ကမ္ဘာ့သတင်းများ  09/07/2012

 

နိုင်ငံတကာသတင်း



အာဖဂန်နိုင်ငံ၏ ယိုင်နဲ့နေသော စီးပွားရေးနှင့် လူမှုဝန်းကျင် အခြေအနေ ပြန်လည်နာလန်ထူနိုင်ရေးအတွက် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအဖြစ် နိုင်ငံတကာက ဒေါ်လာ ၁၆ ဘီလျံ အကူအညီပေးမည်ဟု ဇူလိုင်လ ၈ ရက်နေ့တွင် ကတိပြုခဲ့သည်။ 
အလှူရှင်နိုင်ငံများအနေဖြင့် အာဖဂန်အစိုးရအပေါ် ရှုပ်ထွေးမှုရှိပြီး ကြိုတင်သတ်မှတ်ချက်များ ပါဝင်သော ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ တောင်းဆိုမှုမပြုလုပ်ရန် ကုလအတွင်း ရေးမှူးချုပ်ဘန်ကီမွန်က သတိပေးခဲ့သည်။ တိုကျိုတွင် အာဖဂန်ပြန် လည်ထူထောင်ရေးဆိုင်ရာ အကူအညီပေးရေး ကွန်ဖရင့်ပြုလုပ်ခဲ့ပြီး နိုင်ငံနှင့်အဖွဲ့အစည်း ၈၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ 
လာမည့် ၁၀ နှစ်အတွင်း အာဖဂန်တွင် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် တစ်နှစ်လျှင် အနည်းဆုံးဒေါ်လာ ခြောက်ဘီလျံခန့် လိုအပ်မည်ဖြစ်ကြောင်း အာဖဂန်ဗဟိုဘဏ်က ခန့်မှန်းခဲ့သည်။ 
လာမည့်လေးနှစ်အတွက် နိုင်ငံတကာက ကတိပြုခဲ့သော ဒေါ်လာ ၁၆ ဘီလျံထဲတွင် အမေရိကန်၏ အလှူငွေ မပါသေးကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်ပအကူအညီပေးမည်ဆိုပါက အမေရိကန်လွှတ်တော်၏ အတည်ပြုချက်လိုအပ်၍ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။
ပြီးခဲ့သောဆယ်စုနှစ်အတွင်း အမေရိကန်သည် အာဖဂန်သို့ အကူအညီဒေါ်လာ ၁၈ ဒသမ ၈ ဘီလျံခန့် ပေးအပ်ခဲ့သည်။ ဟီလာရီက ၂၀၁၇ ခုနှစ်အထိ ယင်းပမာဏနီးပါး အကူအညီပေးနိုင်ရေးအတွက် လွှတ်တော်ထံ တောင်းခံသွားမည်ဟု ပြောကြားခဲ့သည်။


အာဖဂန်ထူထောင်ရေး ဒေါ်လာသန်းပေါင်း ၁၆၀၀၀ ကူညီဖို့ အလှူရှင်တွေကတိပြု

ဂျပန်နိုင်ငံ တိုကျို မြို့တော်မှာ ကျင်းပတဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ကူညီရေး အစိုးရများနဲ့ အဖွဲ့အစည်းများက လာမယ့် လေးနှစ်အတွင်း အာဖဂန် ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ သန်းပေါင်း တသောင်းခြောက်ထောင် ကူညီကြဖို့ သဘောတူ ဆုံးဖြတ်ကြပါတယ်။ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းရဲ့ မေတ္တာရပ်ခံချက်အရ တနှစ်ကို ဒေါ်လာ သန်းပေါင်း လေးထောင် ကူညီသွားကြဖို့ တနင်္ဂနွေနေ့က သဘောတူညီကြပါတယ်။
ယခင်က အာဖဂန်နစ္စတန်နိုင်ငံမှာ အကျင့်ပျက်မှုတွေ အလွန်ကြီးမားနေတဲ့အတွက် အကူအညီပေးခဲ့တဲ့ ရန်ပုံငွေတွေ သုံးစွဲရာမှာ အလေအလွင့် များခဲ့ရတဲ့အကြောင်း၊ ဒါကြောင့် အကျင့်ပျက်မှုတွေကို အပြင်းထန်ဆုံး တိုက်ဖျက်သွားမှာဖြစ်ကြောင်း သမ္မတ ခါဇိုင်းက သတိပေး ပြောဆိုသွားပါတယ်။
လာမယ့် လေးနှစ်အတွင်း အာဖဂန်နစ္စတန် အုပ်ချုပ်စီမံရေး အရပ်ရပ် စံပြုထားတာနဲ့အညီ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ရင် ထောက်ပံ့မှု ရန်ပုံငွေတွေကို ရပ်ဆိုင်း ထိန်းချုပ်ခံရမယ် ဆိုတဲ့ သဘောတူညီမှုလည်း ပါဝင်ပါတယ်။




မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အင်းနရစ်ပီညာ နစ်တိုကိုမြို့တော် မက္ကဆီကိုတွင် ဇူလိုင်လ ၇ ရက်က လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ပြီး နစ်တိုနှင့် သူ၏ပါတီသည် မဲဝယ်မှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။

Institutional Revolutionary Party (PRI) ကိုယ်စားပြုနစ်တိုသည် ရွေးကောက်ပွဲ အနိုင်ရရန်အတွက် လက်ဆောင်ကတ်များ ဝေပေးခြင်း၊ အဓိက ရုပ်သံလိုင်းနှစ်ခုတွင် ဘက်လိုက်ဖော်ပြပေးရန်အတွက် လုပ်ဆောင် ခဲ့ခြင်း ပြုလုပ်ခဲ့သည်ဟု ဆန္ဒ ပြသူများက ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် ''ပီညာထွက်သွား။ PRI အလိုမရှိ'' ဟူသော စာတမ်းများကိုင်ဆောင်ကာ မြို့တော်ရှိအဓိက လမ်းမကြီးမှတစ်ဆင့် မြို့လယ်ရှိ ဇိုကာလိုရင်ပြင်သို့ ချီတက်ခဲ့ကြသည်။

ဇူလိုင်လ ၁ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် နစ်တိုအနိုင်ရကြောင်း လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၆ ရက်တွင် အတည်ပြုခဲ့သည်။ 
သို့သော် မဲဆန္ဒရှင် ၁၁၂ သန်းအနက် အများအပြားက နစ်တိုအနိုင်ရမှုအပေါ် လက်ခံရန် ငြင်းဆန်ခဲ့သည်။ PRI ပါတီသည် ၂၀၀၀ ပြည့်နှစ်အထိ အနှစ် ၇၀ ခန့် အုပ်ချုပ်ခဲ့ဖူးပြီး ရွေးကောက်ပွဲ မသမာမှုပြုလုပ်ခြင်း၊ ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်ခြင်းတို့ လုပ်ခဲ့သည်ဟု စွပ်စွဲခံရသည်။ 
၂၀၀၆ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဒုတိယနေရာသာ ရခဲ့သော ဒီမိုကရက်တစ်တော်လှန်ရေး (PRD) ပါတီမှ လိုပက်ဇ်အိုဘရာဒွန်ကမူ ဇူလိုင်လ ၇ ရက် ဆန္ဒပြမှုနောက်ကွယ်တွင် သူပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ယခုဆန္ဒပြမှုကို #YoSay133 ကျောင်းသားလှုပ်ရှားမှုအဖွဲ့က Facebook ၊ Twitter တို့မှတစ်ဆင့် လှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။   

အင်တာနက်ချိတ်ဆက်မရအောင် တိုက်ခိုက်မယ့်ဗိုင်းရပ်စ် သတိပေးချက်ထုတ်ပြန်

မနှစ်ကကွန်ပျူတာတွေကို တိုက်ခိုက်ခဲ့ပြီးတော့ ကမ္ဘာတ၀ှမ်း ပျံ့နှံ့ခဲ့တဲ့ global virus တမျိုးကို ကွန်ပျူတာ ပိုင်ရှင်တွေ အနေနဲ့ ချက်ချင်းလက်ငင်း စစ်ဆေးမှုတွေ မလုပ်ဘူးဆိုရင် ဒီနေ့ တနင်္လာနေ့ ကွန်ပျူတာ ဖွင့်တဲ့အခါ ထောင်နဲ့ချီတဲ့ ကွန်ပျူတာ သုံးသူတွေ အံ့အားသင့်စရာ တွေ့ကြရမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အရှေ့ဥရောပက ကွန်ပျူတာစနစ် ဖျက်ဆီးတဲ့ ဟက်ကာတွေက ကွန်ပျူတာ သုံးသူတွေ အင်တာနက် မသုံးနိုင်အောင် အဲဒီဗိုင်းရပ်စ်ကို တီထွင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုရှိနိုင်တဲ့ ကွန်ပျူတာ သုံးစွဲသူတွေကို facebook လူမှုကွန်ယက်နဲ့ google တို့က သတိပေးထားပါတယ်။ ကွန်ပျူတာတွေကို ထိုးဖောက်ဖျက်ဆီးသူ ဟက်ကာတွေက မနှစ်က ကွန်ပျူတာ သုံးစွဲသူ ခြောက်သိန်းနီးပါးကို အွန်လိုင်းကြော်ငြာ တွေ သုံးပြီးတော့ သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူ ထိန်းချုပ်ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဋ္ဌာနFBI ရဲ့ယာယီပြင်ဆင်မှုကို တနင်္လာနေ့ UTC စံတော်ချိန် ၀၄း၀၁ အချိန်မှာ ပိတ်လိုက်ပြီဖြစ်ပါတယ်။ ကွန်ပျူတာ သုံးသူတွေအနေနဲ့ သူတို့ ကွန်ပျူတာတွေ တိုက်ခိုက်ခံရမှု ရှိမရှိ ဘယ်လို ပြန်ပြီးတော့ ပြင်ရမယ် ဆိုတာကို FBI ရဲ့ဝက်စာမျက်နှာ www.dcwg.org မှာ ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။

အာဆီယံ လူ့အခွင့်အရေးစာတမ်း နိုင်ငံတကာ စံချိန်မှီဖို့ HRW တိုက်တွန်း

မြန်မာနိုင်ငံ အပါအ၀င် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ အညီ ရေးဆွဲဖို့နဲ့ ပြည်သူလူထုအတွက် အာမခံဖို့ လိုအပ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်နေတဲ့ အဖွဲ့ကြီးဖြစ်တဲ့ Human Rights Watch (HRW) က တောင်းဆို လိုက်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒီလူ့အခွင့်အရေး ကြေညာစာတမ်း မူကြမ်းရေးဆွဲရေး ကိစ္စနဲ့ပတ်သက်ပြီး ဖနွမ်ပင်မြို့မှာ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။ ဒီမူကြမ်းကို တံခါးပိတ် ညှိနှိုင်းဆွေးနွေးတဲ့ လုပ်ရပ်ဟာ အဓိပ္ပါယ်မရှိဘူးလို့ HRW အဖွဲ့က ပြောပါတယ်။
အာဆီယံအဖွဲ့ကြီးရဲ့ အစိုးရ အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၀၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။ ဒီလူ့အခွင့်အရေး ကြေညာစာတမ်းက အဖွဲ့ဝင် နိုင်ငံတွေကြား လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဒီစာတမ်းကို အာဆီယံ ခေါင်းဆောင်တွေက အခုနှစ်နှောင်းပိုင်းမှာ အတည်ပြုပေးဖို့ ရှိနေပါတယ်။
အာဆီယံအဖွဲ့ကြီးအနေနဲ့ ဒီကြေညာစာတမ်းကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်ကြောင်း HRW အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။
အာဆီယံအဖွဲ့အတွင်းက တချို့နိုင်ငံတွေဟာ လူ့အခွင့်အရေး ကြေညာစာတမ်းအတွက် နိုင်ငံအတွင်းက လူမှု လူ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ တချို့နိုင်ငံတွေကတော့ မျက်နှာသာပေး ရွေးချယ်ထားတဲ့ အဖွဲ့တွေနဲ့ပဲ တွေ့ဆုံ ဆွေးနွေးတာမျိုးတွေ လုပ်ခဲ့ကြတယ်လို့ HRW အဖွဲ့က ထောက်ပြ ပြောဆိုထားပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment