ကမ္ဘာ့သတင်းများ 04/06/2012

နိုင်ငံတကာသတင်း 

 
ဟူလာရွာသေဆုံးမှု ဆီးရီးယား သမ္မတငြင်းဆို

ဆီးရီးယားနိုင်ငံ ဟူလာ (Houla) ဒေသမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုမှာ အစိုးရအနေနဲ့ တစုံတရာ ပါဝင် ပတ်သက်ခြင်းမရှိဘူးလို့ ဆီးရီးယား သမ္မတ Bashar al-Assad က ငြင်းဆိုလိုက်ပါတယ်။
ဟူလာဒေသမှာ ဖြစ်ခဲ့တဲ့ အဲဒီ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွင်း ကလေးငယ် ၄၉ ဦး အပါအ၀င် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြရတဲ့ ကိစ္စအပေါ် ဆီးရီးယားသမ္မတက လွှတ်တော်မှာ မိန့်ခွန်းပြောကြားတဲ့အထဲ ထည့်သွင်း ပြောဆိုသွားတာပါ။ ဒါဟာ ဆီးရီးယားနိုင်ငံမှာ မေလအတွင်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ နောက်ပိုင်း သမ္မတ အာဆဒ်အနေနဲ့ ပထမဆုံးအကြိမ် လွှတ်တော်ကို စကားပြောကြားခြင်းလည်း ဖြစ်ပါတယ်။
ဆီးရီးယားနိုင်ငံအနေနဲ့ ပြည်ပက အဖျက်သမားတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒီကနေ့ လွှတ်တော်ကို ပြောတဲ့အထဲ သမ္မတက ထည့်သွင်း ပြောဆိုသွားပါတယ်။
အာရပ်အဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ကိုဖီ အာနန်နဲ့ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်တွေ စနေနေ့က ဒိုဟာမြို့မှာ တွေ့ဆုံပြီး နောက်နေ့မှာ သမ္မတ အာဆဒ်က အခုလို ပြောကြားလိုက်တာပါ။
ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ်ကြီး လုံးလုံးဖြစ်ဖို့ တနေ့တခြား ပိုနီးစပ်လာနေပြီလို့ ကိုဖီ အာနန်က ပြောပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် အခြေအနေတွေဟာ ထိန်းကွပ်လို့ မရနိုင်အောင် ဆိုးရွားလာနေတယ်လို့လည်း ကိုဖီ အာနန်က ပြောပါတယ်။

ပါကစ္စတန်စစ်သွေးကြွတွေ ကန်အဝေးထိန်းဒုံးကြောင့် သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူမျိုးစုတွေ နေထိုင်တဲ့ဒေသမှာ အမေရိကန် အဝေးထိန်းဒုံး Drone နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွ ၁၀ ဦး သေဆုံးသွားတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တောင်ပိုင်း Waziristan ဒေသအတွင်းမှာရှိတဲ့ ကျေးရွာကို တနင်္ဂနွေနေ့က ဒုံးကျည် ၄ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ စစ်သွေးကြွခေါင်းဆောင်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စနေနေ့တုန်းကလည်း အဲဒီ ဒေသမှာပဲ အလားတူ အဝေးထိန်းဒုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်သွေးကြွ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပါတယ်။
မနှစ်က နိုဝင်ဘာလအတွင်း နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၂၄ ဦး သေဆုံးပြီး နောက်ပိုင်း အမေရိကန်နဲ့ ပါကစ္စတန်အကြား အခုလို အဝေးထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တဲ့ ကိစ္စတွေကြောင့် တင်းမာမှုတွေ တဖြည်းဖြည်း တိုးလာနေပါတယ်။
အဲဒီ နိုဝင်ဘာ တိုက်ခိုက်မှုအပေါ် တောင်းပန်ဖို့ ပါကစ္စတန်ဘက်က တောင်းဆိုနေပေမဲ့ အမေရိကန်တို့က အဲဒီလို တောင်းပန်ဖို့ ငြင်းဆိုနေတာပါ။
လေကြောင်းက ဒုံးကျည်တွေနဲ့ တိုက်ခိုက်တဲ့ကိစ္စက တန်ပြန် အကျိုးသက်ရောက်မှု ဖြစ်ထွန်းစေသလို ပါကစ္စတန်ရဲ့ အချုပ်ခြာ အာဏာကို ထိပါးပြီး အရပ်သားတွေ အသက်ဆုံးရှုံးရတဲ့အပြင် အမေရိကန် မုန်းတီးရေးတွေ ကြီးထွားလာစေတယ်လို့ ပါကစ္စတန်ဘက်က ပြောနေတာပါ။


နှစ်များစွာကြာအောင် ပြည်တွင်း မတည်ငြိမ်မှုများ ကြုံတွေ့ခဲ့ပြီးနောက် သဘောကွဲလွဲမှု နက်ရှိုင်းနေသော ထိုင်းနိုင်ငံတွင် ပြန်လည်ရင်ကြားစေ့ရေး မလုပ်ပါက အကြမ်းဖက်မှု သံသရာလည်နေမည်ဟု ၀န်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်က ဇွန်လ ၂ ရက်တွင် သတိပေးခဲ့သည်။

အငြင်းပွားဖွယ်ဖြစ်နေသော ပြန်လည်ရင်ကြားစေ့ရေး ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် ပြင်ဆင်နေစဉ် ရှပ်ဝါများက လွှတ်တော်ကို ဇွန်လ ၁ ရက်တွင် ပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၆ ရက်တွင် ဆွေးနွေးရန် ပြင်ဆင်သတ်မှတ်ခဲ့ရာ ယင်းအစီအစဉ်ကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရကြောင်း အာဏာရဖြူထိုင်းပါတီမှ Udondej Rattanasatien က ပြောကြားခဲ့သည်။

ရှပ်နီနှင့် ရှပ်ဝါဟူ၍ ကွဲပြဲသွားစေခဲ့သည့် ယင်းနိုင်ငံရေးပြဿနာ ပြေလည်စေရေးအတွက် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ယင်လက်ခ်က ထိုင်းရုပ်သံ အစီအစဉ်တစ်ခုမှတစ်ဆင့် ပြောကြားခဲ့သည်။

''နိုင်ငံက တော်တော် အထိနာခဲ့ပြီးပြီ။ ပြန်လည်ရင်ကြားစေ့ရေး လုပ်မယ်ဆိုရင် အဲဒါသင့်တော်တဲ့ နည်းလမ်းပါ။ မလုပ်နိုင်ရင်တော့ အကြမ်းဖက်မှုသံသရာထဲ ပြန်လည်ကျရောက်ပြီးတော့ ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး''ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ အဆိုပြုချက်လေးခုကို လွှတ်တော်တွင် ဆွေးနွေးနေပြီဖြစ်သည်။ ထပ်မံတင်သွင်းဖွယ်ရှိသည့် ဥပဒေကြမ်းသုံးခုတွင် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးသည့် အကြောင်းများပါဝင်ပြီး ယင်းကိုအသုံးချကာ ပြည်ပတိမ်းရှောင်နေသော သက်ဆင်အား နိုင်ငံသို့ ပြန်လာခွင့် ရစေရန် ကြိုးပမ်းမည်ကို အတိုက်အခံ ဒီမိုကရက်ပါတီက စိုးရိမ်နေသည်။ 

Ref:AFP


၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သော ၁၈ ရက်ကြာမြင့်သည့် အီဂျစ်လူထု ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများ အသတ်ခံရမှုတွင် ပါဝင်မှု စွဲချက်ဖြင့် အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်ကို အီဂျစ်တရားရုံးတစ်ခုက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ မူဘာရက်သည် ယင်းစွဲချက်ဖြင့် သေဒဏ်ကျခံရနိုင်သည့် အခြေအနေမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၈၁ ခုနှစ်တွင် နိုင်ငံကို စတင်အုပ်ချုပ်ခဲ့ပြီး အနှစ် ၃၀ ခန့်အုပ်စိုးခဲ့သော မူဘာရက်၏ အမှုကို ရုံးတင်စစ်ဆေးမှု ၁၀ လခန့် ကြာမြင့်ခဲ့ကာ ဇွန်လ ၂ ရက်တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဟောင်း ဟာဘစ်အယ်လ်အက်ဒလီကိုလည်း ဆန္ဒပြသူများအား သတ်ဖြတ်မှုစွဲချက်ဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သည်။ စွဲချက်တင်ခံထားရသော ရဲမှူးဟောင်းခြောက်ဦးကိုမူ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

မူဘာရက်၏ သားများဖြစ်သော အလာနှင့် ဂါမယ်တို့အပေါ် စွဲဆိုထားသော ခြစားမှုစွဲချက်များမှာ အမှုနှင့်ပတ်သက်၍ သတ်မှတ်ထားသော အချိန်ကာလ ကျော်လွန်သွားသဖြင့် တရားရုံးက ယင်းစွဲချက်များကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ မူဘာရက်အပေါ် စွဲဆိုထားသော ခြ စားမှု စွဲချက်များအနက် တစ်ခုကို ကင်းလွတ်ခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

တရားသူကြီး အာမက်ဒ်ရီဖက်တ်က စီရင်ချက်ဖတ်ပြနေစဉ် မူဘာရက်မှာ စိတ်လှုပ်ရှားမှု တစ်စုံတစ်ရာ မပြခဲ့ပေ။ တရားသူကြီးက မူဘာရက် အုပ်စိုးခဲ့သော ဆယ်စုနှစ်သုံးခုခန့်မှာ အမှောင်ထုလွှမ်းသော နေ့များဖြစ်ကြောင်း ပြောကြားခဲ့သည်။ မူဘာရက်၏ သားနှစ်ဦးမှာမူ စိတ်ကုန် နေပုံပေါက်ပြီး စီရင်ချက်ကြားသည့်အခါတွင် ငိုမိလုနီးပါး ဖြစ်ခဲ့ကြောင်း သိရသည်။ မူဘာရက် ရာထူးမှဆင်းပေးခဲ့ရသော ၂၀၁၁ ခုနှစ်၊ အီဂျစ် လူထုတော်လှန်ရေးအတွင်း ဆန္ဒပြသူ ၈၅၀ ဦးအထိ အသတ်ခံခဲ့ရကာ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မူဘာရက်၊ အက်ဒလီနှင့် ရဲမှူးဟောင်းခြောက်ဦးတို့ကို စွဲချက်တင်ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မူဘာရက်၊ သူ၏သား နှစ်ဦးနှင့် စပိန်သို့ ထွက်ပြေးသွားသော စီးပွားရေးလုပ်ငန်းရှင် ဟူစိန်ဆာလင်မ်တို့ကို ခြစားမှုစွဲချက်များဖြင့် ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားရုံးက စီရင်ချက်များ ဖတ်ကြားပြီးချိန်တွင် တရားရုံးအပြင်ဘက်တွင် ရောက်နေသူများက ''အချည်းနှီး၊ အလကား''၊ ''သန့်ရှင်းမျှတတဲ့ တရားစီရင်ရေးစနစ် ပြည်သူများ အလိုရှိ'' ဟူသော ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။ ဒေါသထွက်နေသော လူအုပ်ကြီးကို ထိန်းချုပ်နိုင် ရန် ရဲများက အသံကျယ်လောင်စွာ ထွက်စေသည့်ဗုံးများ အသုံးပြုခဲ့သည်။ တရားရုံးတွင်းရောက်နေသော ရှေ့နေများကလည်း ယင်းကဲ့သို့ စွဲချက်များမှ ကင်းလွတ်ခွင့်ပေးမှုများအပေါ် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး မူဘာရက်နှင့် အက်ဒလီကို အပြစ်မရှိကြောင်း စီရင်ချက်ချမှတ်မည်ကိုပင် စိုးရိမ်ခဲ့ရကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ မူဘာရက်ကို ထောက်ခံသူများကမူ ယင်းပြစ်ဒဏ်ချမှတ်သည့်အတွက် တရားသူကြီးကို အပြစ်တင်ခဲ့သည်။

စီရင်ချက်ချပြီးနောက် မူဘာရက်ကို ကိုင်ရိုမြို့ရှိ တိုရာအကျဉ်းထောင်တွင် ထားရှိရန် ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်။ ထောင်သို့ရောက်သောအခါ မူဘာရက်သည် ငိုယိုပြီး ရဟတ်ယာဉ်ပေါ်မှ ဆင်းရန် ငြင်းဆန်ခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရဟတ်ယာဉ်ပေါ်မှဆင်းရန် မူဘာရက်ကို အချိန်အနည်းငယ်ယူ၍ ဖျောင်းဖျပြီးမှသာ ထောင်ထဲသို့ဝင်ခဲ့ကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။ မူဘာရက်၏ အပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု သူ၏ အကြီးတန်းရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။   

Ref:CNN;AFP


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment