ထာဝရငြိမ်းချမ်းရေးပြောရင် နိုင်ငံရေးအကျဉ်းသားတွေ အရင်ဆုံးလွှတ်ပါ
မောင်ခင်အေးတင့် (မဒေါက်)

 
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရယူပြီး နောက်သုံးလနီးပါးအကြာ မတ်လ (၂၈) ရက်နေ့မှာ ပြည်တွင်းစစ်မီး စတင်တောက်လောင်လာခဲ့ပါတယ်။ အခုဆို နှစ်ပေါင်း ၆၀ ကျော်သွားခဲ့ပါပြီ။ ဖဆပလကစလို့ မဆလ-န၀တ-နအဖအလယ် အခု ကြံ့ဖွတ်အစိုးရ အဆက်ဆက်ထိ ပြည်တွင်းစစ်ကို မရပ်စဲနိုင်သေးပါဘူး။ မဟုတ်မှလွဲရော ပြည်တွင်းစစ်ကို တမင်မွေးထားတာများလားလို့တောင် မေးရပြောရမလို ဖြစ်နေပါတယ်။
အရင် အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၆၃ ခုနှစ်တုန်းကလည်း ပြည်တွင်းစစ်ရပ်စဲပြီး ပြည် တွင်း ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ လုပ်ဆောင်ခဲ့ဘူးပါတယ်။ အဲဒီကာလက ဗိုလ်နေ၀င်းအစိုးရနဲ့ သဘောထားအယူအဆ မတိုက်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့အားလုံးလိုလိုက ပြည်တွင်းငြိမ်းချမ်းရေးအတွက် စကားပြောဆို ဆွေးနွေးညှိနှိုင်းကြဖို့ ၀မ်းသာအယ်လဲကြိုဆိုကြပါတယ်။ ညှိနှိုင်းဆွေး နွေးကြပါတယ်။ ဒါပေမဲ့ မကြာလိုက်ပါဘူး။ ဗိုလ်နေ၀င်းအစိုးရက တဖက်သတ်ဖျက်သိမ်းပစ်လိုက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြို့ပေါ်ရောက် နေတဲ့အဖွဲ့တွေကို လိုက်လံဖမ်းဆီး ထောင်ချပစ်လိုက်ပါတယ်။ အဲဒါနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နိဂုံးကမ္မချုပ်သွားခဲ့ပါတယ်။
၁၉၆၄ ခု မတ်လမှာတော့ ဗိုလ်နေ၀င်းစစ်အစိုးရရဲ့ အမျိုးသားညီညွတ်ရေး ထိန်းသိမ်းကာကွယ်ရေးဥပဒေ ပေါ်ထွက်လာပြီး နဂိုကရှိရင်းစွဲ နိုင်ငံရေးပါတီတွေအပါအ၀င် အခြားလူမှုအသင်းအဖွဲ့အားလုံးလိုလို ဇာတ်သိမ်းသွားခဲ့သလို ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့အသံ မှေးမှိန်သွားတဲ့နောက် ၁၉၆၇-၆၈ ခုနှစ်တွေကစပြီး ပြည်တွင်းကော နယ်စပ်ဒေသတွေကော ပြည်တွင်းစစ်မီးအရှိန်မြင့်လာခဲ့တာ အခု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးသိန်းစိန်အစိုးရသစ်အထိ ဖြစ်ပါတယ်။
တခါ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး န၀တပေါ်လာတဲ့နောက်ပိုင်း အရင်စစ်ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွှန့်လက်ထက် ၁၉၈၉ ခုနှစ်လောက်ကတည်းကစပြီး သူတို့စစ်အုပ်စုရဲ့ နိုင်ငံရေးလိုအပ်ချက်အရ ခွန်ဆာဘိန်းဓမြတွေအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် စတင်ကြိုးပမ်းခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး လုပ်နိုင်ခဲ့တယ်လို့ အော်ဟစ်ကြွေးကြော်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အင်အားအတော်အတန်ရှိတဲ့ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီး သေနတ်ပြန်ပေါက်ခဲ့ပြန်ပါတယ်။
အကြောင်းကတော့ အမှန်တကယ်ငြိမ်းချမ်းရေးဖြစ်ပေါ် တည်ဆောက်ချင်တာမျိုးမဟုတ်ဘဲ လတ်တလောလိုအပ်ချက်ပေါ်မူတည်ပြီး အင် အားသေးငယ်တဲ့သူကို အပြီးတိုင်ချေမှုန်းရေးနဲ့ အပြုတ်တိုက်လက်နက်ချရေးမူကြောင့် ဖြစ်ပါတယ်။ အရင် နည်းဗျူဟာဟောင်းအတိုင်းပါပဲ။ တောတွင်းလက်နက်ကိုင် အင်အားစုတွေကို အာဏာရအစိုးရအဆက်ဆက်က တောက်လျှောက်အပြတ်ရှင်းရေးမူကို ကိုင်စွဲ လက်နက်ချရေး ကိုသာ ဇောင်းပေးလုပ်ဆောင်ခဲ့တယ်ဆိုတဲ့အချက်က အထင်းသားပေါ်နေပါတယ်။
ဟောအခုတခါ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌနဲ့ ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး စ၀်ယွက်စစ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ မေ (၁၉) ရက်နေ့က ရှမ်းပြည်တောင်ပိုင်း-ကျိုင်းတုံမြို့မှာ (၁၀) နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးရာက အချက် ၁၂-ချက် သဘောတူလက်မှတ်ထိုးခဲ့ကြပြီးတဲ့ နောက်တရက် မေ (၂၀) -ရက်နေ့မှာပဲ အစိုးရတပ်နဲ့ SSA တောင်ပိုင်းတပ်တွေ တနာရီကြာ တိုက် ပွဲ ပြန်ဖြစ်ပါတယ်။
အစိုးရစစ်တပ်ရဲ့အပြောအရကတော့ ထွက်ပြေးသွားတဲ့ သူတို့ရဲဘော်တွေကို လိုက်လံဖမ်းဆီးရင်းနဲ့ မတော်တဆ SSA တောင်ပိုင်းတပ် တွေရှိတဲ့ နယ်မြေထဲကိုရောက်သွားရာက ရုတ်တရက် တိုက်ပွဲပြန်ဖြစ်ရတာပါလို့ ရှင်းလင်းပါတယ်၊ မနေ့ကတင် လက်မှတ်ရေးထိုးလိုက်တဲ့ အချက်တွေထဲကတချက်ဖြစ်တဲ့ တခြားနယ်မြေထဲကိုဝင်ရောက်ရင် လက်နက်မယူဆောင်လာရ၊ ကြိုတင်အသိပေး အကြောင်းကြားရမယ် ဆိုတဲ့အချက်ကို ဗြောင်ချိုးဖောက်လိုက်တာပါပဲ။ ဒု-စစ်ဦးစီးချုပ်ကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးခဲ့တာ မဟုတ်ဘူးလား။ ဒု-တပ်မ တော်စစ်ဦးစီးချုပ်ကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့အချက်ကို တော်ရုံတန်ရုံ ဘယ်သူကချိုးဖောက်ဝံ့ပါ့မလဲ။ ရွှေသမင်ဘယ်က ထွက် မင်းကြီးတာကထွက်ဆိုသလို တခြားထွက်စရာမရှိနိုင်ပါဘူး။
သာဓကအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွေ့အကြုံလေးကို သင်ခန်းစာ အဖြစ် ထပ်မံတင်ပြချင်ပါတယ်။
ဗမာအစိုးရအဆက်ဆက်ကို နှစ်ပေါင်း ၆ဝ-ကျော် ခုခံတော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဟာ အရင် န၀တစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ဖူးပါတယ်။ ထိုအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ကို ကရင်နီပြည် လွိုင်ကော်မြို့ခန်းမမှာ ၁၉၉၅-ခုနှစ် မတ်လ ၂၁-ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ကေအဲန်ပီပီဘက်က အဲဒီ အချိန် ကေအဲန်ပီပီ ဒု-ဥက္ကဌ ထဲဘူးဖဲ ဦးဆောင်ပြီး စစ်အစိုးရဘက်ကတော့ ထောက်လှမ်းရေးအရာရှိ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ဦးဆောင် ဆွေးနွေးခဲ့ပါတယ်။ ကေအဲန်ပီပီဘက်က စစ်အစိုးရကို အချက် ၁၆-ချက် တင်ပြတောင်းဆိုခဲ့ပြီး စစ်အစိုးရကလည်း လက်ခံသဘောတူတဲ့ အတွက် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ အထမြောက်ခဲ့ပါတယ်။
အဓိကအချက်တွေအနေနဲ့ ကယားပြည်နယ်မှာ တပ်ရင်းတွေ ထပ်မံမတိုးချဲ့ဖို့၊ ကျေးရွာတွေကို ထပ်မံပြောင်းရွှေ့မှု မလုပ်ဖို့၊ ကျေးရွာတွေနဲ့ အနီးစပ်ဆုံးမှာ ချထားတဲ့ မိုင်းဗုံးတွေကို ပြန်ဖြုတ်ပေးဖို့၊ ကရင်နီရဲဘော်တွေအပါအ၀င် ကယားပြည်နယ်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ သူ့နေရာ ကိုယ့်နေရာ သတ်သတ်မှတ်မှတ်ရှိဖို့၊ ပေါ်တာဆွဲခြင်းနဲ့ ပေါ်တာကြေးကောက်ခံတာ မလုပ်ဖို့၊ ကရင်နီပြည်တွင်း လွတ် လပ်စွာ သွားလာလုပ်ကိုင် စီးပွားရှာဖွေနိုင်ဖို့ အစရှိတဲ့အချက်တွေဖြစ်ပါတယ်။ ၃-လအကြာမှာတော့ ကေအဲန်ပီပီနဲ့ စစ်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီး သေနတ်ပြန်ပေါက်ခဲ့ကြပါတယ်။
သေနတ်ပြန်ပေါက်ရတဲ့အကြောင်းရင်းကတော့ တပ်ရင်းတွေ ထပ်မံတိုးချဲ့ခြင်း မပြုလုပ်ဖို့၊ တပ်စခန်းတွေ၊ နေရာသစ်တွေ တိုးချဲ့ခြင်း မပြု လုပ်ဖို့ဆိုတဲ့ အဓိကအချက်တွေကို စပြီးချိုးဖောက်ခဲ့လို့ ဖြစ်ပါတယ်။ ဒ့ါပြင် စစ်အစိုးရတပ်တွေကို ကေအဲန် ပီပီရဲ့တပ်စခန်းတွေ တပ်စွဲထားတဲ့ ကရင်နီပြည် သံလွင်မြစ် အရှေ့ဘက်ခြမ်းကိုပို့တာကြောင့် ၁၉၉၅-ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ စပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတာပါ။ စစ် အစိုးရပြောတာက ထိုင်းက တချို့လူတွေ ပြည်တွင်းမှာ သစ်တွေလာခိုးတယ်။ အဲဒီလူတွေကို သွားရှာဖမ်းမယ်ပြောပြီး တပ်တွေပို့တယ်။ သစ်လုပ်တဲ့နေရာ တကယ်သွားကြည့်တာမဟုတ်ဘူး။ အဲဒါနဲ့ တိုက်ပွဲတွေပြန်ဖြစ်တာပါပဲ။
ဒါတွေကိုကြည့်ရင် ငြိမ်းချမ်းရေးဆိုတာကို စစ်နည်းပရိယာယ်တခုလို သွေးတိုးစမ်းလေ့ရှိတာဟာ န၀တ-နအဖအစိုးရ လုပ်လေ့ရှိတဲ့အကျင့် တခုဆိုတာ အထင်အရှားတွေ့မြင်နေရပါတယ်။ အခု ကြံ့ဖွတ်အစိုးရကလည်း အရင် နအဖစစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်တ ပိုင်းအစိုးရပါပဲ။ စစ်ယူနီဖေါင်းနဲ့ အရပ်သားအ၀တ်အစားလဲဝတ်လိုက်တာပဲ ကွာပါတယ်။ နဂိုဇာတိရုပ်က ငေါငေါကြီး အတိုင်းသား ပေါ်ကျန် နေပါတယ်။ ၂၀၁၂ ခုနှစ် မေ (၃၀) ရက်နေ့ဆိုတာဟာလည်း အခုကြံ့ဖွတ်အစိုးရက ကြိုးကိုင်စီစဉ်ခဲ့တဲ့ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး ၉-နှစ်တင်းတင်းပြည့်တဲ့ သွေးစွန်းနေ့ပါပဲ။
အဲဒီအစိုးရရဲ့ သမ္မတဦးသိန်းစိန် မေလ (၃) ရက်နေ့က လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် (၁၂/၂၀၁၂) ကြေညာချက် အပိုဒ် (ခ) ပြည်ထောင်စုအဆင့်ဆွေးနွေးခြင်းဆိုတာမှာ နံပါတ် (၅) ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့၊ နံပါတ် (၆) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံဖို့၊ နံပါတ် (၇) ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းကို အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ တန်းတူညီတူ နေထိုင်၊ သွားလာ၊ လုပ်ကိုင်၊ စားသောက်ဖို့နဲ့ နံပါတ် (၈) ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တခုတည်းသော လက် နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးဆိုတာတွေကို ပြောင်ပြောင်တင်းတင်း ထည့်သွင်းထားတာကိုကြည့်ရင် အပြီးတိုင်ချေမှုန်း ရေး၊ အပြုတ်တိုက်ရေး လက်နက်ချအညံ့ခံရေးဆိုတဲ့ အရင်စစ်အစိုးရရဲ့ မူပေါ်လစီကနေ ဆံတချည်မျှင်တောင်မှ မတိမ်းစောင်းဘဲ အခု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက လုပ်သွားရမယ်ဆိုတာ ရှင်းလွန်းနေပါတယ်။ ထာဝရငြိမ်းချမ်းရေးမဟုတ် ဘဲ ငြိမ်းချမ်းရေး အတုအယောင်ဖော်ဆောင်ရေးသာဖြစ်တယ်ဆိုတာ သတိပြုရပါလိမ့်မယ်။
ချုပ်လိုက်ရင်တော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီကို ထာဝရငြိမ်းချမ်းရေး ဖြစ်ပေါ်ရေး အ တွက် အမှန်တကယ်ဖွဲ့စည်းတယ်ဆိုရင်တော့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ချွင်းချက်မရှိ လုပ်ဆောင် ရပါမယ်။ ဟိုတဖွဲ့ကိုတော့တိုက် ဒီတဖွဲ့ကိုတော့ အပစ်ရပ်ရေးလုပ်ဆိုတာမျိုးတွေ ချက်ချင်းရပ်ဆိုင်းရပါမယ်။ သဘောတူညီချက်တွေချိုးဖောက်ခဲ့ရင် ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးရပါမယ်။ ဒါ့ပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အကြွင်းမဲ့လွှတ်ပေးခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး-နိုင်ငံ ရေးအရ တွေ့ဆုံဆွေးနွေးရေးအဆင့်ကို တွန်းရွှေ့ပေးတဲ့ယုံကြည်မှုမျိုးကို အစိုးရဘက်က မဖြစ်မနေ ဖန်တီးရပါလိမ့်မယ်။
ဒီလိုမှမဟုတ်ဘဲ အရင်စစ်အုပ်စုလက်ထက်ကလို နိုင်ငံရေးကစားတာမျိုးလုပ်နေရင်တော့ ပြည်တွင်းစစ်လည်း ရပ်စဲနိုင်မှာမဟုတ်သလို ပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်း ဖြစ်ပေါ်လာစရာမရှိတဲ့အပြင် တိုင်းပြည်လည်း ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ဆိုတာတွေဟာ ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေးအတုအယောင် ဟန်ပြကြွေးကြော်သံသက်သက်သာ ဖြစ်နေပါလိမ့်မယ်။
                                                  
LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment