မြန်မာသတင်းများ ဇွန် လ ၉ ရက် ၂၀၁၂

မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များ၌ မငြိမ်မသက်မှုဖြစ်ပွားနေ / မောင်တောနှင့် ဘူးသီးတောင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်





မောင်တောနှင့် ဘူးသီးတောင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက် 

သောကြာနေ့ နံနက်ပိုင်းမှ စတင်ကာ ဆူပူမှုများ ဖြစ်ပွားလာသည့် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များတွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်သည်။

ဇွန်လ ၈ ရက်နေ့တွင် မောင်တောမြို့၌ “နေအိမ်များ မီးရှို့ ဖျက်ဆီးခံရခြင်း၊ လူစုလူဝေးဖြင့် ဝင်ရောက် ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ” ဖြစ်ပွားခဲ့ပြီး “ထပ်မံဖြစ်ပွားရန် အကြောင်းရှိသည်ဟု ကျွနုပ် ယုံကြည်သည်” ဟု မောင်တော အုပ်ချုပ်ရေးမှူးက ဆိုသည်။

ထို့ကြောင့် မောင်တောမြို့ စည်ပင်နယ်နိမိတ်အတွင်း “၅ ဦး သို့မဟုတ် ၅ ဦးထက်ပိုသော သူများ စုဝေးခြင်းမပြုရန်နှင့် ညနေ ၁၈းဝဝ နာရီအချိန်မှ နံနက် ဝ၆းဝဝ နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ ထုတ်ဆင့်လိုက်သည်” ဟု ပါရှိသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း အလားတူအမိန့် ထုတ်ဆင့်လိုက်ကြောင်း သိရသည်။
ထိုအမိန့်များကို နောက်အမိန့်တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်သည်ဟု ဇွန်လ ၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။





မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များ၌ မငြိမ်မသက်မှုဖြစ်ပွားနေ

ရခိုင်ပြည်နယ် နယ်စပ်မြို့ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ပြည်နယ် မြို့တော် စစ်တွေမြို့များတွင် လူမျိုးရေးပဋိပက္ခကို အခြေခံသည့် မငြိမ်သက်မှုများ ဖြစ်ပွားနေသည်ဟု မောင်တောနှင့် စစ်တွေတို့မှ လာသည့် သတင်းများ အရသိရှိရသည်။
မောင်တောမြို့တွင် အချက်အချာကျသည့် မြို့တော်ခန်းမအနီးရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦအချို့ ဖျက်ဆီးခံရခြင်း မီးရှို့ခံရခြင်းများရှိကာ လူစုလူဝေးများဖြင့် ဈေးဆိုင်နေအိမ်များကို ဖျက်ဆီးခြင်းများရှိနေသည်ဟု ယင်းမြို့ခံတဦးက ပြောသည်။
ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများက သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုလူဝေးကိုခွဲရန် ကြိုးစားသော်လည်း သိသိသာသာ အောင်မြင်မှုမရသေးကြောင်းလည်း သိရသည်။
ဘူးသီးတောင်မြို့တွင်မူ ယနေ့နံနက်ပိုင်းက ဆူပူ အကြမ်းဖက်ရန် လူစုလူဝေးနေသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုကာ လူစုခွဲခဲ့ရသည်ဟု မောင်တောမြို့ခံက ဆိုသည်။
မောင်တောတွင် စစ်တပ်ကိုလည်း အသင့်အနေအထားဖြင့် တပ်လှန့်ထားသည်ဟုလည်း ၎င်းက ပြောသည်။
စစ်တွေမြို့တွင်မူ မင်းဂံရပ်ကွက်ရှိ ရခိုင်လူမျိုးများပိုင် ဆိုင်အချို့ မနေ့က့ နေ့ခင်းပိုင်းက ဖျက်ဆီးခံရသည်ဟု စစ်တွေမှလာသည့် သတင်းများအရ သိရှိရသည်။ ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေအနေနှင့် ပတ်သက်ပြီ နောက်ဆုံးရသတင်းများ
မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။

ညနေ ၃ နာရီ ၅၀ မိနစ်

ယနေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသောသတင်းများအရ မောင်တောမြို့နယ် ဗိုလ်မှုးရွာကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။

ညနေ ၄ နာရီ ၁၅ မိနစ်

ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်ရှိ ဗိုလ်မှုးရွာရှိ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ၃၀ လုံးကို မီးရှိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အတည်မပြုနိုင်သော သတင်းများအရ အဆိုပါရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ၃ ဦး သေဆုံးကြောင်း သိရသည်။
"ဒါဟာ အကြမ်းဖက်မှုပါ။ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ပါဘူး။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပေမယ့် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှာမပါပါဘူး။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ၁၈၂၄ ခုနှစ် မတိုင်မီက ဓားမဦးချနေထိုင်တဲ့ လူမျိုးတွေကိုရှိတဲ့သူတွေပဲ တိုင်းရင်းသားလို့ သတ်မှတ်ပါတယ်။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မှာ ရောက်လာကြတဲ့ သူတွေဟာ ဧည့်သည်တွေပါပဲ။ ဒါကြောင့် ရိုဟင်ဂျာတွေဟာ တိုင်းရင်းသား မဟုတ်ပါဘူး။ အစိုးရ အဆက်ဆက်တိုင်းက သူတို့ကို မျက်နှာသာပေး၊ ပိုက်ဆံယူပြီး မှတ်ပုံတင် လုပ်ပေးလို့ သူတို့ရောင့်တက်လာကြတာ။ ရခိုင်လူမျိုးတွေက အတတ်နိုင်ဆုံး ဟန့်တားထားလို့သာ သူတို့ ဒီချိန်ထိ မပြန့်ပွားတာ။ အခုဖြစ်တဲ့ကိစ္စဟာ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာ။ ဒုက္ခပေးတာပါ။ အကြမ်းဖက်မှုတစ်ခုပါပဲ"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လတ်တလော အခြေအနေများအရ မောင်တောမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ကိရ်အာမတ် (ခ) ဦးအောင်ဇော်ဝင်းအား Eleven Media Group မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

ညနေ ၄ နာရီ ၃၀ မိနစ်

မီးရှို့ခံရသော ရခိုင်ရွာ ၁၄ ရွာကို လုံခြုံရေးတပ်ဖွဲ့များဖြင့် အမြန်ဆုံးကာကွယ်ပေးနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြရေးသားထားပါသည်။

ညနေ ၄ နာရီ ၄၀ မိနစ်

"ကျွန်တော်လုံးဝ ကန့်ကွက်တယ်။ ရှုံ့ချတယ်။ ထိထိရောက်ရောက် အရေးယူပေးပါ။ ရခိုင်တိုင်းရင်းသားတွေရဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေ အားလုံးကို ပြန်ပြီးတော့ အသစ်တဖန် ဆောက်နိုင်အောင် တာဝန်ယူပေးပါ။ နောက်ပြီး အစိုးရအနေနဲ့ အဲလို ကျူးလွန်တဲ့ သူတွေကို ဥပဒေအရ ပြင်းပြင်းထန်ထန်အရေးယူပေးပါ။ လုံးဝလက်မခံနိုင်ဘူး။ အင်မတန် မင်းမဲ့စရိုက်ဆန်တဲ့ ဖြစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ အဲတော့ ဘင်္ဂါလီနဲ့ ရခိုင်တွေနဲ့ ဒီလိုမျိုး ဖြစ်တယ်ဆိုတဲ့ကိစ္စကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ကျူးလွန်တဲ့သူတွေကို အချိန်မဆိုင်းပဲ ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ နောက်တစ်ခုက ဒီကိစ္စဟာ ဘာသာရေး လူမျိုးရေးကို တလွဲအသုံးချပြီးတော့ ကျူးလွန်တဲ့ ကိစ္စမို့လို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ တိကျခိုင်မာတဲ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ပြဌာန်းသင့်ပြီလို့ ကျွန်တော်မြင်တယ်။ ဆိုလိုတာက ရောထွေးမှုတွေအားလုံးက ဘာလဲဆိုတော့ ဌာနေရဲ့နိုင်ငံသားတွေ အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိနေတယ်။ ဒီလို ကူးစက်လာပြီးတဲ့ အခါကျတော့ နိုင်ငံသား အချင်းချင်းကြားမှာလဲ ပြဿနာတွေ အများကြီး ရှိလာတယ်။ အဲလို ရှိနေတဲ့အခါကျတော့ ပြင်ပက၀င်လာတဲ့ ပရောဂတွေကို ကာကွယ်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ အရေးတကြီး လိုနေပါပြီ။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်သားတွေ အားလုံးကို အကာအကွယ်ပေးရမယ့် ဥပဒေတစ်ရပ်ကတော့ ပြဌာန်းဖို့ လိုပြီလို့ ကျွန်တော် ထင်တယ်။ ဆိုလိုခြင်းက ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီဘက်ကသူတွေကို ညွှန်းနေတာ မဟုတ်ဘူးနော်။ ရခိုင်ပြည်နယ်မှာ ဘာသာပေါင်းစုံရှိပါတယ်။ ဆိုလိုတာက အပြင်ကနေ ၀င်လာတဲ့သူတွေကို ကာကွယ်တားဆီးဖို့အတွက် ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုကို ကာကွယ်ဖို့အတွက် ဥပဒေပြဌာန်းဖို့ အရေးတကြီး လိုအပ်နေပြီဆိုတာကို အစိုးရကို တပ်လှန့်လိုက်တာပါ။" ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးက ပြောကြားခဲ့ပါသည်။

ညနေ ၄ နာရီ ၅၀ မိနစ်

မောင်တောဒေသခံ တစ်ဦး၏ ညနေ ၄း၅၀ နာရီတွင် ပြောကြားချက်အရ မောင်တောမြို့ဆေးရုံတွင် အမျိုးသား တစ်ဦး သေဆုံးပြီး၊ ဆရာဝန်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။ လုံထိန်းတပ်ဖွဲ့များ မောင်တောမြို့ကို ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။ မီးရှို့ခံခဲ့ရသော ဗိုလ်မှူးရွာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ ၀င်ရောက်ထိန်းသိမ်းနေကြောင်း သိရှိရသည်။

ညနေ ၅ နာရီ ၂၀ မိနစ်

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ မောင်တောမြို့နယ်တွင်ဖြစ်ပွားခဲ့သော မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ဇွန်လ ၈ ရက်နေ့(ယနေ့) ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း၊ ပြည်ပမှ သွေးထိုးလှုပ်ဆော်မှုများရှိနေနိုင်ကြောင်း၊ ယခုကိစ္စသည် နိုင်ငံ၏ အချုပ်အခြာအာဏာကိုပါ ထိခိုက်လာနေကြောင်း၊ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပွားသော ကိစ္စမဟုတ်ကြောင်း စသည်ဖြင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ညနေ ၅ နာရီ ၃၀ မိနစ်
မောင်တောမြို့တွင် ဖြစ်ပွားနေသော အခြေအနေများနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ညနေ ၅ နာရီ ၄၅ မိနစ်

လက်ရှိအချိန်တွင် မောင်တောမြို့နယ် ရပ်ကွက်များအတွင်း မငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိပါသည်။ အင်အား ၂၀၀ ခန့်ဖြင့် အခြေအနေများကို ထိန်းနိုင်ရန် ကြိုးစား နေကြောင်း စစ်တပ်ကို အကြောင်းကြားထားဆဲ ဖြစ်ကြောင်း တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက Eleven Media Group သို့ ဖုန်းလိုင်းမှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါသည်။

ညနေ ၆ နာရီ ၃၀ မိနစ်

ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။
ယခုလက်ရှိအခြေအနေတွင် ဖြစ်စဉ်ကြောင့် ရခိုင်လူမျိုးများ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း၊ ဘုန်းကြီးကျောင်းအရေအတွက်မှာ မောင်တောမြို့ပေါ်တွင် ၁၀ ကျောင်း ၀န်းကျင်ရှိကြောင်းနှင့် အဆိုပါဒေသခံ ရခိုင်လူမျိုးများက ဘုန်းကြီးကျောင်းများကို ကာကွယ်စောင့်ရှောက်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ လက်ရှိတွင် မောင်တောမြို့ဝန်းကျင်ရှိ အောင်ဗလကျေးရွာကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးနေကြောင်း၊ အဆိုပါမီးရှို့မှုများကို မောင်တောမြို့မှ မြင်တွေ့ရကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းနေသော်လည်း လုံလောက်မှု မရှိကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။ မောင်တောမြို့သို့ စစ်တပ် ရောက်ရှိနေပြီဖြစ်သော်လည်း စစ်တပ်အနေဖြင့် မြို့ထဲသို့ ၀င်ရောက်မှု မရှိသေးကြောင်း သိရသည်။

ညနေ ၆ နာရီ ၃၅ မိနစ်

ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အစရှိသော မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များသာမက တပ်မတော်သားများပါ ပူးတွဲပါဝင်ကာ လုံလောက်သော အင်အားဖြင့် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ညနေ ၆:၃၅ နာရီတွင် ဖော်ပြရေးသားထားပါသည်။

ည ၇ နာရီ ၄၀ မိနစ်

မောင်တောမြို့နယ် ဒက်ရွာ၌ ဒေသခံ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများအကြား ယနေ့ ည ၆ နာရီဝန်းကျင်က ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရစာရင်းကို မသိရှိရသေးပါ။

ည ၇ နာရီ ၅၂ မိနစ်

လက်တလောအခြေအနေတွင် မောင်တောမြို့ထဲတွင် သေနတ် ပစ်ခတ်သံများ ကြားနေရကြောင်း၊ ရခိုင်ရွာ ၁၇ ရွာကို ဘင်င်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ယနေ့ညဖက်တွင် မည်ကဲ့သို့ အိပ်ရမည်ဆိုသည်ကို ဒေသခံရခိုင်လူမျိုးများ စိုးရိမ်နေကြောင်း မောင်တောမြို့မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသော ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကို အဆက်အသွယ် မရရှိတော့၍ စိုးရိမ်နေကြောင်း ၎င်းက ဆက်လက်မိန့်ကြားခဲ့သည်။

ည ၇ နာရီ ၅၈ မိနစ်

မောင်တောမြို့နယ် တောင်ပိုင်းရှိ သာရေကုန်းဘောင်ရွာအပါအ၀င် ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ သေဆုံးဒဏ်ရာရမှုစာရင်းကို မသိရှိရသေးပါ။

ည ၈ နာရီ ၁၆ မိနစ်

ရခိုင်ပြည်နယ် ဥပဒေအရာရှိတစ်ဦးထံမှ သိရှိရသော သတင်းအရ မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်းနှင့် ထုတ်ပြန်ရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။

ည ၈ နာရီ ၄၀ မိနစ်

ရခိုင်ပြည်နယ်ရှိ ကွပ်ကဲရေးရုံး (သတင်းထုတ်ပြန်ရေး) မှ သိရှိရသော သတင်းများအရ မောင်တောမြို့နယ် အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို လုံထိန်းတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အခြေအနေဆိုးမှုများ မဖြစ်နိုင်တော့ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကွပ်ကဲရေးရုံးသည် စစ်တွေမြို့တွင် အခြေစိုက်ထားသော ရုံးဖြစ်ပြီး မောင်တောမြို့နယ်နှင့် ပတ်သက်သော အခြေအနေများကို ည ၇ နာရီအချိန်က နောက်ဆုံးသိရှိထားခြင်း ဖြစ်ကာ ဆက်လက် သိရှိရသည်များကို ထုတ်ပြန်သွားမည်ဟု သိရပါသည်။
၎င်းတို့အနေဖြင့် မောင်တောမြို့နယ်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်မည်ဟူသော သတင်းများ သိရှိထားသော်လည်း တရားဝင် ညွှန်ကြားချက် ရောက်ရှိမလာသေးကြောင်း ပြောဆိုခဲ့ပါသည်။

ည ၈ နာရီ ၅၄ မိနစ်

မောင်တောမြို့ ရပ်ကွက်များအတွင်း ညမထွက်ရအမိန့် (ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄ )ကို ထုတ်ပြန်လိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ မိနစ် ၄၀ တွင် ဖော်ပြရေးသားထားပါသည်။

ည ၈ နာရီ ၅၉ မိနစ်

မောင်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာ လမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့် ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ၅ ဦး (သို့မဟုတ်) ၅ ဦးထက် ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် ညနေ(၁၈၀၀) နာရီအချိန်မှ နံနက်(၀၆၀၀) နာရီအထိ ကာလအတွင်း ညမထွက်ရ အမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ-၁၄၄ အရ ထုတ်ဆင့်လိုက်သည် ဟု နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင် ယနေ့ ည ၈ နာရီ ၄၆ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။

နိုင်ငံတော်သမ္မတရုံးမှ အရာရှိတစ်ဦးက ၎င်း၏ facebook စာမျက်နှာတွင်
''ယနေ့ မောင်တောဖြစ်စဉ်တွင် သတင်းပို့ချက်အရ ဗိုလ်မှူးရွာ မီးရှို့မှုတွင် ဒဏ်ရာရ။သေဆုံးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(၁) ဒေါက်တာခင်မောင်လတ် (၆၃)နှစ် ၀မ်းဗိုက်ဓါးထိုးခံရ
(၂) ဒေါ်သန်းရီ (၅၇)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၃) ဦးကျော်လှ (၇၈)နှစ် ဦးခေါင်းတွင် ဓါးခုတ်ခံရ
(၄) ဦးသိန်းဇော် (၃၆)နှစ် ခြေ။လက်တို့တွင် ဓါးခုတ်ခံရ
(၅) ဦးလှမောင် (၆၅)နှစ် ဦးခေါင်းတွင်ဓါးခုတ်ဒဏ်ရာ(၁၀)ချက်၊ လက်သန်းပြတ်ရှဒဏ်ရာ တို့ဖြင့် သေဆုံး။
ဒဏ်ရာရရှိသူများကိုမောင်တောဆးရုံသို့ ပို့ဆောင်ခဲ့၊ ယင်းအနက် (၃)ဦးထပ်မံ သေဆုံးခဲ့။'' ဟု ယနေ့ ည ၈ နာရီ ၃၅ မိနစ်တွင် ဖော်ပြရေးသားထားပါသည်။

ည ၉ နာရီ

ယနေ့ည ရှစ်နာရီ အချိန်က ထုတ်လွှင့်ခဲ့သော နိုင်ငံပိုင်မီဒီယာများ၏ သတင်းအစီအစဉ်တွင် ယနေ့ဖြစ်ပွားသော မောင်တောအရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိဘဲ ကျောက်နီမော် ကျေးရွာမှ အမျိုးသမီးအား မုဒိမ်းကျင့်/သတ်ဖြတ်/လုယက် ကျူးလွန်သူ တရားခံ ၃ ဦးအား တရားရုံးထုတ် စစ်ဆေးသည့် သတင်းကိုသာ ထုတ်ပြန်သွားခဲ့ကြောင်း သိရသည်။

ည ၉ နာရီ ၁၂ မိနစ်

မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄)
မောင်တောမြို့နယ်အတွက် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခြင်းကို နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် Breaking News အနေဖြင့် ည ၉ နာရီ ၅ မိနစ် အချိန်က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

နောက်ဆုံးရ မောင်တောမြို့ အခြေအနေ
ညနေ ၄နာရီ၊ ဇွန် ၈ ၊ ၂၀၁၂

မောင်တောမြို့ အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာမှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန်ကြိုးစား သော်လည်း မီးမလောင်ပဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။
အချို့ရပ်ကွက်များတွင် လူနေအိမ်များမီးရှို့ခြင်း ရွှေထည်ပစ္စည်းများ လုယူခြင်းများရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း ၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့်နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။
မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။
အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။
ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်း တခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလို လူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားခြင်းကြောင့် တဖက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
နောက်ထပ် ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခံရပြီး ၃ ဦး အသတ်ခံရသည်ဟု သိရှိရသည်။ သေဆုံးမှု သတင်းကို သီးခြား အတည်မပြုနိုင်သေးပါ။
မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။
သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော် ၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ် အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို
“ နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။
ထိန်းမနိုင် သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေး တပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေး ထား ဆောင်ရွက်လျက် ရှိနေပါသည်။
မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်း ကြစေလိုပါသည်” ဟု ဖေါ်ပြထားသည်ကိုတွေ့ရသည်။ ။


မောင်တောဖြစ်စဉ်တွင် အိမ်ခြေ ၃၈၆လုံး၊ ဈေးဆိုင် ၁၉ ခန်းနှင့် တည်းခိုခန်း တစ်ခု ဖျက်ဆီးခံခဲ့ရကြောင်း သိရ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဘင်္ဂါလီရိုဟင်ဂျာများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၈၆ လုံး၊ ဈေးဆိုင် ၁၉ ခန်းနှင့် တည်းခိုခန်း တစ်ခု ပျက်စီးခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက်ပိုင်းတွင် ရေးသား ဖေါ်ပြထားချက်အရ သိရှိရပါသည်။ လက်ရှိအချိန်တွင် မောင်တော-ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များ အပြင် အရန်အဖြစ် တပ်မတော်မှ ဒုစကခမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကြက် ချထားလျက် ရှိကြောင်း၊ နယ်စပ်ဒေသများ လုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၆)စီး ဖြန့်ကြက်ချထား ကာ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရသည်။

"မနေ့က ဖြစ်စဉ်မှာ မောင်တော မြို့ထဲက ဗလီမှာ ဘင်္ဂါလီများ စုဝေးကြတယ်။ အဲ့ဒီအချိန်မှာပဲ သက်ဆိုင်ရာက ကျောင်းတွေ၊ ရုံးတွေ၊ ဈေးဆိုင်တွေကို ပိတ်ထားဖို့ သက်ဆိုင်ရာက ပြောခဲ့တယ်။ လုံခြုံရေးတာဝန်ရှိသူတွေက ဘင်္ဂါလီအုပ်စုကို သွားရောက် ဟန့်တားခဲ့ပါတယ်။ ဒါပေမယ့် လူစုမကွဲဘဲ မွန်းလွဲပိုင်းမှာ အိမ်တွေကို စပြီး ဖျက်ဆီးတာ မီးရှို့တာ တွေလုပ်တယ်။ လူအင်အား ထောင်ကျော်ရှိတယ်။ သူတို့က လေးတန်း၊ ငါးတန်း အရွယ်ကလေးတွေကို ရှေ့တင်ထားပြီး မြှောက်ပေးပြီး လူအုပ်စုလိုက် လိုက်ဖျက်ဆီးကြတာ။ ဒီကိစ္စမှာ ဖြစ်စဉ်အမှန်တွေကို သတင်းမှန်တွေအဖြစ် အချိန်မီအားလုံး သိရှိရအောင် ဖေါ်ထုတ်ပေးကြပါ။ မောင်တောမှာရှိတဲ့ ဒေသခံရခိုင်တွေရဲ့ ဘ၀လုံခြုံမှုကို ဒီဘင်္ဂါလီတွေက လာထိပါးတာပါ။ အခု ကျွန်တော့်ကို မေးသလို စစ်တပ်က ပစ်ပြီလား ရဲတွေက ပစ်ခတ်နှိမ်နှင်းနေတာလားဆိုတာ ကို ဖြေရရင် ကျွန်တော်သိသလောက် စစ်တပ်က အခြေအနေ ဆိုးရွားလွန်းလို့ ရောက်လာတာ။ ပစ်တာခတ်တာ မရှိဘူး။ ရဲကလည်း မနေ့က လူအုပ်စုခွဲဖို့ ခြောက်လှန့် ပစ်တာက လွဲလို့ တစ်ခြားပစ်ခတ်နှိမ်နှင်းတာမျိုး လုပ်တယ်လို့ မကြားပါဘူး။ အခုတော့ လုံခြုံရေးအတွက် တာဝန်ရှိသူတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။" ဟု ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ ဒေသခံတစ်ဦးက Eleven Media Group မှ ဖုန်းဖြင့် မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ နေအိမ် ဖျက်ဆီးခံရမှုထဲတွင် Eleven Media Group ၏ မောင်တောသတင်းထောက် ကိုဝင်းမောင်၏ နေအိမ်လည်း ဖျက်ဆီးခံခဲ့ရသည်။ ထို့အတွက် Eleven Media Group မှ ထောက်ပံ့ငွေ သိန်း ၂၀ ပေးအပ်မည်ဖြစ်ပြီး မောင်တောတွင် ပျက်စီးဆုံးရှုံးမှုများကို ကူညီရန်အတွက်လည်း အလှူငွေ ကျပ်သိန်း ၂၀ ကို သက်ဆိုင်ရာသို့ ပေးအပ်လှူဒါန်းသွားမည် ဖြစ်ပါသည်။
နေအိမ်မီးရှို့ခံရခြင်း၊ ဆူပူအုံကြွခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူများကို မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း စသည့် (၃)နေရာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိကြောင်း သိရှိရပါသည်။




စစ်တွေမြို့တွင် ခဲဖြင့် ပစ်ပေါက်မှုများ ဖြစ်ပွား

စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာအနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်အနီးတွင်လည်း ရခိုင်လူမျိုးများ နေထိုင်သည့် မင်းဂံအကွက် (၃) နှင့် ဘင်္ဂါလီများ နေထိုင်သည့် ဘုမေ ရပ်ကွက်တို့ ယနေ့မွန်းလွဲပိုင်းတွင် တစ်ဘက်နှင့် တစ်ဘက် ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက် ဖြေရှင်းရာ ပြေလည် သွားကြောင်း သိရသည်။
စစ်တွေမြို့ခံတစ်ဦးမှ Eleven Media Group သို့ ဆက်သွယ်သတင်ပေးပို့ရာတွင်"အခု လူမျိုးရေးထက် ဘာသာရေးဘက်ကို ပိုပြီး ဦးတည်နေပုံပေါက်နေတယ်။ မနက်ကလည်း ဗလီတွေမှ အစည်းအဝေးတွေလုပ်ကြတယ်။ နောက်ပြီး စစ်တွေမှာက ရခိုင်နဲ့ ဘင်္ဂါလီက တစ်ဝက်ဆီလောက်ရှိတယ်။ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးလို့ မြို့ခံတွေအနေနဲ့ မလုံခြုံဘူးလို့ ခံစားနေကြရပါတယ်။ မောင်တောမှာက ရခိုင်လူမျိုး ၂ သောင်းလောက်ရှိပြီး ဘင်္ဂါလီက ၄ သိန်းလောက်ရှိတယ်။ နောက်ပြီး မောင်တောမှာ စစ်တပ်ရှိပေမယ့် ဘာမှ လှုပ်ရှားတာ မတွေ့ရဘူး။"ဟု ပြောကြားခဲ့ပါသည်
စစ်တွေမြို့တွင်လည်း ယနေ့တွင် မြို့၏ အနောက်ဘက် သဲချောင်းရွာအနီးတွင်ရှိသော စစ်တွေသုသာန်သို့ သွားရောက်သည့် နာရေး(၅)စီးမှာ သဲချောင်းရွာမှ ဘင်္ဂါလီများက ခဲများဖြင့် ပေါက်သဖြင့် သုံးစီးသာ မြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ကျန်နှစ်စီးမှာမူ ဆက်သွယ်၍ မရရှိသေးသဖြင့် စစ်တွေမြို့ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အပါး ၂၀ ခန့် အဆိုပါနေရာသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထို့နောက် မွန်းလွဲ ၃ နာရီ ခွဲခန့်တွင် စစ်တွေမြို့သို့ ကျန်ရှိသည့် ကားနှစ်စီး ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်အနီးတွင်လည်း ရခိုင်လူမျိုးများ နေထိုင်သည့် မင်းဂံအကွက် (၃) နှင့် ဘင်္ဂါလီများ နေထိုင်သည့် ဘုမေ ရပ်ကွက်တို့ ယနေ့မွန်းလွဲပိုင်းတွင် တစ်ဘက်နှင့် တစ်ဘက် ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက် ဖြေရှင်းရာ ပြေလည် သွားကြောင်း သိရသည်။
စစ်တွေမြို့ခံတစ်ဦးမှ Eleven Media Group သို့ ဆက်သွယ်သတင်ပေးပို့ရာတွင်"အခု လူမျိုးရေးထက် ဘာသာရေးဘက်ကို ပိုပြီး ဦးတည်နေပုံပေါက်နေတယ်။ မနက်ကလည်း ဗလီတွေမှ အစည်းအဝေးတွေလုပ်ကြတယ်။ နောက်ပြီး စစ်တွေမှာက ရခိုင်နဲ့ ဘင်္ဂါလီက တစ်ဝက်ဆီလောက်ရှိတယ်။ တာဝန်ရှိသူတွေရဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးလို့ မြို့ခံတွေအနေနဲ့ မလုံခြုံဘူးလို့ ခံစားနေကြရပါတယ်။ မောင်တောမှာက ရခိုင်လူမျိုး ၂ သောင်းလောက်ရှိပြီး ဘင်္ဂါလီက ၄ သိန်းလောက်ရှိတယ်။ နောက်ပြီး မောင်တောမှာ စစ်တပ်ရှိပေမယ့် ဘာမှ လှုပ်ရှားတာ မတွေ့ရဘူး။"ဟု ပြောကြားခဲ့ပါသည်

ည ၉ နာရီ ၃၀ မိနစ်

"မောင်တော အခြေအနေကို ကြားရတာ တော်တော်ဆိုးပါတယ်။ မီးစကို ဘယ်ကပဲ စစပေါ့။ ဒီပြသနာမီးပွားကို တရားဥပဒေနည်းလမ်းအရ ဖြေရှင်းဖို့လိုမယ်။ တရားဥပဒေမဲ့ ဘယ်လုပ်ရပ်ကိုမှ ကျွန်တော်တို့ လက်မခံဘူး။ အေးအေးချမ်းချမ်း ဖြေရှင်းတဲ့နည်းလမ်းကို လုံခြုံရေး အာဏာယူထားသူ အားလုံးကလည်း ရေရှည်အတွက်ကို ကြည့်ပြီး လုံခြုံမှု တည်ငြိမ်အောင် ဖြေရှင်းသွားဖို့ တာဝန်ရှိတယ်။ အစလေး တစ်စကို မီးပွားကြီးမဖြစ်အောင် ကျွန်တော်တို့ ထိန်းသိမ်းဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဝက်တစ်ပျက် ဖြစ်သည့်အခါမှသာ ဟိုဟာဖြစ်အောင် ဒီဟာဖြစ်အောင်ဆိုပြီး အပြကောင်းအောင် စောင့်ဆိုင်းနေမယ်ဆိုရင် မမျှော်မှန်းနိုင်တဲ့ ပြသနာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ အချိန်မီ ထိန်းသိမ်းဖို့လိုတယ်။ အချိန်မီထိန်းသိမ်းနိုင်တဲ့ အားမရှိရင် အားရှိအောင်လုပ်ဖို့ သူတို့မှာ တာဝန်ရှိတယ်။ မောင်တောပြသနာကို အစကတည်းက ကျွန်တော်တို့ ကြိုပြီး ပြောခဲ့တယ်။ စစ်တွေမှာ ပြသနာဖြစ်လာကတည်းက မောင်တောမှာ ဖြစ်လာမှာကို ကြောက်လို့ ကျွန်တော်တို့က လူထုကို ရှင်းပြခဲ့တယ်။ ပြောခဲ့တယ်။ ဘူသီးတောင်၊ မောင်တောတို့လို ထိခိုက်မခံနိုင်တဲ့ နေရာတွေသာ ဒီလို ဆက်တိုက်ဖြစ်နေမယ်ဆိုရင် တစ်ခြားနေရာတွေမှာလည်း အများကြီး ကြောက်စရာကောင်းနိုင်တယ်။ အထူးသဖြင့် လူနည်းစုရှိတဲ့ နေရာတွေဟာ အရမ်းကို ကြောက်စရာ ကောင်းပါတယ်။ အခုလို လူထုတွေ ညမအိပ် နေ့မအိပ်နိုင်တဲ့ အခြေအနေ မျိုးတွေဟာ အစိုးရမှာ အများကြီး တာဝန်ရှိပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ နောက်ပိုင်းဆိုရင် နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်ကို ရခိုင်ပြည်သူပြည်သားတွေ လက်ထဲအပ်သင့်တယ်။ ရှမ်းကို ရှမ်းလက်ထဲ အပ်ဖို့လိုမယ်။ တိုင်းရင်းသားတွေ လက်ထဲ အပ်ဖို့လိုမယ်။ မိမိရပ်ကွက်ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာ ဖွဲ့ဖို့ လိုတယ်။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်အောင် လုံခြုံရေး စီမံကိန်းတွေကို ခွင့်ပြုဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ကျွန်တော်တို့က လည်း တောင်းဆိုသွားမှာပါ။ ပြည်သူတွေရဲ့ အိုးအိမ် စည်းစိမ်တွေကို ပြာပုံဘ၀ ရောက်တဲ့အထိ လုပ်တဲ့ ပုံစံမျိုးဟာ ၁၉၄၂ ခုနှစ်က ဖြစ်တဲ့ ကုလား-ရခိုင်အရေးအခင်းမျိုးကို ဖန်တီးတယ် ဆိုရင် ဖန်တီးသူတွေမှာ အများကြီး တာဝန်ရှိပါတယ်။ ဒီလို ဖြစ်မလာဖို့အတွက် လုံခြုံရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာမှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံးမှာ အများကြီး တာဝန်ရှိပါတယ်။ ဒါကြောင့် အသိတရားရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။" ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က Eleven Media Group အား ယနေ့ည ၇ နာရီ အချိန်ခန့်တွင် စစ်တွေမြို့၌ ပြောကြားခဲ့သည်။

ည ၉ နာရီ ၅၃ မိနစ်

မောင်တောမြို့နယ် စံပြားရပ်ကွက်ကို မီးရှို့မှု ဖြစ်ပွားနေကြောင်း ဒေသခံ တစ်ဦးက ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ပြောပါသည်။ သေနတ် ပစ်ခတ်သံ တစ်ချက် နှစ်ချက် ကြားပြီးနောက် ပြန်လည် ငြိမ်သက်သွားကြောင်းနှင့် မီးတောက်များကို မြင်တွေ့နေရဆဲ ဖြစ်ကြောင်း ဒေသခံက ဆက်လက် ပြောကြားခဲ့ပါသည်။

ည ၁၀ နာရီ ၇ မိနစ်

မောင်တောမြို့ပြင်ရှိ ကျေးရွာများကို မီးရှို့ခဲ့သော ဘင်္ဂါလီများက မောင်တော မြို့အတွင်း ၀င်ရောက်ရန် ကြိုးစားနေသဖြင့် ၀င်ရောက်လာမည် ဆိုပါက ပစ်ခတ်တော့မည် ဖြစ်ကြောင်း လုံထိန်းတပ်ဖွဲ့ဝင်များက သတိပေး နေသံများကို ကြားနေရကြောင်း ဒေသခံတစ်ဦးက ည ၁၀နာရီခန့်တွင် ပြောကြားခဲ့ပါသည်။

ည ၁၀ နာရီ ၁၇ မိနစ်
မောင်တောမြို့နယ် ခရေမြိင် စံပြကျေးရွာရှိ ရဲစခန်းအား ည ၉ နာရီ ခွဲခန့်က ဘင်္ဂါလီ ရိုဟင်ဂျာ အယောက် ၂၀၀ ခန့် ၀ိုင်းထားခဲ့သည့်အတွက် ရဲစခန်းမှ သေနတ်ပြစ်ခတ်ပြီး ဟန့်တားခဲ့ရာ ပြန်လည် နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။

ည ၁၀ နာရီ ၂၆ မိနစ်

မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တော မြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။

ည ၁၀ နာရီ ၂၉ မိနစ်

စစ်တွေမြို့ တက္ကသိုလ်အနီး မင်းဂံရွာကို မျက်နှာချင်းဆိုင်ရှိ ဘုမယ်ရွာမှ ဘင်္ဂါလီများက ည ၉ နာရီ ၄၅ မိနစ်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် မင်းဂံရွာသားလေးဦး ဒဏ်ရာ ရှိကာ တစ်ဦးမှာ စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့် အခြေအနေ ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်

ဇွန်လ ၉ ရက်နေ့ နံနက် နောက်ဆုံး သိရှိရသော သတင်းများအရ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသော မောင်တောဒေသခံများအနေဖြင့် အလယ်ရွာ၊ ဒက်ရွာ၊ ၀ိမလရွာ အစရှိသည့် ရခိုင်တိုင်းရင်သားများ နေထိုင်သည့် ရွာများတွင် သွားရောက် နေထိုင်နေကြကြောင်း သိရသည်။ ဇွန်လ ၈ ရက်နေ့ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အနီးအနား ရွာများမှ ဒေသခံဒဏ်ရာရရှိသူများ မောင်တော ဆေးရုံသို့ ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။ မောင်တောမြို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဘင်္ဂါလီရိုဟင်ဂျာများသည် ၄င်းတို့နေထိုင်သည့် ရွာများတွင် စုရုံးမှုများ ရှိနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်

စစ်တွေမြို့လယ်ရှိ အားကစားရုံအနီးတွင် GTC ကျောင်းသားတစ်ယောက် အသတ်ခံခဲ့ရကြောင်း သိရှိရသည်။ မည်သို့ သေဆုံးခဲ့သည်ကို မသိရှိရသေးပါ။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်

ဇွန်လ ၉ ရက်နေ့ နံနက် မောင်တောမြို့တွင်း လက်ရှိအခြေအနေမှာ ငြိမ်သက်နေပြီး မြို့တွင်းသို့ ပေးဝေနေသည့်ရေကို စည်ပင်သာယာက ရပ်တန့်လိုက်ကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ ရပ်တန့်လိုက်ရခြင်းမှာ ရေပေးဝေနေသည့် ကန်တော်ကြီးကန်ကို ဘင်္ဂါလီများက အဆိပ်ခပ်လိုက်သောကြောင့် ဖြစ်ကြောင်း မောင်တောမြို့ခံများက ဆိုပါသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ Eleven Media Group အနေဖြင့် အတည်ပြုနိုင်ရန် ဆက်သွယ်စုံစမ်းနေပြီဖြစ်ပါသည်။ ထို့ပြင် မောင်တောမြို့ဝန်းကျင်ရှိ ခရေကုန်းဘောင်ရွာမှ ဓားဒဏ်ရာများဖြင့် အသတ်ခံရသော ကျောင်းဆရာမ နှစ်ဦး၏ အလောင်းများ မောင်တောဆေးရုံသို့ ယနေ့နံနက် ရောက်ရှိလာကြောင်း သိရသည်။ စစ်တပ်အနေဖြင့် မောင်တောမြို့တွင်းသို့ ဘင်္ဂါလီများ ၀င်ရောက်လာမှု မရှိရန် မြို့ပြင်မှနေ၍ တားဆီးကာကွယ်နေကြောင်း သိရသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၃၆ မိနစ်

မောင်တော-ဘူးသီးတောင်နယ်မြေအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့၊ နစကတပ်ဖွဲ့များ အပြင် အရန်အဖြစ် တပ်မတော်မှ ဒုစကခမှူးဦးစီး တပ်ရင်း(၅)ရင်း ဖြန့်ကျက် ချထားလျက် ရှိကြောင်း၊
နယ်စပ်ဒေသများ လုံခြုံရေးအတွက် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(၆)စီး ဖြန့်ကျက်ချထား ကာ တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် ရေးသား ဖေါ်ပြထားပါသည်။
ယမန်နေ့ညက ကျေးရွာများတွင် မနေရဲ၍ တောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင် ပုန်း အောင်းနေခဲ့ကြရသော ရွာသူ/ရွာသားများကို တပ်မတော် တပ်ရင်းများမှ လိုက်လံရှာဖွေ ခေါ်ယူလျက် ရှိကြောင်း၊ မောင်တောမြို့နယ်အတွင်း ဆူပူအုံကြွ ဖျက်ဆီးမှုများကြောင့် ပျက်စီးမှု အခြေအနေမှာ (ဇွန် ၉ ရက်နေ့၊ နံနက် ၀၁၁၀ ချိန်အထိ) စုစုပေါင်း အိမ်ခြေ ၃၈၆ လုံး၊ ဈေးဆိုင် ၁၉ ခန်း၊ တည်းခိုခန်း ၁ ခန်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် ရေးသား ဖေါ်ပြထားပါသည်။

ဇွန်လ ၉ ရက် နံနက် ၉ နာရီ ၈ မိနစ်

နေအိမ်မီးရှို့ခံရခြင်း၊ ဆူပူအုံကြွခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာသော ပြည်သူများကို မောင်တောမြို့ပေါ်ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်း စသည့် (၃)နေရာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်ပေးလျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံး အရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် ဇွန်လ ၉ ရက် ယနေ့ နံနက် ၉နာရီ ၃၅ မိနစ်တွင် ရေးသား ဖေါ်ပြထားပါသည်။

စစ်တွေမြို့လယ်ရှိ အားကစားရုံအနီးတွင် သေဆုံးခဲ့သော ကျောင်းသားမှာ ကျောက်ဖြူမြို့မှ လာတက်သော ပထမနှစ် GTC ကျောင်းသားဖြစ်ပြီး ကိုထွန်းမြင့်အောင် (၂၃) နှစ် ဖြစ်ကြောင်း သိရသည်။ သေဆုံးရသည့်အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် ယနေ့နံနက် ၈ နာရီခန့်တွင် စစ်တွေမြို့ပေါ်၌ ရဟတ်ယာဉ်တစ်စင်း ပျံသန်းသွားခဲ့ကြောင်း သိရသည်။
နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။


မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေးခဲ့သည်။
အဆိုပါ တရားခံများမှာ ကျောက်နီမော်ဒေသ ကျောက်ထရံ ကျေးရွာမှ ရော်ဖိ (၁၈ နှစ်)၊ ထက်ထက် (၂၃ နှစ်) နှင့် လူယု (၂၁ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးအား ရုံးထုတ် စစ်ဆေးရာသို့ ဒေသခံ ပြည်သူ ရာဂဏန်းခန့် လာရောက် နားထောင်ခွင့် ရခဲ့သည်။
ပြည်နယ်အစိုးရ အဖွဲ့မှ ၀န်ကြီး ၂ ဦး၊ ပြည်နယ် လွှတ်တော် ဒု ဥက္ကဋ္ဌ၊ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲများ တက်ရောက် နားထောင် ခဲ့ကြောင်း၊ တနင်္လာနေ့တွင် ထပ်မံ ရက်ချိန်းပေးထားကြောင်း တရားခွင် သွားရောက်နားထောင်ခဲ့သည့် ဒေသခံများက ပြောသည်။
ယနေ့ နေ့လယ်က ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဈာပန အခမ်းအနား တခုအား မြို့ပြင်ရှိ သုဿန်သို့ သွားရောက် ပို့ဆောင်ရာ သဲချောင်းကျေးရွာနှင့် ဘုမေ ကျေးရွာတို့မှ ရွာသားများသည် လူသေအလောင်း တင်ဆောင်လာသည့် မော်တော်ယာဉ်နှင့် လိုက်ပါပို့ဆောင် သူများအား လူတချို့က အုပ်စုဖွဲ့၍ ခဲများနှင့် ပစ်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်း စသည်ဖြင့် နှောင့်ယှက်ခဲ့ကြောင်း စစ်တွေ မြို့ခံ တချို့က ပြောသည်။
“ဒီနေ့ ၂ နာရီလောက်မှာ ဖြစ်တာပါ။ အသုဘ ယာဉ်တန်းကို ၀ိုင်းဝန်း တိုက်ခိုက်တော့ ရဲတွေကို ချက်ချင်း အကြောင်းကြား ရတယ်။ ရဲတွေ၊ လုံခြုံရေးတွေ လာပြီး လူစုခွဲခဲ့ရတယ်။ အသုဘ ကို လုံခြုံရေး တွေ အကူအညီ နဲ့ သင်္ဂြိုဟ် ဖြစ်ခဲ့တယ်” ဟု ဒေသခံ တဦးက ပြောသည်။
စစ်တွေမြို့၌ လုံခြုံရေး များ ပိုမိုချထားသော်လည်း ယခုအခါ အခြေအနေ တည်ငြိမ်နေပြီ ဖြစ်ကြောင်း သိရသည်။
မသီတာထွေးအား လူသုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုနှင့် ဆက်စပ်၍ တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံခဲ့ရသည်။ ထိုဖြစ်ရပ်နှင့် ဆက်စပ်၍ မောင်းတော မြို့ပေါ်ရှိ မြို့မ ဘုန်းတော်ကြီး ကျောင်းအား ခဲဖြင့်ပေါက်ခြင်း၊ ယူနိုတ်တက် တည်းခိုခန်း အား မီးရှို့ခြင်း၊ ကျေးရွာတချို့အား မီးရှို့ခြင်း စသည် တို့ လုပ်ဆောင်ခဲ့သဖြင့် လူတချို့ ဒဏ်ရာရမှု၊ သေဆုံးမှုတို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် မောင်းတောမြို့ပေါ်တွင် ဆူပူဖျက်ဆီးမှု၊ အနီးဝန်းကျင် ကျေးရွာတချို့အားမီးရှို့ ဖျက်ဆီးမှုကြောင့် အစိုးရ လုံထိန်းတပ်များက ပစ်ခတ်နှိမ်နင်းခဲ့ပြီး ဒေသခံများမှာ ညမိုးချုပ်လာမည်ကို စိုးရိန်နေကြသည်။ လက်ရှိ မောင်းတောနှင့် ဘူးသီးတောင်မြို့၏ အခြေအနေမှာ စိုးရိမ် စရာ ရှိနေပြီး အစိုးရက ထိုဒေသကို ညမထွက်ရ နေဝင်မီးငြှိမ်း ပုဒ်မ ၁၄၄ ထုတ်ထားပြီ ဖြစ်ကြောင်း သိရသည်။

အာဏာပိုင်များ ထိန်းသိမ်းမှု နှောင့်နှေး၍ မောင်တော ပဋိပက္ခ ကြီးမားခဲ့ဟု RNDP ဝေဖန်
သောကြာနေ့ နေ့လည် တနာရီခန့်မှ စတင်၍ မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် အစ္စလာမ် ဘာသာဝင်များ၏ ဆူပူမှုများအား ကိုင်တွယ် ထိန်းသိမ်းရန် အာဏာပိုင်များမှ စီစဉ်ဆောင်ရွက်မှု နှောင့်နှေး ကြန့်ကြာခဲ့၍ ပဋိပက္ခ ကြီးမားခဲ့သည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ဝေဖန်လိုက်သည်။
အစ္စလာမ် ဘာသာဝင် ၁,ဝဝဝ ခန့်က ဘုန်းကြီးကျောင်းများ၊ နေအိမ်များ၊ ဈေးဆိုင်များအား ခဲများဖြင့် ပေါက်ခြင်း၊ လိုက်လံ ဖျက်ဆီး မီးရှို့ခြင်းများ ကျူးလွန်ခဲ့ကြသည်ဟု ဦးခိုင်ကြည်စိုး က ဆိုသည်။

ထိုအခြေအနေအား ထိန်းသိမ်းနိုင်ရန်အတွက် ကနဦး၌ လုံခြုံရေး ရဲအင်အား ၂ဝဝ ခန့်ဖြင့် ထိန်းသိမ်း နိုင်ရန် စီစဉ် ခဲ့ကြသည်။ ထိုအရေအတွက်ဖြင့် မလုံလောက်၍ နောက်ပိုင်းတွင် ပြည်နယ် ဝန်ကြီးချုပ်မှ စစ်တပ် တပ်ရင်း ၂ ရင်း ချထားရန် အမိန့်ပေးလိုက်ကြောင်း သိရှိရသည်။ သို့သော် လုံခြုံရေး အဖွဲ့ဝင်များအတွက် တာဝန်ထမ်းဆောင် သွားလာမှု အဆင်ပြေစေရန် သက်ဆိုင်ရာမှ ကားများ စီစဉ်ပေးထားခြင်း မရှိဘဲ ခြေလျင်ဖြင့်သာ သွားလာလှုပ်ရှားနေကြရသည်။

ဆူပူမှုကြောင့် ကမ္ဘောဇဘဏ်၊ သဇင် တည်းခိုခန်းတို့ မီးရှို့ဖျက်ဆီးခံရပြီး ဆုံးရှုံးမှု ပမာဏကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့အတူ ဗိုလ်မှူးရွာ၊ အောင်ဗလရွာနှင့် အခြားရွာ တရွာတို့၌လည်း အိမ်ထောင်စုအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အပျက်အစီးကို အတည်မပြု နိုင်သေးပေ။ ထိုနေရာများသို့ လူအများ မသွားလာရဲဘဲ ရှိနေသည်။အဆိုပါ အဓိကရုဏ်းကြောင့် သေဆုံးမှုများရှိနေပြီး ဒဏ်ရာရှိသူ လေးဦး မောင်တော ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူနေရကြောင်း ဦးခိုင်ကြည်စိုးက ပြောသော်လည်း သီးခြားအတည်ပြုချက် မရရှိသေးပေ။မောင်တောမြို့အခြေအနေမှာ စိုးရိမ်စရာ အနေအထား၌ ရှိနေကာ အစ္စလာမ် ဘာသာဝင်များနှင့် ရခိုင် လူမျိုးများကြားတွင် မကျေနပ်မှုများ ဆက်လက် ကြီးထွား နေလျက်ရှိသည်။

အစ္စလာမ်ဘာသာဝင်များ အများစုနေထိုင်ကြသည့် မောင်တောနှင့် ဘူးသီးတောင် မြို့များတွင် အုပ်ချုပ်ရေးမှူးများက ပုဒ်မ ၁၄၄ ညမထွက်ရနှင့် ၅ ဦးနှင့် ၅ ဦးထက် လူမစုဝေးရ အမိန့်များ ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်တွင် ရခိုင်အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရရာမှ စတင်ခဲ့သည့် လူမျိုးရေး တင်းမာမှုများမှာ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြို့၌ ခရီးသွား အစ္စလာမ်ဘာသာဝင် ၁ဝ ဦးအား ဒေသခံများက သတ်ဖြတ်မှုထိ ဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့တွင်လည်း ဇွန်လ ၅ ရက်နေ့က အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြမှုဖြစ်ပွားခဲ့သေးသည်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ထိုသတ်ဖြတ်မှုများနှင့်ပတ်သက်၍ တရားဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူရန် စုံစမ်းရေးကော်မရှင်တရပ်ကို ပြည်ထဲရေး ဒု-ဝန်ကြီး ဦးဆောင်၍ ဇွန်လ ၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော်လည်း ဇွန်လ ၈ ရက်နေ့တွင် ယခုကဲ့သို့ မောင်တောမြို့တွင် ဆူပူမှုများ ဖြစ်ပွားလာရပြန်ခြင်းဖြစ်သည်။


မောင်းတော လူနည်းစုမြို့ခံများ လုံခြုံရေး စိုးရိမ်နေ

ရခိုင်ပြည်နယ် မောင်းတောမြို့ပေါ်တွင် အစ္စလမ်ဘာသာဝင်များက အကြမ်းဖက်မှု ပြုလုပ်သဖြင့် လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင် တို့မှာ ၎င်းတို့၏ လုံခြုံရေး အခြေအနေကို စိုးရိမ်နေကြသည်။
ယနေ့မွန်းလွဲ ၁ နာရီခွဲခန့် တွင် အစ္စလမ်ဘာသာဝင်များက မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ အိမ်များ၊ ကျေးရွာတချို့နှင့် တည်းခိုရိပ်သာတချို့ကို မီးရှို့ဖျက်ဆီးပြီး ဓားဖြင့် လက်ရောက်ကျူးလွန်သဖြင့် သေဆုံးမှုများလည်း ရှိခဲ့သည်။ ထိုကြောင့် မြို့ခံများမှာ ကြောက်ရွံ့နေကြခြင်းဖြစ်သည်ဟု ဆိုသည်။
ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့အိမ်များတွင် မနေရဲဘဲ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေပြီး လုံခြုံရေးယူပေး ရန် ရဲစခန်းသို့ အကြောင်းကြားထားသော်လည်း လာရောက် ကာကွယ်ပေးထားခြင်း မရှိသေးသဖြင့် စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရ သည်။
“အကြမ်းဖက်တဲ့လူတွေက ဟိုတဖွဲ့ဒီတဖွဲ့ အိမ်တွေမှာ လူစုနေကြတယ်။ အခု ဒီဘုန်းကြီးကျောင်းနဲ့ အိမ်လေးလုံး အကွာက အိမ်မှာ သူတို့အဖွဲ့ ရာဂဏန်းလောက် ရှိတယ်။ ဒီကို ထွက်ထွက်ပြီး ကြည့်နေတယ်။ ည ရောက်ရင်သူတို့ လာပြီး လုပ်မှာကြောက် နေရ တယ်”ဟု မြို့ခံတဦးက ပြောသည်။
ယနေ့မွန်းလွဲပိုင်းက ရာနှင့်ချီသော အစ္စလန်ဘာသာဝင် အကြမ်ဖက်သူများ မြို့ပေါ်ရှိ ဗိုလ်မှူး ကျေးရွာသို့ ဝင်ရောက်ကာ အနီးရှိ သဇင် တည်းခိုခန်း အပါအဝင် အိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဓားဖြင့် လက်ရောက် ကျူးလွန် ခဲ့သည်။
ထို လူတစု၏ လက်ရောက်ကျူးလွန်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးမှာ နေရာတွင် သေဆုံးသွားခဲ့ပြီး အခြား တဦးဖြစ်သူ ဒေါက်တာ ခင်မောင်လတ် နှင့် ဇနီး အပါအ၀င် အခြားအရပ်သားတဦးမှာ ဒဏ်ရာများနှင့် မောင်းတော မြို့နယ်ဆေးရုံကြီး သို့ တင်ပို့ကာ ဆေးကုသမှု ခံယူခဲ့ရသည်။
မီးရှို့မှု၊ လက်ရောက်ကျူးလွန်မှုများကို ဖြေရှင်းရန် မြို့ခံ ရဲ တပ်ဖွဲ့ဝင်၂၀ ခန့် ဗိုလ်မှူးကျေးရွာသို့ ရောက်ရှိလာသော်လည်း အကြမ်း ဖက် အဖွဲ့မှ ခဲများ၊ တုတ်များဖြင့် လိုက်လံပစ်ပေါက်ခဲ့သဖြင့် ချက်ချင်းထွက်ပြေးသွားခဲ့ရကြောင်း မျက်မြင်များ၏ ပြောဆိုမှုအရ သိရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ဦးခင်မောင်လတ်တို့ ဇနီးမောင်နှံ ဆေးရုံတွင် အသက်ဆုံးသွားပြီဖြစ်ကြောင်း ပြည်တွင်း အခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။ မြို့ခံ အာဏာပိုင်လုံခြုံရေးအဖွဲ့နှင့် အကြမ်းဖက်အဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
သမ္မတရုံး တာဝန်ရှိသူ တဦး၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် “ရခိုင်ပြည်နယ်အတွင်း အထူးသဖြင့် မောင်တော၊ ဘူးသီးတောင် အစရှိသော မြို့များတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များသာမက တပ်မတော်သားများပါ ပူးတွဲပါဝင်ကာ လုံလောက်သော အင်အားဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးအပ်ပါသည်”ဟု ဖော်ပြထားသည်။
မောင်းတောမြို့တွင် အစ္စလမ်ဘာသာဝင် ၉၆ ရာခိုင်နှုန်းနေထိုင်ပြီး ဗုဒ္ဓဘာသာဝင် ရခိုင်နှင့် အခြားတိုင်းရင်းသား ၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။


ရခိုင်ပြည်နယ် ဆူပူမှု ၅ ဦး ထပ်မံသေဆုံး

ရခိုင်ပြည်နယ် မောင်းတောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မနေ့က လူ ၅ ဦး သေဆုံးခဲ့ကြောင်း အစိုးရအရာရှိတွေက ပြောပါတယ်။
မောင်းတောမြို့နယ်က ကျေးရွာ တစ်ဒါဇင်လောက်မှာ နေအိမ်တချို့ကို ဒေသခံ မူဆလင်ဘာသာဝင်တချို့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ပြီး နှိမ်နင်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် မောင်းတောမြို့ပေါ်က မူလတန်းကျောင်း ၅ ကျောင်း ဖျက်ဆီးခံရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့ပေါ်မှာ အခြေအနေကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပေမယ့် အနီးအနား ကျေးရွာတွေမှာ ပဋိပက္ခတွေ ဆက်ပြီးဖြစ်ပွားနေကြောင်း၊ ဗိုလ်မင်းရွာမှာရှိတဲ့ နေအိမ်တချို့နဲ့ တည်းခိုခန်းတချို့ မီးရှို့ခံရတယ်လို့ ဒေသခံတွေ က ပြောဆိုကြောင်း ပြည်တွင်းဂျာနယ်တွေရဲ့Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြကြပါတယ်။
ဒါ့အပြင် စစ်တွေမှာလည်း ခဲနဲ့ပေါက်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့က တားဆီးခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးမှုတွေဟာ မွတ်ဆလင် ဘာသာဝင်တွေက ဓားတွေနဲ့ ခုတ်ကြတာကြောင့် ဖြစ်ကြောင်း၊ ၆၅ နှစ်အရွယ် လူတစ်ယောက်ဟာ ဓားဒဏ်ရာကြောင့် နေရာမှာတင် သေဆုံးခဲ့ကြောင်း၊ တခြား ၃ ယောက်ကတော့ ဒဏ်ရာ အပြင်းအထန်ရပြီး ဆေးရုံပေါ်မှာ သေဆုံးသွားကြောင်း၊ အသတ်ခံခဲ့ရသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အစိုးရအရာရှိ တစ်ယောက်က ပြောပါတယ်။
အခုလို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားးနေတဲ့ ပြဿနာတွေကို အကြမ်းမဖက်ဘဲ ဖြေရှင်းပြီး ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ စာရေးဆရာကြီး ဒဂုန် တာရာက မေတ္တာရပ်ခံ လိုက်ပါတယ်။ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ သတ်ဖြတ်မှုတွေအတွက် စိုးရိမ်ကြောင်းနဲ့ အစိုးရရဲ့ပြုပြင် ပြောင်းလဲမှုတွေ ရှေ့ဆက်နိုင်ရေးအတွက် တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေး ဆွေးနွေးကြဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
မိမိတို့အနေနဲ့ ခရီးသည်တင် ယာဉ်ပေါ်မှာ ပါလာတဲ့ မွတ်ဆလင် ဘာသာဝင် ၁၀ ယောက်ကို ကားပေါ်ကဆွဲချပြီး သတ်ခဲ့တဲ့ကိစ္စနဲ့ မွတ်ဆလင် ဘာသာဝင်တွေ ရဲ့ ပြန်လည် သတ်ဖြတ်မှုတွေအတွက် အလွန်စိုးရိမ် ပူပန်ရပါကြောင်း၊ အသက်ပေါင်းများစွာ သေဆုံးရမှုအတွက် အထူးပဲ စိတ်မကောင်းဖြစ်ရပါကြောင်း၊ ဒီအဖြစ်အပျက် ဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအုပ်စုများအကြား တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြ နေပါတယ်လို့ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Victoria Nuland က ပြောကြားခဲ့ပါတယ်။


