ထားဝယ်စီမံကိန်း ဆုံးဖြတ်ရန် အရေးကြီး အချိန်ရောက်
 
ထားဝယ်စီမံကိန်း ဆုံးဖြတ်ရန် အရေးကြီး အချိန်ရောက်

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သက်၍ ဆုံးဖြတ်ရန် အလွန်အရေးကြီးသည့် အလှည့်အပြောင်း အခြေအနေသို့ ရောက်ရှိနေပြီဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းက Bangkok Post သတင်းစာသို့ မကြာသေးခင်က ပြောကြားခဲ့ကြောင်း သိရသည်။

“တကယ်လို့ စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ Italian-Thai ကုမ္ပဏီ အနေနဲ့ အဲဒါကို လုပ်နိုင်စွမ်းရှိရင် သူတို့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ပြန်လည် သုံးသပ်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က မြန်မာ့ ကမ်းရိုးတန်း ရှည်သည်နှင့်အမျှ ရေနက်ဆိပ်ကမ်းများ အများအပြား တည်ဆောက်နိုင်သေးကြောင်း Bangkok Post ကို ထပ်လောင်းပြောဆိုလိုက်သည်။
“ထားဝယ်က အထူးစီးပွါးရေးဇုန် တခုပါ။ ပြီးတော့ ဧရိယာအသစ်ဖြစ်တဲ့ သီလဝါမှာလည်း ရေနက်ဆိပ်ကမ်း တခု ပါဝင်မှာ ဖြစ်ပေမယ့် (ထားဝယ်နဲ့တော့) ဘယ်လိုမှ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကမ်းရိုးတန်းဟာ ကီလိုမီတာ ၁,၂၀၀ ကျော်တဲ့အတွက် ကျနော်တို့ဟာ ရေနက်ဆိပ်ကမ်းတွေ အများကြီး တည်ဆောက်နိုင်ပါတယ်” ဟု ဦးစိုးသိန်း က ဆိုသည်။

ထိုသတင်းသည် ဘန်ကောက်မြို့ရှိ သတင်းရပ်ကွက်များအား အနည်းငယ် အံ့အားသင့်စေခဲ့သည်။ ဘန်ကောက် ရပ်ဝန်းအနေဖြင့် ထားဝယ်စီမံကိန်း၏ အလားအလာကို သံသယ ရှိနေခဲ့ကြသည်။
စီမံကိန်းသည် တနင်္သာရီတိုင်း၊ သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့်အကွာရှိ ရေဖြူမြို့နယ်၊ နဖူးလယ်ကျေးရွာအနီးတွင် ရှိသည်။ ၂ဝ၁ဝ ခုနှစ်တွင် ၇၅ နှစ် လုပ်ငန်း လုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။ စီမံကိန်းကို ၂၀၁၄ ခုနှစ်အထိ ငါးနှစ်စီမံကိန်းအဖြစ် ပထမအဆင့်၊ ၂၀၁၄ မှ ၂၀၁၇ ထိ ဒုတိယအဆင့်၊ ၂၀၁၅ မှ ၂၀၁၉ ထိ တတိယအဆင့်ဟူ၍ သတ်မှတ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ၊ သင်္ဘော ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် စက်ပစ္စည်းများ၊ ရေနံချက်စက်ရုံ နှင့် ဓာတ်ငွေ့သန့်စင်စက်ရုံ အပါအဝင် ရေနံဓာတုလုပ်ငန်းများ၊မော်တော်ကားနှင့် အထည်ချုပ်စက်ရုံကဲ့သို့ အလတ်စားနှင့် အသေးစား စက်မှုလုပ်ငန်းများပါဝင်မည် ဖြစ်သည်။ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စက်မှုဇုံတည်ဆောက်ရေးတွင် အဆင့် ၃ ဆင့် ပါဝင်မည် ဖြစ်သည်။ ပထမအဆင့်တွင် ထားဝယ်မှ အခြား အရှေ့တောင်အာရှ နိုင်ငံများသို့ ဆက်သွယ်မည့် ၈ လမ်းသွား လမ်းမကြီး နှင့် ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ်ကို ဆက်သွယ်ပေးမည့် ရထားလမ်း ဖောက်လုပ်ရေးတို့ ပါဝင်သည်။ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှ မြန်မာနိုင်ငံအထိရောက်မည့် တိုးချဲ့မဲခေါင်ဒေသ စီမံကိန်း (Greater Mekong Subregion) တောင်ဘက် စီးပွားရေးစင်္ကြံ လမ်းမကြီး၏ တစိတ်တပိုင်း ဖြစ်လာပေတော့မည်။
ဒုတိယနှင့် တတိယအဆင့်များတွင် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် စက်မှုလုပ်ငန်းများ ထူထောင်ရေးတို့ ပါဝင်မည် ဖြစ်သည်။ ဤသို့ဆိပ်ကမ်းအ ဆင့်မြှင့်တင်မှုလုပ်ငန်းများပြီးလျှင် ထိုင်း၊ တရုတ်၊ ဗီယက်နမ် နှင့် လာအိုသို့ ကုန်စည်တင်ပို့ရာတွင်  မလက္ကာရေလက်ကြားဖြတ်ရန် မလိုတော့၍ ပျမ်းမျှ ၁၀ ရက်ခန့် အချိန်သက်သာသွားမည်ဖြစ်သည်။

ITD ကုမ္ပဏီက ၎င်းတို့၏ ရေရှည်ဘဏ္ဍာရေး စီမံကိန်းများကို ၂၀၁၂ ခုနှစ် မကုန်မီ အပြီးသတ် ရေးဆွဲနိုင်တော့မည်ဟု ကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta က ဧပြီလကုန်ပိုင်းတွင် ပြောကြားခဲ့သည်။
စီမံကိန်းအတွက် ITD က ဒေါ်လာသန်းပေါင်း ၈,၅၀၀ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော် လည်း မဂ္ဂါဝပ် ၄,၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သည်။စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ကွန်ဖရင့်တခုတွင် ခရီးသွားလုပ်ငန်းနှင့် သဘာဝသယံဇာတ ကဏ္ဍများရင် ရင်းနှီးမြှုပ်နှံကြရန် စက်မှုဝန်ကြီးက ဖိတ်ခေါ်လိုက်သည်။

“ကျနော်တို့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အလေးအနက်ကို ဖိတ်ခေါ်လိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ချစ်ကြည်တဲ့ ဥတုအနေအထားဖြစ်ဖို့ လိုအပ်တဲ့ ခြေလှမ်းတွေကိုလည်း” ဟု ဦးစိုးသိန်း က ရုပ်သံမိန့်ခွန်းတွင် ပြောကြား သွားသည်။

ဧပြီလအတွင်း ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ် သမ္မတ ဦးသိန်းစိန်က မြန်မာ့ အထူးစီးပွားရေးဇုန်များတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဂျပန်ကုမ္ပဏီကြီးများအား ဖိတ်ခေါ်ခဲ့သည်။မြန်မာအစိုးရသည် သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချရာမှ ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ သန်းပေါင်း ၃,၀၀၀ ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သဘာဝဓါတ်ငွေ့လုပ်ငန်းများနှင့် ပိုက်လိုင်းများ ပိုမိုလည်ပတ်နိုင်မည်ဖြစ်၍ ထို့ထက်ပို၍ သိသိသာသာ တိုးတက် ရရှိနိုင်ဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဆိုသည်။ ထို ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းများကိုမြန်မာနိုင်ငံတွင် Chevron ၊ Total နှင့် CNPC ကုမ္ပဏီကြီးများက လုပ်ကိုင်လျက်ရှိကြသည်။

ထားဝယ် စီမံကိန်း မြေသိမ်းမှု Max Myanmar ပတ်သက်နေ

တနင်္သာရီတိုင်းရှိ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ်နေသည့် မြေယာ သိမ်းယူမှု နှင့် မြေယာ အရောင်းအ၀ယ် ကိစ္စများတွင် ကန်ထရိုက်ရရှိ ထားသော ပုဂ္ဂလိက ကုမ္ပဏီ ၀န်ထမ်းတချို့ပါဝင်နေကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး က ပြောသည်။
အဆိုပါ စီမံကိန်းများ အတွက် ဆောက်လုပ်ရေး လုပ်ငန်းများကို ကန်ထရိုက် ရရှိထားသော ဦးဇော်ဇော် ပိုင်သည့် Max Myanmar ကုမ္ပဏီမှ အောက်ခြေ ၀န်ထမ်းတချို့က ပါဝင်ပတ်သက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်း စီမံကိန်းကို တာဝန်ယူဆောက်လုပ်နေသော Italian-Thai Development ကုမ္ပဏီ နှင့် Max Myanmar ၀န်ထမ်းများက စီမံ ကိန်း ဧရိယာအတွင်းရှိ ဒေသခံများ၏ မြေယာများကို ထိုက်တန်သည့်လျော်ကြေးမပေးလိုသောကြောင့် ဈေးအသက်သာဆုံးဖြင့် အရောင်းအ၀ယ် ပုံစံဖြစ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ နဘုလယ်၊ ကန်ဘောက် အပါအ၀င် အနီးဝန်းကျင်ရှိ ကျေးရွာများမှ မြေ
ယာ များ ဖြစ်ကြောင်းလည်း သိရသည်။

“ရွာသားတွေ ဆီမှာ အခုဈေးနဲ့ မရောင်းရင် အသိမ်းခံရမှာတို့၊ နိုင်ငံတော် စီမံကိန်း ဘာ အန္တရာယ်ရှိတယ် ဆိုတာမျိုး ခြိမ်းခြောက်ပြီး တော့ အသက်သာဆုံး ဈေးနဲ့ လိုက်ဝယ်နေကြတယ်”ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။
ယမန်နေ့ကလည်း ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ထားဝယ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့(DDA)မှ ဦးစီး ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲကို ဦးကိုကိုကြီး တက်ရောက်ပြီး ယင်းခရီးစဉ် အတွေ့အကြုံများကိုလည်း ရှင်းပြခဲ့သေးကြောင်း သိရသည်။ဦးကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက ထားဝယ်ဒေသသို့ ပြီးခဲ့သည့် မေလက သွားရောက်၍ ဒေ သခံများနှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ DDA ဆွေးနွေးပွဲကို“ထားဝယ် စက်မှုဇုန် စီမံကိန်း အပေါ် ဒေသခံများ၏ နားလည် သဘောပေါက်မှု သုတေသန စာတမ်း အား အသိပေး တင်ပြချက်”ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ရန်ကုန်မှ ထင်ရှားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ထားဝယ် စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ အပေါ် အကျိုးသက်ရောက်မှု ကိစ္စများအား သိရှိရန် အတွက် ရည်ရွယ်ပြီး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း DDA အဖွဲ့၏ ရန်ကုန် ညှိနှိုင်းရေမှုး တာဝန်ခံ ဦးဘိုဘိုအောင်က ရှင်းပြသည်။
“အပြောင်းခံရမယ့်ရွာတွေကို နေရာအစုံလိုက်လုပ်ပြီးတော့ သူတို့ရဲ့သဘောထားအမြင်တွေကို ကျနော်တို့ကစစ်ဆေး လေ့လာခဲ့ပြီး တော့ သူတို့က စက်မှုဇုန် စီမံကိန်းကို ဘယ်လိုနားလည် သလဲ၊ ဘယ်လို အစီအစဉ်တွေရှိလဲ၊ အဲဒါတွေ သိချင်လို့ လုပ်တာပါ”ဟု ၎င်းက ဆိုသည်။
DDA အဖွဲ့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က မဂ္ဂါဝပ် ၄၀၀၀ ရှိ ကျောက် မီးသွေး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး ဒေသခံများ ဆန္ဒထုတ်ဖော်ခြင်း စသည့် လုပ်ရှုားမှုများကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် မြန်မာနှင့် Italian-Thai Development ကုမ္ပဏီ တို့အကြား သဘောတူညီမှုကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်း စီမံကိန်းသည် အရှေ့တောင် အာရှတွင် အကြီးဆုံး စက်မှုဇုန်ဖြစ်လာရန်ရှိပြီး တရုတ်နိုင်ငံ ရှန်ဇန်းစက်မှုဇုန်ကဲ့သို့ တည်ဆောက်ရန် စီစဉ်ထားသည်။အထူးစီးပွားရေး စက်မှုဇုန်တွင် ပါဝင်မည့် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် မြန်မာ ကုမ္ပဏီများက ၆၀ ရာခိုင်နှုန်း ကန်ထရိုက် ရရှိထားပြီး စစ်အစိုးရ ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar နှင့် ဘိန်းဘုရင် လော်စစ်ဟန်၏ သား ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သော Asia World ကုမ္ပဏီတို့က အဓိက လုပ်ပိုင်ခွင့် ရရှိထားကြသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment