ကမ္ဘာ့သတင်းများ 11/06/2012

နိုင်ငံတကာသတင်း


ကင်ညာ ပြည်ထဲရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျ သေဆုံး

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီ အနီး တနင်္ဂနွေနေ့ စောစောပိုင်းက ရဟတ်ယာဉ်တစီး ပျက်ကျသွားခဲ့ရာမှာ အနည်းဆုံးလူ ၆ ဦး သေဆုံးသွားခဲ့ပြီး သေဆုံးသူတွေထဲမှာ ကင်ညာပြည်ထဲရေးဝန်ကြီး ဂျော့ဆီယက် တိုတီ လည်း ပါဝင်ကြောင်း ကင်ညာအစိုးရ တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့တို့က ပြောဆိုပါတယ်။
ရဟတ်ယာဉ်ဟာ တောင်ကုန်းတွေထူထပ်တဲ့ နေရာမှာပျက်ကျခဲ့ပြီး ၀န်ကြီးရဲ့ ကိုယ်ရေးလက်ထောက် တဦးနဲ့ သက်တော်စောင့် တဦးတို့လည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ဂျော့ဆီယက် တိုတီ ဟာ ဒုတိယ သမ္မတဟောင်းတဦး ဖြစ်တဲ့အပြင် လာမယ့်နှစ် မတ်လမှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကြရင် သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။တခြားသေဆုံးရာမှာ ပါဝင်သူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာ မသိရပါဘူး။ မျက်မြင်သက်သေတွေ အဆိုအရတော့ ခန္ဓာကိုယ်တွေဟာ ဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် မီးလောင်ကျွမ်းထားတယ်လို့ ပြောပါတယ်။
ဘာကြောင့် အခုလို ရဟတ်ယာဉ် ပျက်ကျရတယ်ဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။


တရုတ်တွင် ထင်ရှားသော အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် လီဝမ်ယန်သည် ဆေးရုံတွင် ဇွန်လ ၆ ရက်နေ့က ကြိုးဆွဲချ သေဆုံးနေသည်ဟု အစိုးရက ထုတ်ပြန်ခဲ့ရာ ယင်းကဲ့သို့ ထုတ်ပြန်မှုမှာ 'စော်ကားမှု' ၊ 'လက်သင့်ခံစရာ မကောင်းသော အဓိပ္ပာယ်မဲ့မှု' ဟု လီ၏ သူငယ်ချင်းများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ လီသည် ဟူနန်ပြည်နယ်၊ Shaoyang ရှိ Daxiang ခရိုင်ဆေးရုံတွင် တက်ရောက်နေခြင်း ဖြစ်သည်။

အလုပ်သမား အခွင့်အရေးအတွက် ကာလရှည်ကြာ လှုပ်ရှားလာခဲ့သော လီမသေဆုံးမီ သွားရောက်တွေ့ဆုံခဲ့သည့် ဟွမ်လီဟောင်က လီဝမ်ယန်သည် စိတ်ဓာတ်ကောင်းမွန်သူတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့်ပုံစံ လုံးဝမရှိခဲ့ကြောင်း၊ မိမိ၏ ရေဒီယိုကိုပင် နားထောင်ခဲ့ပြီး ယင်းကဲ့သို့ ရေဒီယိုတစ် လုံးဝယ်ပေးရန် သူ၏ညီမကို ပြောခဲ့သေးကြောင်း ပြောကြားခဲ့သည်။

လီမှာ ၁၉၈၉ ခုနှစ် တီယန်မင် အရေးအခင်းအပြီးတွင် ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခံရပြီးနောက် မျက်မမြင်၊ နားမကြားဖြစ်ကာ လမ်းလျောက်ရာ၌ အခက်အခဲဖြစ်ခဲ့ကြောင်းလည်း သိရသည်။ လီသည် တီယန်မင် အရေးအခင်းအပြီး အလုပ်သမားများကို ဆန္ဒပြရန် တိုက်တွန်းခဲ့ သဖြင့် ထောင်ချခံရခြင်းဖြစ်ကြောင်း တရုတ်လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့ HRIC  က ထုတ်ပြန်ခဲ့သည်။

ထောင် ၁၁ နှစ် ကျခံရပြီးနောက်၂၀၀၀ ပြည့်နှစ်တွင် ပြန်လွတ်လာကာ ထောင်တွင်း နှိပ်စက်ခံရမှုများကြောင့် ဆေးကုသမှုစရိတ်များပေးရန် Shaoyang တာဝန်ရှိသူများထံ တောင်းဆိုမှုပြုလုပ်ရာမှ ၂၀၀၁ ခုနှစ်တွင် ထပ်မံဖမ်းဆီးခံရသည်။ တာဝန်ရှိသူများက ဆေးဖိုးမပေးဘဲ စွဲ ချက်သစ်များ ထပ်မံစွဲဆိုကာ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း HRIC က ထုတ်ပြန်ခဲ့သည်။ ယခုနှစ်၊ မေလတွင် ပြန်လွတ်လာပြီး သူတက်နေသည့်ဆေးရုံတွင် အချိန်တိုင်း စောင့်ကြည့်ခံနေရကြောင်း သူ၏ မိသားစုဝင်များက ပြောကြားခဲ့သည်။

 လီသည် အားနည်းနေသူဖြစ်ပြီး ဆေးရုံ ဒုတိယအလွှာမှနေ၍ အကူမပါဘဲ ဆင်းနိုင်သူမဟုတ်ကြောင်း သူငယ်ချင်းတစ်ဦးဖြစ်သူ Zhou Zhirong က ပြောကြားခဲ့သည်။
''သူ ဒီလိုမျိုးသေတယ်လို့ ပြောတာ စော်ကားလိုက်တာပဲ။ လီဝမ်ယန် ကျွန်တော့်ကိုရော၊ အခြားသူတွေကိုရော အကြိမ်ကြိမ်ပြောဖူးတယ်။ သူသေတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ ဘယ်တော့မှ လက်မလျော့ဘူးလို့ ပြောထားတယ်။ သူ ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ ရဲကပြောတာကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ တစ်ယောက်ယောက် သတ်သွားတာ'' ဟု ဟွမ်လီဟောင်က ပြောကြားခဲ့သည်။

လီ ကိုယ့်ကိုယ်ကို သတ်သေပြီးနောက် ဆေးရုံဝန်ထမ်းတစ်ဦးက ဇွန်လ ၆ ရက်၊ နံနက် ၆ နာရီ ကျော်တွင် မိမိတို့ကို ဖုန်းဆက်ခဲ့ကြောင်း လီ၏ယောက်ဖ Zhou Zhirong က HRIC သို့ ပြောကြားခဲ့သည်။

လီ၏ယောက်ဖနှင့် ညီမတို့၏ ဖုန်းများကိုဆက်ကြည့်ရာ မရသဖြင့် သူတို့နှစ်ဦးမှာ လီသေဆုံးသည့် ဆေးရုံအနီး ဟိုတယ်တစ်ခုတွင် ထိန်းသိမ်းခံရဖွယ်ရှိသည်ဟု လီ၏သူငယ်ချင်းများက ယုံကြည်နေသည်။

လီသေဆုံးပြီး နာရီပိုင်းအကြာတွင် ယင်းသေဆုံးမှုကို ယင်းပြည်နယ်မှပြင်ပမှ တာဝန်ရှိသူများက စုံ စမ်းစစ်ဆေးပြီး ရလဒ်များ ထုတ်ပြန်ပေးရန် အွန်လိုင်းပေါ်မှ တောင်းဆိုမှုအား ဟောင်ကောင်အခြေစိုက် ဂျာနယ်လစ်ပေဖန်း၊ တရုတ်စီးပွားရေးပညာရှင် ကျားယီလျန်၊ စာပေပညာ ရှင်ဝူရင်ဟွာတို့က စတင်ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ပြုလုပ်ပြီး ခဏအတွင်း လူ ၂၀၀၀ ကျော် ပါဝင်လာခဲ့သည်။   


ခြစားမှုနှင့် ရွေးကောက်ပွဲတွင် မဲမသမာမှု စွဲချက်များအတွက် ရုံးတင်စစ်ဆေးမှုကို စောင့်ဆိုင်းနေစဉ် ကာလအတွင်း ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရီယာအာရိုယိုသည် ဆေးရုံတစ်ခု၏ အခန်းတွင်ရှိခြင်းထက် ထောင်ထဲတွင်ရှိသင့်သည်ဟု သမ္မတ ဘင်နစ်နိုအကွီနိုက ဇွန်လ ၇ ရက် နေ့တွင် ပြောကြားခဲ့သည်။
အာရိုယို အမှန်တကယ် နာမကျန်းဖြစ်နေခြင်း ရှိ၊ မရှိကို သမ္မတ ဘင်နစ်နိုအကွီနို၏ ပြောခွင့်ရပုဂ္ဂိုလ် Edwin Lacierda က စစ်ဆေးခဲ့ပြီး သူမ၏ အခြေအနေအား သုံးသပ်ရန်အတွက် ဆရာဝန်များကို တိုက်တွန်းခဲ့သည်။

''ကျန်းကျန်းမာမာ ရှိနေတယ်ဆိုရင် သူမကို ထောင်တစ်ခုမှာ ထားသင့်ပါတယ်။ ဟန်ဆောင် နာမကျန်းမှု အကြောင်းတစ်ခုအနေနဲ့ ဆေးရုံမှာ ဖမ်းဆီးမှုကို မလုပ်သင့်ပါဘူး''ဟု Lacierda က ABS-CBN  ရုပ်သံသို့ ပြောကြားခဲ့သည်။

အာရိုယိုသည် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲအတွင်း မဲမသမာမှုပြုမှုနှင့် သမ္မတအဖြစ်ထမ်းဆောင် စဉ်အတွင်း ခြစားခဲ့မှုများ စွဲချက်များဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အာရိုယိုကမူ အဆိုပါပြစ်မှုများကို ကျူးလွန်ခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။အသက် ၆၅ နှစ်အရွယ်ရှိ အာရိုယိုကို အာမခံပေးရန်အတွက် တရားရုံးက ငြင်းဆိုခဲ့သော်လည်း သူမ၏ ကျောရိုးရောဂါကုသရန်အတွက် ဆေးရုံတွင် နေထိုင်ရန် ခွင့်ပြုခဲ့သည်။


ပါကစ္စတန်သည် ဇွန်လ ၅ ရက်နေ့က နျူကလီးယားထိပ်ဖူး တပ်ဆင်ထားသော တာဝေးပစ် ဒုံးကျည်သစ်တစ်မျိုးအား စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။ အိန္ဒိယက တာဝေးပစ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် သီတင်းပတ် ခြောက်ပတ်အတွင်း ပါကစ္စတန်က တာဝေးပစ် ဒုံးကျည်ပစ်လွှတ်မှုကို ယခုအကြိမ်ပါဆိုလျှင် ငါးကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ငါးကြိမ်မြောက်ပစ်လွှတ်ခဲ့သော နျူထိပ်ဖူးတပ် တာဝေးပစ်ဒုံးကျည် Hatf VII မှာ ခရုဇ်ဒုံးကျည် အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၇၀၀ (မိုင် ၄၄၀) အထိရောက်အောင် ပစ်လွှတ်နိုင်ကာ သမားရိုးကျလက်နက်များကိုလည်း တပ်ဆင်ပစ်ခတ်နိုင်ကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့ သည်။

ယင်းခရုဇ်ဒုံးကျည်သည် စွမ်းဆောင်ရည်မြင့်မားပြီး မြေပြင်မှ အနိမ့်ပျံသန်းနိုင်စွမ်းရှိကာ ပစ်မှတ် အလွန်တိကျခြင်းနှင့် ရေဒါများပေါ်တွင် မပေါ်နိုင်ခြင်းစသည့် စွမ်းဆောင်ရည်များရှိကြောင်း သိရသည်။
အိန္ဒိယသည်  ၎င်း၏ ပြိုင်ဘက် တရုတ်နိုင်ငံ၏ မည်သည့်နေရာကိုမဆို ရောက်အောင်ပစ်လွှတ်နိုင်သော တစ်တန်အလေးချိန်ရှိ နျူကလီးယား ထိပ်ဖူးတပ် Agni V  အမည်ရတာ ဝေးပစ်ဒုံးကျည်တစ်ခုအား ဧပြီလ ၂၀ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ် လွှတ်နိုင်ခဲ့ရာ ၎င်းတို့စစ်တပ်၏ နည်းပညာမြင့်မားလာမှုကို ပြသနိုင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယက တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီးနောက်ပိုင်း ဧပြီလ ၂၅ ရက်မှစ၍ ပါကစ္စတန်သည် နျူထိပ်ဖူးတပ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရသည့် ၁၉၄၇ ခုနှစ်နောက်ပိုင်း အိန္ဒိယနှင့် ပါကစ္စတန်သည် စစ်ပွဲ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ၁၉၉၈ ခုနှစ်မှစတင်ကာ နှစ်နိုင်ငံစလုံးက နျူကလီးယား ဒုံးကျည်များ၊ လက်နက်များ ပစ်လွှတ်စမ်းသပ်မှုများကို အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြသည်။

ပါကစ္စတန်နိုင်ငံသည် အိမ်နီးချင်းအိန္ဒိယနှင့် ပြိုင်ဆိုင်ရန်သာ အဓိက စိတ်အားထက်သန်လျက်ရှိသော်လည်း အိန္ဒိယနိုင်ငံမှာမူ ကမ္ဘာ့စင်မြင့်တွင် သြဇာကြီးမားလာသော တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် အရေးပါမှုများကိုသာ အဓိကထား အာရုံစိုက်လာကြောင်း ကာကွယ်ရေး သုတေသီများက  သုံးသပ်ခဲ့ကြ သည်။



အီဂျစ်အခြေခံဥပဒေသစ် ရေးဆွဲမည့်အဖွဲ့ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အီဂျစ် နိုင်ငံရေးပါတီများအကြား သဘောတူညီမှု ရခဲ့သဖြင့် သီတင်းပတ်များစွာ လိပ်ခဲတည်းလည်းဖြစ်မှု အဆုံးသတ်သွားခဲ့သည်။
ပါတီ ၂၂ ခုမှ ကိုယ်စားလှယ်များနှင့် အီဂျစ်စစ်ဘက်ကောင်စီ ဥက္ကဋ္ဌ ဟူစိန်တန်တာဝီတို့အကြား ဆွေးနွေးပြီးနောက် သဘောတူညီချက် ရခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းအဖွဲ့တွင် လွှတ်တော်တက်နေသူများလည်း ပါဝင်နိုင်ပြီး လာမည့်သီတင်းပတ်၌ ရွေးချယ်ဖွယ် ရှိကြောင်း သိရသည်။

ယခင်ဖွဲ့စည်းခဲ့သော အဖွဲ့တွင် အစ္စလာမ်မစ်ဝါဒီများသာ လွှမ်းမိုးနေသည်ဟုဆိုကာ လစ်ဘရယ်ဝါဒီများနှင့် လောကီသီးသန့်ဝါဒီများက ကန့်ကွက်ခဲ့ပြီးနောက် ယင်းအဖွဲ့ကို ဧပြီ လ ၁၀ ရက်တွင် ဖျက်သိမ်းခဲ့သည်။
ထပ်မံဖွဲ့စည်းမည့်အဖွဲ့တွင် နိုင် ငံရေးသမားများ၊ စစ်တပ်အဖွဲ့ဝင်များ၊ ရဲ၊ တရားရေး၊ ကုန်သွယ်ရေး သမဂ္ဂ၊ မွတ်ဆလင်နှင့် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ စသည်ဖြင့် အဖွဲ့ဝင် ၁၀၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အခြေခံဥပဒေသစ်ရေးဆွဲမည့် အဖွဲ့ကို ၄၈ နာရီအတွင်း အပြီးဖွဲ့ စည်းရန် စစ်ဘက်ကောင်စီက ဇွန်လ ၅ ရက်တွင် ရာဇသံပေးခဲ့ပြီးနောက် ယခုကဲ့သို့သဘောတူညီမှုရခဲ့ခြင်းဖြစ် သည်။
အဖွဲ့ဝင် ၁၀၀ အနက် ၃၉ နေ ရာကို အစ္စလာမ်မစ်ပါတီများ လွှမ်းမိုးထားသော အောက်လွှတ်တော်မှ အမတ်များအား ရွေးချယ်ဖွယ်ရှိပြီး ခြောက်နေရာကို တရားသူကြီးများ၊ ကိုးနေရာကို ဥပဒေကျွမ်းကျင် ပညာရှင်များ၊ စစ်တပ်၊ ရဲနှင့် တရားရေးဌာနတို့အတွက် တစ်နေရာစီ၊ သမဂ္ဂ များအတွက် ၁၃ နေရာ၊ သြဇာလွှမ်းမိုးမှုရှိသူများအတွက် ၂၁ နေရာ လျာထားကြောင်း ဆွေးနွေးပွဲတက်ရောက်သော ကိုယ်စားလှယ်များကို ကိုးကား၍ အေအက်ဖ်ပီက ဖော်ပြခဲ့သည်။ အခြေခံဥပဒေဟောင်းကို သမ္မတဟောင်း ဟိုစနီမူဘာရက် ရာထူးဆင်းပေးခဲ့ရပြီးနောက် ၂၀၁၁ ခုနှစ် တွင် ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။


ဆီးရီးယား နိုင်ငံရေးပဋိပက္ခ ဖြေရှင်းရာတွင် ကုလသမဂ္ဂ ပဋိညာဉ်တွင်ပါသော အခန်း ၇ မှာ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်း အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦးက ဇွန်လ ၆ ရက်တွင် ပြောကြားခဲ့သည်။

ကုလ ပဋိညာဉ်ပါ အခန်း ၇ အရ ကုလလုံခြုံရေးကောင်စီက အထူးဆုံ ဖြတ်ချက်ချနိုင်ရေးအတွက် လိုအပ်သော အရေးယူ လုပ်ဆောင်မှုအားလုံး ပြုလုပ်ရန် ကုလအဖွဲ့ဝင်နိုင်ငံများအား လုပ်ပိုင်ခွင့်ပေးထားပြီး အချို့ဖြစ်စဉ်များတွင် စစ်ရေးနည်းလမ်းကိုပါ အသုံးပြုခွင့်ပေးထားသည်။

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်အစိုးရအနေဖြင့် အာဏာအလုံးစုံ လွှဲပေးရေး တောင်းဆိုထားသည့် မဟာဗျူဟာတစ်ခုကို ဟီလာရီက တူရကီတွင်ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ ထုတ်ပြန်ခဲ့သည်။ ''စစ်မှန်တဲ့ အပြောင်းအလဲ လိုအပ်နေတဲ့ ဆီးရီးယားပြည်သူတွေရဲ့ ယုံကြည်မှုကို ချိုးဖျက်လို့ မရဘူး''ဟု ဥရောပနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများပါဝင်သော ဆွေးနွေးပွဲတွင် ဟီလာရီက ပြောကြားခဲ့သည်။ဆီးရီးယားကို ပြည်ပမှစစ်ရေး စွက်ဖက်မှုနှင့် အစိုးရအပြောင်းအလဲ ပြုလုပ်ရေးမူဝါဒများကို ကန့်ကွက်ကြောင်း ရုရှားနှင့် တရုတ်က ဇွန်လ ၆ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ ဆီးရီးယားအရေး ဆွေးနွေးရန် အီရန်ပါဝင်သော နိုင်ငံတကာ ကွန်ဖရင့်တစ်ခုပြုလုပ်ရန် ရုရှားက အဆိုပြုခဲ့သည်။

ပြည်သူများကို တိုက်ခိုက်နေသော အာဆတ်အစိုးရအား ကူညီပေးနေသည့်နိုင်ငံ (အီရန်) အား ဆွေးနွေးပွဲသို့ ဖိတ်ကြားရန်မှာ စဉ်းစားရန်ပင် ခက်ခဲကြောင်း ဟီလာရီက ပြောကြားခဲ့သည်။ 

NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment