ကမ္ဘာ့သတင်းများ 09/06/2012
နိုင်ငံတကာသတင်း
မြန်မာ့ပြုပြင်ပြောင်းလဲရေး အမေရိကန်ဖေးမကူညီခဲ့
အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာတ၀န်းနိုင်ငံတွေမှာ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေး အတွက် လူအင်အားနဲ့ ငွေအင်အား ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် မြန်မာနိုင်ငံလိုနိုင်ငံတွေမှာ ပြုပြင်ပြောင်းလဲရေး လမ်းမှန်ပေါ်ရောက်အောင် ကြိုးစားဖေးမပေးနိုင်ခဲ့တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မနေ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဌာနရဲ့ သုံးဆယ့်ငါးနှစ်မြောက် နှစ်ပတ် လည် အခမ်းအနားမှာ ၀န်ကြီး ကလင်တန်က မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လမ်းမှန်ပေါ်ရောက်အောင် ကြိုးစားဖေးမခဲ့တဲ့အကြောင်း၊ အရှေ့ အလယ်ပိုင်းဒေသနဲ့ အာဖရိကမြောက်ပိုင်းမှာ ဒီမိုကရေစီ အသွင် ကူးပြောင်ရေးကို ထောက်ခံပံ့ပိုးပေးခဲ့တာတွေကို အဓိက ထောက်ပြပြီး အမေရိကန်နိုင်ငံခြားရေးဌာန၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဌာနရဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား မှာ ပြောဆိုသွားခဲ့တာပါ။
လိင်တူစုံမက်သူ အခွင့်အရေး၊ အလုပ်သမားတွေ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နိုင်ငံတကာမှာ အင်တာနက် လွတ်လပ်ခွင့်အတွက် ကျယ်ကျယ်ပြန်ပြန့်ရအောင် ကြိုးပမ်းပေးနိုင်ခဲ့တာတွေကိုလည်း ၀န်ကြီးကလင်တန်က ထည့်သွင်း ပြောဆိုသွားပါတယ်။ ၃၅ နှစ်တာကာလ အတွင်း ဖိနှိပ်တဲ့အစိုးရတွေကို ပြင်းပြင်းထန်ထန်ဝေဖန် ရင်း ဒီမိုကရေစီပြန့်ပွားအောင် ဆောင်ကျဉ်းပေးခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဌာနရဲ့ စွမ်းဆောင်မှုတွေကို ၀န်ကြီးကလင်တန်က ချီးကျူး ပြောဆိုသွားတာဖြစ်ပါတယ်။
မြန်မာ့ပြုပြင်ပြောင်းလဲရေး မြောက်ကိုရီးယား အတုယူသင့်
မြောက်ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံက ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေတွေကို အတုယူသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယား လူ့အခွင့်အရေးဆိုင်ရာသံအမတ်က ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ Pyongyang နျူကလီးယားအစီအစဉ်ကို နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA အဖွဲ့ကြီးကို ၀င်ရောက် စစ်ဆေးခွင့်ပြုမယ်ဆိုရင် အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်ဖြစ်မှာဖြစ်တယ်လို့ သောကြာနေ့က တိုကျိုမြို့မှာ မစ္စတာ Robert King က သတင်းထောက်တွေနဲ့တွေ့ဆုံတဲ့အချိန် ပြောသွားတာပါ။
မြောက်ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံကို နမူနာယူပြီး ပြုပြင်ပြောင်းလဲတာမျိုး အမေရိကန်ပြည်ထောင်စု အနေနဲ့ မြင်လိုတယ်လို့ သူက ပြောတာပါ။ မြန်မာနိုင်ငံမှာ အတိုက်အခံပါတီတွေကို လွှတ်တော်ထဲမှာ ၀င်ခွင့်ပြုပြီး ပြုပြင်ပြောင်းလဲမူလုပ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူထားတာတွေကို အမေရိကန်က ရုပ်သိမ်းလိုက်ပါတယ်။
ဒီလိုမျိုး အကောင်းဘက်ကိုဦးတည်တဲ့ တိုးတက်မှုမျိုး မြောက်ကိုရီးယားမှာ ဖြစ်လာမယ်လို့ မျော်လင့်တဲ့ အကြောင်း သူကပြောပါတယ်။ စားနပ်ရိက္ခာအကူအညီတွေပေးဖို့အတွက်ကတော့ လောလောဆယ် မဖြစ်နိုင်သေးပေမယ့် အနာဂတ်မှာတော့ ဖြစ်နိုင်ခြေရှိတယ် ဒီ ထောက်ပံ့မှုဟာ တကယ်လိုအပ်တဲ့ ပြည် သူတွေဆီကို ရောက်မရောက်ဆိုတာကို စောင့်ကြည့်နိုင်ခြင်းမရှိသေးဘူးလို့လည်း မစ္စတာ Robert king ကပြောသွားတာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုမျိုး မြောက်ကိုရီးယားမှာ ပေါ်ပေါက် လာမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံကို ကြိုဆိုသလိုမျိုး တုံ့ပြန်မှာဖြစ်တယ်လို့ မစ္စတာ Robert King ကပြောပါတယ်။
မြောက်ကိုရီးယားအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေကို သင်္ခန်းစာယူပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ ၀င်ဆန့်လာအောင် လုပ်ဆောင်ဖို့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘက်ခ်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ တောင်ကိုရီးယားကျဆုံးသွားတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အခမ်းအနား တစ်ခုမှာ တိုက်တွန်းပြောဆိုခဲ့ပါသေးတယ်။
အာဖဂန်နစ္စတန်ကို တရုတ်ကူညီမည်
တရုတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေးနဲ့ ကူညီထောက်ပံ့ရေး ကိစ္စတွေအတွက် သဘောတူညီချက် အသစ်တွေ လုပ်ဆောင်နေချိန်မှာပဲ အာဖဂန်နိုင်ငံကို ကိုယ်ကျိုးမပါတဲ့ ကူညီ ထောက်ပံ့မှုတွေ ပေးသွားမယ်လို့ တရုတ်သမ္မတက မနေ့က ကတိပေးလိုက်ပါတယ်။
အခုအချိန်ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အရေးပါတဲ့ အသွင်ပြောင်းကာလကို ဖြတ်သန်းနေတဲ့အချိန်ဖြစ်တာမို့ တရုတ်နိုင်ငံအနေနဲ့ အကူအညီတွေ ဆက်ပေးသွားမှာဖြစ်တယ်လို့ ဘေဂျင်းမြို့ ပြည်သူ့ခန်းမကြီးမှာ ပြု လုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲအတွင်း အာဖဂန်သမ္မတ Hamid Karzai ကို တရုတ် သမ္မတ ဟူဂျင်တောင်က အဲဒီလို ပြောလိုက်တာပါ။
၂၀၁၄ ခုနှစ်မှာ အမေရိကန်နဲ့ နိုင်ငံတကာတပ်ဖွဲ့ အများစု ရုပ်သိမ်းသွားပြီးတဲ့နောက် တရုတ်နိုင်ငံအနေနဲ့ အာဖဂန်နိုင်ငံအတွင်း ပိုအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံက ပြင်ဆင်နေတာပါ။
နှစ်နိုင်ငံအကြား ရရှိလိုက်တဲ့ ဗျူဟာမြောက် သဘောတူညီချက်အရ တရုတ်နိုင်ငံက အခုနှစ်အတွက် အမေရိကန် ဒေါ်လာ ၂၄ သန်း ကူညီပေးမှာ ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုတွေ အာဖဂန်ထဲမှာ ပြုလုပ် လာအောင်၊ နောက် လမ်းပမ်းဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အဦးတွေ ကူညီ တည်ဆောက်ပေးဖို့၊ အာဖဂန်ကျောင်းသားတွေကို ပညာသင်ခွင့် Scholarship တွေ ပေးဖို့ စတာတွေကို သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံစလုံးက အကြမ်းဖက်လုပ်ငန်း၊ အစွန်းရောက်လုပ်ရပ်တွေ၊ ခွဲထွက်ရေးနဲ့ အကွက်ကျကျလုပ်တဲ့ ရာဇ၀တ်မှုလုပ်ငန်းတွေကို ဆန့်ကျင်ကြောင်း တွေ့ဆုံပွဲအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါ တယ်။
ဂျပန် နျူကလီယားစက်ရုံ ပြန်လည်မည်
ဂျပန်နိုင်ငံအနေနဲ့ နျူကလီယားစွမ်းအင်ကို အသုံးမပြုဘဲ မဖြစ်နိုင်တာကြောင့် ပိတ်ထားတဲ့ နျူကလီယား စက်ရုံကို ပြန်ဖွင့်ဖို့ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
ဂျပန်နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ Ohi နျူကလီယားစက်ရုံ ပြန်လည်ဖို့အတွက်ဝန်ကြီးချုပ် Yoshihiko Noda က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောလိုက်တာပါ။ လူထုရဲ့ လူနေမှုဘဝတွေ အဆင်ပြေအောင် နျူကလီယား စက်ရုံနှစ်ရုံကို ပြန်ပြီး လည်ပတ်သင့်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပေမဲ့ အဲဒီ စက်ရုံတွေ ပြန်လည်ပတ်ဖို့ သူ့အနေနဲ့ အမိန့်ပေးညွှန်ကြားတာတော့ မလုပ်ခဲ့ပါဘူး။
နွေရာသီ လျှပ်စစ်မီးအသုံးများတဲ့ အချိန်မတိုင်ခင် လောင်စာစွမ်းအင် အလုံအလောက်ရနိုင်ဖို့ ဝန်ကြီးချုပ် နိုဒရဲ့ အစိုးရက ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဂျပန်နိုင်ငံက နျူကလီယား စက်ရုံတွေ အားလုံးကို ပိတ်ထားတာပါ။
နျူကလီယားစက်ရုံရဲ့ လုံခြုံစိတ်ချရမှုနဲ့ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်တွေကသာ ဆုံးဖြတ်သင့်ပြီး နိုင်ငံရေး သမားတွေ ဆုံးဖြတ်ရမှာ မဟုတ်ဘူးလို့ Green Peace သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Junichi Sato က ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မှုတွေ အလုံအလောက်လုပ်ဆောင်နိုင်ခြင်း မရှိသေးတဲ့အတွက် Ohi နျူကလီယားစက်ရုံ ပြန်ဖွင့်ဖို့ မသင့်သေးဘူးလို့ သူက ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်း
မြန်မာနိုင်ငံက တရားစီရင်ရေးမဏ္ဍိုင်ရဲ့ အဂတိလိုက်စားမှု အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု အဓိကအချက် ၃ ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဆွေးနွေးနိုင်ဖို့အတွက် အာရှဥပဒေရေးရာဌာန ALRC အဖွဲ့က လူ့အခွင့်ရေးကောင်စီကို တင်သွင်းပေးပို့ လိုက်ပါတယ်။ဒီလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြုလုပ်ဖို့ ရှိပါတယ်။တရားစီရင်ရေးမှာ အဂတိလိုက်စားမှု ထူပြောနေတဲ့ကိစ္စ၊ ဖမ်းဆီးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ကိစ္စနဲ့ မြေယာတွေကို အာဏာသုံးပြီး သိမ်းယူနေတဲ့ကိစ္စ စတဲ့အချက် ၃ ချက်ကို ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အခြေအနေတွေကို ဆွေးနွေးတဲ့အခါ ထည့်သွင်းဆွေးနွေးနိုင်ဖို့ တင်ပြရတာဖြစ်ကြောင်း လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတယ်ဆိုပေမယ့်၊ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ အားနည်းချက်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်စတယ်လို့ အာရှ ဥပဒေရေးရာဌာန ALRC က ပြောဆိုထားပါတယ်။အခုတင်သွင်းတဲ့ အချက် ၃ ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သေချာစွာမှတ်တမ်းပြုစုပြီး အထောက်အထားတွေ နဲ့တကွ တင်ပြထားတယ်လို့လည်း ဦးမင်းလွင်ဦးက ပြောဆိုခဲ့ပါတယ်။
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment