မြန်မာသတင်းများ ဇွန် လ ၃၀ ရက် ၂၀၁၂


မြန်မာ – မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိတ်ပူ

မြန်မာ – အမေရိကန် ဆက်ဆံရေး ပုံမှန် ပြန်ရောက်ဖို့အတွက် မြောက်ကိုရီးယားနဲ့ မြန်မာတို့ရဲ့ ပွင့်လင်း မြင်သာမှု မရှိတဲ့ စစ်ရေး ဆက်ဆံရေး လုပ်နေတာကို မြန်မာက အခိုင်အမာ အဆက်ဖြတ်စေလိုတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။
“မြန်မာနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား လျှို့ဝှက်ဆက်ဆံမှုတွေ ရှိတယ်ဆိုပြီး ကျနော်တို့ အမေရိကန် ပြည်ထောင်စုဘက်က စိတ် ကသိကအောင့် ဖြစ်နေတဲ့အတွက် မြောက်ကိုရီယားနဲ့ ဆက်ဆံမှုကို မြန်မာအနေနဲ့ ချက်ချင်း ရှင်းရှင်းလင်းလင်း အဆုံး မသတ်သေးရင် မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးဟာ ပုံမှန်အခြေအနေကို ရာနှုန်းပြည့် ဖြစ်လာမှာ မဟုတ်သေးဘူး” လို့ မကြာခင်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းမယ့် မစ္စတာ ဒဲရစ် မစ်ချယ် က ပြောသွား တာပါ။
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပြီး သံတမန်အဆင့် ပုံမှန် ပြန်ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့် မကြာခင်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ရေး အတည်ပြုချက် ရယူဖို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးဌာနရဲ့ ဗုဒ္ဓဟူးနေ့က ကြားနာပွဲမှာ ဒဲရက်မစ်ချယ်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“မြောက် ကိုရီးယားနဲ့ မြန်မာရဲ့ စစ်ရေး ဆက်ဆံမှုဟာ ပွင့်လင်းမြင်သာမှု မရှိတာကို ကျနော်တို့ တလျှောက်လုံး စိုးရိမ်မကင်း ဖြစ်နေတယ်ဆိုတာ လူသိရှင်ကြားရော၊ သီးခြား လူမသိ သူမသိရော ကျနော်တို့ အခိုင်အမာ ထုတ်ပြောပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာ အစိုးရအနေနဲ့ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံတကာ လက်နက် မပြန့်ပွားရေး သဘော တူညီချက် စာချုပ်ကို လေးစားလိုက်နာဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်တဲ့အတိုင်း သူ သံအမတ်ကြီးဖြစ်တဲ့ အချိန်မှာ ဒီကိစ္စကို ဦးစားပေး ပြောဆိုမယ်လို့ မစ္စတာ ဒဲရစ် မစ်ချယ်က ဆက်ပြောပါတယ်။အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို သံသယဖြစ်ခဲ့တာ ၂၀၀၄ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်က ဒီ ၂ နိုင်ငံ ဆက်ဆံရေးကို မျက်ခြေမပြတ် စောင့်ကြည့်နေတာပါ။၂၀၀၉ ခုနှစ်တုန်းက နျူကလီးယား စမ်းသပ်မှု လုပ်ခဲ့လို့ မြောက်ကိုရီးယား နိုင်ငံရဲ့ မသင်္ကာဖွယ်ရာကောင်းတဲ့ ဘယ် ယာဉ်၊ ဘယ် သင်္ဘော တွေကိုမဆို အချိန်မရွေး စစ်ဆေးပိုင်ခွင့်ရှိတယ် ဆိုတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ် ခဲ့တာကြောင့် ဒီဆုံးဖြတ်ချက်ကို မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံတွေက လေးစားလိုက်နာဖို့ အမေရိကန် ပြည်ထောင်စုက တလျှောက်လုံး ပြောဆို တိုက်တွန်းလာခဲ့တာပါ။
၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းကလည်း မြန်မာကို ဦးတည်မောင်းနှင်လာတယ်လို့ ယူဆရပြီး နျူကလီယား ဆက်စပ်ပစ္စည်းတွေနဲ့ တာဝေးပစ် ဒုံးကျည် လက်နက်တွေ တင်ဆောင် လာတယ်လို့ သံသယဖြစ်စရာ မြောက်ကိုရီးယား သင်္ဘောကို အမေရိကန် ရေတပ် ဖျက်သင်္ဘော McCompbell က သက်ဆိုင်ရာ နိုင်ငံက ခွင့်ပြုချက်ရလို့ ၄ ကြိမ် တိုင်တိုင် တက်ရောက်ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘဲ သင်္ဘောကို နောက်ကြောင်းပြန်လှည့် သွားစေခဲ့ပါတယ်။အဲဒီဖြစ်ရပ်ဟာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သား အစိုးရ တက်လာပြီး ပထမဆုံး သံသယဖြစ်မှုပါ။ သမ္မတ ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂရဲ့ ချမှတ်ချက်တွေကို တသွေမတိမ်း လိုက်နာပြီး ညူကလီးယားစီမံကိန်းအတွက် မြောက်ကိုရီးယားနဲ့ လုံးဝမပတ်သက်တော့ဘူးလို့ မေလတုန်းက လာလည်တဲ့ တောင်ကိုရီးယား သမတအပါအဝင် နိုင်ငံခြားအစိုးရတွေကို ကတိခံထားပါတယ်။
မြန်မာအစိုးရဟာ မြောက်ကိုရီးယားထံက နျူကလီးယားလက်နက်ဆိုင်ရာ အကူအညီယူခဲ့တယ်လို့ အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ရစ်ချတ် လူဂါ က ပထမဆုံး အကြိမ် အဖြစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလက ထုတ်ပြောခဲ့ပါတယ်။အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက သတင်း အချက် အလက်တွေ လက်ခံ ရရှိထားပြီး သက်ဆိုင်ရာ အရာရှိတွေဆီ လွှဲပြောင်းပေးခဲ့ပေမယ့် လူသိရှင်ကြား ထုတ်ပြန်တာတွေ မလုပ်ခဲ့ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးရာ ကော်မတီ ရုံးအဖွဲ့ဝင် မစ္စတာ ကိသ် လုစ် က မနှစ်က ထုတ်ပြောခဲ့ဖူးပါတယ်။
ဒါ့အပြင် မကွေးတိုင်း အနောက်ခြမ်း မလွန်ဒေသက အမည်မသိစက်ရုံတရုံမှာ မြောက်ကိုရီးယား ပညာရှင်တွေနဲ့ မြန်မာ စစ်တပ်တို့ လျှို့ဝှက် စီမံကိန်းတွေ လုပ်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြဖူးပါတယ်။မြန်မာစစ်တပ်ရဲ့ စစ်လက်နက်စက်ရုံ ဒု စက်ရုံမှူး ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကလည်း မြန်မာအစိုးရရဲ့ လျှို့ဝှက်လုပ် ဆောင်နေတဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ၂၀၀၉ ခုနှစ်က ဖွင့်ချခဲ့ပါသေးတယ်။
မကြာသေးခင် နှစ်ပိုင်းက ပေါက်ကြားခဲ့တဲ့ အမေရိကန် သံတမန် လျှို့ဝှက်ဆက်သွယ်မှုဆိုင်ရာ ၀ီကီလိခ် ကြေးနန်းမှာလည်း မြန်မာ တောတွင်းက စစ်တပ်အခြေစိုက် စခန်းတွေမှာ ရာနဲ့ ချီတဲ့ မြောက်ကိုးရီးယား နိုင်ငံသားတွေ လာရောက် လုပ်ကိုင်နေပြီး သူတို့ အကူညီနဲ့ မြေအောက် ဥမင် လိုဏ်ခေါင်းတွေ တူးနေတယ်လို့ ပြောဆိုထားတာတွေလည်း ပါဝင်ပါတယ်။မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး ပတ်အွီချွန်းဟာ ၂၅ နှစ်တာ အတွင်း ပထမဆုံးအကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လက အလည်လာရောက်ခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီး အပါအ၀င် နေပြည်တော် ထိပ်ပိုင်း အရာရှိတွေနဲ့ နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။ဒါတွေနဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးမှာလည်း အလေးအနက် ပြောခဲ့သလို ဂျွန်မက်ကိန်းအပါအ၀င် ထင်ရှားတဲ့ အမေရိကန် အမတ်တွေ မြန်မာနိုင်ငံ လာတုန်းကလည်း အစိုးရ ထိပ်တန်း အရာရှိတွေကို မြန်မာ – မြောက်ကိုရီးယား စစ်ရေး ဆက်ဆံရေးအပေါ် အမေရိကန်ရဲ့ စိုးရိမ်မှုကို အတိအလင်း ပြောခဲ့ကြပါတယ်။
အမေရိကန်က မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ပိတ်ဆို့မှုတွေ လျှော့ချမှာ ဖြစ်တဲ့အပြင် မြန်မာစစ်တပ်ကိုလည်း အကူအညီ ပေးမယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတကာ စံချိန်စံညွှန်းတွေ၊ ဥပဒေတွေအပေါ် မြန်မာစစ်တပ်က ဘယ်လိုတုန့်ပြန် ဆောင်ရွက်မလဲ ဆိုတာကို မူတည်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုကောင်းမွန် အခြေခိုင်လာမယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။


ဟံသာဝတီ နိုင်ငံတကာ လေဆိပ် အတွက် နိုင်ငံခြား လုပ်ငန်းရှင်များ ဖိတ်ခေါ်

 

ပဲခူးမြို့ အနီးတွင် တည်ဆောက်မည့် ဟံသာဝတီ နိုင်ငံတကာ လေဆိပ် စီမံကိန်းအတွက် နိုင်ငံခြား လုပ်ငန်းရှင်များကို အစိုးရက ဖိတ်ခေါ် နေကြောင်း သိရသည်။ ယင်း လေဆိပ် စီမံကိန်းကို ၁၉၉၄ ခုနှစ်က တောင်ကိုရီးယား ကုမ္ပဏီ တခုက တနှစ်လျှင် ခရီး သည် ၁၀ သန်းကို ၀န်ဆောင်မှုပေးနိုင်သော လေဆိပ်ဒီဇိုင်းပုံစံ ရေးဆွဲပေးခဲ့ဖူးကြောင်း၊ သို့သော် အကြောင်းပြချက် အသေအချာ မသိရှိရဘဲ ရပ်ဆိုင်းနေခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။


ဆရာဝန် ၆ ဦးနှင့် WFP ၀န်ထမ်း ၆ ဦး ရခိုင်၌ ဖမ်းဆီးခံထားရ

 

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားရာ နေရာများတွင် နိုင်ငံတကာမှ အကူအညီပေးနေသူ ဆရာဝန် ၆ ဦးအပါအ၀င် ၁၂ ဦး ဖမ်းဆီး ခံထားရကြောင်း သိရသည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) မှ ဆရာဝန် ၆ ဦးနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ် (WFP)မှ ၀န်ထမ်း ၆ ဦး ဖမ်းဆီးခံထားရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ က ယမန်နေ့တွင် ပြောဆိုကြောင်း The New York Times သတင်းက ဖော်ပြထားသည်။


ဗကသ (အထက်ဗမာပြည်)အား မန္တလေး ထွေ/အုပ် ခေါ်ယူသတိပေး 

ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်) အား မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ၎င်း၏ရုံးတွင် သောကြာနေ့က ခေါ်ယူ သတိပေးခဲ့ကြောင်း တိုင်း ထွေ/အုပ် ညွှန်ကြားရေးမှူးမှူး ဦးအုန်းလွင် ဦးဆောင်သည့် တိုင်း ဥပဒေအရာရှိ၊ ရဲမှူး တို့ပါဝင်သည့် အဖွဲ့က ဗကသ များအဖွဲ့ချုပ်မှ ကိုရဲရင့်ကျော် အပါအဝင် ကျောင်းသား ခေါင်းဆောင် လေးဦးအား မှတ်ပုံတင်မထားသည့် ဗကသ ၏ တရားမဝင်မှုနှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုခွဲခံခဲ့ရသည့် 7 July ရွှေရတုနေ့ ကျင်းပခြင်းကို ခွင့်မပြုနိုင်ကြောင်း ဗကသ (အထက်ဗမာပြည်) ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က

“ဗကသ ဆိုတာ တရားဝင်ဖွဲ့စည်းထားခြင်း မရှိသေးတဲ့အတွက် နောက်တခါ 7 July ဆိုတာ အာဇာနည်နေ့လိုဂေဇက်ဝင် တရားဝင် သတ်မှတ်ပေးထားတဲ့ရက် မဟုတ်တဲ့အတွက် တရားမဝင်တဲ့ ရက်မှာ တရားမဝင်တဲ့ အဖွဲ့အစည်းက ကျင်းပမယ့်ပွဲမို့လို့ သူတို့ ခွင့်မပြုနိုင်ကြောင်း အသိပေးတာ” ဟု ပြောသည်။

ဇွန်လ ၆ ရက်နေ့ကလည်း ဗကသ များအဖွဲ့ချုပ် ပြန်လည်ပေါ်ပေါက်ရေး ကြိုးပမ်းနေကြသည့် ကျောင်းသားများအား ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးက ခေါ်ယူ၍ ထိုကဲ့သို့ပင် အသင်းအပင်း ဖွဲ့စည်းခြင်း ဥပဒေအား ဖတ်ပြကာ သတိပေးခဲ့ဖူးသည်။၁၉၈၈ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အသင်းအပင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာ၏ ခွင့်ပြုချက် မရရှိဘဲ သမဂ္ဂ၊ အစည်းအရုံး၊ ကလပ်၊ တပ်ဦး စသဖြင့် ဖွဲ့စည်းလှုပ်ရှားပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်။

အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်လာခဲ့ကြသည့် ကျောင်းသား ခေါင်းဆောင်များသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီကို ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။၁၉၆၂ ခုနှစ်က အာဏာပိုင်အစိုးရမှ ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့် ရန်ကုန်တက္ကသိုလ် တကသ အဆောက်အဦးပြန်လည် တည်ဆောက်ရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများ၊ ၆၂ မျိုးဆက် ကျောင်းသားများ၊ ရှေ့နေများ၊ ဆရာဝန်များ၊ စာရေးဆရာများက ဗကသနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်မှုတွေ များနေဆဲ

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြနေတဲ့ သတင်းမီဒီယာတွေအပေါ် အစိုးရရဲ့ အရေးယူ ဆောင် ရွက်မှုတွေကို ကြည့်ရင် မြန်မာနိုငံမှာ သတင်းလွတ် လပ်ခွင့်ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခံ ထားရဆဲ ဖြစ်တယ် လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်း မခြား သတင်းထောက်များ အဖွဲ့က ပြောကြားလိုက် ပါတယ်။


တောင်သူတို့ အခက်အခဲ NDF ကို တင်ပြ 

မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်း တို့မှ လယ်သမား ၁၀၀ ကျော်ခန့်က လယ်မြေများ သိမ်းယူခံရခြင်း အပါအဝင်၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံနေကြရသည့် အခက်အခဲများကို အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီသို့ သောကြာနေ့က တင်ပြခဲ့ကြသည်။ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် City Star ဟိုတယ်၌ပြုလုပ်သည့် NDF ပါတီဝင်အသစ် လက်ခံပွဲ အခမ်းအနားတွင် လယ်သမားများက ယင်းတို့တွေ့ကြုံခံစားနေရသည့် အခက်အခဲများကို NDF လွှတ်တော်အမတ်များမှတဆင့် လွှတ်တော်သို့ တင်ပြနိုင်ရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းရွာမှ တောင်သူ ဦးမင်းဌေးအောင်က ၁၉၉၆ ခုနှစ်မှ လုပ်ကိုင်ခွင့်ရခဲ့သည့် ကြံ ၁၃၂.၅၈ ဧကကို ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိမ်းယူသွားသည့်အတွက် ထိုမြေများကို လုပ်ပိုင်ခွင့် ပြန်လည်ရရှိ လိုကြောင်း
ပို့ဆောင်ရေး အမည်ခံပြီးတော့ လာသိမ်းသွားတယ်။ ကျနော်တို့ ကြံစိုက်ပြီးတော့ မအောင်မြင်ရင် တခြားသီးနှံ စိုက်ပျိုးခွင့်ပြုမယ်ဆိုပြီးတော့ မြန်မာ့ကြံလုပ်ငန်းက နှုတ်ကတိ ပေးခဲ့ပါတယ်။ အခုကျတော့ ကျနော်တို့ကို အခြားသီးနှံ စိုက်ပျိုးခွင့် မပြုဘဲနဲ့ ၂ဝဝ၇ ခုနှစ်မှာ အကြောင်းပြချက်မရှိဘဲ ကျနော်တို့ကို သိမ်းယူပါတယ်” ဟု အခမ်းအနားတွင် တင်ပြခဲ့သည်။

ထို့အပြင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှ စောမျိုးမင်းလှိုင်ကလည်း လယ်မြေများ ရေကြီး နစ်မြှုပ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အတွက် မြန်မာ့ စိုက်ပျိုးရေးဘဏ်က ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်များကိုပေးချေနိုင်ခြင်း မရှိသည့်အတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် ပတ်သက်၍ သင့်တော်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် တင်ပြသွားခဲ့သည်။
ညောင်လေးပင်မြို့နယ် တော်ပသီရွာမှ ဦးအေးလွင်ကလည်း ငါးလုပ်ငန်းဦးစီးဌာမှ ဆည်များလုပ်ကာ ငါးမွေးခြင်းကြောင့်လည်း လယ်မြေများ ပျက်စီးရသည်ဟု စွပ်စွဲ ပြောဆိုသွားခဲ့သည်။

NDF ပါတီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အရွေးချယ်ခံခဲ့ရသော်လည်း နောက်ပိုင်း တွင် ပါတီခွဲထောင်ခြင်းများနှင့် ပါတီကူးပြောင်းသွားခြင်းတို့ကြောင့် ကိုယ်စားလှယ် ရှစ်ဦးသာ ကျန်ရှိနေသည်။NDF ၏ ပါတီသစ် လက်ခံပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ပါတီဝင် အသစ် ၁ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။ပဲခူးမြို့ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ် အဖွဲ့ဝင် ၇၂,ဝဝဝ သည် NDF သို့ လျှောက်လွှာတင်ပြီး ဖြစ်သည်ဟု သိရသည်။


အစိုးရနှင့် KIO တိုက်ပွဲ ပြင်းထန်နေစဉ် KIO နှင့် UKA ပူးပေါင်း

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ခြောက်မိုင်အကွာရှိ
ဒေါ့ဖုန်းယန် မြို့နယ်ခွဲတွင် အစိုးရတပ်နှင့် KIO တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း
ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ကျေးရွာနှင့် နားလုံကျေးရွာ အကြားတွင် အစိုးရ၏ တပ်အင်အား ၁၀၀ ကျော်ခန့် တက်လာရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။နှစ်ရက်ကြာ တိုက်ပွဲအတွင်း နှစ်ဖက်လုံးမှ ကျဆုံး ဒဏ်ရာရမှုများ ရှိသည်ဟု KIO ၏ ရှေ့တန်းမှ အရာရှိတဦးက ပြော သည်။ထိုသို့ အစိုးရတပ်နှင့် KIO တပ်အကြား တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေစဉ် KIO နှင့် ပြည်ပ အခြေစိုက် ကချင် အမျိုးသားအစည်းအရုံး KNO တို့ ပူးတွဲ လုပ်ဆောင်သွားရန် လိုင်ဇာဌာနချုပ်တွင် နှစ်ရပ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် KNO ၏ United Kachinland Army - UKA တပ်ဖွဲ့ကို ရုတ်သိမ်းလိုက်ပြီး KIA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဖွဲ့စည်းလိုက်ကြောင်း ဇွန်လ ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

အင်အား ရာဂဏန်းရှိ UKA တပ်ဖွဲ့များသည် အများအားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်တွင် လှုပ်ရှားနေသည်ဟု သိရသည်။ထိုသို့ ပူးပေါင်းလိုက်ခြင်းနှင့် ပတ်သက်၍ “အမျိုးသားရေးအတွက် ပေါင်းလိုက်တာ။ တခုပဲ ဖြစ်အောင် ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော်တို့က အဖွဲ့တွေ အများကြီး အားလုံး စုစည်းသင့်နေပြီဆိုတာ ကချင်တိုင်းက သိသင့်နေပြီ” ဟု ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။   ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် KNO ကို ၁၉၉၉ ခုနှစ်က ထူထောင်ခဲ့ပြီးသော်လည်းနောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘောထားများ ယှဉ်ပြိုင်သလို ဖြစ်လာခဲ့ရာမှ ၂ဝ၁၁ ခုနှစ် ဇန်နဝါနရီလက သဘောထား ပြန်လည် ညှိနှိုင်းခဲ့ကြသည်။KNO ကို ကချင်ကျောက်စိမ်းလုပ်ငန်းရှင် ဒူဝါဘောမ်ဝမ် လရော်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များမှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် ရှိသည်။


မြစ်ကြီးနား ဘောလုံးကွင်းအနီး ဗုံးကွဲ လူတဦးသေဆုံး

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ မိုးလုံလေလုံ ဘောလုံးကွင်းအနီးတွင် သောကြာနေ့ ညနေ ၆ နာရီကျော်ခန့်က ဗုံးတလုံး ပေါက်ကွဲခဲ့၍ လူတဦး သေဆုံးခဲ့သည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။အခြားမြစ်ကြီးနားမြို့ခံ မျက်မြင်တဦးကလည်း  “၆ နာရီ ၁၀ မိနစ်လောက်က ဘောလုံးကွင်းရဲ့ ဆိုင်ကယ်စတင်းမှာလို့ပြောတယ်။ ဆိုင်ကယ်မှာ ထောင်ထားသလိုလို ပြောနေတယ်။ လူတယောက် သေတယ်။ ခါးပြတ် သွားတယ်” ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

ဘောလုံးကွင်းတွင် စီတာပူရပ်ကွက်နှင့် သီတာရပ်ကွက်များ ဘောလုံးပြိုင်ပွဲလည်း ရှိနေသဖြင့် ဆိုင်ကယ်ထားသည့်နေရာတွင် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
အမှတ်(၁) ရဲစခန်းမှ တာဝန်ရှိသူတဦးကမူ ဗုံးပေါက်ကွဲမှုမှာ မြစ်ကြီးနားမြို့ လူဝင်မှုကြီးကြပ်ရေးရုံး လဝက ရုံးလမ်းကြား တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး သေဆုံးမှုများ ရှိပြီး အသေးစိတ်ကို သွားရောက် စုံစမ်းနေဆဲ ဖြစ်သည်ဟု တာဝန်ရှိသူ တဦးက ပြောသည်။ ပြည်နယ်အာဏာပိုင်များက ဖောက်ခွဲမှုနှင့် ပတ်သက်၍ မေလမှ စတင်၍ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လက်ရှိ အနည်းဆုံး လူ ၁၀ ဦးကျော် အမှုရင်ဆိုင်နေရသည်ဟု သိရသည်။





နိုင်ငံရေးပါတီ ခုနစ်ပါတီမှ ပါတီဝင် ၄၂ ဦးတို့သည် ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း အဆိုပါ ဂျပန်နိုင်ငံသို့ သွားရောက်မည့် လေ့လာရေးခရီးစဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၃ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၀ ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီမှ သုံးဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ လေးဦး၊ ရှမ်းတိုင်ရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ငါးဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လေးဦးနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ သုံးဦးတို့ လိုက်ပါသွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ဂျပန်နိုင်ငံရှိ နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ပြီး လွှတ်တော်အတွင်းသို့ သွားရောက်လေ့လာမည်ဖြစ်ကြောင်းထို့အတူ ၂၀၁၁ ခုနှစ်ကလည်း နိုင်ငံရေးပါတီ ခြောက်ပါတီမှ ပါတီဝင် ၂၀ ဦးတို့ ဂျပန်နိုင်ငံသို့လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း သိရသည်။


KNPP နှင့် အစိုးရတပ် တိုက်ပွဲဖြစ်

 

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ပြုလုပ်ထားသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်ဖွဲ့များ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ကယားပြည်နယ် မော်ချီးမြို့နယ်အတွင်းရှိ ဘွာဒိုကျေးရွာအနီး မော်ချီးမြို့နှင့် တောင်ငူမြို့သို့ ဆက်သွယ်ထားသော ကားလမ်း ဟောင်း အနီးတွင် KNPP အမှတ် ၁ တပ်ရင်းနှင့် အင်အား ၈၀ ကျော်ပါဝင်သော မော်ချီးမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ) ၅၃၀ တို့ တနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNPP အတွင်းရေးမှူး ၁ ခူးဦးရယ် က ပြောပြသည်။
တိုက်ပွဲကြောင့် အစိုးရတပ်ဘက်မှ ၅ ဦး ကျဆုံးကြောင်း KNPP ဘက်မှပြောဆိုသော်လည်း ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ သို့သော် နယ်မြေစိုးမိုးမှုအရ ယင်းတိုက်ပွဲတွင် အသာစီးရခဲ့သည်ဟုလည်း KNPP က ဆိုသည်။ခမရ ၅၃၀ နယ်ကျွံ လှုပ်ရှားလာမှုနှင့် ပတ်သက်၍ တိုက်ပွဲမဖြစ်ပွားမီ KNPP ခေါင်းဆောင်များက ပြည်နယ်အဆင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်စိုး ထံ အကြောင်းကြားခဲ့သော်လည်း ၎င်းတို့တပ်ရင်းများ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။နှစ်ဘက်တိုက်ပွဲများဖြစ်ပွားမှုနှင့် ပတ်သက်၍ “ဒါမျိုးနောက်ထပ် ထပ်မံမဖြစ်ပွားဖို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကိုတော့ ဖုန်းနဲ့ တိုက်ရိုက် အကြောင်းကြားပြီးပါပြီ”ဟု ခူးဦးရယ်က ပြောသည်။
အစိုးရတပ်များက KNPP ထိန်းချုပ်ဒေသများသို့ ၀င်ရောက်မှုနှင့်ပတ်သက်၍ တပ်ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်(IDP) များ ပြန်လည် နေရာချထားရေး စသည့် အချက်များအပါအ၀င် ၁၄ ချက်ကို ဇွန်လ ၉ ရက်နေ့က သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။
ထိုသဘောတူ လက်မှတ်ရေးထိုးမှုတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ ဒု ဥက္ကဌ ဦးအောင်မင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ် ၊ KNPP ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးနှင့် ခူးဦးရယ် အပါအ၀င် ကိုယ်စားလှယ် ၉ ဦးတို့ ပါဝင်ခဲ့ကြသည်။
အစိုးရနှင့် KNPP တို့အကြား နယ်မြေသတ်မှတ်ရေးနှင့်ပတ်သက်၍ တရားဝင် သဘောတူညီချက် ရရှိထားခြင်း မရှိသေး သော် လည်း လာမည့် နောက်တကြိမ် အစည်းအဝေးတွင် ယင်းကိစ္စကို ဆွေးနွေးကြမည်ဟု ဇွန်လ ၉ ရက်နေ့က နှစ်ဘက် သဘောတူခဲ့ကြ သည်။





ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတို့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ တပ်မတော်တွင် စစ်မှုထမ်းခြင်းမှ ကာကွယ်ရန်နှင့် အသက်မပြည့်သေးသော တပ်သားသစ်များ ကို လွတ်မြောက်ခွင့်ပြုရန် လက်မှတ်ရေးထိုးခဲ့သည့် လုပ်ငန်းအစီအစဉ်အား သဘောတူစာချုပ် အသက်ဝင်ချိန်မှ ၁၈ လအတွင်းအပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့(ယူနီဆက်)တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက ပြောကြားခဲ့သည်။   
အဆိုပါသဘောတူ စာချုပ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က လတ်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ချိန် ၄၅ ရက် သတ်မှတ်ခဲ့ပြီး ပြင်ဆင်ချိန် ပြီးဆုံးသည့်ရက်မှစ၍ ၁၈ လအတွင်းအပြီး တစ်နိုင်ငံလုံးတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက ပြောကြားခဲ့သည်။
''၁၈ လအတွင်း အပြီးလုပ်ဆောင်သွားမယ်ဆိုတာက တပ်မတော်အတွင်းမှာရှိတဲ့ ကလေးစစ်သားတွေကိုပဲ ရည်ညွှန်းတာပါ။ ၁၈ လကျော်လို့မှ တပ်မတော်က ကလေးစစ်သား ဆက်စုဆောင်းနေမယ်ဆိုရင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြ သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စီးပွားရေးပိတ်ဆို့မှုတွေလဲ ရှိလာမှာဖြစ်ပါတယ်''ဟု ၄င်းက ပြောကြားခဲ့သည်။ 
တပ်မတော်အပါအ၀င် မြန်မာနိုင်ငံ၌ ကလေးစစ်သားများ စုဆောင်း အသုံးပြုသော အဖွဲ့ရှစ်ဖွဲ့ခန့်ရှိပြီး ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ စစ်တပ်၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်-ငြိမ်းချမ်းရေး ကောင်စီ၊ ကရင်နီတပ်၊ ရှမ်းပြည်နယ်တပ်(SSA )တောင်ပိုင်းနှင့် '၀' အမျိုးသားတပ်မတော်တို့ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့များတွင် ကလေးစစ်သားဦးရေ မည်မျှ ရှိသည်ကိုမူ အတိအကျ မသိရှိသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အရေအတွက် မြင့်မားနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စကုမာရဆွာမိက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်)အနေဖြင့်  ၂၀၀၇ ခုနှစ်မှ ယခုလက်ရှိအချိန်ထိ တပ်မတော်ထဲမှ ပြန်လည်ထုတ်ပေးခဲ့သော ကလေးစစ်သားဦးရေမှာ ၅၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၄င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ စစ်သားစုဆောင်းရာတွင် တပ်မတော် ဥပဒေစည်းမျဉ်းစည်း ကမ်းများနှင့်အညီ စုဆောင်းခြင်းမပြုသည့် အရာရှိနှင့် အခြားအဆင့် ၂၀၁ဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အရွယ်မရောက် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့သည် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်အား ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းက သဘောတူစာချွန်လွှာ လတ်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 








လျှပ်တစ်ပြက်ဂျာနယ် အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြပါရှိသော မသီတာထွေး၏ ဓာတ်ပုံနှင့် ပတ်သက်၍ အယ်ဒီတာချုပ် ဦးမြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဇွန်လ၂၉ရက်နေ့တွင် ဦးတိုက်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

တရားလို ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူရက ''လျှပ်တစ်ပြက်ဂျာနယ် အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြပါရှိသော အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုး တရားခံ ၃ ဦး၏ ဓာတ်ပုံ၏ တစ်ဆက်ထဲအောက်တွင် မသီတာထွေး၏ လုယက်၊ လူသတ်၊ မုဒိန်းကျင့်၊ လည်ပင်းဓာဒဏ်ရာဖြင့် ဒူးပေါ်ပေါင်ပေါ်ဓာတ်ပုံကို ဖော်ပြရန် မသင့်ဘဲ ဖော်ပြခဲ့ခြင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ၁၂ရက်ကြာမြင့်ပြီးမှ ဖော်ပြရန် မသင့်သော ဓာတ်ပုံများဖြင့် မသင့်မလျော် ထပ်မံဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ဖော်ပြခြင်းအားဖြင့် အဆိုပါ ဂျာနယ်ထုတ်ဝေသည့်နေ့မှာပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပျံနှံသွား၍ ဗုဒ္ဓဘာသာဝင်လူထုနှင့် အစ္စလာမ် ဘာသာဝင် လူထုအကြား တင်းမာမှုများ၊ မကျေနပ်မှုများ ကိန်းဝပ်သွားပြီး ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်သွားစေပြီး ပြည်သူများအကြား စိုးရိမ်ထိတ်လန့် ကြောက်ရွံ မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် တမင်ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်ရာရောက်သော ဖော်ပြချက်များ ဖြစ်နေသဖြင့် တာဝန်ရှိသူ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ်အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ) (ဂ)တို့အရ အရေးယူပေးပါရန် ဦးတိုက်လျှောက်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

တရားပြိုင် ဦးမြတ်ခိုင်၏ ရှေ့နေ ဦးသိန်းညွန့်က ''ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူရကနေ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို တရားစွဲတာပါ။ သို့သော် ဒီလိုတရားစွဲဖို့ ရန်ကုန် အရှေ့ပိုင်းခရိုင်ကို ညွန်ကြားတာက ၀န်ကြီးချုပ်ရဲ့ ကိုယ်စားလက်မှတ်ထိုးတဲ့ ဒုတိယညွန်ကြားရေးမှူးတစ်ယောက်က ညွန်ကြားတာပါ။ အဲဒီစာကို ဒီအမှုထဲမှာ သက်သေခံ မတင်ထားတာကို ထောက်ပြခဲ့ပါတယ်။ ဒီနေ့ တရားလို လျှောက်ထားသူက ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅(ခ)(ဂ)နဲ့ သူတို့ ဦးတိုက်လျှောက်လွှာပါ အချက်တွေနဲ့ စွပ်စွဲတာပါ။ အဲဒါကို ကျွန်တော်ဘက်ကလည်း စွပ်စွဲချက်တွေကို ပြန်ချေပတယ်။ ဥပဒေအရ စကားပြောရင် ဦးမြတ်ခိုင်ရေးတဲ့ ၈.၆.၂၀၁၂ သတင်းသည် မြန်မာ့အလင်း၊ ကြေးမုံမှာပါတဲ့ သတင်းစာ အတိုင်း ၏သည် မခြားရေးသားထားခြင်း ဖြစ်တယ်။ ဓာတ်ပုံများသည်လည်း အင်တာနက်မှာ အများပြည်သူ ကြည့်ရှုပြီးသား ပုံတွေဖြစ်တယ်။ အဲဒီဟာ ဦးမြတ်ခိုင် သတင်းကြောင့် သူ့ဟာ သူတရားလိုထွက်ဆိုချက်အတိုင်းပဲ ရခိုင်မှာဖြစ်တာက ဇွန်လ ၃ ရက်နေ့ ဦးမြတ်ခိုင် သတင်းရေးတာက ၈ရက်နေ့ ဦးမြတ်ခိုင် သတင်းရေးသားပြီးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရခိုင်မှာ မူလသူ့ဟာသူ ဖြစ်နေတဲ့ နေရာကလွဲပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရခြင်း မရှိဘူး။ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရခြင်းမရှိဘူး။ အဲဒါကို ကျွန်တော်အဓိက ပြန်ပြီး တရားလိုကို ပြန်လည် မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့ သူတို့ အလုပ်က စွပ်စွဲတယ်။ ကျွန်တော်က ဦးမြတ်ခိုင်ရဲ့ ရှေ့နေအနေနဲ့ ဒီစွပ်စွဲချက်တွေကို ချေပတယ်။ ဒါပါပဲ။ ဇူလိုင်လ ၁၃ ရက်နေ့မှာ နောက်ထပ် ရုံးချိန်း ရှိပါတယ်''ဟု ပြောကြားခဲ့သည်။





မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးတက်လာမှုနှင့်အတူ ဟိုတယ်အခန်းခနှုန်းထားများသည်လည်း လိုက်ပါမြင့်တက်လာခဲ့ကာ ယခုအခါတွင် ယင်းသို့ ဈေးနှုန်းမြင့်တက်လာမှုက ခရီးသွားလုပ်ငန်း အသေးစားနှင့် အလတ်စားများ ဆက်လက်ရှင်သန်ရပ်တည်ရန် ခက်ခဲလာသည်ဟု ခရီးသွားလုပ်ငန်းနယ်ပယ်မှ သတင်းရရှိပါသည်။
ယင်းအနေအထားများကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် စပ်လျဉ်း၍ လက်ရှိအခြေအနေများအား နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တင်ပြခဲ့ကြောင်း ကမ္ဘာလှည့်ခရီးသည် တည်းခိုလိုမှုအပေါ် အခန်းရရှိရန် အခက်အခဲရှိသည့် အနေအထားတွင် ဟိုတယ်များ၊ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်များသည် အခန်းခဈေးနှုန်းများအား ယခင်နှစ်ကနှင့်စာလျှင် ၃၀၀ ရာခိုင်နှုန်းအထိ မြှင့်တင်၍ ခရီးသွားလုပ်ငန်းများအား ရောင်းချလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအကြား နှစ်စဉ် စာချုပ်ချုပ်ဆို လုပ်ကိုင်လေ့ရှိသော်လည်း ယခုအခါ စာချုပ်ချုပ်ဆိုရန် ခက်ခဲလာခြင်း၊ အသေးစားနှင့် အလတ်စား ခရီးသွားလုပ်ငန်းများသို့ စာချုပ်ဈေးနှုန်း မပေးခြင်း၊ အခန်းခကြိုတင်ငွေ (Deposit) တောင်းခံ၍ ပေးထားနိုင်သောကုမ္ပဏီများနှင့်သာ စာချုပ်ချုပ်ခြင်း၊ စာချုပ်ရာတွင် တစ်နှစ်သက်တမ်းရှိ စာချုပ်အစား လပိုင်းသာ သက်တမ်းရှိသည့် တစ်ဖက်သတ် Proposal ပေး၍ စာချုပ်များကိုသာ ချုပ်ဆိုစေခြင်း ပြုလုပ်နေကြောင်း၊ စာချုပ်ပါဈေးနှုန်းများကိုလည်း အချိန်မရွေး ဖုန်းဖြင့် ပြောင်းလဲလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းများက Booking တင်သည့်အခါတွင် နိုဝင်ဘာလအထိ အခန်းပြည့်နေကြောင်း ပြောကြားပြီး ပြည်ပမှ ခရီးသွားလုပ်ငန်းရှင်များက Online တွင် ဟိုတယ်အခန်းများ ၀ယ်ယူလိုပါက ရရှိနေ ကြောင်းလည်း သိရှိရသည်။
အဆိုပါ တင်ပြမှုတွင် အသေးစားနှင့် အလတ်စားခရီးသွားကုမ္ပဏီ ၃၀ ကျော် ပါဝင်ခဲ့သည်။ 
ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အချက်အလက်များတွင် အခန်းခဈေးနှုန်းများ သတ်မှတ်ရာတွင် အာဆီယံနိုင်ငံများ၏ ဈေးနှုန်းများအား အခြေခံ၍ပေးနိုင်သော ၀န်ဆောင်မှုနှင့်အညီ ဈေးနှုန်းကိုသာ သတ်မှတ်တောင်းခံရေးအတွက် ညှိနှိုင်းပေးရန်၊ တစ်ကြိမ်တည်းသော မူလစာချုပ် အတည်ဖြစ်စေရန်၊ ခရီးသွားကုမ္ပဏီ အကြီးများအား စာချုပ်ပေးသည့်နည်းတူ အလတ်စားနှင့် အသေးစားခရီးသွားလုပ်ငန်းများအား လုပ်သာကိုင်သာရှိမည့် ဈေးနှုန်းဖြင့် စာချုပ်ပေးနိုင်ရေး ညှိနှိုင်းပေးရန် စသည်တို့ ပါဝင်ခဲ့သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment