မြန်မာသတင်းများ ဇွန် လ ၄ ရက် ၂၀၁၂
ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ
ထိုင်းနိုင်ငံမှာ (၆) ရက်ကြာ နေထိုင်စဉ် ကာလအတွင်း ထိုင်းအာဏာပိုင်တွေရဲ့အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ နယ်စပ် ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ နိုင်ခဲ့ပါတယ်။
ထိုင်းခရီးစဉ် တခုလုံးပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ကျေနပ်မှု ရခဲ့တယ်လို့ သူနဲ့အတူ ထိုင်းနိုင်ငံကို လိုက်ပါသွားတဲ့ NLD ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက
"ကျွန်မတို့ ရာသီဥတုမကောင်းလို့ နဲနဲ နောက်ကျပါတယ်။ ၁၀ နာရီလောက် ပြန်ရောက်ပါတယ်။ ခရီးစဉ်အပေါ်မှာ ကျွန်မတို့ အားရ ကျေနပ်မှုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အထူးပဲ ကျေနပ်ပါတယ်။ ဒီထိုင်းအစိုးရ စီစဉ်ပေးတဲ့ ခရီးစဉ်အတိုင်းပဲ ဒီ မယ်လ၊ မဲဆောက် ကို သွားတာပါ။ သူတို့ စီစဉ်ပေးတဲ့အတိုင်းပဲ ဒုက္ခသည်စခန်းကို ၀င်ခဲ့ရတယ်။ သူတို့စီစဉ်ပေးတဲ့သူတွေနဲ့ပဲ တွေ့ခဲ့ရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အားရ ကျေနပ်မှုရှိပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဟာ နော်ဝေနိုင်ငံ ဖြစ်ရမယ်လို့ ပြောကြားခဲ့ဖူးပေမယ့် အခုတော့ ထိုင်းနိုင်ငံ ခရီးစဉ် ပေါ်ပေါက်ခဲ့ရပါတယ်။ ဒီလအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပဖက်ကို ခရီးဆက်ဖို့ရှိပြီး နော်ဝေ၊ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်းခရီးစဉ် ထိုင်းအစိုးရ ကန့်သတ်
ထိုင်းအစိုးရဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်မှာ အကန့်အသတ်တွေ ချမှတ်ခဲ့ကြောင်း နယူးယောက်တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းကို သွားရောက်ခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို နောက်ဆုံးအချိန်မှာ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပေမဲ့ လူထုဟောပြောပွဲ လုပ်ခွင့်မပြုတဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ခွင့် မပြုခဲ့ပါဘူး။
နိုင်ငံတကာ သတင်းထောက်တွေကိုလည်း သတင်းယူခွင့် ပိတ်ပင်ခဲ့တယ်လို့ နယူးယောက်တိုင်းက ရေးသားပါတယ်။
မယ်လ ဒုက္ခသည်စခန်းရှိရာ တပ်ခရိုင် အုပ်ချုပ်ရေးမှူး ဆူရီယာ ပရာဆပ် ဘန်တစ်ယာက - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက သိပ်လူသိမခံဘဲ သိုသိုသိပ်သိပ်လုပ်ဖို့ ပြောထားပါတယ်။ သတင်းထဲလည်း မပါစေချင်ပါဘူး။ မြန်မာအစိုးရနဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးရိမ်နေတယ်လို့ နယူးယောက်တိုင်းကို ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံမှာ ရှိနေစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ထိုင်း ခရီးစဉ်ကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခဲ့ပါတယ်။
မကွေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း
မကွေးမြို့မှာ မြေလတ် ကျောင်းသားများသမဂ္ဂကို မနေ့က ဖွဲ့စည်းလိုက်ပြီး သမဂ္ဂမရှိရင် အခွင့်အရေးမရှိဘူးဆိုတဲ့ လှုပ်ရှားမှုကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။မကွေးမြို့ပေါ်မှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်း ၄ ကျောင်းက ကျောင်းသား ကိုယ်စားလှယ်တွေ ပါဝင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သမဂ္ဂရဲ့ ပြန်ကြားရေး တာဝန်ရှိသူ ကိုချမ်းငြိမ်းသူက အခုလို ပြောပြပါတယ်။
"အဖွဲ့ဝင် အယောက် ၂၀ ပါပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းတွေမှာ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ရယ်၊ တက္ကသိုလ်ကျောင်း ပညာရေးတွေကိုလည်း အဆင့်အတန်း မြင့်မားအောင် ပြန်လုပ်မယ်ပေါ့။ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်ထဲမှာ ပါတယ်။ အင်္ကျီတွေ ထုတ်မယ်။ အရှေ့က ဗိုလ်ချုပ်အောင်ဆန်း သမဂ္ဂတုန်းက ပုံနဲ့ အနောက်မှာတော့ No Union, No Rights ဆိုတဲ့ သမဂ္ဂမရှိရင် အခွင့်အရေး မရှိဘူး ဆိုတဲ့စာ။ နောက်ပြီး မောင်သန့်ရေးတဲ့ မြန်မာဘာသာပြန် ကျောင်းတွင်းဒီမိုကရေစီဆိုတဲ့ စာအုပ်တွေကိုလည်း အုပ် ၂၀၀၀ လောက် ဖြန့်မယ်"
ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးနောက် မြေလတ် ဒေသတွင်းက မြို့နယ်တွေမှာ ကျောင်းသားသမဂ္ဂတွေ ဆက်လက် ပေါ်ထွန်းလာအောင် ကူညီဆောင်ရွက်သွားမယ် လို့လည်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒီဇွန်လအတွင်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ တစ်ရပ်ကိုလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီမိုကရေစီကို မြတ်နိုးတဲ့ ကျောင်းပတ်ဝန်းကျင် ဖြစ်လာရေးကို ရည်ရွယ်ပြီး မောင်သန့် ရေးသားတဲ့ ကျောင်းတွင်း ဒီမိုကရေစီဆိုတဲ့ စာအုပ်ကိုလည်း ထပ်ဆင့် ဖြန့်ဝေသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
RNDP ပါတီ ပထမအကြိမ် ညီလာခံ ပြီးဆုံး
ရခိုင်တိုင်းရင်းသား ဘာသာစာပေ၊ ၀တ်စားဆင်ယင်မှုနဲ့ ယဉ်ကျေးမှု မပျောက်ပျက်ရအောင် ထိန်းသိမ်းဖို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမအကြိမ် ညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။မေ ၃၀ ရက်က ဇွန် ၂ ရက်နေ့ထိ ကျင်းပတဲ့ ညီလာခံမှာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ စာတမ်း တင်သွင်းတယ်လို့ RNDP စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက ပြောပါတယ်။ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင် တိုင်းရင်းသားတွေ သာတူညီမျှ အခွင့်အရေး တန်းတူရရှိရေး၊ တနိုင်ငံလုံး စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကို RNDP ရဲ့ မူဝါဒအဖြစ် ညီလာခံက ချမှတ်တယ်လို့ ဆိုပါတယ်။
ဒါတွေ အကောင်အထည်ဖော်ဖို့ ညီလာခံက ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဝင်းနဲ့ ဦးအုန်းတင်တို့ ပါဝင်တဲ့ ဗဟိုကော်မတီဝင် ၄၅ ဦးနဲ့ လူငယ် မျိုးဆက်သစ်တွေ ပါဝင်တဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၂၁ ဦးကို ရွေးချယ်ခဲ့ပါတယ်။ညီလာခံကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပခွင့် မရတဲ့အတွက် ပညာလင်္ကာရ ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့တယ်လို့ ဦးမောင်ညိုက ပြောပါတယ်။
ယုံကြည်ချက်နဲ့ လက်ဆက်ကြတဲ့ မင်္ဂလာပွဲ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်၊ အလုပ်သမားအရေးဆောင်ရွက်နေသူ မစုစုနွေး (ခ) မနွယ်နွယ်ဝင်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခြံ၊ သီရိခန်းမမှာ ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီက ၇ နာရီအထိ ကျင်းပခဲ့ပါတယ်။ မင်္ဂလာဧည့်ခံပွဲကို အင်န်အယ်ဒီပါတီ၏ ခေါင်းဆောင်များဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မင်းကိုနိုင်၊ ကိုဋ္ဌေးကြွယ်၊ ကိုမြအေး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုဗသက်အောင်တို့နဲ့ နိုင်ငံရေးပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ နှစ်ဖက်ဆွေမျိုး မိတ်သင်္ဂဟများ စည်စည်ကားကား တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံ
မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံပြီး၊ အရပ်သားအစိုးရရဲ့အမိန့်ကို ဆက်လက်နာခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စနေနေ့က ပြောကြားလိုက်ပါတယ်။စကာင်္ပူနိုင်ငံမှာ ကျင်းပတဲ့ အာရှလုံခြုံရေး ညီလာခံမှာ ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်ဟာ ဘယ်တုန်းကမှ ပုန်ကန်တဲ့စစ်တပ် မဖြစ်ခဲ့ကြောင်း၊ သမ္မတကြီးရဲ့ ဒီမိုကရေစီ ပိုမိုဖော်ဆောင်ရေး၊ တိုင်းပြည်ပိုမို ပွင့်လင်းလာရေး ဆောင်ရွက်ချက်တွေအပေါ် စစ်တပ်က ထောက်ခံနေတာဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောဆိုခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးရဲ့ပြောဆိုချက်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အရှေ့အာရှ စီးပွားရေးညီလာခံမှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ပြန်လှန်ချေပလိုက်တာ ဖြစ်တယ်လို့ The Wall Street Journal သတင်းစာက ရေးသားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က - ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာပြည် အပြောင်းအလဲတွေအပေါ် သိပ်အကောင်းမြင်လွန်း နေပုံရကြောင်း၊ ဝေဖန်ဆန်းစစ်တဲ့ အကောင်းမြင်မှုမျိုးနဲ့ ကြည့်ဖို့လိုကြောင်း၊ မြန်မာပြည် အပြောင်းအလဲဟာ စစ်တပ်ရဲ့ ထောက်ခံချက်အပေါ် မူတည်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆန္ဒပြ အလုပ်သမားများ ခြိမ်းခြောက်ခံလာရ
ရန်ကုန် လှိုင်သာယာနဲ့ ရွှေပြည်သာ စက်မှုဇုန်တွေမှာရှိတဲ့ ပုဂ္ဂလိကစက်ရုံ (၂၀) ကျော်က အလုပ်သမားတွေဟာ အခြေခံလစာ တိုးမြှင့်ရေးအတွက် မိမိတို့ စက်ရုံအသီးသီးမှာ ဆက်လက်ဆန္ဒပြ နေကြရာမှာ ခြိမ်းခြောက်ခံလာရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။အလုပ်သမားတွေဘက်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေပေမဲ့ အလုပ်ရှင်အများစုဘက်က ခြိမ်းခြောက်တဲ့ ပုံစံမျိုးတွေနဲ့ တုံ့ပြန်ကြတာ တွေ့ရတယ်လို့ မနေ့က လှိုင်သာယာစက်မှုဇုန်မှာ ဆန္ဒပြနေတဲ့ စက်ရုံတွေထဲက စက်ရုံ (၅) ရုံကို သွားရောက်ကြည့်ရှု ကူညီခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က မသက်သက်အောင်က အခုလို ပြောပါတယ်။
" စက်ရုံကနေအပြင်ဘက်ပေါ့နော်၊ စက်ရုံဝင်း အပြင်ဘက်ကနေပြီးတော့ သူတို့တွေ ထိုင်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဆန္ဒပြ တောင်းဆိုနေကြတာရှင့်။ ကျွန်မမြင်ရသလောက်တော့လေ အလုပ်ရှင်တွေဘက်က ညှိနှိုင်းမှုအား၊ ညှိနှိုင်းတယ်ဆိုတာ နည်းနည်း အားနည်းတယ်ရှင့်။ ဘယ်လိုဖြစ်နေလဲဆိုတော့ ညှိနှိုင်းတဲ့ စက်ရုံတွေကလည်း ညှိနှိုင်းတယ်။ မညှိနှိုင်းတဲ့ စက်ရုံတွေက ဒီအတိုင်း ထားထားတယ်ပေါ့နော်။ ဘာမှမညှိဘူး။ အဒီလိုမျိုး ဖြစ်နေတယ်။ ညှိနှိုင်းတဲ့ စက်ရုံတွေကျတော့လည်း ဥပမာ-သူတို့တောင်းတဲ့ သုံးသောင်းဆိုရင် ဒီစက်ရုံမှာဆိုရင် ၈၀၀၀ တိုးပေးတယ်။ ဆန်နီမှာဆိုရင် တစ်သောင်းတိုးပေးတယ်။ အဲဒီထက် ဘာမှ တိုးမပေးနိုင်တော့ဘူးပေါ့နော်။ မလုပ်နိုင်ရင် ထွက်ဆိုတဲ့ သဘာမျိုးတွေ ပြောနေတယ်"
မိုးသည်းထန်ပြီး ရာသီဥတု ဆိုးရွားနေတဲ့ကြားက Hi-mo ဆံပင်တုစက်ရုံအပါအ၀င် တော်ဝင်မြန်မာ၊ မြန်မာဆန်နီ ဖိနပ်ချုပ်စက်ရုံတွေအပြင် Hallmark ၊ Myth Appeal ၊ Costec စတဲ့ အထည်ချုပ် စက်ရုံတွေမှာလည်း အလုပ်သမားတွေဟာ နေ့စဉ် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။မနေ့က Hall Mart အထည်ချုပ် စက်ရုံမှာတော့ ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်ဘက်က လူတွေအကြား ရိုက်နှက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို တပ်မတော်က အပြည့်အ၀ ထောက်ခံ၊ သင့်တော်သော အချိန်ရောက်ပါက လွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လျော့ချနိုင်ခြေရှိကြောင်း မြန်မာကာကွယ်ရေးဝန်ကြီး ပြောကြား
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများအပေါ် တပ်မတော်က ၁၀၀ ရာခိုင်နှုန်း ထောက်ခံပြီး အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကို လိုက်နာလုပ်ဆောင်မှု ဆက်လက်လုပ်ဆောင်သွားမည်ဟု မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဇွန်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ယူရမည်ဖြစ်ပြီး သင့်တော်သော အချိန်တစ်ခုသို့ ရောက်ပါက ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေအရ လွှတ်တော်ထဲသို့ ရောက်နေသော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အရေအတွက်ကို လျော့ချနိုင်ခြေ ရှိသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးသည် စင်ကာပူတွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော အာရှလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာပါက တပ်မတော်သည် နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်မှု လျော့ချမည်ဟု စကားပြန်တစ်ဦးမှတစ်ဆင့် ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာအစိုးရသစ်သည် နျူကလီးယား သုတေသနစီမံကိန်းကိုလည်း ရပ်ဆိုင်းထားကြောင်းနှင့် အနာဂတ်တွင် ရှေ့တိုးလုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
မြန်မာသည် ယူရေနီယမ်သန့်စင်မှု နည်းပညာကို မြောက်ကိုရီးယားထံမှရရှိခဲ့ကြောင်း ပြီးခဲ့သော နှစ်နှစ်ခန့်က သတင်းထွက်ပေါ်ခဲ့သည်။ ယင်းစီမံကိန်းသည် ကာကွယ်ရေးအတွက်၊ လက်နက်စီမံကိန်းအတွက် မဟုတ်ကြောင်းကို ယခင်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ သုတေသနအတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနျူကလီးယားစီမံကိန်း တိုးတက်မှု ရှိနေသည်ဆိုခြင်းမှာ ချဲ့ကားဖော်ပြနေခြင်းသာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
နျူကလီးယားစီမံကိန်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် စစ်ဆေးစရာ၊ ကြည့်ရှုစရာ ဘာမှမရှိကြောင်း ပြောကြားခဲ့သည်။
မြန်မာသည် ယခင်က မြောက်ကိုရီးယားနှင့် နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေးရှိခဲ့သော်လည်း မိမိတို့၏ ပွင့်လင်းပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကြောင့် မြောက်ကိုရီးယားနှင့် ယင်းကဲ့သို့ ဆက်ဆံရေးများကို ရပ်ဆိုင်းခဲ့ပြီး ပုံမှန်ဆက်ဆံရေးသာ ရှိတော့ ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။
Ref:AFP;ANI
ဇွန်လ ၁ ရက်မှစ၍ အာဆီယံနိုင်ငံများ အပါအ၀င် ၂၆ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြု လုပ်ငန်းဗီဇာသီးသန့်ကိုသာ ခွင့်ပြုပေးခြင်းဖြစ်ကာ အလည်အပတ်ဗီဇာ လျှောက်ထားသူများ မပါသေး
၂၀၁၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ အာဆီယံ နိုင်ငံများအပါအ၀င် ၂၆ နိုင်ငံမှ ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ ခွင့်ပြုခဲ့သည့် ဆိုက်ရောက်ဗီဇာမှာ လုပ်ငန်းဗီဇာ (Business Visa) သီးသန့်ဖြစ်ပြီး အလည်အပတ် ဗီဇာလျှောက်ထားသူများ ကိုမူ ဆိုက်ရောက်ဗီဇာ ခွင့်ပြုခြင်းမရှိသေးကြောင်း သတင်းရရှိပါသည်။
ဆိုက်ရောက်ဗီဇာအား ပထမအဆင့်အဖြစ် ခွင့်ပြုမည့် ဗီဇာအမျိုးအစားအား သုံးမျိုးသတ်မှတ်ထားကြောင်း သိရသည်။ ယင်းဗီဇာသုံးမျိုးမှာ လုပ်ငန်းဗီဇာ(Business Visa) အား ဗီဇာကြေး အမေရိကန် ဒေါ်လာ ၅၀နှင့် ခွင့်ပြုရက်ပေါင်း ၇၀၊ အစည်း အဝေး၊ အလုပ်ရုံဆွေးနွေးပွဲ တက် ရောက်ရန်နှင့် တွေ့ဆုံရန်အတွက် ပြည်ဝင်ဗီဇာ(Entry Visa)အား ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၀ နှင့် ခွင့်ပြုရက်၂၈ ရက်နှင့် ဖြတ်သန်းဗီဇာ (Transit Visa)အား အမေရိကန်ဒေါ်လာ ၂၀ နှင့် ခွင့်ပြုချိန် ၂၄ နာရီဖြစ်ကြောင်း သိရသည်။
''အခုခွင့်ပြုတဲ့ ဆိုက်ရောက်ဗီဇာက (Business Visa)သီးသန့် ဖြစ်ပါတယ်။ အလည်အပတ်နဲ့ ၀င်လာမယ့် ခရီးသွားတွေအတွက် မပါသေးပါဘူး။ဒါကြောင့်မို့ ဆိုက်ရောက်ဗီဇာ လျှောက်ထားသူကို မြန်မာနိုင်ငံ ကုမ္ပဏီကခေါ်တဲ့စာ၊ ၀င်လာမယ့်သူက အမည်ပျက်စာရင်းရှိ၊ မရှိနဲ့ မြန်မာ နိုင်ငံကခေါ်တဲ့ ကုမ္ပဏီက သက်ဆိုင်ရာဝန်ကြီးဌာနက တရားဝင် ခွင့်ပြုထားတဲ့ ကုမ္ပဏီ ဟုတ်၊မဟုတ် စတာတွေကို သေချာစိစစ်ပြီးမှ ခွင့်ပြုပေးနေပါတယ်''ဟု ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှု စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၃ ရက်နေ့က ပြောပြခဲ့သည်။
ယခု ခွင့်ပြုခဲ့သည့် ဆိုက်ရောက်ဗီဇာအား အာဆီယံနိုင်ငံများအားလုံးနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ ဖြစ်သည်။
လက်ရှိတွင် ဆိုက်ရောက် ဗီဇာဖြင့် ၀င်ရောက်ခဲ့သည့် ခရီးသည်ဦးရေမှာ ဇွန်လ ၁ရက်နေ့တွင် ၇ဦး၊ ဇွန်လ ၂ရက်နေ့တွင် ၅ဦးနှင့် ဇွန်လ ၃ရက်နေ့ နေ့လည် ၂နာရီထိ ခရီးသည် ၅ဦး (ယင်းနေ့အတွက် စာရင်းမပိတ်သေး) ၀င်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၌ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်ရန် စီစဉ်နေ
ဆွစ်ဇာလန်နိုင်ငံ အစိုးရသည် လာမည့်နွေရာသီတွင် မြန်မာနိုင်ငံ၌ သံရုံး လာရောက်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။
အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာ ကောင်းမွန်မှုနှင့် ကမ္ဘာလှည့်ခရီးသွားများ ဦးတည်ရာ နေရာတစ်ခုဖြစ်လာ နိုင်ခြေရှိမှုတို့ကို အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
''ဒီမိုကရေစီ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံအကြားတွင် တည်ရှိနေသောကြောင့် ပထ၀ီနိုင်ငံရေး အနေအထားအရ အရေးပါမှု တိုးပွားလာနေကြောင်း၊ မြန်မာနိုင်ငံတွင် ထည့်သွင်းစဉ်းစားလောက်စရာ သဘာဝရင်းမြစ်များကြွယ်ဝသည့် အပြင် စီးပွားရေးအောင်မြင်အောင် ဖော်ဆောင်လိုသည့် အမြင်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ်နောက်ပိုင်းအချိန်က အရှေ့တောင်အာရှတွင် အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့ကြောင်း၊ ၁၉၅၀ ပြည့်လွန်နှစ်များအတွင်းတွင် လည်း အာရှ၏ ထိပ်တန်း ဆန်ထုတ်လုပ်မှုနှင့် ဆန်တင်ပို့မှုအများဆုံး နိုင်ငံဖြစ်ခဲ့ကြောင်း၊ ထို့အပြင် ခရီးသွားလုပ်ငန်းကလည်း အထူးဖွံ့ဖြိုးလာဖွယ်ရှိနေကြောင်း'' ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်နိုင်ရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် မူပိုင်ခွင့် အကာအကွယ်ပေးမည့် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေတို့ကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းမည်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန် စီးပွားရေး လက်ဝါးကြီးအုပ် အမြတ်ထုတ်မှုများကို တားဆီးနိုင်မည့် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် မူပိုင်ခွင့်ကို အကာအကွယ်ပေးမည့် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေတို့ကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေ ကြောင်း ဥပဒေများ ရေးဆွဲရာတွင် ပါဝင်သည့် ပညာရှင်များထံမှ သတင်းရရှိသည်။
''အသစ်ပြဋ္ဌာန်းဖို့လိုအပ်တဲ့ စီပွားရေးဆိုင်ရာ ဥပဒေတွေကို ရေးဆွဲနေပါတယ်။ တချို့ကို ရှေ့နေချုပ် ရုံးကိုတင်ထားတယ်။ ဥပဒေတွေက ရင်းနှီးမြှုပ်နှံသူတွေအတွက် အရေးကြီးတယ်။ ဥပဒေ အားနည်းချက်ရှိရင် ၀င်လာချင်မှာ မဟုတ်ဘူး။ ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနဲ့ ဉာဏပစ္စည်းဆိုင်ရာ ဥပဒေကတော့ ၂၀၁၃ ခုနှစ်လောက်မှာ ပြဋ္ဌာန်းဖြစ်မယ်လို့ ယူဆပါတယ်''ဟု ဥပဒေရေးဆွဲရာတွင် ပါဝင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အကြံပေးပညာရှင်အဖြစ် ဆောင်ရွက်နေသည့် ပညာရှင်တစ်ဦးက ပြောကြားပါသည်။
ပြောင်းလဲလာသော အခြေအနေများအရ မြန်မာနိုင်ငံတွင် နိုင်ငံခြားလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြပြီး မကြာမီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း ပြဋ္ဌာန်းတော့မည်ဖြစ်သည်။ ထို့အတူ ခေတ်စနစ်နှင့်လျော် ညီသော ဥပဒေများ ဖြစ်စေရန် ပြုပြင်ရန်လိုအပ်သည့် ဥပဒေများနှင့် အသစ်ပြဋ္ဌာန်းရန် လိုအပ်သည့် ဥပဒေများကိုလည်း ရေးဆွဲလျက်ရှိကြောင်း၊ စီးပွားရေး နယ်ပယ်အသီးသီး လက်ဝါးကြီးအုပ်မှု၊ ဈေးကစား အမြတ်ထုတ်မှု များကို ကာကွယ်ရန်နှင့် အသိဉာဏ မူပိုင်ခွင့် အခွင့်အရေးရရှိစေရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် အသိဉာဏမူပိုင် ခွင့်ဆိုင်ရာ ဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
ထို့ပြင် မကြာမီအသစ်ပြဋ္ဌာန်းမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ တွင် နိုင်ငံခြားသားတစ်ဦးဦး က ခွင့်ပြုမိန့်အရရင်းနှီးမြှုပ်နှံသော နိုင်ငံခြားမတည်ငွေရင်းတွင်နိုင်ငံခြား ငွေ၊စက်ပစ္စည်းကိရိယာ၊စက်ပစ္စည်း အစိတ်အပိုင်း၊ စက်အရန်ပစ္စည်း၊ အသုံးအဆောင် တန်ဆာပလာများ အပါအ၀င်၊ လုပ်ငန်းတွင် အမှန်တကယ် သုံးစွဲရန်လိုအပ်၍ နိုင်ငံတော်အတွင်း မရရှိနိုင်သော ပစ္စည်း၊ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး၊ တီထွင်မှု မူပိုင်ခွင့်များ၊ စက်မှုဆိုင်ရာ ဒီဇိုင်းစသည့် အသိဉာဏဆိုင်ရာ ပစ္စည်းများကို တန်ဖိုးဖြတ်နိုင်သော အခွင့်ရေး၊ကျွမ်းကျင်မှု နည်းပညာရပ်၊ အထက်ပါလုပ်ငန်းတို့မှ လုပ်ငန်းတွင် တိုးပွားရရှိပြီး၍ဖြစ်စေ၊ ဝေစုအကျိုး အမြတ်ကိုဖြစ်စေ ပြန်လည်ရင်းနှီးမြှုပ်နှံသော ငွေများပါဝင်ကြောင်း သိရသည်။
ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေနှင့် ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေတို့ကို ကမ္ဘာ့နိုင်ငံ အများအပြားတွင် ပြဋ္ဌာန်းပြီးဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတို့တွင် ပြဋ္ဌာန်းခဲ့ပြီး ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းတွင် ဥရောပနိုင်ငံများ၊ အခြား ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ အချို့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ အာရှနိုင်ငံများအနေဖြင့် ၁၉၈၀ကျော်နှင့် ၁၉၉၀ ကျော်နှစ်များတွင် အများအပြား ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး မြန်မာမှလွဲ၍ ကျန်အာဆီယံနိုင်ငံအားလုံးတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။
ပြည်တွင်း၌ မိုဘိုင်း Application Developer များ ရပ်တည်နိုင်ရန် ခက်ခဲနေသေး
ပြည်တွင်း၌ မိုဘိုင်း Application Developer များအနေဖြင့် ရပ်တည်နိုင်ရန်ခက်ခဲမှုများရှိနေသေး ကြောင်းသိရသည်။
''ပြည်တွင်းမှာ မိုဘိုင်း Application ဈေးကွက်အနေနဲ့ ပြောပလောက်အောင် မတွင်ကျယ်သေးဘူးလို့ ဆိုနိုင်ပါတယ်။ အများအားဖြင့်တော့ မိုဘိုင်း Developme ကုမ္ပဏီတွေနဲ့ ဆော့ဖ်ဝဲလ်ရေးတဲ့အဖွဲ့တွေဟာ ကိုယ့် Software House အတွက် ဆော့ဖ်ဝဲလ်တွေ ရေးသားတာ၊ ပြည်တွင်း Clients တွေက အပ်နှံတဲ့ ဆော့ဖ်ဝဲလ်တွေ ရေးတာ၊ ပြည်ပက Outsourcing အလုပ်တွေ ရှာဖွေရေးသားတာတွေနဲ့ ရပ်တည်နေတယ်လို့ မြင်ပါတယ်။ မိုဘိုင်း Developer တစ်ဦးအနေနဲ့ အွန်လိုင်းမှာ ဈေးကွက်တင်ဖို့အတွက် လိုအပ်ချက်တွေကို ပြောရရင် ပြည်တွင်း ပြည်ပ ငွေပေးချေမှုတွေကို အွန်လိုင်းမှာ အဆင်ပြေပြေ လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ Software Development Tools တွေကို Download ဆွဲနိုင်ဖို့ အဆင်ပြေမယ့် အင်တာနက် Connection လည်း လိုပါတယ်''ဟု MDroidStudio မှ ကိုသီဟက ပြောကြားခဲ့ပါသည်။
မြန်မာ Developer များ၏ Apps များကို Android ၏ Google Play တွင် တွေ့လာရသကဲ့သို့ Apple ၏ Apps Store တွင်လည်း တွေ့ရကြောင်း သိရသည်။ အခမဲ့ရယူနိုင်သော Apps များရှိသကဲ့သို့ ပိုက်ဆံပေးချေ၍ ၀ယ်ယူရသော Apps များ လည်းရှိကြောင်း သိရသည်။ Google Play ပေါ်တွင်တင်ပြီး ဖြန့်ချိရန်အတွက် Developer အနေဖြင့် Registration Fee အဖြစ် ၂၅ ဒေါ်လာ ပေးဆောင်ရကြောင်း သိရသည်။
''ပြည်တွင်းမှာ မိုဘိုင်း Application ရေးပြီး မရပ်တည်နိုင်သေးပါဘူး။ ဒီမှာတွေ့ရတာက ကိုယ်ရေးလိုက်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို Free ပေးလိုက်တာမျိုးတွေ အရမ်းများတယ်။ အလကားပေးတာကိုရပ်ပြီး အရည်အသွေးကို ရအောင်တင်ဖို့ လိုပါတယ်။ အခုနောက်ပိုင်းမှာ အရင်ကထက်စာရင် Corporate ဆော့ဖ်ဝဲလ်တွေကနေ Consumer ဆော့ဖ်ဝဲလ်တွေဘက်ကိုလည်း အာရုံစိုက်လာကြတာ တွေ့ရတယ်''ဟု Technomation Studio မှ ကိုထူးမြင့်နောင်က ပြောကြားခဲ့သည်။
မိုဘိုင်း Application များကို ဈေးကွက်တင်ရောင်းချရာတွင် Limited Function များကိုသာ ကနဦးတွင် အခမဲ့ အသုံးပြုခွင့်ပေးပြီး ပိုမိုအသုံးတည့်သော Function များကို အသုံးပြုလိုသူများအတွက် Premium Version ကိုရောင်းချခြင်း၊ ဆော့ဖ်ဝဲလ်ကို အခမဲ့ သုံးခွင့်ပြုထားပြီး ကြော်ငြာများမှ ၀င်ငွေရရှိခြင်းစသည့် ပုံစံတို့ဖြင့် ဈေးကွက်တင်ကြကြောင်း သိရသည်။
တောင်ကုတ်-ရန်ကုန် ခရီးသည် အနည်းဆုံး ၈ ဦး လူအုပ်စု၏ သတ်ဖြတ်ခြင်းခံရ
ဇွန်လ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ (Yangon Press International)ယနေ့မွန်းလွဲပိုင်းက သံတွဲမှ ရန်ကုန်သို့လာသည့် ရိုးမသစ္စာ အဝေးပြေးယာဉ်တွင် စီးနင်းလိုက်ပါလာသည့် အစ္စလမ်ဘာသာရေး တရားထိုင်အဖွဲ့သား ခရီးသည် အနည်းဆုံး ၈ ဦးကို လူ ၃၀၀ ၀န်းကျင်ရှိ တောင်ကုတ်မြို့ခံ လူအုပ်က သတ်ဖြတ်လိုက်ကြသည်ဟု သံတွဲမြို့ခံတဦးက ပြောသည်။
ကျောက်နီမော်တွင် အဓမ္မပြုကျင့် အသတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်သည့် ဓါတ်ပုံနှင့် စာရွက်များကို ယနေ့နံနက်ပိုင်းကတည်းက တောင်ကုတ်ဈေးတွင် ဖြန့်ဝေခဲ့သဖြင့် တောင်ကုတ်မြို့ခံများက မကျေမနပ်ဖြစ်နေစဉ် သံတွဲမှ ရန်ကုန်မြို့သွား ရိုးမသစ္စာ ခရီးသည်ကားပေါ်တွင် ရန်ကုန် တခြမ်းဗဲ့ ဗလီမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ တရားထိုင်အဖွဲ့ဝင် အစ္စလာမ် ဘာသာဝင်များကိုတွေ့ရှိကာ ရန်ပြုကြခြင်းဖြစ်သည်ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။ယင်း တရားထိုင်အဖွဲ့ဝင်များထဲတွင် တောင်တွင်းကြီးမှ ၆ ဦးနှင့် မြောင်းမြမှ ၂ဦးပါဝင်သည်ဟုလည်း သိရသည်။ယင်းအခြေအနေကြောင့် ကားမောင်းသူက ကားကို သံတွဲဘက်သို့ ပြန်လှည့်မောင်းရန်ကြိုးစားသော်လည်း တောင်ကုတ်မြို့ခံလူအုပ်က ကားနှစ်စီးဖြင့် ညှပ်ပိတ်ကာ ပြန်လှည့်ခွင့်မပေးပဲ တောင်ကုတ်၊ သံတွဲ လမ်းဆုံတွင် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရှိရသည်။
“ကားသမားနဲ့ ကျွန်တော် ဖုန်းအဆက်အသွယ်ရချိန်မှာ ကားသမားကိုယ်တိုင်လည်း လူအုပ်က ၀ိုင်းရိုက်တာခံထားရတယ်လို့ပြောတယ်၊ အခင်းဖြစ်ပြီးသူလည်း တနေရာရာမှာ ပုန်းရှောင်နေရပုံပဲ” ဟု ရိုးမသစ္စာ ကားမောင်းသူနှင့် အဆက်အသွယ်ရသူ သံတွဲမြို့ခံက ပြောပြသည်။
ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက်ပိုင်း ယင်းနေရာတ၀ိုက်ကို တောင်ကုတ်မြို့ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်တပ်မှာ လုံခြုံရေး ချထားပြီး ယနေ့ညနေ ၅နာရီတွင် သံတွဲခရိုင် ရဲမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ တောင်ကုတ်မြို့သို့ လိုက်သွားကြသည်ဟုလည်း သိရသည်။ ကျောက်နီမော် အရေးကိစ္စကြောင့် သံတွဲမြို့နှင့် တောင်ကုတ်မြို့များတွင် ရဲဝန်ထမ်း ပုံမှန်အရေအတွက်ထက် လျော့နည်းလျက်ရှိသည်ဟုလည်း သံတွဲမြိ့မှ ရဲဝန်ထမ်းတဦးက ပြောသည်။
ယခုအဖြစ်အပျက်ကို နှင့် ပတ်သက်၍ တောင်ကုတ်မြို့ခံတဦးက “ အခုလို အဖြစ်အပျက်ကနေ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်လာရင် နိုင်ငံရေး အပြောင်းအလဲဆီ ဦးတည်သွားနေတဲ့ လမ်းလွဲသွားနိုင်တာကို သတိထားသင့်တယ်” ဟု YPI သို့ပြောသည်။
သေဆုံးသွားသူများကို သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်ကာ သဂြိုဟ်ရန် သံတွဲမြို့ အုပ်ချုပ်ရေးမှူးနှင့် သံတွဲမြို့ ဗလီ၊ ဂေါပက အဖွဲ့တို့နှင့် ဆွေးနွေးသဘောတူထားသော်လည်း မည်သည့်အချိန်တွင် သယ်ဆောင်လာမည်ဆိုသည် စသည့်အသေးစိတ် အချက်အလက်များ မသိရှိရသေးဟု သံတွဲမြို့ခံ ကပြောသည်။
အခြားရရှိသော သတင်းများအရ သေဆုံးသူမှာ ၁၀ ဦးအထိရှိနိုင်သည်ဟု ဆိုသော်လည်း ယင်းအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးပါ။ ။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment