မြန်မာသတင်းများ ဇွန် လ ၁၀ ရက် ၂၀၁၂
KNPP နဲ့ အစိုးရ သဘောတူညီချက် လက်မှတ်ထိုး
အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်တွေနဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ကိုယ်စားလှယ်တို့အကြား လွိုင်ကော်မှာ ဆွေးနွေးပွဲကနေ သဘောတူညီချက် ၁၄ ချက်ကို မနေ့က သဘောတူ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
သဘောတူညီချက်တွေ ထဲမှာ နှစ်ဘက် ခံစစ်ကလွဲလို့ ထိုးစစ်တွေအားလုံး ဆက်ပြီးတော့ ရပ်ဆိုင်းထားဖို့၊ ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်သူ IDP တွေကို ပြန်လည်ပြီးတော့ စနစ်တကျ နေရာချထားနိုင်ရေး အတွက် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ဖို့၊ ကယားပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ KNPP လက်နက်ကိုင် အဖွဲ့ဝင်တွေနဲ့ ဆက်နွယ်နေတဲ့ ဖမ်းဆီးခံ အကျဉ်းသားတွေကို ရာဇ၀တ်မှုမှအပ အမြန်ဆုံး ပြန်ပြီးတော့ လွှတ်ပေးဖို့၊ အပစ်ရပ် သဘောတူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ တခြား တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ အားလုံး ပါဝင်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ စတဲ့ အချက်အလက်တွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း၊ KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ခူဦးရယ် တို့ ဦးဆောင်ပြီး လက်မှတ်ထိုးခဲ့ကြပါတယ်။
အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းဖို့ NLD မေတ္တာရပ်ခံ
ရခိုင်ပြည်နယ်မှာ လောလောဆယ်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လှုံ့ဆော်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မေတ္တာရပ်ခံလိုက်ပါတယ်။NLD နဲ့ မဟာမိတ် တိုင်းရင်းသားခေါင်းဆောင်တွေ မနေ့က မွန်းတည့် ၁၂ နာရီမှာ လုပ်တဲ့ အစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ လှုံ့ဆော်သူအားလုံးကို အဲဒီလို မေတ္တာရပ်ခံလိုက်တာပါ။
အကြမ်းဖက်မှုတွေကို မြန်မြန်ဆန်ဆန်ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့လည်း ကြေညာချက်မှာ တိုက်တွန်းထားတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ကြေညာချက်ကို ဖတ်ပြပါတယ်။
"သက်ဆိုင်ရာများအနေဖြင့် အကြမ်းဖက်မှုများကို မျှတစွာဖြင့် ထိရောက်လျင်မြန်သည့်နည်းဖြင့် ဆောင်ရွက်ပြုလုပ်ပေးပါရန်နှင့် ပြည်သူများ၏ အသက် အိုးအိမ် ပစ္စည်းများကို တရားဥပဒေနှင့် အညီ ကာကွယ်ပေးပါရန် တိုက်တွန်းတောင်းဆိုပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက်သူများနှင့် လှုံ့ဆော်သူများ အားလုံးကိုလည်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လှုံ့ဆော်မှုများ ချက်ခြင်း ရပ်ဆိုင်းပေးပါရန် မေတ္တာ ရပ်ခံပါသည်။"
ဒီ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်ဖျက်ဆီးခံရတာ၊ ထိခိုက်ဒဏ်ရာရ သေကြေ ရတာတွေအတွက် မိသားစုတွေနဲ့ အတူ ၀မ်းနည်းကြေကွဲရတဲ့ အကြောင်း ကြေညာချက် နိဒါန်းမှာ ဖော်ပြထားပါတယ်။ ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေက ရှေ့ဆောင်ရှေ့ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း တည်ငြိမ် အေးချမ်းရေးအတွက် ပါဝင်ပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းပါတယ်လို့ ကြေညာချက် နိဂုံးမှာ ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်တဲ့အတိုင်း ဗဟန်းရွှေဂုံတိုင်ရုံးချုပ်မှာ အစည်းအဝေး ကျင်းပတာဖြစ်ပြီး NLD နာယက အဖွဲ့ဝင် ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်နဲ့ အရင်က CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက မွန်၊ ချင်း၊ ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ တက်ရောက်ကြပါတယ်။
ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးစဉ် NLD သတင်းထုတ်ပြန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ကို လာမယ့်ဇွန်လ ၁၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီးတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ရှိမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမခရီးတထောက် အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဇွန်လ ၁၃ ရက်နေ့မှာ ရောက်ရှိလာပြီးတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ မိန့်ခွန်းမှာ ပြောကြားမှာဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter နဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်နေ့က ကြေညာပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်)ပါလီမန်ကို သွားရေက်မှာဖြစ်ပြီးတော့ အဲဒီန့မှာပဲ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ခရီးဆက်မှာဖြစ်ပါတယ်။
ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ အော်စလိုမြို့တော်ခန်းမှာ ကျင်းပမယ့် ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ဆု ငြိမ်းချမ်းရေးဆုနှင်းအပ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်လ်ဆုကို လက်ခံရယူပြီး နေ့လယ်ပိုင်းမှာ အော်စလိုဆိပ်ကမ်းက ငြိမ်းချမ်းရေး စင်တာမှာ နိုင်ငံတကာ ဧည့်သည်တွေ၊ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ခန်းမရှေ့မှာ လူထုကို မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ နောက်တနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းမှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့သို့ သွားရောက်ပြီးတော့၊ သူ့ကို နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုတွေထဲက ပထမဆုံး ချီးမြှင့်ခံရတဲ့ ရပ်ဖ်တို လူ့အခွင့်အရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။
ဇွန် ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေကနေ အိုင်ယာလန်နိုင်ငံ Dublin မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ Dublin မြို့တော်မှာ ညနေပိုင်းကျင်းပမယ့် ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့က ချီးမြှင့်တဲ့ Ambassador of Conscience “ယုံကြည်ချက် ခိုင်မာပြတ်သားမှု သံတမန်” ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ အဲဒီပွဲကို Board Gais Energy ဇာတ်ရုံ ခန်းမကြီးမှာ ကျင်းပမှာဖြစ်ပြီး အဆိုတော်ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို AI အဖွဲ့ ကိုယ်စား ဆုပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဆုပေးပွဲနဲ့ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့နဲ့ အဆိုတော် Bono တို့ရဲ့ ဂုဏ်ပြုဂီတ ဖျော်ဖြေပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။
ဇွန် ၁၈ ရက်နေ့ ညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ Dublin မြို့တော်ကနေ London မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံမှာ ဇွန်လ ၂၆ ရက်နေ့ထိ နေထိုင်စဉ်အတွင်း ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၆၇) နှစ်မြောက် မွေးနေ့ကို မိသားစုနဲ့အတူ ဆင်နွှဲမှာ ဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ၊ ဗြိတိသျှပါလီမန်ရဲ့ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ဒ်)ရဲ့ ဖိတ်ကြားချက်နဲ့ London မြို့တော်ကနေ Paris မြို့တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကနေ ဇွန်လ ၂၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ကို ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု လက်ခံပွဲ ပြည်တွင်း မြန်မာများတက်ရောက်မည်
၁၉၉၁ ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နဲ့ မြန်မာပြည်တွင်းက သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အနုပညာရှင်တချို့လည်း တက်ရောက်ဖို့ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဇွန်လ (၁၆) ရက်နေ့မှာ ကျင်းပမယ့် အဲဒီအခမ်းအနားကို တက်ရောက်မယ့်သူတွေထဲမှာ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးလည်း ပါဝင်ပါတယ်။ အခုလို တက်ရောက်နိုင်အောင် အစိုးရ အဖွဲ့အစည်း မဟုတ်တဲ့ Norwegian Burma Committee ဆိုတဲ့ နော်ဝေ အခြေစိုက် NGO အဖွဲ့က ကမကထပြု စီစဉ်ခဲ့တာဖြစ်တယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
"အမေစုကတော့ ၁၃ ရက်နေ့ ဒီကနေ ထွက်လိမ့်မယ်လေ။ ဂျနီဗာကို အရင်သွားမယ်ထင်တယ်။ အဲဒီကမှ နော်ဝေကိုလာမယ် ပြောတယ်။ ကျွန်တော်ကတော့ ၁၂ ရက်နေ့ ဒီကနေ ထွက်မယ်။ နော်ဝေမှာ အမေစုရှိနေတဲ့ ရက်တွေ ၁၅ ရက်နေ့မှာ press တို့၊ နောက် နိုဘယ်လ်ဆု လက်ခံမယ့်ပွဲပေါ့။ နောက် ပွဲ ၄ ပွဲကို ကျွန်တော် တက်ခွင့်ရထားပါတယ်"
ဒါ့အပြင် ဂျာမနီနိုင်ငံမှာ ဇွန်လ (၂၄) ရက်နေ့ ကျင်းပမယ့် Global Media Forum ကိုလည်း တက်ရောက်ဖို့ ရှိတယ်လို့ မင်းထင်ကိုကိုကြီးက ပြောပါတယ်။၁၉၉၁ ခုနှစ်ကတည်းက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံယူဖို့ ဒုတိယအကြိမ်အဖြစ် ဂုဏ်ပြုပွဲ ကျင်းပတာဟာ နိုဘယ်လ် ဆုပေးပွဲ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။
လွတ်လပ်သော ရုပ်ရှင်အနုပညာ ဆွေးနွေးပွဲ လန်ဒန်မြို့South Bank တက္ကသိုလ်တွင် ကျင်းပ
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကိုဇာဂနာရဲ့ လွတ်လပ်သော ရုပ်ရှင်အနုပညာ ဆွေးနွေးပွဲကို မနေ့ညနေ ပိုင်းက လန်ဒန်မြို့ရှိ South Bank တက္ကသိုလ်မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံသား (၃၀၀) ကျော် တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ ဒီနှစ် နှစ်ဆန်းပိုင်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားတွေနဲ့ ဆုရ ဇာတ်ကားတွေ ပြသခဲ့ပြီး၊ ရုပ်ရှင်အနုပညာဆိုင်ရာ ကိစ္စရပ်တွေကို ပရိသတ်နဲ့ ဆွေးနွေးခဲ့ပါတယ်။
(၄) နာရီကြာ ဆွေးနွေးပွဲအပြီးမှာ ကိုဇာဂနာက သူ ဆွေးနွေးခဲ့ အဓိကအချက် (၃) ချက်အကြောင်း ပြောပါတယ်။
“ကျွန်တော်တို့ အလုပ်လုပ်ဖို့လိုပြီ။ ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါမှာ အပြစ်တွေပြောနေကြမယ့်အစား ဘာလုပ်ရမလဲ၊ ဘာဝိုင်းကူုရမလဲ ဆိုတဲ့စိတ်နဲ့ လုပ်ကြပါတယ် ဆိုတာကို နံပတ်တစ် ဦးစားပေးအနေနဲ့ ပြောတယ်။ နောက်တခုက ဗမာအများစု မညီညွတ်ကြဘူးပြောတာကို ကျွန်တော် မခံချင်ဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ အခြေခံစိတ်မှာကိုက unity စိတ်ရှိတယ်။ ဥပမာ ကျွန်တော် ပြောခဲ့သလိုဘဲ ထုပ်စီးတိုးပွဲဖြစ်ဖြစ်၊ ချောတိုင်တက်တာဘဲဖြစ်ဖြစ်၊ လွန်ဆွဲတာဘဲဖြစ်ဖြစ် ဗမာဟာ အစုနဲ့ အဖွဲ့နဲ့ လုပ်တတ်ပါတယ်။ ဗမာ့ခြင်းဟာ အစုနဲ့အဖွဲ့နဲ့ လုပ်တတ်တာပေါ့။ win-win ဟာ ဗမာ့ခြင်းဘဲ။ ဗမာ့ခြင်းဟာ အနိုင်အရှုံး မတွက်ပါဘူး။ ဆိုတော့ ဒီလိုမျိုးလုပ်တတ်တဲ့ လူမျိုးရှိရဲ့သားနဲ့ ဒီဓလေ့ပျောက်ရခြင်းဟာ အခြေအနေတခုကြောင့် ဒီဓလေ့ ငြုပ်လျှိုး သွားတာဖြစ်တယ်။ ကျွန်တော်တို့ ပြန်ဖော်ကြပါစို့။ ကျွန်တော်တို့ ပြန်စုကြပါစို့။ ဗမာတွေ unity ရှိပါတယ်ဆိုတာ မေ့နေမှာစိုးလို့ ပြန်လည်တင်ပြတာပေါ့လေ။ တတိယအချက်ကတော့ မြန်မာနိုင်ငံမှာ ရုပ်ရှင်လုပ်ငန်းတွေ ပြောင်းလဲလာတာလေးတွေ၊ မြန်မာလူငယ်တွေ documentary စိတ်ဝင်စားလာတယ်။ short film ကို စိတ်ဝင်စားလာတယ်။ သူတို့ကို ကျွန်တော်တို့ ဘယ်ကဲ့သို့ အားပေးမလဲ။ ဒီဘက်က လူတွေကရော ဘယ်လို အားပေးမလဲ။ ဒီအချက် ၃ ချက်ကိုဘဲ ဆွေးနွေးခဲ့ပါတယ်”
ဆွေးနွေးပွဲတက်ရောက်သူတွေ အများစုက လူငယ်တွေဖြစ်တဲ့အတွက် လန်ဒန်မှာတွေ့ရတဲ့ မြန်မာလူငယ် တွေလို လွတ်လပ်မှုနဲ့ လုံခြုံမှု အာမခံချက်ရှိနေတဲ့ လူအဖွဲ့အစည်းမျိုး မြန်မာနိုင်ငံမှာ ဖြစ်စေချင်ကြောင်းလည်း ကိုဇာဂနာက ပြောပါတယ်။
ကိုဇာဂနာဟာ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ကြီးမှူးကျင်းပတဲ့ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဖို့ အတွက် ဗြိတိန်နိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။
ကချင်စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲ မြစ်ကြီးနားမှာ ကျင်းပ
ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲ တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မြစ်ကြီးနားမြို့မှာ ဆုတောင်းပွဲ ကျင်းပကြရာ မြို့ခံလူထု ၂၀၀၀ ကျော်လောက် တက်ရောက်ကြတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့ KBC ခရစ်ယန်ဘုရား ကျောင်းဝင်းနောက်မှာ ကချင်ပြည်နယ် စစ်ဖြစ်ပွားတာ တနှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပရတဲ့အကြောင်းကို ပွဲစီစဉ်သူ ကချင်လူငယ် တစ်ယောက်က အခုလို ပြောပြပါတယ်။
"စစ်ပြေးဒုက္ခသည်အရေးကို လူငယ် တစ်ရပ်လုံး ပါဝင်ဆောင်ရွက်လာဖို့ နောက်ပြီးမှ စစ်အတွက် ဆုတောင်းတာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ပေါ်က လူငယ်တွေနဲ့ ၀ိုင်းမော်မြို့ပေါ်က လူငယ်တွေကို ခေါ်တာပါ။ လွန်ခဲ့တဲ့ ဖြစ်ပျက်တဲ့ သမိုင်းကြောင်းတွေကို ကျနော်တို့ Presentation လုပ်တယ်။ နောက်ပြီးမှ ဆုတောင်းစည်းဝေးတာ လုပ်တယ်။ ကျနော်တို့ IDP စစ်ပြေး ဒုက္ခသည်များ ဘယ်လိုအခြေအနေရှိတယ် ဆိုတာကို ကျနော်တို့ ဓါတ်ပုံရိုက်ပြီးမှ လူငယ်တွေ ပိုပြီးမှ နားလည် သဘောပေါက်လာအောင် ပိုပြီးမှ သိရှိလာအောင် ဓာတ်ပုံပြပွဲ အနေနဲ့ လုပ်တာပါ။"
သူတို့ရဲ့ ဆုတောင်းပွဲကို အာဏာပိုင်တွေက တစုံတရာ နှောက်ယှက်တာမရှိဘူးလို့ လဲ သူကပြောပါတယ်။ အခုလို တနှစ်ပြည့်အထိမ်းမှတ်ကျင်းပရတာဟာ လူငယ်တွေအတွက် ရည်ရွယ်ချက် အမျိုးမျိုးရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။
"လူသားမျိုး လွတ်မြောက်လာနိုင်ရေး နဲ့ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ လူငယ်တွေ နားလည် သဘောပေါက်ပြီး ပိုမိုပါဝင်လာနိုင်ရန်အတွက် ဖြစ်ပါတယ်။ နောက် နံပတ် သုံးက Refugee အရေး လုပ်ဆောင်ရာမှာ လူငယ်တွေ ပိုမိုပါဝင်လာနိုင်ရန်၊ နောက်ပြီးတော့ စစ်ဘေးဒဏ်ခံရတဲ့ အခြေအနေတွေကို လူငယ်တွေ ပိုပြီး သဘောပေါက်လာရန် ရည်ရွယ်ချက်တွေ ရှိပါတယ်။"
ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့တိုက်ပွဲတွေကြောင့် စစ်ဖြစ်ရာ ဒေသအတွင်းက ပြည်သူတွေ စစ်ဘေးလွတ်ရာ တရုတ်-မြန်မာနယ်စပ်၊ ပြည်တွင်း ဒုက္ခသည်စခန်းနဲ့ မြစ်ကြီးနား၊ ဗန်းမော်မြို့ပေါ်ရှိ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရသလို တချို့ဆိုရင် တရုတ်နိုင်ငံဘက်မှာ ထွက်ပြေး တိမ်းရှောင်နေကြရ ပါတယ်။ အခုလို တနှစ်ပြည့်သွားတဲ့ ကချင်ပြည်နယ် စစ်ပွဲမှာ ဒုက္ခသည် စုစုပေါင်း ၇၀၀၀၀ ကျော်သွားပြီး အကူအညီတွေလည်း အမြဲတမ်း လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
စစ်ပွဲတွေရပ်ဆိုင်းဖို့ အတွက် ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်တွေ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့ အခုအချိန်အထိ တိကျတဲ့ သဘောတူညီချက်တွေ မရရှိသေးသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
အခုလို စစ်ပွဲတနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို အင်္ဂလန်၊ အိန္ဒိယ၊ ထိုင်းနဲ့ တခြား ပြည်ပနိုင်ငံတွေမှာလည်း ကျင်းပကြတယ်လို့ သိရပါတယ်။
စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက်ခွဲခြားကာ ယာယီ အခြေခံလစာအား သတ်မှတ်သွားမည်ဟု သိရ
စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက် ခွဲခြားကာ ယာယီ အခြေခံလစာအား သတ်မှတ်ပေး သွားမည်ဟု ဇွန်လ ၅ ရက်နေ့က လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်မင်းသားကြီးခန်းမတွင် ပြုလုပ်ခဲ့သော ယာယီအခြေခံလစာ ညှိနှိုင်းဆွေးနွေးပွဲတွင် အလုပ်သမားရေးရာ ၀န်ကြီးဌာန ဒုဝန်ကြီးဦးမြင့်သိန်း၏ ပြောကြားချက်များအရ သိရှိရသည်။
စက်မှုဇုန်များရှိ စက်ရုံများအား ကဏ္ဍအလိုက်ခွဲခြားကာ ယာယီအခြေခံလစာ သတ်မှတ်ပေးသွားမည် ဟုဆိုရာ၌ အထည်ချုပ်စက်ရုံ၊ ဖိနပ် စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ဇာထိုးပန်း ထိုးစက်ရုံစသည့်စက်ရုံများအား ခွဲ ခြားကာ လုပ်ငန်းတူစက်ရုံပိုင်ရှင်များ အားခေါ်ယူ ဆွေးနွေးမှုများပြုလုပ်၍ ယာယီအခြေခံလစာအား သတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း ယာယီအခြေခံလစာ သတ်မှတ်ညှိနှိုင်း ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ အရာရှိများ၊ စက်ရုံလုပ်ငန်းပိုင်ရှင်များ၊ စက်ရုံများ၏အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဆက်လက်၍ဒုဝန်ကြီးက စက်မှုဇုန်များအတွင်း ဆန္ဒပြလျက်ရှိသော စက်ရုံများနှင့် ညှိနှိုင်းအဆင်မပြေမှု များဖြစ်နေသော စက်ရုံများအား အဓိကထားဖြေရှင်းမည် ဖြစ်ကြောင်း၊ ကျန်ရှိနေသော စက်ရုံများအား စက်ရုံကဏ္ဍအလိုက် ယာယီအခြေခံလစာ အနေဖြင့် တိုးမြှင့်သတ်မှတ်ပေးရန် ညှိနှိုင်းဖြေရှင်း သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ဧရာဝတီ ဒေတာအထည်ချုပ် စက်ရုံမှ General Manager ဦးစောဦးဦးက”လုပ်ခလစာမတိုးလို့ မဖြစ်တော့ဘူး။ ဒါကြောင့်သူဌေးကို လစာ အခြေအနေနဲ့ ပတ်သက်ပြီး နားလည်အောင် တင်ပြတယ်။ အလုပ်သင်နဲ့ တရားဝင် အလုပ်သမားကိုတော့ ခံစားပိုင်ခွင့်ခွဲခြားထားတယ်။ တာဝန်ရှိသူတွေက ယခုလွှတ်တော်မှာ အခြေခံလစာကို ပြဋ္ဌာန်းမယ်။ ဒါပေမယ့် မပြဋ္ဌာန်းနိုင်သေးခင် အချိန်မှာ ယာယီအခြေခံလစာကို စက်ရုံတူ လုပ်ငန်းပိုင်ရှင်တွေ ညှိနှိုင်းတယ်။ ထွက်လာတဲ့ ရလဒ်ကို တာဝန်ရှိသူတွေက အလုပ်သမားကိုယ်စားလှယ်တွေနဲ့ ထပ်ညှိနှိုင်းတယ်။ ပြီးတော့မှ အထည်ချုပ်စက်ရုံတွေရဲ့ ယာယီအခြေခံလစာ ပေါ်ထွက်လာတယ်”ဟု ပြောကြားခဲ့သည်။
ငွေကံ့ကော်အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးက “ကျွန်မတို့လည်း လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြပြီး တောင်းတာထက် အခုလိုစနစ်ကျတဲ့ ညှိနှိုင်းတာတွေက ပိုကောင်းတယ်”ဟုပြောကြားသည်။ဇွန်လ ၅ ရက်နေ့မှ ၈ ရက်နေ့ အထိ ယာယီအခြေခံလစာညှိနှိုင်း သတ်မှတ်ပြီးစီးသွားသောစက်ရုံ၁၃ ရုံမှာရာဝတီဒေတာ၊ ငွေကံကော်၊Hall mark၊ Asia fuji၊ costec၊ မြန်မာ CN –And၊ Gate Forever စသည့် အထည်ချုပ်စက်ရုံများ၊ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံများ၊ Hi-Mo ဆံပင်တုစက်ရုံ၊ ကမ္ဘာကျော် ပီနံအိတ် စက်ရုံ၊ E-square၊ စန္ဒီ၊ New-Way ဖိ နပ်စက်ရုံ စသည့်စက်ရုံတို့ ဖြစ်သည်။
စက်ရုံအလုပ်သမား အခြေခံလစာနှင့် အခြားတောင်းဆိုချက်များဖြစ်သော OT ကြေး၊ ရှားပါးစရိတ်၊ Day ကြေး၊ ထုတ်လုပ်မှုစရိတ်အပိုကြေး၊ စသည့်တောင်းဆိုထားသော အချက် များအား အဓိကထား ဖြေရှင်း ခဲ့ကြောင်း၊ ယခုအခါ ညှိနှိုင်းမှုပြီးများ ပြီးသွားသောစက်ရုံများတွင် အလုပ် သင်များမှာ တစ်လလျှင် ကျပ် ၆၀၀၀၀ ခန့် ရရှိမည်ဖြစ်ပြီး တရားဝင် အလုပ်သမားများမှာ ကျပ် ၈၀၀၀၀ ခန့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ “စက်ရုံအားလုံးဟာ သတ်မှတ်ထားတဲ့ ယာယီလစာကို သတ်မှတ်ထားတဲ့ အချိန်မှာတိကျစွာ ပေးဖို့လိုတယ်”ဟုအလုပ်သမား ဆန္ဒ ပြမှုများ၌ ဥပဒေရေးရာ ကူညီ ဆောင်ရွက်နေသူ ဦးဌေးက ပြောကြားသည်။ အနည်းဆုံးအခကြေး ငွေဥပဒေကိုရေးပြီးနေကြောင်း၊ လာမည့် လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့က CMP လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် စိန်ခေါ်မှုစုပေါင်း ဆွေးနွေးပွဲ၌ အလုပ်သမားဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်။
၂၀၁၁-၁၂ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို စာစစ်ဌာနအသီးသီးမှ ထုတ်ပြန် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျမ်းမျှအောင်ချက် ရာခိုင်နှုန်း ၃၀ ကျော်ခန့်ရှိကြောင်း သိရ
၂၀၁၁-၁၂ ပညာသင်နှစ်၏ အခြေခံပညာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများမှာ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ထွက်ရှိခဲ့ပြီး ယခင်နှစ်ကကဲ့သို့ပင် စနေနေ့၌ ထုတ်ပြန်ကြေငြာခဲ့ပါသည်။
ယခင်နှစ်၂၀၁၀-၁၁ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဇွန်လ (၄)ရက်နေ့တွင် ထွက်ရှိခဲ့ခြင်းဖြစ်ရာ ယခုနှစ်၏ထုတ်ပြန်ကြေငြာချက်မှာ ယခင်နှစ် ထုတ်ပြန်ကြေငြာသည့်ရက် ထက် ငါးရက် နောက်ကျ၍ထွက်ရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ၏ အောင်ချက်ရာခိုင်နှုန်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ လွန်ခဲ့သည့် ဆယ်စုနှစ် ငါးစုတာကာလ မတိုင်မီအချိန်နှင့် နှိုင်းယှဉ်ပါက အောင်ချက်ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။
အောင်မြင်မှုရာခိုင်နှုန်းမှာလည်း ကျေးလက်ဒေသများထက် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ မြို့လယ် ကျောင်းများမှ အောင်မြင်သူဦးရေ ပိုများကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ တက္ကသိုလ်ဝင်တန်း နည်းပြဆရာများထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမည်ရကျောင်းများဖြစ်သည့် အထက(၁)ဒဂုံ၌ အောင်ချက်ရာခိုင်နှုန်း မှာ(၉၃.၂၉)ရာခိုင်နှုန်း ရှိခဲ့ပြီးဖြေဆိုသူ (၇၃၀)ဦးရှိသည့်အနက်(၆)ဘာသာ ဂုဏ်ထူးရှင်(၄၀)ဦး၊(၅)ဘာသာဂုဏ် ထူးရှင်(၉၃)ဦီး၊(၄)ဘာသာဂုဏ်ထူး ရှင်(၁၆၉)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၈၀)ဦး၊(၂)ဘာသာဂုဏ်ထူးရှင်(၆၀) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၅၈)ဦး၊ စုစုပေါင်းဂုဏ်ထူး ရရှိသူဦးရေ(၅၀၀) ဦးထွက်ပေါ်ခဲ့ပြီး(၁၈၁)ဦး ရိုးရိုးအောင်မြင်ခဲ့ကြောင်း ကျောင်းသားအများစု ဂုဏ်ထူးရရှိမှု နည်းလေ့ရှိသည့် ဘာသာရပ်များမှာ ယေဘုယျအားဖြင့် မြန်မာစာနှင့်ဘောဂဗေဒ ဘာသာရပ်များဖြစ်ကြပြီး အင်္ဂလိပ်စာနှင့် သချာင်္ဘာသာရပ်များတွင် ကျရှုံးမှု အများဆုံးဖြစ်နေကြောင်း ကျောင်းသားများထံမှ စုံစမ်းသိရှိရသည်။
တစ်နိုင်ငံလုံးအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အထက(၁)အင်းစိန်၊ အထက(၁)ရန်ကင်း၊ အထက(၃)ကမာရွတ်၊အထက(၁)လမ်းမတော်၊ အထက(၂)ဒဂုံနှင့်အထက(၁) သင်္ဃန်းကျွန်းစသည့်ကျောင်း(၆) ကျောင်းတွင် ကြေငြာထားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများတွင် ဖြေဆိုထားသူများအတွက် သက်ဆိုင်ရာကျောင်းများ တွင်လည်း ထုတ်ပြန် ကြေငြာထားကြောင်း သိရသည်။
ကျောင်းသားအချို့မှာမူ အောင်စာရင်းကြည့်ရှုရန်အတွက် အောင်စာရင်း ထွက်မည့်ရက် မတိုင်မီ ညဦးပိုင်း ကတည်းကပင် သက်ဆိုင်ရာကျောင်းများ အလိုက် သွားရောက် စောင့်ဆိုင်းမှုများလည်းရှိကြောင်း သိရှိရပါသည်။
ပုဂ္ဂလိကကျောင်းများတွင် တက်ရောက်ပြီး စာမေးပွဲဖြေဆိုသူ များမှာလည်း အစိုးရကျောင်းများတွင် တက်ရောက်ပြီးစာမေးပွဲဝင်ရောက် ဖြေဆိုသူများကဲ့သို့ပင် အောင်ချက်ရာခိုင်နှုန်းမြင့်မားကြောင်း သိရှိရပါသည်။နှစ်စဉ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျား၊မဦးရေ စုစုပေါင်းခြောက်သိန်းကျော် ရှိပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ နှစ်စဉ်အောင်မြင်မှုရာခိုင်နှုန်းမှာ (၃၀)ကျော်လေ့ ရှိကာ၂၀၁၂ ခုနှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး၏ အောင်ချက် ရာခိုင်နှုန်းမှာ(၃၃.၇၀) ရှိကြောင်း သိရှိရပါသည်။
ဆေးရုံတက်ရောက်သူများ၏ ၃၅ ရာခိုင်နှုန်းကျော်သည် အရေးပေါ် ပြဿနာများကြောင့် ဖြစ်ပြီး သေဆုံးရခြင်း အကြောင်းအရင်း၏ ၅၀ ရာခိုင်နှုန်းခန့်သည် အရေးပေါ် အခြေအနေကြောင့်ဖြစ်
နိုင်ငံပိုင်ဆေးရုံကြီးများ၏ စာရင်းဇယားအရ ဆေးရုံတက်ရောက် သူများ၏ ၃၅ ရာခိုင်နှုန်းကျော် သည် အရေးပေါ် ပြဿနာကြောင့်ဖြစ်ပြီး သေဆုံးရခြင်း အကြောင်းအရင်း၏ ၅၀ ရာခိုင်နှုန်းခန့်သည် အရေးပေါ် အခြေအနေကြောင့် ဖြစ်ကြောင်း ဇွန်လ ၂ ရက်နေ့က ရန်ကုန်မြို့ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ကျင်းပသော Diploma in Emergency Medicine သင်တန်းဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောသည်။
စနစ်တကျစီမံ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် Pre-Hospital Care System ကြောင့် ဆေးရုံမရောက်ခင် အရေးပေါ်ပြုစု ကုသမှုအားနည်းခြင်း၊ ဖွံ့ဖြိုးပြီးအဆင့်အတန်း မြင့်မားသည့် အရေးပေါ်ကုသမှုဌာနများ၊ အဆင့်မြင့် ကျွမ်းကျင်ဝန်ထမ်းများ နည်းပါးခြင်းတို့ကြောင့် အချိန်မီ အသက် ကယ်တင်နိုင်ရမည့်လူများကို မကယ်တင်နိုင်ခြင်းကို ကြားသိရကြောင်း ၀န်ကြီး “Emergency Medical Care သည် Clinical Settingနှင့် Community Setting အတွက်မှာပါ ပြည်သူအားလုံး အချိန်အခါ မရွေး၊ နေရာမရွေးအချိန်မီ ရရှိခံစားနိုင်သည့် အခွင့်အလမ်းရှိရန် လိုအပ်ကြောင်း၊ ဤအကျိုးခံစားခွင့်ကို ကျန်းမာရေးဝန်ကြီးဌာန အပါအ၀င် ဆေးပညာနှင့် နှီးနွှယ်ဝန်ထမ်းအားလုံး ကဖြည့်ဆည်းပေးရန် တာဝန်ရှိပါကြောင်း၊ ဆေးရုံမရောက်မီ အရေးပေါ် အသက်ကယ်ခြင်းသည် မသေသင့်သူများ၏ ၄၀ ရာခိုင်နှုန်းကို အသက်ရှင်အောင် ကူညီနိုင်သကဲ့သို့ Structured Hospital Emergency Service သည် လည်း ဆေးရုံရောက်ပြီး မသေသင့်သည့် လူနာများ၏အသက်ကို ကယ်တင်နိုင်စွမ်းရှိကြောင်း ထည့်သွင်းပြောကြားသည်။
ကမ္ဘာ့ရေနံစိမ်းဈေး နှစ်လ အတွင်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၃၀ ကျော် ထိုးကျသော်လည်း ပြည်တွင်းစက်သုံးဆီဈေး မကျ၊ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ တစ်ဂါလန်လျှင် ကျပ် ၃၀၀ကျော် အမြတ်တင် ရောင်းချနေကြောင်း ကားလုပ်ငန်းရှင်များ ပြောကြား
၂ လအတွင်း ကမ္ဘာ့ရေနံစိမ်း ဈေးမှာ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၂၀ ကျော်ထိုးကျပြီး အဆို ပါအကျဈေး၌ပင် ဈေးငြိမ်လျှက်ရှိ သော်လည်း ပြည်တွင်းစက်သုံးဆီ ဈေးများမှာမူ ယခင်အမြင့်ဈေးမှပြန်လည် ကျဆင်းမှုမရှိကြောင်း သတင်း ရရှိသည်။
ယင်းအပြင် ပုဂ္ဂလိကစက်သုံး ဆီအရောင်းဆိုင်များအနေဖြင့် ဒီဇယ် ဖြစ်စေ၊ အောက်တိန်းဖြစ်စေ စသည် ဖြင့် ပြည်ပမှတင်သွင်းရောင်းချသည့် စက်သုံးဆီများအပေါ် လိုအပ်သည် ထက် တစ်ဂါလန်ကျပ် ၃၀၀ ၀န်း ကျင်အထိဈေးတင်ရောင်းချမှုရှိ ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလဆန်းပိုင်းတွင် ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၁၁၄ အမေရိကန်ဒေါ်လာရှိခဲ့ ရာမှ ယခုဇွန်လ ၉ ရက်နေ့တွင် ၈၃ ဒေါ်လာသို့ကျဆင်းခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၀ ကျော် ကျဆင်းခဲ့ခြင်းဖြစ်သည်။
သို့သော် ပြည်တွင်းစက်သုံးဆီဈေးမှာမူ လုံးဝကျဆင်းမှုမရှိဘဲ ဧပြီလဆန်းပိုင်းက ဒီဇယ်တစ်ဂါလန် ကျပ် ၃၉၀၀ ရောင်းချပြီး ယခုဇွန်လ ၉ ရက်နေ့တွင်လည်း တစ်ဂါလန် ကျပ် ၃၉၀၀ ဖြင့်သာ ရောင်းချဆဲ ဖြစ်ကြောင်းသိရသည်။
ပုဂ္ဂလိကစက်သုံးဆီဆိုင် အများစုအနေဖြင့် လက်ကားနှင့်လက်လီ နှစ်မျိုးရောင်းချပြီး လက်ကားဈေး နှင့် လက်လီဈေးနှိုင်းယှဉ်တွက်ချက်လျှင် မည်မျှဈေးတင်ထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက တွက်ချက်ပြောကြားခဲ့သည်။
LWIN PWIN
NLABR
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment