မြန်မာသတင်းများ ဇွန် လ ၁၁ ရက် ၂၀၁၂


နိုင်ငံတည်ငြိမ်ရေး သတိနဲ့ ၀ိုင်းဝန်းဆောင်ရွက်ဖို့ သမ္မတတိုက်တွန်း




မြန်မာသတင်းများ ဇွန် လ ၁၁ ရက် ၂၀၁၂


နိုင်ငံတည်ငြိမ်ရေး သတိနဲ့ ၀ိုင်းဝန်းဆောင်ရွက်ဖို့ သမ္မတတိုက်တွန်း

ရခိုင်ပြည်နယ် တပြည်နယ်လုံးကို အရေးပေါ်အခြေအနေဖြစ် ကြေညာလိုက်ကြောင်း မနေ့က ည ၈ နာရီ သတင်းစဉ်အတွင်းမှာ ထည့်သွင်း ကြေညာသွားပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ အခုအသံမလွှင့်ခင်ကလေးကပဲ တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲ တည့်သွင်း ပြောကြားသွားတာပါ။
သမ္မတက ပြည်သူလူထုအားလုံး အတူတကွ ပူးပေါင်းပြီး နိုင်ငံတည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းသွားပါတယ်။
တချိန်တည်းမှာပဲ ရခိုင်ပြည်အတွင်းက မြို့နယ်တချို့မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်အစိုးရက ပုဒ်မ (၁၄၄) ကို မနေ့က ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပေမဲ့ အခြေအနေတွေဟာ တည်ငြိမ်မှု ရှိမလာဘဲ အကြမ်းဖက် ဆူပူမှုတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့်ဆိုပြီး ရခိုင် တပြည်နယ်လုံးကို အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တာပါ။
“ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) ထုတ်ပြန် ဆောင်ရွက်လိုဖြင့် ရခိုင်ပြည်နယ်တွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ဖော်ဆောင် ပေးနိုင်စေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၁၂)၊ ပုဒ်မခွဲ (က) အရ ရခိုင်ပြည်နယ်တွင်း ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ အပိုဒ် (၃)၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၁၃)၊ ပုဒ်မခွဲ (က) အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။ အပုဒ် (၄)၊ ၏အမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစုံတရာ ထုတ်ပြန်မှုမရှိမချင်း အတည်ဖြစ်သည်။”
ရခိုင်ပြည်နယ်အတွင်း အရေးပေါ် အခြေအနေ ကြေညာလိုက်တဲ့အကြောင်း မြန်မာ့အသံက ထုတ်လွှင့်သွားတာ ဖြစ်ပါတယ်။


ရခိုင်ပြည်နယ်က ဆူပူမှုတွေကြောင့် ဒီမိုကရေစီကူးပြောင်းရေး ထိခိုက်နိုင်တယ်လို့ သမ္မတပြောကြား

ရခိုင်ပြည်နယ်က လက်ရှိဆူပူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို ထိခိုက်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့ကပြောကြားလိုက်ပါတယ်။
အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) အရ ဇွန်လ (၉) ရက်နေ့ ကစပြီး ရခိုင်ပြည်နယ်တွင်း အရေးပေါ်အခြေအနေအဖြစ် သမ္မတက ကြေညာချက်ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်း လူမျိုးစွဲ၊ ဘာသာစွဲ လက်စားချေ တုံ့ပြန်မှုတွေဟာ ကျယ်ပြန့် လာနေတဲ့အတွက် အခြားနေရာဒေသတွေကိုပါ ပျံနှံ့သွားမှာကို စိုးရိမ်မိကြောင်းလည်း သမ္မတဦးသိန်းစိန်က မနေ့က အရေးပေါ်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒါအပြင် ယခုကိစ္စကို ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေနဲ့ မီဒီယာစာနယ်ဇင်းတွေအားလုံး ပူးပေါင်းဖြေရှင်းကြဖို့ အထူးလိုအပ်ကြောင်းအပြင် အကြမ်းဖက်မှုကြောင့် နစ်နာဆုံးရှုံးခဲ့ကြရသူတွေ အတွက်လည်း တရားမျှတမှုရှိအောင် အလေးထားဆောင်ရွက်သွားမယ်လို့ သမ္မတ ကပြောပါတယ်။
မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေထဲမှာ ဇွန်လ (၈) ရက်နေ့ ရက်စွဲနဲ့ ပုဒ်မ (၁၄၄) ထုတ်ပြန်ထားပေမယ့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ထိထိရောက်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အပြင် ဇွန်လ (၉) ရက်နေက စစ်တွေမြို့မှာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုလို အရေးပေါ်အခြေအနေ ကြေညာလိုက်တာဖြစ်ပြီး တာဝန်ထမ်းဆောင်ရာမှာ တပ်မတော်ရဲ့အကူအညီကို ရယူဆောင်ရွက်မယ်လို့လည်း သမ္မတရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။





စစ်တွေမှာ ညမထွက်ရ အမိန့် ထုတ်ပြန်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီကနေ့ မွန်းလွဲပိုင်းက ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ မနေ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်တွေမြို့မှာ တညလုံး အထိတ်တလန့် ဖြစ်နေကြပြီး ဒီနေ့ အခြေအနေကို RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။
"၁၁ နာရီခွဲ ၁၂ နာရီလောက်မှာ လမ်းမတော်တောင်ပေါ့။ မြစ်ကမ်းဘက်မှာ မူဆလင်အိမ်တွေပဲ။ သူတို့က မော်တော်နဲ့ ထွက်သွားပြီးတော့ အိမ်တွေကို မီးရှို့ခဲ့တယ်။ မီးသတ်တွေရော ရပ်ကွက်က လူတွရော မီးသတ်လိုက်တယ်။ မီးလောင်ပြင်လိုတော့ ဖြစ်သွားတာပေါ့။ အဲဒါက မြို့ရဲ့ အရှေ့ဘက် မြစ်ကမ်းဘေးမှာပေါ့လေ။ မြို့အနောက်ဘက်က နဲနဲ ထိပ်တိုက်တိုးတဲ့ မီးစက်လမ်းဆုံပေါ့လေ။ အဲဒီတ၀ိုက်မှာတော့ ရခိုင်တွေနဲ့ မူဆလင်တွေနဲ့ tension တွေ ဖြစ်နေတာပေါ့။ ဘာမှ ထိပ်တိုက်တိုးတာတွေတော့ မ၇ှိဘူး။ မူဆလင်ရွာနဲ့နီးတဲ့ နေရာက ရခိုင်တွေကတော့ ပြေးလာပြီးတော့ မြို့အနောက်ဘက်က အဓိဌာန်ဆရာတော်ရဲ့ကျောင်းထဲမှာ နေတာ ဒုက္ခသည် လူ တထောင်နီးပါးရှိတယ်။ စားရေးသောက်ရေးအတွက် ဒီ ရခိုင်ရုံးကပဲ ထမင်းထုတ်တွေ လိုက်ပို့ပေးနေတယ်။ "

မီးရှိ့ဖို့ ကြံစည်သူ ၂၀ လောက်ကို ဖမ်းဆီးပြီး ရဲစခန်း ခေါ်သွားတာ တွေ့ရတယ်လို့လည်း RNDP စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက ပြောပါတယ်။

"ပျောက်ကြားစနစ်လိုတက်တာ။ ဒီဘက်ကနေပြီးတော့ သူတို့ကို တားလိုက်ရင် ဟိုဘက်က ဖောက်ပြီးတော့ တက်တာ။ ၂၀ လောက်ရှိတယ် ဖမ်းလာတာ။ ရဲစခန်းကို ပို့လိုက်တာတော့ တွေ့တယ်။"
ဒီအတောအတွင်း ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး အတွက် အချိန်မဆိုင်းဘဲ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါလို့ အရင်က ရခိုင်သဟာသ အသင်းလို့ ခေါ်တွင်တဲ့ ရခိုင်လူမှုရေး အသင်းများ အဖွဲ့ချုပ်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို မေတ္တာရပ်ခံလိုက်ပါတယ်။





မောင်းတောမှာ ဒုက္ခသည် ၅၀၀၀ ကျော်ရှိနေ

ရခိုင်ပြည်နယ်၊ မောင်းတောမြို့မှာ အခုဆိုရင် ဒုက္ခသည် ဦးရေ (၅၀၀၀) ခန့်ရှိနေပြီး လတ်တလောအနေနဲ့ အစားအသောက်၊ ရိက္ခာတွေ လိုအပ်နေသလို ပြေးလွားရင်း ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
မောင်းတောမြို့မှာ ဒုက္ခသည်စခန်း အနေနဲ့ (၄) ခုဖွင့်လှစ်ထားပြီး ဒီစခန်းတွေမှာ လာရောက် ခိုလှုံနေရသူ တွေကို ဗဟိုလ်ကျောင်း၊ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်း
နဲ့ အမှတ် (၂) ရဲတပ်ရင်းတွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်၊ အလိုတော်ပြည့် ကျောင်းမှာတော့ ကျေးရွာ(၃) ရွာက လူဦးရေ (၄၇၂) ဦးရှိပြီး၊ တချို့ရွာတွေက လူတွေ ပျောက်ဆုံး နေတာတွေလည်း ရှိတယ်လို့ ဆရာတော် ဦးမဏိသာရ က အခုလို မိန့်ပါတယ်။

“ဒီမှာ ဒဏ်ရာရတဲ့သူတွေ ပါမယ်၊ နောက်တခါ ဝမ်းသွားတဲ့သူ၊ ဖျားနာတဲ့သူတချို့ အဲဒါတွေလည်း ပါတာပေါ။့ ထွက်ပြေးတဲ့နေ့က မိုးတွေ မိကြတယ်ဆိုတော့ လူနာကတော့ ဒီမြို့ပေါ်မှာတင် ဦးဇင်းကျောင်းမှာ လူနာ(၁၀၀) ကျော်လောက်နဲ့ ပရဟိတကျောင်းမှာ (၃၂) ယောက်ဆိုပြီးတော့ အဲဒီလို သိရတယ်။ ဟိုရဲတပ်ရင်း ဘက်ကတော့ ဦးဇင်းတို့နဲ့ အလှမ်းဝေးသည့် အတွက်ကြောင့် မသိရပါဘူး၊ ဗဟိုရ်ကျောင်းမှာ ကတော့ လူနာ တယောက်မှ မရှိပါဘူး၊ ဦးဇင်းကျောင်းမှာ ပြည်ခွန်ပေါင်ရွာရယ်၊ တိုင်းသိရွာရယ်၊ နောက်တခါ ဥဒေါင်းငယ် ဆိုပြီးတော့ ရွာ(၃)ရွာရှိပါတယ်။

ဒီအလိုတော်ပြည့် ကျောင်းမှာတင် ပြည်ခွန်ပေါင်ရွာက အမျိုးသား (၁၇၀) ဦး၊ အမျိုးသမီး (၁၉၄) ဦးရှိတယ်လို့လည်း သိရပါတယ်၊ ဒီရွာတရွာထဲမှာတင် သေဆုံးသူ အမျိုးသား (၃) ဦးရှိပြီး၊ ပျောက်ဆုံးနေသူ ၅၀ ခန့်ရှိတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။ ဒုက္ခသည်စခန်းမှာ အဓိက လိုအပ်တာကတော့ ရိက္ခာနဲ့ သောက်သုံးရေနဲ့ ဆေးဝါးများ ဖြစ်တယ်လို့ ဆရာတော်ကမိန့်ပါတယ်။ လက်ရှိအနေနဲ့ မောင်းတောမှာ ဆူဆူပူအသံတွေ ဆက်မကြားရပေမဲ့ တင်းမာမူတွေတော့ ရှိနေတယ်လို့ သိရပါတယ်။


ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်ပြည်နယ်အရေး မီဒီယာများကို ပြစ်တင်

လတ်တလော ဖြစ်ပျက်နေသည့် ရခိုင်ပြည်နယ်တွင်း အရေးအခင်းများနှင့် ပတ်သက်၍ ပြည်တွင်း ပုံနှိပ် မီဒီယာအချို့ ရေးသားဖော်ပြနေခြင်းမှာ တည်ဆဲဥပဒေ၊ ပြန်ကြားရေး မူဝါဒများနှင့် ငြိစွန်းနေကြောင်း ရန်ကုန်တိုင်း အစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ က မီဒီယာသမားများကို ခေါ်ယူ ပြစ်တင် သတိပေးလိုက်သည်။

ရန်ကုန်တိုင်း လွှတ်တော် အဆောက်အဦးတွင် ညနေ ၇ နာရီက နာရီဝက်ကြာ သတင်းစာ ရှင်းလင်းပွဲတွင် ဦးမြင့်ဆွေ က ပြည်တွင်း/ပြည်ပ မီဒီယာ ၅၃ ခုမှ မီဒီယာသမား ၆ဝ ကျော်ကို ခေါ်ယူ၍ နာရီဝက်ကြာ ရှင်းလင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံသားတိုင်း အနေနှင့် အခြေခံဥပဒေပါ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် အစရှိသည့် အခွင့်အရေးများကို ရယူခံစားခွင့်ရှိသော်လည်း “အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ အခုဟာဆိုရင် တော်တော်လေးကို ဆန့်ကျင်လာတဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။

စာနယ်ဇင်းများက ထိုသို့ ကျူးလွန်ဖောက်ဖျက်ပါက “ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒတွေကို ကျူးလွန်ချိုးဖောက်ရင် အရေးယူသင့်တဲ့အပိုင်းတွေရှိသလို၊ ကျနော်တို့ အုပ်ချုပ်ရေးအပိုင်းနဲ့ ပတ်သက်လို့ ဒီပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရင် ဥပဒေအရ အရေးယူမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က သတိပေးသည်။

အုပ်ချုပ်ရေးပိုင်းမှ အရေးယူ အပြစ်ပေးနိုင်သည့် ပုဒ်မတခုအဖြစ် နာမည်ကြီးလှသော ‘၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ’ ပုဒ်မ ၅ (ည)နှင့် ပုဒ်မ ၅ဝ၅(ခ)တို့ကို နမူနာထုတ်ပြ ပြောဆိုသွားသည်။

“‘ပြည်ထောင်စု၏ လုံခြုံရေးကို လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ဖော်ဆောင်ရေးကို လည်းကောင်း ထိခိုက်စေရန် အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ သို့တည်းမဟုတ် ပြည်သူတစု၏ ကိုယ်ကျင့်တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖောက်လှဲဖောက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကို ပြုလျှင် ထိုသူအား ၇ နှစ်အထိ ထောင်ဒဏ် သော်လည်းကောင်း၊ ငွေဒဏ်ကိုသော်လည်းကောင်း၊ ဒဏ်နှစ်ရပ်စလုံးကို သော်လည်းကောင်း ထိုက်သင့်စေရမည်။ အများပြည်သူတို့အား အထိတ်တလန့် ဖြစ်စေရန် ကြံရွယ်၍ တခုခုလုပ်လျှင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကို ပြုလျှင်’ ဒီပြစ်ဒဏ်တွေကို ချမှတ်နိုင်တဲ့အကြောင်း ရေးသားဖော်ပြထားပြီး ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ထောက်ပြပြောဆိုသွားသည်။

ပုဒ်မ ၅ဝ၅ (ခ)မှာ “နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သော ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် (ဃ) လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရမည်” ဟု လည်း ရှင်းလင်း သတိပေးသွားသည်။

ထိုပြစ်မှုများနှင့် ထိုက်သင့်သူ မည်သူကိုမဆို ခြွင်းချက်မရှိ အရေးယူသွားမည်ဟု ဆိုသည်။

မည်သည့်ဂျာနယ်များဟူ၍ အမည်တပ် ထုတ်ဖော်ပြောဆိုခြင်းမပြုသော်လည်း အချို့ဂျာနယ်များတွင် အတိတ်မှ ဖြစ်ပျက်ခဲ့ဖူးသည့် ပဋိပက္ခများကိုပါ ချိန်ကိုက် ဖော်ပြလာကြခြင်းမှာ တိုင်းပြည်အား ကတိမ်းကပါး ဖြစ်စေရန် ရည်ရွယ်နေသည်ဟု ယူဆရကြောင်း ဦးမြင့်ဆွေက ပြောကြားသွားသည်။ရခိုင်ပြည်နယ်တွင်း မေလ ၂၈ ရက်နေ့ ရခိုင်အမျုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ စတင်၍ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားမှုများ ပိုမိုတင်းမာလာရာမှ ဇွန်လ ၁ဝ ရက်နေ့တွင် နိုင်ငံတော်သမ္မတ က အရေးပေါ်အခြေအနေ ကြေညာရသည်အထိ သည်းသန် ပြင်းထန်လာခဲ့ရသည်။

ထိုသို့ ဖြစ်လာရခြင်းမှာ “ဒီနေ့ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှုနေတဲ့ အချိန်မှာ ဒါကို မလိုတဲ့ ပြည်တွင်း/ပြည်ပ ဖျက်လိုဖျက်ဆီး လုပ်ချင်တဲ့လူတွေဟာ သွေးထိုးမြှောက်ပင့်ပြီးတော့ လူမျိုး အချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ ဘာသာအချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ အယူအဆ လွဲမှားအောင် အများကြီး လုပ်နေပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က စွပ်စွဲပြောဆိုသွားသည်။

ည ၈ နာရီတွင် သမ္မတ မိန့်ခွန်း မြွက်ကြားရန်ရှိသဖြင့် ဦးမြင့်ဆွေ၏ သတင်းစာရှင်းလင်းပွဲကို အချိန်တိုတွင်း အဆုံးသတ်ခဲ့ပြီး တက်ရောက်လာကြသော သတင်းထောက်များ၏ ပြန်လှန်မေးခွန်း ထုတ်ခြင်းများ ပြုလုပ်ခွင့် မရရှိခဲ့ကြောင်း သိရသည်။





စစ်တွေ အပါအဝင် ရခိုင်ဒေသ ၄ မြို့နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တို့၌ ပုဒ်မ (၁၄၄) ညမထွက်ရ (နေ၀င်မီးငြိမ်း) အမိန့်ကို ယနေ့ ရက်စွဲဖြင့် အစိုးရက ထုတ်ပြန်လိုက်သည်။
စစ်တွေမြို့ပေါ်နှင့်အနီး တ၀ိုက်ရှိ ရပ်ကွက်ကျေးရွာ တချို့ မီးရှို့ခံခဲ့ရပြီး ဒေသခံတိုင်းရင်းသားများ အပေါ် ဘင်္ဂလားဒေ့ရှ်မှ လာရောက်အခြေချ နေထိုင်နေသည့် ဘင်္ဂါလီလူမျိုး များက အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လာရာမှ အခြေအနေများ တင်းမာပြီး ပဋိပက္ခများ ဖြစ်ပွားလျှက်ရှိသည်။
မီးရှို့ခြင်း၊ ရန်ပြုတိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ် ထိန့်လန့်၍ မိမိတို့နေအိမ်များကို စွန့်ခွာ ထွက်ပြေးလာသည့် ဒေသခံပြည်သူ များကို စစ်တွေမြို့ မင်းဂံ ၈ ရပ်ကွက်နှင့် ၂ ရပ်ကွက် ဓမ္မာရုံ၊ အဓိဌာန် ဆရာတော်ကျောင်း၊ မြို့ပေါ်ရှိ ဘုန်ကြီးကျောင်း တချို့ တို့တွင် ဒုက္ခသည် စခန်းများ ဖွင့်လှစ်၍ စောင့်ရှောက်ထားကြောင်း၊ စစ်တွေမြို့ပေါ်ရှိ မိဇံရပ်ကွက်သည် ယခုအချိန်ထိ မီးလောင် နေဆဲဖြစ်ကြောင်း ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲမြို့နယ်တို့ရှိ ဒေသခံများနှင် ဘင်္ဂါလီလူမျိုးများအကြား ပဋိပက္ခဖြစ်ပွားမှု တချို့ရှိနေ၍ ညဘက်တွင် တအိမ်တယောက် ထွက်ကာ ကင်းစောင့် ညအိပ်နေကြရကြောင်း
မောင်တောမြို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဒေသခံတိုင်းရင်းသားများနှင့် နိုင်ငံသားမဟုတ်သော ဘင်္ဂါလီတို့အကြား ပဋိပက္ခ ဖြစ်ပွားရာမှ ၎င်း ဘင်္ဂါလီတို့က မောင်တော အနီးတ၀ိုက်ရှိ ကျေးရွာ ၂၀ ခန့်အား မီးရှို့ခြင်း၊ ဒေသခံ တိုင်းရင်းသား တချို့အား သတ်ဖြတ်ခြင်းတို့ ပြုခဲ့ခြင်းကြောင့် ဇွန်လ ၈ ရက်နေ့တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သေးသည်။
စစ်တွေမြို့ပေါ် ပဋိပက္ခသည် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် တဘက်နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ဘင်္ဂါလီ လူမျိုးတို့အကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာမှ စတင်ခဲ့သည်။ လတ်တလော ပဋိပက္ခများကြောင့် ရခိုင်အမျိုးသား ၅ ဦးကို ဆေးရုံ တင်ထားရကြောင်း၊ တဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း
စစ်တွေမြို့ တရားသီစု ရပ်ကွက်နှင့် ရွှေပြားတောင် ရပ်ကွက်တို့၌ နေထိုင်သော ဘင်္ဂါလီ လူမျိုးများသည် ၎င်းတို့ နေအိမ် များကို မီးရှို့၍ အသင့်ကြိုတင် စီစဉ် ထားသော စက်လှေ၊ မော်တော်များဖြင့် ကုလားတန်မြစ်ထဲသို့ ထွက်ပြေးသွားကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာန ဝက်ဘ်ဆိုက်တခုတွင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် မြန်မာပြည်မှ ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်လာမည် စိုးသဖြင့် မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့် လုံခြုံရေး တပ်များကို ပိုမို တိုးမြှင့်ထားမည်ဟု ရေးသားထားသည်။အစိုးရက ယနေ့ ထုတ်ပြန်လိုက်သည့် ညမထွက်ရ အမိန့်သည် ညနေ ၆ နာရီမှ နံက် ၆ နာရီအထိ ဖြစ်ပြီး နောက်ထပ် အမိန့် တစုံတရာ မထုတ်ပြန်ခင်အထိ ယင်းအမိန့် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးမှု အားနည်းသောကြောင့် ရခိုင်ပြည်နယ် ပဋိပက္ခ္ခများ ဖြစ်ရဟု ဦးရွှေမန်းပြော

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် ဖြစ်ရပ်မျာသည် တရားဥပဒေ စိုးမိုးရေး အားနည်းနေခြင်းကို ပြသနေကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက နေပြည်တော်တွင် ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
“ဒီဖြစ်စဉ်ကြီးကို ကြားလိုက်ရတော့ အင်မတန် စိတ်မကောင်းဖြစ်ရတယ်၊ တရားဥပဒေ စိုးမိုးမှု နည်းတယ်လို့ ပြောလို့ ရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ပြည်သူများသည် ဥပဒေလိုက်နာမှု အလေ့အကျင့် အားနည်းနေသေးကြောင်း၊ သို့သော် ဥပဒေ စိုမိုးမှုအပိုင်း အားကောင်းသည် ဆိုသော နိုင်ငံများတွင်လည်း ယခု အဖြစ်အပျက်များ ဖြစ်ပျက်တတ်ကြောင်းကို နော်ဝေနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် နှိုင်းယှဉ်ကာ ပြောသွားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ရပ်ကွက်တွင် လူသုံးဦးက အမျိုးသမီးတဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း တောင်ကုတ်မြို့တွင် လူ ၁၀ ဦးအား လက်တုံ့ပြန် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး မေ ၈ ရက်နေ့ ညနေပိုင်း၌ ရခိုင်ပြည်နယ်နှင့် ဘင်ဂလားဒေရှ့် နယ်စပ်ရှိ မောင်းတောမြို့တွင် ဆူပူတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံး၍ အိမ်ခြေ ၃၈၀ ကျော် မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ယခုဖြစ်ရပ်တွင် ရခိုင်ပြည်တွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကျူးကျော်ဝင်ရောက် နေထိုင်လျှက်ရှိသော ဘင်္ဂါလီများက ဒေသခံ ရခိုင် တိုင်းရင်းသားများအား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အင်တာနက် လူမှုကွန်ရက် တခုဖြစ်သည့် facebook စာမျက်နှာတွင် ပြောဆို ရေးသား ဝေဖန်နေကြသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး “အခုဖြစ်တဲ့ကိစ္စက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဖြစ်နေတဲ့ စိတ်ခံစားမှုတွေလို့ ကျနော် မြင်တယ်။ မြန်မာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ပြသနာလို့ မမြင်ပါဘူး။ တဘက်က ၀င်လာတဲ့ ရိုဟင်ဂျာတွေကြောင့် ဖြစ်ရတာပါ။ တဘက်က ၀င်လာတဲ့သူတွေ များလာတဲ့အတွက် အခုလို ပြဿနာတွေ ဖြစ်လာတာပါ။ ကျနော်တို့က လူသားချင်း စာနာမှုအရ လက်ခံထားတာရယ်၊ နိုငံတကာ ဆက်ဆံရေးတွေကြောင့် အားနာလို့ လက်ခံထားခဲ့တာပါ။ သဘောကောင်းခဲ့တာကို ဖိအားပေးလာတဲ့ သဘောပါ။ ကျနော်တို့ကတော့ အချုပ်အခြာအာဏာကို အထိပါးမခံနိုင်ပါဘူး။ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားမဟုတ်လို့ လက်မခံနိုင်ပါဘူး” ဟု ပြောကြားခဲ့ကြောင်း ယမန်နေ့ကထွက်ရှိသည့် ပြည်တွင်းထုတ် The Voice အပတ်စဉ် သတင်းဂျာနယ်တွင် တွေ့ရသည်။
အစ္စလမ်ဘာသာဝင် တဦးဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကလည်း မောင်းတောမြို့နယ်မှ ဖြစ်ရပ်သည် မင်းမဲ့စရိုက် ဆန်လွန်းသောကြောင့် လုံးဝ ကန့်ကွက် ရှုတ်ချကြောင်း ထို့အပြင် ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမကို မီးရှို့မည်ဆိုသော ကောလာဟလ သတင်းများလည်း ထွက်ပေါ်နေကြာင်း မြို့ခံများ၏ ပြောဆိုချက်များအရ သိရသည်။





ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရန် ထုတ်ပြန်


ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရန် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါသည်။စစ်တွေမြို့အတွင်း ဇွန်လ ၁၀ ရက်နေ့ ဇွန်လ ၁၀ ရက်နေ့၌ နံနက်ပိုင်းမှ ညပိုင်းအထိ မီးလောင်မှုဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ နံနက်ပိုင်းမှ ညပိုင်းအထိ မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များမှာ ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် မင်းဂံအကွက်(၁)အနီးတွင် လည်းကောင်း၊ နံနက် ၈ နာရီခန့်တွင် အကွက် ၁၃ အနီးနှင့်အကွက် ၁၄ တို့တွင် လည်းကောင်း၊ မွန်းလွဲ ၂ နာရီခန့်၌ ရွှေပြားရပ်ကွက်တွင် လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မကျဉ်းမြိုင်ရပ်ကွက်နှင့် စံပြရပ်ကွက်တို့တွင်လည်းကောင်း၊ ညနေ(၄း၀၀)ခန့်တွင် မြို့သူကြီးရပ်ကွက်နှင့် တရားသိစုရပ်ကွက် ရပ်ကွက်နှစ်ခု အစပ်တွင်)တို့တွင်လည်းကောင်း အသီးသီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မီးလောင်ဖြစ်စဉ်များအနက် မြို့သူကြီးရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို ညခြောက်နာရီခွဲအချိန်ထိ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရှိရသည်။ ထို့အတူ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို ရှို့မီးဟု ရပ်ကွက်နေ ပြည်သူအများစုမှာ ယူဆနေကြပြီး ကျူးလွန်သူဟု ယူဆနေရသူကို လည်း ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ မီးလောင်မှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနှင့် ပတ်သက်၍ ဒေသခံတစ်ဦးကလည်း''အခု မီးလောင်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အများစုက ရပ်ကွက်ထဲမှာရှိတဲ့ လူမျိုးခြားတွေက သူတို့အိမ်တွေကို သူတို့ကိုယ်တိုင် မီးရှို့ပြီး ရှောင်တိမ်းသွားတယ်။ ပြီးတော့ အဲဒီ အိမ်တွေကတစ်ဆင့် ကျွန်တော်တို့ ဒေသခံအိမ်တွေကို ကူးစက်ပြီး လောင်ကျွမ်းခဲ့တာပါ။ ညနေက မြို့သူကြီးရပ်ကွက်မှာ မီးလောင်ကျွမ်းခဲ့တဲ့ အကြောင်းကလည်း ရှို့မီးပဲဖြစ်ပါတယ်။ မီးလောင်ပြီး သိပ်မကြာခင်မှာ မြစ်ထဲကို လူမျိုးခြားသုံးဦး ခုန်ဆင်း ရေကူးပြီးထွက်သွားလို့ အဲဒီနားက လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ကိုမိုးပေါ်ထောင်ပြီး ခြောက်လှန့်ခဲ့တဲ့ အတွက် အဲဒီ သုံးဦးထဲက တစ်ဦးကို ဒေသခံတွေက ရေထဲဆင်းဖမ်းပြီးတော့ ရဲစခန်းကို အပ်နှံခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်များ ကြောင့် အိမ်အများအပြား ဆုံးရှုံးခဲ့ရပြီး ဒါဏ်ရာရရှိသူများ ရှိခဲ့သည်။
လတ်တလောဖြစ်ပေါ်နေသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန် စစ်တွေ၌လည်း ပုဒ်မ ၁၄၄ ကို ဇွန်လ ၁၀ ရက်နေ့ ညနေ ၃ နာရီ၌ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့တို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး နှစ်ရက်အကြာတွင် စစ်တွေမြို့၌ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ၂၀၁၂ ဇွန်လ ၈ရက်နေ့တွင် ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး စစ်တွေမြို့တွင်လည်း ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အတွက် အဆိုပါအမိန့်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းအမိန့် ထုတ်ပြန်မှုကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ အချိန်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်း၌ လိုက်လံ ကြေညာခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မောင်တောမြို့နယ် ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့၌ ယခု လက်ရှိရက်ပိုင်း၌ ဖြစ်ပွားလျက်ရှိသော ပြဿနာများနှင့်ပတ်သက်၍ ထိန်းသိမ်းရန် လုံခြုံရေးအင်အားကို အပြည့်အ၀ ချထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ရဲတပ်ရင်းစု ကွပ်ကဲရေးမှူးဖြစ်သူ ရဲမှူးကြီးလှမိုးက ''နှစ်ဖက် အပြန်အလှန် ပြဿနာဖြစ်နေတဲ့ အနေအထားတွေကို မြန်မြန်ဆန်ဆန်နဲ့ ငြိမ်းချမ်းဖို့အတွက် လုံလောက်တဲ့ လုံခြုံရေးအင်အားကို ချထားပါတယ်။ အခုဒေသခံတွေ တချို့က လုံခြုံရေး တာဝန်ရှိသူတွေက ကိုင်တွယ်တဲ့အပိုင်းတွေ အလွန်ပျော့ပျောင်းနေတယ်လို့ ပြောဆိုနေတဲ့အပိုင်းကလည်း ကျွန်တော်တို့အနေနဲ့ ဒေသခံတွေကို ပြောချင်တာက ကမ္ဘာ့နိုင်ငံအသီးသီးမှာ အထင်လွဲမှားစရာ မဖြစ်စေဖို့အတွက် ဒေသခံတွေ သည်းခံပေးဖို့ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အခုဖြစ်နေ တဲ့ ပြဿနာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ဆိုရင် နှစ်ဖက်စလုံးအနေနဲ့ စိတ်အလိုမလိုက်ဖို့ လိုပါတယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။
ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်)ရေကန်ကို ဘင်္ဂါလီအမျိုးသမီးနှစ်ဦး လာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျင်အမြန် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဇွန်လ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော မောင်တောမြို့တွင် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ယင်းမြို့တောင်ဘက် တစ်မိုင်အကွာခန့်ရှိ မောင်နီရွာအနီးရှိ နစခစခန်းကို ဘင်္ဂါလီ ရိုဟင်ဂျာများက ၀ိုင်းထားခဲ့ပြီး ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင် များ ရောက်ရှိသွားသဖြင့် ဘင်္ဂါလီများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရပါသည်။

မောင်တောမြို့ရှိ လေးမိုင်ရဲ တပ်ရင်း၌ ကယ်ဆယ်ရေးစခန်းတစ်ခု ထပ်မံဖွင့်ထားပြီး ထိုစခန်း၌ လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိနေကြောင်း သိရပါသည်။ လေးမိုင်ရဲတပ်ရင်း ကယ်ဆယ်ရေးစခန်းတွင် ရိက္ခာအခက်အခဲ ဖြစ်ပေါ်နေခြင်းကြောင့် ဘူးသီးတောင်မှ ဒေသခံများကလာ ရောက်၍ ဆန်လှူဒါန်းမှု ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း မောင်တောဒေသခံက ပြောပါသည်။
မောင်တောမြို့ရှိ လေးမိုင် ကယ်ဆယ်ရေးစခန်းသို့ ရခိုင်တိုင်းရင်းသားများ ထပ်မံရောက်ရှိလာပြီး လူဦးရေ ၂၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက သိရသည်။
မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာ၌ လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်)တို့ ဖြစ်ကြသည်။ မောရ၀တီရွာတွင် နှစ်ဦးသေဆုံးခဲ့ပြီး ဦးစံထွန်း(၃၈နှစ်)နှင့် ဦးသာတိုးအောင် (အသက် ၆၀နှစ်)တို့ ဖြစ်ပါသည်။ ရွှေရင်အေးရွာတွင်မူ လူငါးဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့သူများအနက် သုံးဦးသည် ဘုန်းကြီးကျောင်းသားများဖြစ်ကာ ကျန်နှစ်ဦးမှာ ရွာသားများ ဖြစ်ပါသည်။ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရဟန်းတစ်ပါးမှာလည်း ဓားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရွှေရင်အေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ထိုအနီးအနားရှိ ဘုန်းကြီးကျောင်းများမှ ရဟန်း ၁၅ ပါးမှာ လေးမိုင်ရဲတပ်ရင်းရှိ ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေသည်ဟု သိရသည်။
မောင်တောမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာတွင် ရှိနေသော အလယ်သံကျော် နစက စခန်းကို ဘင်္ဂါလီ ရိုဟင်ဂျာများ ၀ိုင်းပြီးခဲဖြင့် ပစ်ခတ်နေသဖြင့် လုံထိန်းများက သေနတ်ပစ်ဖောက် သတိပေးနေကြောင်း အလယ်သံကျော် ဒေသခံတစ်ဦးက ဇွန်လ ၁၀ရက်နေ့ နံနက်ပိုင်းက ပြောပါသည်။
မောင်တောရှိ UNDP, UNHCR, UNICEF, UNFPA, WFP, CARE, AZG, ACF အစရှိသော UN နှင့် NGO ရုံးများ လုပ်ငန်းများ ရပ်နားပြီး ၀န်ထမ်းများသို့ ပြည်တွင်းရှိ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုလိုက်ကြောင်း သိရှိရပါသည်။





ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးရသတင်းများ

ဇွန်လ ၁၀ ရက် ည ၉ နာရီ
ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်တွင် ယနေ့ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က အများပြည်သူ သောက်သုံးနေသော (ဘန်းတောင်) ရေကန်ကို ဘင်္ဂါလီအမျိုးသမီး နှစ်ဦးလာရောက်ပြီး လူအများသေစေနိုင်သည့် အက်ဆစ်များကို ရေကန်ထဲသို့ ပစ်ချရန် ပြုလုပ်နေစဉ် လုံခြုံရေးများက အလျင်အမြန် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။
ဇွန်လ ၁၀ ရက် ည ၈ နာရီ ၅၀ မိနစ်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၂(က) တွင် တိုင်းဒေသကြီး တစ်ခုတွင် ဖြစ်စေ၊ ပြည်နယ် တစ်နယ်တွင် ဖြစ်စေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု တစ်စုတွင် ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ် တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်း ရှိကြောင်း သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းများက တင်ပြလျှင်သော် လည်းကောင်း နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာ တည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။
ဇွန်လ ၁၀ ရက် ည ၈ နာရီ ၃၅ မိနစ်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃(က) တွင် အရေးပေါ် အခြေအနေ ကြေညာချက် အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များ၊ နယ်ဘက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများနှင့် အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက် နိုင်သည်ဟု ဖော်ပြပါရှိပါသည်။
ဇွန်လ ၁၀ ရက် ည ၈ နာရီ ၁၅ မိနစ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စစဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-
မိဘပြည်သူများနဲ့ ညီအစ်ကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
မိဘပြည်သူများ သိရှိပြီး ဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ (၂၈)ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်နီမော် ဖြစ်စစဉ်ကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် ဒီအခြေအနေဟာ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ အပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်း ထိန်းသိမ်းစောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။
မိဘပြည်သူများခင်ဗျား-
ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှ စတင်ပြီး မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒ (၂)ရပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာကို ဒုတိယအဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ် ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှုများနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ အစစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင် ဖြည့်စွက် အသစ်ပြဋ္ဌဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။
ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့ အချိန်ကစပြီး ဖြစ်ပွားသော နေရာများမှာ ချက်ချင်း တည်ငြိမ်အေးချမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အခြား ဆက်စပ် ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်း မရှိအောင်၊ ဖြစ်ခဲ့ပါကလည်း ဖြစ်စတွင်ပင် ပြီးပြေ အေးငြိမ်းသွားအောင် ကြိုတင် ပြင်ဆင် စီမံမှုအတိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စစဉ်များနဲ့ ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက်ဆုံးရှုံးမှု အခြေအနေများကိုလည်း မိဘပြည်သူများအား အချိန်နဲ့တစ်ပြေးညီ ချပြ အသိပေးလျက် ရှိပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက်လည်းကောင်း ယခင်က ရှင်းလင်း ပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။
သို့သော်လည်း ဇွန်လ ၉ ရက်နေ့ ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများ ကပါ သိရှိပါဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့ အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။
မိဘပြည်သူများခင်ဗျား-
လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော် ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန့်ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ် ဆိုရင် ရခိုင်ပြည်နယ် တွင်သာမက ပိုမိုကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အခြားသော အမှောင့်ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်လာစေနိုင်တာကို မိဘပြည်သူများ အားလုံး အထူးသတိထားကြစေချင်ပါတယ်။
ကျွန်တော်တို့ အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ဥပဒေနဲ့ အညီ ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီလို ဖြစ်စစဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျစဉ်း စည်းကမ်းများနဲ့ အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားပါမယ်။ ဒီဖြစ်စစဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့သူများအတွက်လည်း တရားမျှတမှုရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထားကြီးကြီးထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ထို့အတူ ဘာသာရေး အဖွဲ့အစည်းများနဲ့ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်။
မိဘပြည်သူများခင်ဗျား-
ကျွန်တော်တို့အားလုံး မျှော်မှန်း တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစစဉ်များဟာ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးမှု ပတ်ဝန်းကျင်ကောင်းရှိမှသာ ဖော်ဆောင် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးရှိဖို့ ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူများ အပိုင်းကလည်း အသိတရားနဲ့ ယှဉ်ပြီး ဥပဒေများကို လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေး သမားများ၊ လူထုလူတန်းစား အဖွဲ့အစည်း အားလုံးရဲ့ အသိတရားနဲ့ယှစဉ် သတိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြား လိုပါတယ်။
ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အဖွဲ့အစည်း အားလုံးတို့က လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ် အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနဲ့ အတူ ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ အားလုံး ဘေးဘယာ ဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါ စေကြောင်းနဲ့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်း ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Facebook: Sa Maung

0 comments:

Post a Comment