ကမ္ဘာ့သတင်းများ  25/07/2012


နိုင်ငံတကာသတင်း


ဆီးရီးယားသူပုန်များအတွက် အမေရိကန် အကူအညီတိုး


Syria နိုင်ငံမှာ သမ္မတ Bashar al-Assad ကို ဖြုတ်ချဖို့ တိုက်ခိုက်နေကြတဲ့ ဆီးရီးယားသူပုန်တွေကို အမေရိကန် ပြည်ထောင်စုက ပိုပြီးထောက်ပံ့ ကူညီသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောကြားသွားပါတယ်။မစ္စက်ကလင်တန်က အသေးစိတ်တော့ ပြောမသွားပေမယ့် အမေရိကန်ပြည်ထောင်စုဟာ ဆေးဝါးလို၊ ဆက်သွယ်ရေး အထောက်အပံ့လို လက်နက်ခဲယမ်းမဟုတ်တဲ့ အကူအညီတွေ ပေးအပ်နေတယ်လို့ Mrs. Clinton က အင်္ဂါနေ့ကပဲ ပြောသွားပါတယ်။

သမ္မတ Assad အစိုးရအပေါ် ပြင်းပြင်းထန်ထန် အရေးယူနိုင်မယ့် ဆုံးဖြတ်ချက် (၃) ချက်ကို ရုရှားနဲ့ တရုတ် အစိုးရက veto အာဏာသုံးပယ်ချခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပြင်ကနေပြီး အမေရိကန်အစိုးရက လုပ်ကိုင်နေတယ်လို့ မစ္စက်ကလင်တန်က ဆိုပါတယ်။ဆီးရီးယား အတိုက်အခံတွေဟာ နယ်မြေတွေကို ပိုပြီး ထိန်းချုပ်လာနိုင်ပြီး တဖြည်းဖြည်းနဲ့ အဲဒီဒေသတွေမှာ အခြေစိုက်ကာ စစ်ဆင်ရေးတွေ ပိုပြီး လုပ်ဆောင်လာနိုင်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဆီရီယားနိုင်ငံသား အားလုံးရဲ့ အခွင့်အရေးကို အကာအကွယ်ပေးပြီး ဓာတုနဲ့ ဇီဝလက်နက်တွေကို လုံလုံခြုံခြုံ ထိန်းသိမ်းနိုင်မယ့် ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းနိုင်ဖို့ အတိုက်အခံတွေ အဆင်သင့် ဖြစ်နေသင့်တယ်လို့လည်း မစ္စက် ကလင်တန်က ပြောပါတယ်။အစိုးရတပ်တွေဟာ ဒမတ်စကဒ်မြို့ နေရာအတော်များများကို အင်္ဂါနေ့က ၀င်ရောက်စီနင်း ခဲ့ပြီး နိုင်ငံ့တောင်ပိုင်းက ဟာရက်မြို့ အပါအ၀င် အခြားဒေသတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီယား အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။ အနည်းဆုံး ကလေး ၆ ဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ဟောင်ကောင် တိုင်ဖုန်း လူ ၁၀၀ ကျော် ဒဏ်ရာရ


ဟောင်ကောင်မှာ  ပြင်းထန်တဲ့  တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့်  လူပေါင်း တရာကျော်  ဒဏ်ရာ ရခဲ့တယ်လို့  ဟောင်ကောင် အာဏာပိုင်တွေက ပြောပါတယ်။  ညဘက်မှာ ၀င်ရောက်ခဲ့တဲ့  မုန်တိုင်း ဗင်စင်တီ  Vincente ဟာ တနာရီ  ၈၆ မိုင်နှုန်း နဲ့ တိုက်ခတ်ခဲ့ပြီး သစ်ပင်တွေကို အမြစ်ကနေ ကျွတ်ထွက် ပြိုလဲစေခဲ့ပါတယ်။  ပြင်းထန်တဲ့လေထဲမှာ ပစ္စည်းအပိုင်းအစတွေလည်း အရှိန်နဲ့ လွင့်ပါခဲ့ ပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေကတော့ မုန်တိုင်းမ၀င်ခင်မှာပဲ အမြင့်ဆုံးအဆင့် မုန်တိုင်း သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။  ဒါဟာ ၁၉၉၉ခုနှစ် ကစပြီး  အမြင့်ဆုံး အဆင့် သတ်မှတ် သတိပေးခဲ့တာ လည်း ဖြစ်ပါတယ်။လေဆိပ်တွေနဲ့  ခရီးသွားရေယာဉ်တွေအတွက် မုန်တိုင်း သတိပေးထားပြီး ဟောင်ကောင် စတော့ ရှယ်ယာဈေးကွက်ကိုလည်း အင်္ဂါနေ့အတွက် နောက်ကျမှ ဖွင့်ရမှာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ  တရုတ်နိုင်ငံ ဂွမ်ဒေါင်းခရိုင်ဘက်ကို ရွေ့လျားသွားနေပြီဖြစ်ပြီး အခုအခါမှာ ဟောင်ကောင်ဘက်မှာ တဖြည်းဖြည်း အရှိန်လျော့လာနေပြီ ဖြစ်ပါတယ်။

အီရတ်တ၀န်း တိုက်ခိုက်မှုတွေကြောင့် လူ ၁၀၆ ဦး သေဆုံး


ဇူလိုင်လ ၂၃ ရက်နေ့၊ တနင်္လာနေ့က အီရတ်နိုင်ငံတဝှမ်း အနည်းဆုံး မြို့ပေါင်း ၁၅ မြို့မှာ သူပုန်တွေက အကြိမ်ပေါင်းများစွာ ဆက်တိုက် ဗုံးခွဲတိုက်ခိုက်မှုတွေ၊ သေနတ်နဲ့ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၁၀၆ ဦး သေဆုံးပြီး လူ ၂၀၀ ကျော် ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ အီရတ်အရာရှိတွေက ပြောပါတယ်။
၂၀၁၀ ခုနှစ်၊ မေလ ၁၀ ရက်နေ့က တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီးတဲ့နောက် မနေ့က တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေဟာ သွေးထွက်သံယို အများဆုံးဖြစ်ပါတယ်။ မနေ့ကအဆိုးဆုံး တိုက်ခိုက်မှုဟာ ဘဂ္ဂဒက်မြို့တော်ရဲ့ မြောက်ဘက် ၁၆ မိုင်အကွာ တာဂျီမြို့မှာ ဖြစ်ပွားခဲ့ပြီးတော့ လူ ၄၀ နီးပါး သေဆုံးသွားခဲ့ပါတယ်။မနေ့က တိုက်ခိုက်မှုတွေမှာ သေနတ်သမားတဦးက အနောက်မြောက်ပိုင်းက စစ်စခန်းတခုမှာ ပစ်ခတ်လို့ အီရတ်စစ်သား ၁၅ ဦးသေဆုံးရမှုလည်း ပါဝင်ပါတယ်။

မြောက်ပိုင်းက ကာကပ်မြို့မှာ ဆက်တိုက် ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ ဘဂ္ဂဒက်မြို့တော်မှာ ကားဗုံးခွဲ တိုက်ခိုက်မှု တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ မနေ့က တိုက်ခိုက်မှုတွေအတွက် ဘယ်သူ ဘယ်ဝါ လက်ချက်ဖြစ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူးခင်ဗျာ။




အိန္ဒိယ အရှေ့မြောက်ဘက် အာသံပြည်နယ်တွင် ဘိုဒိုလူမျိုးစုအုပ်စုများနှင့် မွတ်ဆလင်အခြေချ နေထိုင်သူများကြား မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူ ၅၀,၀၀၀ ကျော် ထွက်ပြေးခဲ့ကြရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ဝေးလံခေါင်ဖျားသော အာသံပြည်နယ်တွင် လူမျိုးစု ပဋိပက္ခများကြောင့် ရွာသားအမြောက်အမြား အိုးမဲ့အိမ်မဲ့ ထွက်ပြေးခဲ့ကြရပြီး လူ ၂၁ ဦးသေဆုံးခဲ့သည်။ အာသံပြည်နယ် ကိုကရာဂျားခရိုင် (Kokrajhar) တွင် ဇူလိုင်လ ၂၀ ရက်နေ့က ဘိုဒိုလူမျိုးစုနှင့် မွတ်ဆလင် အခြေချနေ ထိုင်သူများကြား ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ပဋိပက္ခများ ထိန်းချုပ်ရန်ကြိုး ပမ်းသည့်အနေဖြင့် ရဲတပ်ဖွဲ့က အဓိကရုဏ်းတွင်ပါဝင်သူဟု သံသယရှိသူ များကို တွေ့သည်နှင့်တစ်ပြိုင်နက် ပစ်ခတ်ရန်အမိန့်(shoot-on-sight) ထုတ်ခဲ့သည်။
''ပဋိပက္ခတွေ ရပ်တန့်ဖို့အတွက် ပစ်မိန့် ထုတ်ထားပါပြီ။ ဒေါသကြီးနေတဲ့ လူစုတွေက ဆိုင်တွေ၊ အိမ်တွေကို မီးရှို့နေကြပါတယ်''ဟု အာသံပြည်နယ်ရဲချုပ် အက်စ်အင်န်ဆင်းက ပြောကြားခဲ့သည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ၊ ပြည်သူ့စစ်များ တိုးမြှင့်ကင်းလှည့်နေပြီး ပြည်နယ် နေရာ အများအပြားတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ 
အာသံပြည်နယ် အဓိကမြို့ ဂူဝါဟာတီ၏အနောက်ဘက် ၁၃၅ မိုင် (၂၂၀ ကီလိုမီတာ) အကွာတွင်ရှိသော ကိုကရာဂျားခရိုင်သည် ဘူတန်၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများအတွက် ပဋိပက္ခများ ဖြစ်ပွားလေ့ရှိသည်။




တရုတ်နိုင်ငံရှိ Ava  နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်လုပ်သော ကလေးနို့မှုန့်များတွင် ကင်ဆာဖြစ်စေသော အဆိပ်များကို တွေ့ရှိခဲ့မှုကြောင့် ယင်းနို့မှုန့်များကို ပြန်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း တရုတ်စား သောက်ကုန် အရည်အသွေး စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း ထုတ်လုပ်ခဲ့သော နို့မှုန့်များတွင် မှိုကြောင့်ဖြစ်သော အဆိပ်သင့် aflatoxin ပစ္စည်း ပါဝင်မှုမြင့်မားနေကြောင်း စစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနို့မှုန့်များကို ကုမ္ပဏီက ပြန်သိမ်းမှု စတင်နေ ပြီဖြစ်ကြောင်း နိုင်ငံပိုင်ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းအဆိပ်သင့် နို့မှုန့်များကို ဟူနန်နှင့် ကွမ်တုံပြည်နယ်တို့ရှိ ကုန်တိုက်များတွင် အဓိကရောင်းချကြကြောင်း China's General Administration of Quality Supervision, Inspection and Quarantine မှ ပြောခွင့်ရပုဂ္ဂိုလ် လီယွမ်ဖင်းက ပြောကြား ခဲ့သည်။ပြီးခဲ့သောလကလည်း ယီလီနို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီကြီး၏ နို့မှုန့်များတွင် မာကျူရီပါဝင်မှု မြင့်မားနေကြောင်း တာဝန်ရှိသူများက တွေ့ရှိခဲ့သဖြင့် ယင်းအဆိပ်သင့် နို့မှုန့်များ ပြန်လည်သိမ်းဆည်းခဲ့သည်။ 
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလကလည်း Mengniu နို့နှင့်နို့ထွက်ပစ္စည်း ကုမ္ပဏီကြီးတစ်ခုမှ ထုတ်လုပ်သော နို့မှုန့်များတွင် aflatoxin များ ပါဝင်မှုမြင့်မားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ မှိုတက်နေသော အစာများကို စားသုံးမိသော နွားများမှထွက်သည့် နို့များတွင် ယင်းအဆိပ်သင့်ပစ္စည်းကို တွေ့ရှိနိုင်ပြီး အဆုတ်ကင်ဆာအပါအ၀င် ကင်ဆာများဖြစ်နိုင်ခြေ မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

Facebook:                        Sa Maung



0 comments:

Post a Comment