ကမ္ဘာ့သတင်းများ  12/07/2012


နိုင်ငံတကာသတင်း


မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှု အမေရိကန် လျှော့ချ

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ တနှစ်တာအတွင်း သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ မြန်မာနိုင်ငံအပေါ် ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိ ကန်ပြည်ထောင်စုက လျှော့ချပေးမှာဖြစ်တယ်လို့ မေလတုန်းက ကြေညာ ထားခဲ့တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပြုလုပ်ခွင့်ရှိမယ့် ပြုပြင်ပြောင်းလဲမှုတွေကို သမ္မတ အိုဘားမား အစိုးရ က မနေ့တုန်းက ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတွေကို အန္တရာယ်ပြုမယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာလည်း အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခွင့် ပြုဖို့ကို သမ္မတအိုဘားမားက အမိန့်သစ် ထုတ်ပြန်လိုက်ပါ တယ်။ ဒီအကြောင်းအသေးစိတ်က
ပြီးခဲ့တဲ့မေလတုန်းက သမ္မတအိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ကြေညာခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ယာယီဆိုင်းငံ့ရေး အစီအစဉ် အသေးစိတ်ကို အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တာပါ။သမ္မတအိုဘားမားရဲ့ အိမ်ဖြူတော်ကြေညာချက်ထဲမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ တာဝန်သိသိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြ ဖို့ အခုလို ကန့်သတ်ချက်တွေကို လျှော့ချပေးလိုက်တာဖြစ်တယ် လို့  ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ တွေ့မြင်နေရတဲ့ ပြုပြင်ပြောင်း လဲရေးတွေကို အမေရိကန် က အခိုင်အမာ ထောက်ခံကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေအတွက် ချက်ခြင်းလက်ငင်း အသိအမှတ် ပြုမှုဖြစ်တဲ့အပြင် မြန်မာပြည်သူတွေအားလုံးအတွက် သိသာထင်ရှားတဲ့ အကျိုးအမြတ်တွေ ရစေဖို့အတွက် ဖြစ်တယ်လို့လည်း သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jay Carney က ဆိုပါတယ်။မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အခုလို ယာယီဆိုင်းငံ့ပြီး အမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေအတွက် လမ်းခင်းပေးတာဟာ အချိန်စော နေသေးတယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ ဒီလို ဝေဖန် သူတွေ ထောက်ပြထားတဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားဒေသ အတွင်း ဖြစ်ပွားနေတဲ့ပဋိပက္ခ စတာတွေအပြင် အစိုးရရဲ့လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု မရှိသေးဘူး ဆိုတဲ့ အချက်တွေ ကို အမေရိကန်အစိုးရအနေနဲ့ အလေးအနက်ထား သုံးသပ်ပြီး အခုလို အစီအစဉ်တွေ ထုတ်ပြန်ခဲ့တာလို့လည်း Jay Carney က ရှင်းပြပါ တယ်။
“မနေ့က ထုတ်ပြန်လိုက်တဲ့ အစီအစဉ်တွေဟာ အတော် လေးနက်သိမ်မွေ့ပါတယ်။ နဂိုရှိပြီးသား ဒဏ်ခတ် မှုတွေ အချိန်မရွေး ပြန်လုပ်နိုင်တယ်ဆိုတာ ခပ်ရှင်းရှင်းဖေါ်ပြထားသလို မေလတုန်းက ပြောထားခဲ့ သလိုပဲ မြန်မာစစ်တပ်နဲ့ ကာကွယ်ရေး ၀န်ကြီးဌာန ပိုင်လုပ်ငန်းတွေမှာ ရင်းနှီးမြုတ်နှံဖို့ အခု ဥပဒေအရ ခွင့်မပြုပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုတ်နှံမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် ကုမ္မဏီတွေ ဟာ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ကြေညာမှုတွေ လုပ်ပေးရမယ်လို့လည်း စည်းကမ်းသပ်မှတ်ထားပါတယ်” -လို့ Jay Carney က ရှင်းပြသွားတာပါ။
အမေရိကန် စီးပွားရေးလုပ်ငန်းတွေအတွက် အထွေထွေလုပ်ပိုင်ခွင့်လိုင်စင် အမှတ် ၁၆ နဲ့ ၁၇ လို့ အမည် တပ်ပြီး အမေရိကန် ဘဏ္ဏာရေး ဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ မြန်မာနိုင်ငံအပေါ် ဘဏ္ဏာရေးဝန်ဆောင်မှုများ တင်ပို့လုပ်ဆောင်ပေးခွင့်အပြင် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ဆောင်ခွင့်လည်း ပါဝင်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုတွေ ရှိစေဖို့အတွက် ဒေါ်လာငါးသိန်းနဲ့အထက် ရင်းနှီးမျြုပ်နှံမှု အသစ် တိုင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနကို စည်းကမ်းချက်တွေနဲ့အညီ သတင်းပို့ အကြောင်းကြားရမှာဖြစ်သလို အထူးသဖြင့် ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြထားခဲ့ဖူးတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုမှန်သမျှကို ရက်ပေါင်းခြောက်ဆယ် အတွင်း အကြောင်းကြားရမယ်လို့လည်း ဖေါ်ပြထားပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ အင်းဝဘဏ်တို့ကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်လက် လုပ်ဆောင်ထားမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်မှုတို့ကို ထိပါးစေပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ၊ တိုင်းရင်းသားဒေသတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ကို ထိခိုက်စေမယ့် လူပုဂ္ဂိုလ်၊ လက်နက်ကိုင်အဖွဲ့အစည်း စတာတွေကိုလည်း ဆက်လက် ဒဏ်ခတ်ပိတ်ဆို့ ထားမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးအရ ဆက်နွယ်မှုတွေကို အဆုံးသတ်နိုင်ဖို့လည်း လက်ရှိ ဒဏ်ခတ်မှုတွေ အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့်ပြု

အမေရိကန် လုပ်ငန်းကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ သွားရောက် ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်ကြောင်း အမေရိကန်သမ္မတ ဘရက် အိုဘားမားက ဇူလိုင်လ (၁၁ ) ရက် ဗုဒ္ဓဟူးနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။မြန်မာနိုင်ငံအတွင်း အထွေထွေ ရင်းနှီးမြှုပ်နှံခွင့်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ ရင်နှီးမြှုပ်နှံခွင့်တွေ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိဘဲ ဖြစ်နေတာ၊ ပြည်တွင်းစီးပွားရေးမှာ စစ်တပ်ရဲ့ ပါဝင်လွှမ်းမိုး ချုပ်ကိုင်မှု ရှိနေတာတွေအပေါ် စိုးရိမ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံတဲ့အခါ လုပ်ကိုင် ဆောင်ရွက်ပုံတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ အစီရင်ခံ တင်ပြရမယ်လို့ သမ္မတ အိုဘားမားရဲ့ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ပျက်ယွင်းအောင် ဆောင်ရွက်သူ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ အသေးစိတ် အစီအစဉ်ကို ဖော်ပြမထားပါဘူး။

လူ့အခွင့်အရေး ချိုးဖောက်မှု ဗြိတိန်ဝေဖန်

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော်များများ ရှိနေဆဲ ဖြစ်တယ်လို့ ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ၂၀၁၁ ခုနှစ်အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ အစီရင်ခံစာကို မနေ့က ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့နှစ် မတ်လမှာဆိုရင် ရှမ်းပြည်နယ်မှာ အခြေအနေ ဆိုးခဲ့ပြီး ဇွန်လမှာဆို ကချင်ပြည်နယ်မှာ အခြေအနေ ဆိုးခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီထဲမှာ အရပ်သားတွေ နှိပ်စက်ခံရတာ၊ မုဒိန်းကျင့်ခံရတာ၊ သတ်ဖြတ်ခံရတာတွေလည်း ကြားသိရတယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က ကြိုဆိုတယ်လို့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က RFA ကို ပြောပါတယ်။
ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ အဲဒီ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး အခြေအနေ ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတာ ထင်ရှားပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ရဦးမယ်ဆိုတာ အစီရင်ခံစာက ထောက်ပြထားပါတယ်လို့ Mark Farmaner ပြောသွားပါတယ်။

ဟီလာရီကလင်တန် လာအိုသို့ သမိုင်းဝင်ခရီးစဉ် သွားရောက်လည်ပတ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ဇူလိုင်  လ ၁၁ ရက်နေ့က လာအိုနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ရာ ၅၇ နှစ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ပထမဆုံး လာအိုခရီးစဉ်ဖြစ်လာခဲ့သည်။
အငြင်းပွားဖွယ် ရေအားလျှပ်စစ် ဆည်စီမံကိန်းတစ်ခုနှင့် ဗီယက်နမ် စစ်ပွဲဆိုးမွေများကို ဖြေရှင်းပေးရေးကိစ္စများကို ကလင်တန်၏ ခရီးစဉ်က အဓိက အာရုံစိုက်ခဲ့သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း အမေရိကန် တပ်ဖွဲ့ဝင်များသည် မြောက်ဗီယက်နမ် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းကို ဖြတ်တောက်ရန်အတွက် ဗုံးကြဲစစ်ဆင်ရေး ၅၈၀၀၀၀ ခန့် ဆောင်ရွက်ခဲ့ရာ လာအိုကို ဗုံးတန် နှစ်သန်းကျော် ကြဲချခဲ့သည်။ ထိုအထဲမှ ၃၀ ရာခိုင်နှုန်းခန့်မှာ မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့သည်။ လာအို၏ ပြည်နယ် ၁၇ ခုစလုံးတွင် မပေါက်ကွဲ သေးသည့်ဗုံးများ ကျန်ရှိနေဆဲဖြစ်ပြီး လာအိုသည် ကမ္ဘာတွင် ဗုံးကြဲအခံရဆုံးနိုင်ငံအဖြစ် ရှိနေဆဲဖြစ်သည်။
ဗီယက်နမ်စစ်ပွဲ ပြီးဆုံးပြီးနောက် ဆယ်စုနှစ် သုံးစုကျော်ကြာသည်အထိ လာအိုသည် အဆိုပါဗုံးများကို ရှင်းလင်းရန် ကြိုးပမ်းနေရဆဲဖြစ်သည်။ လာအိုတွင် တစ်နှစ်လူ ၁၀၀ ခန့်သည် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးနေရဆဲဖြစ်သည်။
ကလင်တန်သည် လာအိုနိုင်ငံ၌ လေးနာရီကြာ ရပ်နားခဲ့ပြီး လာအိုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ကာ ဆက်ဆံရေး တိုးတက်စေရန် ကြိုးပမ်းခဲ့သည်။ ကလင်တန်သည် လာအိုဝန်ကြီးချုပ် သောင်ဆင်းသန်မာဘောင်နှင့် တွေ့ဆုံခဲ့ပြီး လာအိုနိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ၀င်ရောက်ရေးအတွက် ဆွေးနွေးနေကြသည်။ ၁၉၅၅ ခုနှစ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒါးလက်စ်သည် လာအိုသို့ တစ်ရက်ကြာ သွားရောက်လည်ပတ်ခဲ့သည့်နောက်ပိုင်း ကလင်တန်သည် လာအိုသို့ လာရောက်လည်ပတ်သည့် ဒုတိယမြောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။
လာအို နိုင်ငံခြားရေးဝန်ကြီး ဆီဆိုလစ်သည် ၂၀၁၀ ပြည့်နှစ်က ၀ါရှင်တန်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ကလင်တန်ကိုလာအိုသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ သည်။ လာအိုနှင့် အမေရိကန်သည် ၂၀၀၄ ခုနှစ်က ပုံမှန်ကုန်သွယ်ရေး စတင်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာသန်း ၃၀ ခန့်အထိ ရှိလာမည်ဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။   

အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ဖို့ ကလင်တန် ကမ္ဘောဒီးယားကိုရောက်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို တက်ရောက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ Cambodia နိုင်ငံ Phnom Penh မြို့တော်ကို ဗုဒ္ဓဟူးနေ့က ရောက်သွားခဲ့ပါတယ်။
Cambodia နိုင်ငံမှာရှိနေတဲ့ အမေရိကန် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေက အာရှဒေသတွင်းမှာ အမေရိကန်ပို့ကုန်တွေ တိုးမြှင့်ရေး နည်းလမ်းတွေကို ဆွေးနွေးကြမယ့် အစည်းအဝေးပွဲကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Clinton က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ မဲခေါင်မြစ်ဝှမ်းတလျှောက်က နိုင်ငံတွေအတွက် အမေရိကန် တာဝန်ရှိသူတွေက အင်မတန်မှ ရေရှည်ခံမယ့် အစီအစဉ်သစ်တွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောမယ်လို့ ခန့်မှန်းရပါတယ်။
အစောပိုင်းတုန်းကတော့ Laos နိုင်ငံကို နှစ်ပေါင်း ၅၇ နှစ်အတွင်းမှာ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးအဖြစ် Hillary Clinton သွားခဲ့ပါတယ်။ မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လာအိုခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။



အီဂျစ်သမ္မတသစ် မိုဟာမက်မော်ဆီအမိန့်ဖြင့် ဇူလိုင်လ ၁၀ ရက်တွင် ပြန်လည်ခေါ်ယူခဲ့သော လွှတ်တော်မှာ တရားမ၀င်ကြောင်း အီဂျစ်အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လွှတ်တော်ဖျက်သိမ်းရန် ယခင်ကြေညာထားသော ဆုံးဖြတ်ချက်မှာ တည်ဆဲဖြစ်ပြီး အသစ်ခေါ်ယူခဲ့သော လွှတ်တော်မှာ တရားမ၀င်ကြောင်း အီဂျစ်တရားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် တရားရေးဆိုင်ရာ အကြံပေးတစ်ဦးဖြစ်သူ အလီဟာဆန်က ပြောကြားခဲ့သည်။ 
တရားရုံးချုပ်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်မှာ သမ္မတသစ်မော်ဆီ၊ အာဏာအရပ်ရပ်ယူထားသော စစ်ကောင်စီတို့အကြား အာဏာလွန်ဆွဲပွဲဖြစ်လာခဲ့သည်။ 
ဇူလိုင်လ ၁၀ ရက်တွင် ပြန်လည်စတင်ခဲ့သော လွှတ်တော်၌ ဆွေးနွေးမှုမှာ တစ်နာရီပင် မပြည့်ခဲ့ပေ။ မော်ဆီက လွှတ်တော်ပြန်ခေါ်ရန် ကြိုးပမ်းခြင်းမှာလည်း မွတ်ဆလင်ဘရားသားဟုဒ်မှ သူ့ကိုထောက်ခံသူများ ကျေနပ်စေရန် လုပ်ဆောင်ခြင်းဖြစ်ဖွယ်ရှိသည်။

ယခုသီတင်းပတ်ကုန်အတွင်း အီဂျစ်သို့ လာရောက်ဖွယ်ရှိသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြီးခဲ့သောရက်ပိုင်းအတွင်း မြင်တွေ့မှုများအရ အီဂျစ်တွင် အသွင်ကူးပြောင်းရေးလမ်းကြောင်းအတိုင်း ရှေ့ဆက်နိုင်ရေးအတွက် လုပ်ဆောင်စရာ အများကြီးရှိနေသေးကြောင်း ပြောကြားခဲ့သည်။
မွတ်ဆလင်ဘရားသားဟုဒ် ကိုယ်စားပြုအမတ်အများစု အနိုင်ရခဲ့သော လွှတ်တော်ရွေးကောက်ပွဲများမှာ တရားမ၀င်ကြောင်း ယင်းတရားရုံးက ဇွန်လတွင် ကြေညာခဲ့ပြီး နောက်တစ်နေ့တွင် စစ်ကောင်စီက လွှတ်တော်ဖျက်သိမ်းကာ ဥပဒေပြုခွင့် အာဏာကို ချုပ်ကိုင်ခဲ့သည်။

တရားရုံးဆုံးဖြတ်ချက် အီဂျစ်သမ္မတလိုက်နာ

အီဂျစ်သမ္မတ မိုဟာမက်မော်စီက သူ့ရဲ့ လွှတ်တော်ပြန်ခေါ်မယ့် ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က  တားမြစ်ခဲ့တာကို လေးစားလိုက်နာ ပါ့မယ်လို့ ပြောလိုက်ပါတယ်။ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ သမ္မတ မော်စီက နိုင်ငံရေးအဖွဲ့တွေနဲ့ရော တရားရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံပြီး လွှတ်တော်ပြန်ခေါ်ရေး အငြင်းပွားမှုအပေါ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို အဖြေရှာရေး ဆွေးနွေးသွားမယ်လို့ ဖော်ပြလိုက်တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲတုန်းက သမ္မတမော်စီဟာ အစ္စလာမ်ဝါဒီတွေလွှမ်းမိုးတဲ့  လွှတ်တော်ကို ပြန်ခေါ်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်တွေ ရွေးချယ်တဲ့လုပ်ငန်းစဉ်မှာ အမှားအယွင်းတွေရှိခဲ့တာကို ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အထူး တရားရုံး ချုပ် ကနေပြီး တွေ့ရှိခဲ့ပြီးတဲ့နောက် အီဂျစ်စစ်တပ်အကြီးအကဲတွေက လွှတ်တော်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။အင်္ဂါနေ့တုန်းကတော့ စစ်တပ်နဲ့ တရားရုံးချုပ်ရဲ့ အမိန့်အာဏာကို ဖီဆန်ပြီး မစ္စတာမော်စီက အောက် လွှတ်တော်ကို ခဏတာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အငြင်းပွားကျွန်းအနီး တရုတ်ချဉ်းကပ်မှု ဂျပန်ကန့်ကွက်

တရုတ်နိုင်ငံကင်းလှည့် ရေတပ်သင်္ဘောသုံးစီးဟာ အရှေ့ တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ ကျွန်းစု အနီးကို ချဉ်းကပ်လာတဲ့အတွက် ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို တရားဝင် ကန့်ကွက်ခဲ့ပါတယ်။ဂျပန်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ အိုစံမူ ဖူဂျီ မူရာက အဲဒီကျွန်းစုဟာ ဂျပန်ရေပိုင်နက်အတွင်းမှာ ရှိတာဖြစ်တယ်လို့ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံကလည်း ဒီကျွန်းစုကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ ပြောထားပြီး သူ့နိုင်ငံက သင်္ဘောသုံးစီးဟာ အရှေ့တရုတ်ပင်လယ်အတွင်းမှာ ငါးဖမ်းသင်္ဘောတွေကို ပုံမှန် လိုက်လံကင်းလှည့်နေတာဖြစ်တယ်လို့ ပြော ပါတယ်။ တရုတ်နိုင်ငံအခေါ်အရ ဒိုင်အိုယိုကျွန်းနဲ့ ဂျပန်အခေါ်အရ စံခပ်ခူးကျွန်းတွေဟာ မကြာခဏဆိုသလို တရုတ်နဲ့ဂျပန်တို့ ကြားမှာ ပြဿနာဖြစ်ခဲ့ရတဲ့ဒေသဖြစ်ပါတယ်။အဲဒီကျွန်းစုဟာ ကမ်းလွန်သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသလို ငါးဖမ်းလို့ကောင်းတဲ့အရပ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဘုရင်စနစ် စော်ကားသူ လွတ်ငြိမ်းခွင့်ရ

ထိုင်းဘုရင်ကို စော်ကားမှုနဲ့ ထောင်ဒဏ်လပေါင်း ၃၀ ချခံရတဲ့ အမေရိကန်တယောက်ကို ဘုရင်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်ပါတယ်။ထိုင်းနိုင်ငံထဲမှာ ပိတ်ပင်ထားတဲ့ ဘုရင် ဘူမီဘောလ် အဒူရာဒက် Bhumibol Adulyadej ရဲ့ ကိုယ်ရေးရာဇဝင် တချို့ကို ဘာသာပြန်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ December လတုန်းက Joe Gordon ပြစ်ဒဏ်ချခံခဲ့ရတာပါ၊ Gordon ဘာကြောင့်ပြန်လွတ်လာသလဲဆိုတာကို သူမသိပေမဲ့ လွတ်တဲ့သတင်းကြောင့် ဝမ်းသာတယ်လို့ အမေရိကန် သံရုံး ပြောခွင့်ရသူ Walter Braunohler ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေအရ ဘုရင်ကို စော်ကားပြောဆို ရေး သားကြောင်း အပြစ်ရှိသူအနေနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိကျခံရနိုင်ပါတယ်။



ကမ္ဘောဒီးယားကလေး ၆၄ ဦး ထူးဆန်းစွာသေဆုံးခဲ့မှုနှင့်ပတ်သက် ပြီး ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးမှုပြုလုပ်ခဲ့ရာ အရေးကြီးသော ပိုးတစ်မျိုးကို တွေ့ရှိခဲ့သည်။ ကလေးလူနာ ၂၄ ဦးထံမှ နမူနာများကို ကမ္ဘောဒီးယားရှိ Institute Pasteur က စမ်းသပ်စစ်ဆေး ခဲ့ရာ နမူနာ ၁၅ ခုတွင် Enterovirus Type 71 ကို တွေ့ရှိခဲ့ပြီး ယင်းပိုးမှာ လက်၊ ခြေ၊ ပါးစပ်တွင် အနာပေါက်စေသည့် ပိုးတစ်မျိုးဖြစ်ကြောင်း သိရသည်။ ယင်းရောဂါပိုးကြောင့် အထူးသဖြင့် ကလေးများတွင် အာရုံကြောဆိုင်ရာ ထိခိုက်မှု ဆိုးရွားနိုင်ကြောင်း သိရသည်။ 
ဇူလိုင်လ ၁၀ ရက်၊ ဇူလိုင်လ ၁၁ ရက်အမီ ရလဒ်များ ထပ်မံသိ ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ယင်းအင်စတီကျု့မှ ဒေါက်တာဖိလစ်ပီဘူချီက ပြောကြားခဲ့သည်။ 
သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ တာဝန်ရှိသူတစ်ဦးကမူ ယင်းရောဂါကူးစက်ပျံ့နှံ့မှုကို အပြည့်အ၀ မဖြေရှင်းနိုင်သေးဘဲ ထပ်မံလေ့လာဆန်းစစ်မှု ပြုလုပ်ရန် လိုအပ်နေသေးကြောင်း သတိပေးခဲ့သည်။ 
ယင်းကဲ့သို့ ကူးစက်ပျံ့နှံ့မှုများမှာ အာရှ၊ ပစိဖိတ်ဒေသတွင် အခါအားလျော်စွာ ဖြစ်ပွားလေ့ရှိကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာ ကွယ်ရေးစင်တာ (CDC) က ထုတ်ပြန်ခဲ့သည်။ တရုတ်တွင် ၂၀၀၈ ခုနှစ်က ယင်းကဲ့သို့ ခြေ၊ လက်၊ ပါးစပ်အနာပေါက်သော ရောဂါပျံ့နှံ့မှုဖြစ်ခဲ့သလို ဘရူနိုင်းတွင် ၂၀၀၆ ခုနှစ်က ဖြစ်ပွားခဲ့သည်။ 


ကမ္ဘောဒီးယားဖြစ်စဉ်တွင်  EV71 ကြောင့်ဟု ဆိုနိုင်သော်လည်း အခြားအကြောင်းအရာများလည်း ရှိနိုင်ကြောင်း Kantha Bopha ဆေးရုံ မှ ဒေါက်တာ Beat Richner က ပြောကြားခဲ့သည်။ ယခုကဲ့သို့ EV71  ပိုးကြောင့်ဖြစ်သည်ဟု ရှာဖွေတွေ့ရှိရုံမျှဖြင့် ကလေးများ၏ အဖျားရောဂါကို ကုသနိုင်ရေးအတွက် ကူညီပေးနိုင်မည် မဟုတ်သလို ယင်းပိုး ပြင်းပြင်းထန်ထန် ကူးစက်ခံရသူများအတွက် ထိရောက်သော ကုသမှု၊ ကြိုတင်ကာကွယ်ဆေးလည်း မရှိသေးကြောင်း သိရသည်။ အပျော့စားကူးစက်မှုတွင်မူ အအေးမိ ဖျားနာကဲ့သို့သော မူးဝေအော့အန်ခြင်း၊ လက်၊ ခြေ၊ ပါးစပ်များ နာကျင်ခြင်းစသော လက္ခဏာများ ခံစားရနိုင်ကြောင်း Genetic Vaccines and Therapy  ဂျာနယ်က ဖော်ပြခဲ့သည်။ 
အရွယ်ရောက်ပြီး ကိုယ်ခံအား စနစ်ကောင်းမွန်သူများသည် ယင်းပိုးကို ခုခံနိုင်စွမ်းရှိသော်လည်း ကလေးများတွင်မူ ခုခံနိုင်စွမ်းအားနည်းကြောင်း CDC က ထုတ်ပြန်ခဲ့သည်။



မက္ကဆီကိုအနောက်ဘက်ရှိ မွေးမြူရေးခြံများတွင် ပြီးခဲ့သော သီတင်းပတ်သုံးပတ်ခန့်က ကြက်ငှက်တုပ်ကွေး ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့သဖြင့် ယင်းပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ကြက်၊ ဘဲကောင်ရေ ၂ ဒသမ ၅ သန်းခန့်ကို ဖျက်ဆီးခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မက္ကဆီကိုတွင် လတ်တလော ကူးစက်ပျံ့နှံ့မှုမှာ H7N3  ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နေရာအများအပြားတွင် အခါအားလျော်စွာ လူသားများတွင် ရောဂါအဖြစ် ဖြစ်ပွားလေ့ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ သို့သော် လူအချင်းချင်း လွယ်ကူစွာ ကူးစက်ခြင်းမရှိကြောင်း သိရသည်။ 
တာဝန်ရှိသူများသည် မွေးမြူရေးခြံ ၁၄၈ ခုကို စစ်ဆေးကြည့်ရှုရာတွင် ခြံ ၃၁ခြံတွင် ကြက်ငှက်တုပ်ကွေးပိုး တွေ့ရှိခဲ့ပြီး ခြံ ၃၄ ခြံတွင် မတွေ့ရှိခဲ့ပေ။ ကျန်ရှိသောခြံများနှင့်ပတ်သက်၍ အတိအကျ မထုတ်ပြန်သေးပေ။
ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသော အကောင်ရေ ၃ ဒသမ ၄ သန်းအနက် အကောင်ရေ ၂ ဒသမ ၅ သန်းကို သုတ်သင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ဇွန်လ ၂၀ ရက်တွင် ဂျာလီစကိုပြည်နယ်၌တင်တွေ့ရှိခဲ့ပြီး ဇူလိုင်လ ၂ ရက်တွင် နိုင်ငံအဆင့် တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။ ပါကစ္စတန်မှ ကာကွယ်ဆေးတစ်သန်းခန့် တင်သွင်းခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment