ကမ္ဘာ့သတင်းများ  06/07/2012

 

နိုင်ငံတကာသတင်း



ဘန်ကောက်မြို့ အချက်အချာရှိ ရေနံချက်စက်ရုံတစ်ရုံတွင် ဇူလိုင်လ ၄ ရက်နေ့က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိုစက်ရုံအား နေရာရွှေ့ပြောင်းရေး တောင်းဆိုမှုများ အရှိန်မြင့်တက်လာခဲ့သည်။ လူ ၁၃ သန်းခန့်နေထိုင်သော ဘန်ကောက်မြို့ကောင်းကင်တွင် မီးခိုးလုံးများနှင့် မီးတောက်များမြင်ရသည်အထိ ဖြစ်ပွားခဲ့သော မီးလောင်ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ယင်းစက်ရုံကို တစ်လခန့် ပိတ်ပင်ထားရမည်ဖြစ်သည်။
တစ်ရက်ရေနံစည် ၁၂၀၀၀၀ ခန့် ချက်လုပ်နိုင်သော ဘန်ချက်ရေနံချက်စက်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုသတင်းအား လောလောဆယ်တွင် မသိရသေးပေ။ ယခု မီးလောင်မှုကြောင့် ဘန်ကောက် အုပ်ချုပ်ရေးမှူးက လူဦးရေထူထပ်သည့်နေရာတွင် တည်ရှိသည့်  အဆိုပါရေနံချက် စက်ရုံကို မြို့စွန်သို့ ရွှေ့ပြောင်းရေး စိတ်ကူးကို ထုတ်ဖော်ပြောကြားခဲ့သည်။ စက်မှုဇုန် ဧရိယာတွင်ရှိသည့် အဆိုပါရေနံချက်စက်ရုံကို လွန်ခဲ့သည့်  နှစ် ၅၀ က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်၏ လူဦးရေထူထပ်လာခြင်းက စက်ရုံတွင် အန္တရာယ်တစ် စုံတစ်ရာ ဖြစ်ပွားပါက လူထုကို ထိခိုက်နိုင်သည်ကို စိုးရိမ်နေကြသည်။
''အရင်တုန်းကတော့ ဘန်ချက် ရေနံချက်စက်ရုံက မြို့ပြင်မှာရှိခဲ့တာပါ။ အခုတော့ စက်ရုံနားမှာ လူတွေသန်းနဲ့ချီပြီး ရှိပါပြီ။ ကျွန်တော့်စိတ်ကူးက ဘန်ချက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စက်ရုံကို ဒီနေရာကနေ ရွှေ့ပစ်ဖို့ပါ။ ဒီနေရာကို အများပိုင်ဥယျာဉ်တစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါက အနာဂတ်အတွက် အိပ်မက်ပါ ဒီနေ့အတွက်တော့ မဟုတ်ပါဘူး''ဟု ဘန်ကောက် အုပ်ချုပ်ရေးမှူး ဆူခွန်ဟန်ပရီဘတရာက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေနံချက်လုပ်ငန်းပိုင် ရေနံချက်စက်ရုံတွင် လူ ၆၀၀ ခန့် လုပ်ကိုင်နေကြပြီး ကနဦးစုံစမ်းစစ်ဆေးမှုများအရ ရေနံ သို့မဟုတ် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် မီးလောင်ခြင်းဖြစ်နိုင်သည်ဟု ယူဆထားသည်။


အကြမ်းဖက်သံသယရှိသူ ခြောက်ဦး ဗြိတိန် ဖမ်းဆီး

အကြမ်းဖက်သမားလို့ သံသယရှိသူ အမျိုးသားငါးဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်း လူခြောက်ဦးကို ဖမ်းဆီးထားတယ်လို့ ဗြိတိန် အာဏာပိုင်တွေက ပြောပေမဲ့ ဒီဖမ်းဆီးမှုဟာ မကြာခင်ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော်နဲ့ မဆက်စပ်ဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၀ ကြား လူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပြီး ကြာသာပတေးနေ့ အစောပိုင်းက လန်ဒန်မြို့တော် တ၀န်း ရှာဖွေဖမ်းဆီးမှုတွေလုပ်ခဲ့တာနဲ့အမျှ စီစဉ်ထားတဲ့ ထောက်လှမ်းရေး၊ စစ်ဆင်ရေး တစိတ်တပိုင်းဖြစ်တယ်လို့ ပြောပါတယ်။
လန်ဒန်မြို့တော် အရှေ့ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာရှိတဲ့ လူနေအိမ်ရှစ်ခုနဲ့ စီးပွားရေးလုပ်ငန်း တခုတို့ကို ၀င်ရောက် ရှာဖွေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စစ်ဆင်ရေးအတွင်း သံသယရှိသူတဦးကို လျှပ်စစ်ကျင်စက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပေမဲ့ ဒဏ်ရာတော့ မရခဲ့ဘူးလို့ ရဲတွေက ဆိုပါတယ်။ ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ နေရာတချို့နားမှာ ကျင်းပဖို့ရှိတဲ့ အိုလံပစ် အားကစားပွဲတော်နဲ့ အခု ဖမ်းဆီးတာတွေ မဆက်စပ်ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လွန်ခဲ့တဲ့ခုနစ်နှစ် ဒီသီတင်းပတ်အချိန်တုန်းက လန်ဒန်မြို့တော်တ၀န်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် လူ ၅၂ ယောက် သေဆုံးခဲ့ရပါတယ်။


ဂျပန်နျူကလီယားပြဿနာ တုံ့ပြန်ဆောက်ရွက်ဖို့ နှေးကွေးခဲ့

မနှစ်ကဖြစ်ပွားခဲ့တဲ့ ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ဘေးအန္တရာယ် ကျရောက်ခဲ့ မှုဟာ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုအမှားယွင်းကြောင့် ဖြစ်ကြောင်း ဂျပန်ပါလီမန်ရဲ့ စုံစမ်းရေးကော်မရှင် က ပြောဆိုလိုက်ပါတယ်။ဂျပန်အစိုးရနဲ့ စက်ရုံကိုလည်ပတ်နေတဲ့ တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီ TEPCO တို့ နှစ်ဦးနှစ်ဘက် စလုံးရဲ့ ချို့ယွင်း ချက်ကြောင့် ဖြစ်ရတာဖြစ်တယ်လို့ ၆ လကြာ စုံစမ်းစစ်ဆေးရေးပြုလုပ်ခဲ့အပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
၁၉၈၆ ခုနှစ်က အရှေ့ဥရောပတိုက်၊ ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ချာနိုဘိုင်းနျူကလီးယား စက်ရုံ မှာ ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်မျိုး မဖြစ်ပွားအောင် ကြိုတင်ပြင်ဆင် ကာကွယ်ဖို့ လုပ်ဆောင်ထားရမယ့် ကိစ္စတွေကို လုပ်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး အစီရင်ခံစာက ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မြေငလျှင်နဲ့ ဆူနာမီရေလှိုင်းကို ကာကွယ်မှုပေးနိုင်ဖို့ အတွက် တာဝန်ရှိသူတွေဘက်က ဆုံးဖြတ်ချက်ချဖို့ အချိန်ဆွဲနေခဲ့တာကို စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ကို သဘာဝဘေးအန္တရာယ်ကျရောက်မှုလို့ မသတ်မှတ်နိုင်ကြောင်း တာဝန်ရှိသူတွေဘက် က မှန်မှန်ကန်ကန် တုံ့ပြန်လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဒီလောက်ဆိုးဆိုးရွားရွား ဖြစ်စရာ အကြောင်းမရှိဘူး လို့ ဆိုပါတယ်။ဒီအတောအတွင်း ဂျပန်နိုင်ငံမှာ အလွန်အမင်းလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ဖို့အတွက် ဂျပန်နိုင်ငံ အနောက်ဘက်ခြမ်းမှာရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတရုံဟာ ပြန်လည်စတင် လည်ပတ်နေပြီဖြစ်ပါတယ်။


ရူမေးနီးယားသမ္မတ စစ်ဆေးခံရဖွယ်ရှိ

ရိုမေးနီးယားနိုင်ငံက ညွန့်ပေါင်းဥပဒေပြုအမတ်တွေဟာ သမ္မတ ထရာရီယန် ဘာဆက်စကူး ကို ၀န်ကြီးချုပ်ဖြစ်သူနဲ့ အာဏာလုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးဖို့ လုပ်ဆောင်နေကြပါတယ်။ဒီလို ညွန့်ပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်ချက်ဟာ တလလောက်ရှိနေပြီဖြစ်တဲ့ သမ္မတ ဘာဆက်စကူး အပေါ် ၀န်ကြီးချုပ် ဗစ်တာ ပွန်တာ က တိုက်ခိုက်နေမှုရဲ့ နောက်ဆုံးခြေလှမ်းဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ဆိုရှယ်ဒီမိုကရက်ပါတီ ပါဝင်ဖွဲ့စည်းထားတဲ့ သုံးပါတီညွန့်ပေါင်း လစ်ဘရယ်ဆိုရှယ်ပါတီ USL က လွှတ်တော်အမတ်တွေက တနင်္ဂနွေနေ့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးပြီး သောကြာနေ့ နောက်ဆုံးထားပြီး သမ္မတကို ဆင့်ခေါ်စစ်ဆေးဖို့အတွက် မဲခွဲနိုင်ရေး ကြိုးပမ်းနေကြတာဖြစ်ပါတယ်။တချို့လွှတ်တော်အမတ်တွေကတော့ ညွန့်ပေါင်း အုပ်စုက သမ္မတကို ဖယ်ရှားပစ်ရေး ကြိုးပမ်းနေမှုဟာ တရားမ၀င်ဘူးလို့ ပြောကြပါတယ်။ ၀န်ကြီးချုပ်က သမ္မတကို တိုက်ခိုက်တာဟာ ရိုမေးနီးယားနိုင်ငံရဲ့ ဒီမိုကရေစီကို ဖျက်လို့ဖျက်ဆီး လုပ်ရာကျကြောင်း ဒါကြောင့် ၀န်ကြီးချုပ်ကို မသမာမှုနဲ့ နုတ်ထွက်ပေးဖို့ သူတို့က တောင်းဆိုနေပါတယ်။
သမ္မတကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီး သူ့ရဲ့အာဏာကို ပိုမို အသုံးချမှုနဲ့ စွပ်စွဲနေကြတာဖြစ်ပါတယ်။မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်ကတော့ နောက်ဆုံးအတည်ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းကလည်း USL ညွန့်ပေါင်းအဖွဲ့က သမ္မတ ဘာဆက်စကူးကို တာဝန်ကနေ ခေတ္တ ရပ်စဲပစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လူထုသဘောထား ကောက်ခံတဲ့အခါ ထောက်ခံမှုရတဲ့အတွက် သမ္မတတာဝန်ကို ပြန်လည်ထမ်းဆောင် နေတာဖြစ်ပါတယ်။



အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခဲ့ပြီး လူ ၉၀ ကျော်သေဆုံးကာ လူနှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင်လ  ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ပြီးခဲ့သည့်တစ်ပတ်အတွင်း မုတ်သုန်မိုးရွာသွန်းမှုကြောင့် ဗြဟ္မပုတြ မြစ်ရေလျံခဲ့ပြီး ကျေးရွာ ၂၀၀၀ ကျော် ရေကြီးခဲ့ကာ အိမ်များပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်နယ်စပ် အာသံပြည်နယ်တွင် မကြာသေးခင်နှစ်များအတွင်း အဆိုးရွားဆုံးရေကြီးမှုနှင့် ကြုံခဲ့ရပြီး အရွန်ချာပရာဒေ့ရှ်၊ မဏိပူရနှင့် မီဂါလာရာပြည်နယ်တို့တွင်လည်း ရေကြီးခဲ့သည်။
ဇွန်လ ၂၄ ရက်နေ့ကစပြီး အချို့ဒေသများတွင် စတင်ရေကြီးခဲ့ပြီး အာသံပြည်နယ် ခရိုင် ၂၇ ခုစလုံးတွင် ရေကြီးခဲ့ကြောင်း အာသံပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။ 
ရေကြီးမှုများကြောင့် လူ ၂ ဒသမ ၂ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လူ ၅၀၀၀၀၀ ကျော်သည် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း အာသံပြည်နယ်အစိုးရက ပြောကြားခဲ့သည်။

ယခုရေကြီးမှုများသည် ၂၀၀၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရေကြီးမှုအဖြစ် သတ်မှတ်ခဲ့ကြပြီး ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဓီတို့သည် ရေကြီးမှုဖြစ်ပွားရာဒေသများသို့ သွားရောက်ခဲ့သည်။ဝန်ကြီးချုပ် မန်မိုဟန်ဆင်း က အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေဒေါ်လာသန်း ၉၀ ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အိန္ဒိယတွင် ယခုနှစ်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၂၃၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။



ဂျပန်ကပိုင်ဆိုင်သည်ဟု ထုတ်ပြန်ထားသော ပစိဖိတ်ကူရိုင်း ကျွန်းစုများအနက်တစ်ခုသို့ ရုရှားဝန်ကြီး ချုပ်ဒီမီထရီမက်ဗီဒက်က ဇူလိုင်လ ၃ ရက်တွင် ထပ်မံသွားရောက်ခဲ့သဖြင့် တိုကျိုနှင့် တင်းမာမှု ထပ်မံဖြစ်ပေါ်စေ ခဲ့သည်။
ဂျပန်၏ ဟော့ကိုင်ဒိုးကျွန်းစု မြောက်ပိုင်းအနီး တည်ရှိနေသော Kunashir ကျွန်းစုသို့ မက်ဗီဒက်က သွားရောက်ခဲ့ခြင်းဖြစ်သည်။ မက်ဗီဒက်သည် သမ္မတအဖြစ်ရှိနေသည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလကလည်း Kunashir  ကျွန်းစုသို့ သွားရောက်ခဲ့သည်။ ယင်းကျွန်းစုသို့ မသွားရောက်မီ Sakhalin ကျွန်းစုတွင် အစိုးရအဖွဲ့ ဆွေးနွေးပွဲ၌ မက်ဗီဒက်က Kunashir ကျွန်းစုတွင် အခြေခံအဆောက်အဦများ တည်ဆောက်ရေးကိစ္စပြောကြားခဲ့သည်။
ယင်းကျွန်းစုသို့ သွားရောက်ရေးမှာ မလွယ်ကူသော်လည်း သွားရောက်ရမည်ဖြစ်ကြောင်း မက်ဗီဒက်က သူ၏အစိုးရ၀န်ကြီးများအား ပြောကြားခဲ့မှုကို ၀န်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။




တရုတ်နိုင်ငံ၊ အနောက်မြောက်ဘက်ဒေသ စင်းကျန်တွင် ကြက်၊ ငှက်တုပ်ကွေး ဖြစ်ပွားမှုကြောင့် ကြက် ၁၅၀၀၀၀ အား သုတ်သင်ရှင်းလင်းခဲ့ရကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ H5N1 ရောဂါပိုးသည် ရှေးဦးစွာ ကြက် ၁၆၀၀ ခန့် သေဆုံးစေခဲ့ပြီး ကြက် ၅၅၀၀ ခန့် ရောဂါကူးစက်ခြင်းခံရသောကြောင့် ရောဂါဆက်လက်မပြန့်ပွားရန် ကြက် ၁၅၆၄၃၉ ကောင်အား သုတ်သင် ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ရောဂါဖြစ်ပွားမှုသည် ဇွန်လ ၂၀ ရက်နေ့က စတင်ခဲ့၍  ဇူလိုင်လ ၂ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားခဲ့သော်လည်း ရောဂါစတင်ဖြစ်ပွားရာနေရာအား အတိအကျ ဖော်ပြခဲ့ခြင်း မရှိပေ။ 
ဒေသခံမီဒီယာ၏ ဖော်ပြချက်အရ ရောဂါစတင်ဖြစ်ပွားသည့်နေရာသည် စစ်တပ်တစ်ဝက်ပါဝင်သော လုပ်ငန်းဖြစ်သည့် စင်းကျန်ထုတ်လုပ် ရေးနှင့်ဆောက်လုပ်ရေးလုပ်ငန်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ စင်းကျန် ဆောက်လုပ်ရေးလုပ်ငန်းသည် လူ ၂ ဒသမ ၅ သန်းခန့်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
စင်းကျန်ဒေသသည် ဗဟိုအာရှနှင့်ထိစပ်နေသည့် ဒေသကြီးဖြစ်ပြီး ၀ီဂါလူမျိုးစု ကိုးသန်းခန့် နေထိုင်ကြသည့် နေရာဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကြက်ငှက်မွေးမြူရေး လုပ်ငန်းလုပ်သည့်နိုင်ငံဖြစ်ပြီး  ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံလည်းဖြစ်ကာ ကျေးရွာများတွင်ကြက် အများစုသည် လူများနှင့်နီးနီးကပ်ကပ် နေလေ့ရှိကြသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment