခွင့်အတွက် အဓိကထား လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး အမေရိကန်ရောက်ရှိ


နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ဟာ မနေ့က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့ကို ရောက်ရှိခဲ့ပြီး လာမယ့် မေလ ၂၇ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း နယူးယောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည်ဆု အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အတွက် ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ဟိုပုံးမြို့နယ်က မျိုးဆက်သစ် ပအို့ဝ်လူငယ် ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဟိုပုံးမြို့က နောင်တောင်း ပရဟိတ တပ်ဦးကျောင်းမှာ ကျင်းပတဲ့ ဒီကနေ့ ဟောပြောပွဲမှာ တိုင်းရင်းသားလူငယ်တွေရဲ့ နိုင်ငံရေး အသိစိတ်ဓာတ်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလို ပြောပါတယ်။
"သူတို့ အသေးစိတ်မေးတာမျိုးတွေ၊ ရှစ်လေးလုံး အရေးတော်ပုံ ဆိုတာတွေကို သူတို့ အင်မတန်သိချင်လို့ စူးစူးစမ်းစမ်း မေးတာမျိုးက အစပေါ့။ ပြီးတော့ ကျွန်တော်တို့ တတွေရဲ့ ဖြတ်သန်းမှုတွေ၊ ဒီနိုင်ငံရေး လှုပ်ရှားမှုမှာ သူတို့ဘယ်လို ပါဝင်ပတ်သက် နိုင်သလဲဆိုတာတွေ၊ အနာဂတ်အတွက် ပညာရေးစနစ် ဘယ်လိုပြောင်းလဲသင့်သလဲ ဆိုတာတွေ မေးခွန်းထုတ်ကြတယ်။ သူတို့ အနာဂတ်အတွက် ပြင်ဆင်ထားတာ တွေ့ရတယ်။ တစ်ခုပါပဲ သူတို့တွေက သမိုင်းအရ နားမျက်စေ့တွေ အပိတ်ခံထားရတာ ဆိုတော့ သမိုင်းမှာ သိသင့်သိထိုက်တာတွေ မသိခဲ့ရတာ အမှန်ပဲ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဒီ ၈၈ တလျှောက်လုံးပေါ့။ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကို ကျွန်တော်တို့ပြောနိုင်ခဲ့တယ်။ ပြီးတော့ ကျောင်းသားသမိုင်းကို သူတို့ကို ကျွန်တော်တို့ သိသမျှ ပြန်ပြီးမျှဝေနိုင်ခဲ့ပါတယ်"
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမင်းဇေယျတို့က မျိုးဆက်သစ်လူငယ်တွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ နောင်တောင်း ပရဟိတ တပ်ဦးကျောင်းအတွက် ကျပ် တစ်သိန်း အလှူငွေ ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။ နောင်တောင်း ပရဟိတ တပ်ဦးကျောင်း ဆရာတော် အရှင်ရာဇိန္ဒသီရိက သြ၀ါဒစကား ပြန်လည်မိန့်ကြားပြီး ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကို ဆရာတော်က လက်ဆောင်ပစ္စည်းတွေ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ကိုမင်းကိုနိင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် (၈) ဦးဟာ မနေ့ကလည်း ရပ်စောက်မြို့ မင်္ဂလာရန်အောင် စာသင်တိုက်မှာ ဒေသခံပြည်သူတွေ တောင်သူလယ်သမားနဲ့ ကျောင်းသား လူငယ်တွေနဲ့လည်း တရင်းတနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်း လွတ်လပ်မှု မရှိသေး

စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံး ထိပ်ပိုင်း ၁၀ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၇ နေရာမှာ ရှိနေကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် CPJ စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီက ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
သတင်းမီဒီယာနဲ့ စာနယ်ဇင်း လွတ်လပ်မှု အနည်းဆုံး လေး နိုင်ငံကတော့ Eriteria (အီရစ်တြီးယား)၊ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ အီရန်နိုင်ငံတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အရင်တုန်းက CPJ အဖွဲ့က ထုတ်ပြန်တဲ့ စာရင်းမှာ နံပါတ် ၂ နေရာမှာ ရှိနေခဲ့ရာက အခုဆိုရင် နံပါတ် ၇ နေရာမှာ ရောက်နေပြီဖြစ်တဲ့အတွက် သတင်းမီဒီယာ စာနယ်ဇင်းနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထိန်းချုပ်မှု လျော့နည်းလာတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ ရုပ်သံ သတင်းမီဒီယာတွေကို အစိုးရက တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားဆဲ ဖြစ်သလို၊ ပုံနှိပ်မီဒီယာတွေ ဖြစ်တဲ့ ဂျာနယ်တွေကိုလည်း တစ်ပတ်တစ်ခါသာ ခွင့်ပြုထားပြီး နေ့စဉ်ထုတ်ဝေခွင့် မပြုသေးဘူးလို့ CPJ အစီရင်ခံစာက ဖော်ပြပါတယ်။
မြန်မာအစိုးရနဲ့ စစ်တပ်ကို တိုက်ရိုက်ထိခိုက်နိုင်မယ့် သတင်းမျိုးကိုလည်း အစိုးရ ဆင်ဆာဘုတ်အဖွဲ့က ပုံနှိပ်ထုတ်ဝေခွင့် တားမြစ်ထားဆဲ ဖြစ်တဲ့အပြင် ကချင်ပြည်နယ်က စစ်ပွဲတွေအကြောင်းကိုလည်း လုံးဝဖော်ပြခွင့် မပြုသေးဘူးလို့ ဆိုပါတယ်။
နိုင်ငံခြား သတင်းဌာနမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မြန်မာသတင်းထောက်တွေဟာ အစိုးရရဲ့ စောင့်ကြည့်မှုအောက်မှာ အမြဲရှိနေသေးသလို နိုင်ငံတကာ သတင်းဌာနတွေကိုလည်း အစိုးရကစီစဉ်တဲ့ ပွဲမျိုးတွေကိုသာ ပြသဖို့ ခွင့်ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

ကြွေးဟောင်းကျေမှ မြန်မာကို ADB ငွေချေးမည်

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးနဲ့ အခြေခံယန္တရား အဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် လိုအပ်နေတဲ့ အကူအညီတွေကို ပေးဖို့ အစိုးရက နိုင်ငံတကာကို မေတ္တာရပ်ခံနေချိန်မှာပဲ ဖိလစ်ပိုင် အခြေစိုက် ADB လို့ခေါ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံကို အကူအညီပေးဖို့အတွက် အဆင်သင့် ရှိပေမယ့်လို့ ဆပ်စရာ ရှိတဲ့ ကြွေးမြီ ဒေါ်လာသန်း ၄၉၀ ကို အရင်ပြန်ဆပ်မှ နောက်ထပ် ငွေချေးနိုင်မယ်လို့ ADB ဥက္ကဋ္ဌက မနေ့ကပဲ ပြောလိုက်ပါတယ်လို့ သိရပါတယ်။


ပြည်တွင်းမှ အင်တာနက်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ကူညီဖြေရှင်းပေးရန်အတွက် Internet Society Myanmar Chapter အဖွဲ့အား မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်တွင်းရှိ သတင်းအချက်အလက်နှင့် နည်းပညာအား စိတ်ဝင်စားသည့် အလွှာပေါင်းစုံမှ လူကြီးလူငယ်များနှင့် ဖွဲ့စည်းတည်ထောင်သွားမည်ဟု သတင်းရရှိသည်။
လက်ရှိတွင် Internet Society Myanmar Chapter ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းထားပြီး stakeholders ပေါင်းစုံ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
''လက်ရှိပြည်တွင်းမှာက အင်တာနက်နဲ့ပတ်သတ်တဲ့ သတင်းအရင်းအမြစ်တွေက သိပ်မရှိသေးဘူး။ အင်တာနက်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို သိချင်ရင်လည်း မေးမြန်းဖို့ နေရာမရှိဘူး။ အခုဒီအသင်းကို အင်တာနက်နဲ့ ပတ်သက်လို့ သိချင်သမျှ မေးလို့ရမယ်။ ဒီ Chapter ကနေပြီးတော့ ပြည်တွင်းက အင်တာနက် အသုံးပြုမှုနှုန်း မြင့်တက်လာစေဖို့နဲ့ ကောင်းမွန်ပြည့်စုံတဲ့ Internet Governance ပေါ်ပေါက်လာဖို့ ရည်ရွယ်ပါတယ်။ နောက်ပြီး အင်တာနက်နဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စရပ်တွေ ပေါ်ပေါက်လာရင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေနဲ့ ၀ိုင်းဝန်း ကူညီဆောင်ရွက်သွားမှာပါ''ဟု Internet Society Myanmar Chapter ဖြစ်မြောက်ရေးအဖွဲ့မှ ကိုရာဗီက ပြောကြားသည်။ အဆိုပါ Internet Society Myanmar Chapter တွင် မည်သူမဆို အသင်းဝင်များအဖြစ် ပါဝင်နိုင်ပြီး Internet Society ဖွဲ့စည်းရာတွင် Individual Member သို့မဟုတ် Organizational Member အဖြစ် ၀င်ရောက်နိုင်သည်ဟု သိရသည်။ Individual Member အဖြစ် www. internetsociety.org တွင် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများ ပေးသွင်းရန်မလိုဘဲ Sing Inလုပ်၍ ၀င်ရောက်နိုင်ပြီး Myanmar Chapter သို့ ဆက်လက်ဝင်ရောက်လိုပါက လည်း အသင်းဝင်ရန်အတွက် သီးခြား ထပ်မံပေးသွင်းရန်မလိုဟု သိရသည်။

ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအတွက် အင်တာနက်အသုံးပြုခွင့် မေလ၇ရက်နေ့တွင် ထပ်မံချထားပေးမည်

ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ အင်တာနက် အသုံးပြုခွင့်အား မေလ၇ရက်နေ့တွင် ထပ်မံချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
ထိုသို့ အင်တာနက် အသုံးပြုခွင့် ချထားပေးရာတွင် ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA မိုဘိုင်း ဖုန်းများလည်းပါဝင်ကြောင်း သိရသည်။
'' အင်တာနက် အသုံးပြုခွင့်က မေလ ၇ ရက်နေ့ ချထားပေးမှာပါ။ ရန်ကုန်တိုင်းရယ် အခြားတိုင်းနဲ့ ပြည်နယ်မြို့ကြီးတွေမှာလည်း ချထားပေးမယ်။ နောက်ပိုင်းရောင်းတဲ့ ဖုန်းတွေမှာလည်း အင်တာနက် တစ်ပါတည်းပါတာတွေလည်း ရောင်းပေးမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများ၏ အင်တာနက် လျှောက်ထားရာတွင် လိုအပ်မည့် အသေးစိတ် အချက်အလက်များကိုမှု သေချာစွာ မသိရှိရသေးသော်လည်း ၄င်းအင်တာနက် အသုံးပြုခွင့်အား ငွေထပ်မံ ပေးသွင်းရမည်ဟု သတင်းရရှိသည်။


LWIN PWIN
NLABR
Web-site:                    www.nlabr.com
Blog:                          http://wanna23-23.blogspot.com/

0 comments:

Post a Comment