မောင်တောမူဆလင် အဓိကရုဏ်း ထိခိုက်မှုတချို့ရှိ

ရခိုင်ပြည်နယ်အနောက်ဘက် မောင်တောမြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ရဲ့ အကြမ်းဘက်ဆူပှုကြောင့် ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားပါတယ်။ လူနေအိမ်တချို့လည်း ပျက်စီး မီးလောင် သွားခဲ့ပါတယ်။ ပြည်နယ်ကွပ်ကဲရေးရုံးက VOA ကို ပြောပြချက်အရဆိုရင် အခုတော့ အခြေအနေကို ထိန်းထားနိုင်ပြီလို့ ဆိုပါတယ်။
မနေ့က ဇွန်လ ၈ ရက်၊ သောကြာနေ့ နေ့လည်က မောင်တောမှာဖြစ်ခဲ့တဲ့ အကြမ်းဘက်မှုတွေက မနေ့က ညနေပိုင်းထိသတင်းကတော့ သေဆုံးတဦး ဒဏ်ရာရသူ ၄ ဦးအထိ ရှိခဲ့ပါတယ်။ ဒီပြဿနာတွေ အတွင်း နေအိမ်နဲ့တည်းခိုခန်းအပြင် ဗီဒိုယိုရုံတွေအပါအ၀င် ၁၈ အိမ်လောက် မီးလောင်ပျက်စီးတာတွေ လည်း ဖြစ်ခဲ့ပါတယ်။ အခု ညနေပိုင်းမှာတော့ နောက်ထပ် ဒီလို ပြဿနာတွေ ထပ် မဖြစ်ရအောင် ဒေသဆိုင်ရာ လုံခြုံရေးတွေက ထိန်းထားတယ်ဆိုတဲ့ နောက်ဆုံးအခြေအနေကိုတော့ ရခိုင်ပြည်နယ်ကွပ်ကဲရေးရုံးက ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်ကပြောပါတယ်။
“အခုနောက်ပိုင်း အခြေအနေကတော့ ကောင်းသွားပြီလို့ သိရပါတယ်။ ကျနော်တို့ဆီမှာ တိုင်းရင်းသားက ဆရာဝန် ဓားထိုးခံရတဲ့သတင်းလောက်ပဲ ရှိပါတယ်ခင်ဗျ။ သူကတော့ ဝမ်းဗိုက်မှာ အထိုးခံရတယ်၊ ဆေးရုံမှာ ဆေးကုသဆဲရှိတယ်။ အဲလောက်ပဲ သိပါတယ်ခင်ဗျ။ လောလောဆယ် သတင်းရတာတော့ ဒေါက်တာခင်မောင်လတ်ရယ်၊ သူ့အမျိုးသမီးရယ်နဲ့ စုစုပေါင်း လေးယောက် ဒဏ်ရာရထားတာတော့ ရှိတယ်။ တိုင်းရင်းသားထဲက ဓားထိုးဒဏ်ရာနဲ့ ဆုံးသွားတာ တယောက်ပဲ ရှိပါသေးတယ်။ အခုတော့ အခြေအနေ ထိန်းထားနိုင်ပါပြီခင်ဗျ။”
ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး တိုက်ခိုက်မှုတွေအထိ ဖြစ်နေတဲ့ ဒီအခြေအနေတွေကိုထိန်းနိုင်ဖို့ လုံခြုံရေး အဖွဲ့တွေက သေနတ်ကို မိုးပေါ်ထောင် ပစ်တာနဲ့ မီးသတ်ပိုက်သုံးပြီး လူစုခွဲထားတွေ လုပ်ခဲ့ပေမဲ့ လူစုလူဝေးထဲ သေနတ်နဲ့ပစ်တာမျိုး၊ သေနတ်ဒဏ်ရာရသွားတာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။
“ကျနော်တို့ဆီမှာ ပစ်တယ်၊ ခတ်တယ်ဆိုတာတော့ မရှိသေးပါဘူး။ တခုတော့ရှိတာပေါ့။ လူစုကွဲအောင်လို့ မီးသတ်ကားနဲ့ရေပက်တာတို့၊ မိုးပေါ်ထောင်ဖောက်တာတို့ အဲလောက်တော့ ရှိတာပေါ့။ အိမ်မီးလောင် တာတွေ ငြိမ်းတာလေ။ အဲလောက်တော့ ရှိပါတယ်။ လူထုကို တည့်တည့်ပစ်ခတ်တာတော့ မရှိပါဘူးဗျ။ တယောက်နဲ့တယောက် ခုတ်ကြ၊ ဖြတ်ကြတာ ဒဏ်ရာရတဲ့လူလည်း ရှိပါတယ်။ သူတို့ဘက်က ဒဏ်ရာ ရတာတော့ ကျနော်တို့မှာ မသိနိုင်သေးဘူးဗျ။”
ရခိုင်ပြည်နယ်ကွပ်ကဲရေရုံးက ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မောင်တောက နောက်ဆုံး အခြေအနေတွေ ပြောပြခဲ့တာပါ။ ဒီပြဿနာဟာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ အခြေအနေပေါ် အခြေခံပြီး သောကြာနေ့မို့ ဗလီဘုရားကျောင်းကနေ ၀တ်ပြုပြီး ဆင်းလာကြတဲ့ မူဆလင်တချို့ရဲ့ မကျေနပ်မှုတွေက စခဲ့တာဖြစ်တယ်လို့လည်း ပြောပါတတယ်။
မကျေမနပ်ဖြစ်နေကြတဲ့ မူဆလင်တချို့ဟာ ရခိုင်တိုင်းရင်းသားတွေပိုင်တဲ့ အိမ်တွေ၊ ဆိုင်တွေကို စပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တိုက်ခိုက်ဖျက်ဆီးတာခံလိုက်ရတဲ့ မောင်တော United တည်းခိုခန်းပိုင်ရှင် ဦးစံရွှေကလည်း ပြောပြပါတယ်။
“၁၂ နာရီခွဲလောက်မှာ ဆုတောင်းပွဲကအပြန်မှာ သွားဖြစ်တယ်။ လူအုပ်ကြီးကများတော့လည်း သွေးက နည်းနည်းပါးပါး ကြွလာတယ် ထင်ပါတယ်။ အဲဒါနဲ့ လမ်းကနေပြီးတော့မှ ဆီတွေ၊ ခဲတွေနဲ့ ပထမ United တည်းခိုခန်းကို စပြီးတော့ ခဲနဲ့ထုတာပေါ့။ ပြီးတာနဲ့ တည်းခိုခန်း ပိုင်ရှင်အိမ်ကို ထုတယ်။ လူအုပ်က များလာတော့ လမ်းမှာအပြည့်ပေါ့လေ- ကျနော်တို့အိမ်ရော တဆက်တည်းဆိုတော့ အိမ်ရော ပါသွားတာပေါ့။ အဲဒီကမှတဆင့် ဒီဘက် ဗိုလ်မှူးရွာမှာ ဒီဘက်က သဇင်တည်းခိုခန်းကို မီးရှို့တယ်။ ပြီးတာနဲ့ ဘေးနားကအိမ်ကို ဖျက်ဆီးတယ်။
နောက်ပြီးတော့ ဗိုလ်မှူးရွာအတွင်းမှာရှိတဲ့အိမ် ၇ လုံးလောက် မီးရှို့ပစ်တယ်။ ကျနော်ထင်တာ ကတော့ တောင်ကုတ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ မကျေမနပ်ဖြစ်တာ ထင်ပါတယ်။ ဒေသခံတွေ ကကျတော့ စိုးရိမ်တာပေါ့။ တိုင်းရင်းသား ဒေသခံတွေက လူနည်းစု ၃၀၀ ကျော်လောက်ပဲ ရှိတာကို။ အခု ရဲတပ်ရင်း (၂) ကနေပြီးတော့မှ လုံခြုံရေးအင်အား ၁၅၀ လောက်နဲ့ နေရာ သုံးနေရာခွဲပြီး နေရာချ ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဖြစ်တဲ့အချိန်ကတော့ သူတို့က မရှိဘူးလေ။ နေရာက လှမ်းနေတော့လည်း အချိန်မမီဘူးပေါ့။ အဲဒါ မီးရှို့တဲ့အချိန်မှာလည်းပဲ ဘာမှတော့ လုပ်လို့ မရဘူးပေါ့လေ။ နောက်တခါ ကျနော်တို့ ဒီဘက်မှာ ညနေ သုံးနာရီကျော်ကျော်လောက်မှာကျတော့ အနားမှာရှိတဲ့ ရခိုင်ရွာမှာလည်း ရခိုင်အိမ် ၄ လုံး ဗွီဒီယို ရုံတရုံ မီးရှို့ပစ်တယ်။”
ဒါကတော့ မောင်တောမြို့ခံ ဦးစံရွှေက ပြောပြခဲ့တာပါ။ အခုညပိုင်း နောက်ဆုံးအထိတော့ အခြေအနေတွေဟာ တည်ငြိမ်နေပြီဖြစ်ပြီး မောင်တော မြို့တ၀ိုက်မှာတော့ လုံခြုံရေးတွေ ချထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၊ ကျောက်နီမော်ရွာမှာ မလ ၂၈ ရက်နေ့က မသီတာထွေးကို လူငယ်သုံးဦးက ပစ္စည်းလုယူ၊ အဓမ္မပြုကျင့်ပြီးတော့ အကြမ်းဘက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကနေ အခုလို ပြဿနာတွေ စခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ ၃ ရက်နေ့က တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ စီးလာတဲ့ကားကို လူတစုက အကြမ်းဘက် တားဆီးပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တာကြောင့် ကားပေါ် ပါလာတဲ့ လူ ၁၀ ဦး သေဆုံးခဲ့တဲ့အထိ နောက်ဆက်တွဲဖြစ်ခဲ့ပြီးတဲ့နောက် အခုတကြိမ် မောင်တော မှာ ပြဿနာတွေ ထပ်ဖြစ်ခဲ့တာပါ။ အစိုးရကတော့ ရခိုင်ပြည်နယ်ထဲ မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေ ရဲ့ ဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ကို ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။
နောက်ဆုံးရတဲ့ သတင်းအရ မောင်တောနဲ့ ဗူးသီးတောင် မြို့ပေါ်ရပ်ကွက်တွေမှာ ပုဒ်မ ၁၄၄၊ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မောင်းတောမြို့နယ် နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ
ရခိုင်ပြည်နယ် မောင်းတောမြို့နယ်က ကျေးရွာတစ်ဒါဇင်လောက်မှာ နေအိမ်တချို့ကို ဒေသခံ မူဆလင်တချို့က ဒီနေ့ မီးရှို့ဖျက်ဆီးတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ပြီး နှိမ်နင်းခဲ့ရတယ်လို့ သတင်းတွေ ရရှိပါတယ်။
ဒါ့အပြင် မောင်းတောမြို့ပေါ်က မူလတန်းကျောင်း ၅ ကျောင်း ဖျက်ဆီးခံရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မြို့ပေါ်မှာ အခြေအနေ ထိန်းသိမ်းနိုင်ပြီ ဖြစ်ပေမယ့် အနီးအနား ကျေးရွာတွေမှာ ပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားနေကြာင်း၊ ဗိုလ်မှူးရွာရှိ နေအိမ်တချို့နဲ့ တည်းခိုခန်းတစ်ခု မီးရှို့ခံရတယ် လို့ ဒေသခံတွေက ပြောဆိုကြောင်း ပြည်တွင်း ဂျာနယ်တွေနဲ့ Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြကြပါတယ်။
ဒါ့အပြင် စစ်တွေမြို့မှာလည်း ခဲတွေနဲ့ ပစ်ပေါက်တဲ့ ဖြစ်ရပ်တွေကြောင့် ရဲတပ်ဖွဲ့က တားဆီးခဲ့ရတယ်လို့ သိရပါတယ်။နိုင်ငံတော်သမ္မတရုံး အရာရှိတစ်ဦးအဖြစ် လူသိများသူ “မှူးဇော်” ကတော့ သူ့ရဲ့  အင်တာနက် FaceBook စာမျက်နှာမှာ နိုင်ငံတော်အစိုးရ အနေနဲ့ ဖြစ်ပေါ်လာနိုင် တဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ဖြေရှင်းနိုင်အောင် အမြန်ဆုံး ဆောင်ရွက်နေတဲ့အကြောင်း၊ မိဘပြည်သူတွေအနေနဲ့ စိတ်အေးအေး ထားကြဖို့နဲ့ လက်ရှိ အခြေအနေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းကြပါ ဆိုပြီး ရေးသားထားပါတယ်။
RFA က မောင်းတောမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ တယ်လီဖုန်းလိုင်း အခက်အခဲကြောင့် မေးမြန်းလို့ မရသေးပါဘူး။ အပြည့်အစုံသိနိုင်အောင် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။


LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Facebook: Sa Maung

0 comments:

Post a Comment