ရခိုင်သတင်းများ  ဇူလိုင် ၂၇၊ ၂၀၁၂





ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။အဆိုပါကြေညာချက်ထဲတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ ပါဝင်ကြောင်း သိရသည်။ ယင်းကြေညာချက်ကို ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်သော  Tehreek-e-Taliban Pakistan (TTP)  အဖွဲ့မှ ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန် ယင်းကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင် တိုက်ခိုက် သွားပါမယ်''ဟု ကြေညာချက်ထဲတွင် ထည့်သွင်းပြောကြားမှုကို အေအက်ဖ်ပီ သတင်းဌာနတွင် ဖော်ပြထားပါသည်။ အဆိုပါအဖွဲ့မှာ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က မအောင်မြင်ဘဲဖြစ်ခဲ့သည့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Times Square ကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုတွင် ကြိုးကိုင်ခဲ့သော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်းလည်း သိရှိရသည်။ 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာရက်စ်နှင့် တွေ့ဆုံစဉ်တွင် တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့်နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေးစောင့်ရှောက်ပေး ရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းနှင့် ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း စသည်တို့ကို ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။

ရိုဟင်ဂျာကိစ္စအတွက် ပါကစ္စတန်အစိုးရကို တာလီဘန်က ခြိမ်းခြောက်

ပါကစ္စတန်အစိုးရအနေနဲ့ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ မြန်မာသံရုံးကို ပိတ်ပစ်ပြီး မြန်မာအစိုးရနဲ့ အဆက်အသွယ် မှန်သမျှကို ဖြတ်တောက် ရမယ်လို့ ပါကစ္စတန်နိုင်ငံမှာရှိတဲ့ TTP တာလီဘန်အဖွဲ့က တောင်းဆိုလိုက်ပြီး အဲဒီလို မဆောင်ရွက်ဘူးဆိုရင် မြန်မာနိုင်ငံမှာ မူစလင် ရိုဟင်ဂျာတွေကို နှိပ်ကွပ်နေမှုအတွက် မြန်မာနိုင်ငံကို မိမိတို့က တိုက်ခိုက်ရလိမ့်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ ပိုများလာဖွယ်ရှိ

လွန်ခဲ့တဲ့ နှစ်တွေအတွင်း အထူးသဖြင့် ပင်လယ်မှာ မိုးလေငြိမ်တဲ့ ဆောင်းနဲ့ နွေကာလတွေဆို ဘင်္ဂလားဒေ့ရှ် က လူသယ်သူတွေရဲ့ လှေတွေနဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင်ရှာဖွေဖို့နဲ့  ရတဲ့ငွေကို အိမ်ကမိသားစုတွေဆီ ပြန်ပို့ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်းတို့၊ မလေးရှားတို့ကို ခိုးဝင်တတ်ကြတယ်။
အခုတော့ မိန်းမနဲ့ ကလေးတွေပါ လှေပေါ်တင်ခေါ်လာဖို့ ကြံရွယ်နေကြပါပြီ။ “ကျနော့် ညီတွေရော၊ ကျနော့် မိန်းမရော၊ ကလေး ၅ ယောက်စလုံးပါ ထိုင်းကို လှေနဲ့ထွက်ဖို့ ပြင်နေတယ်။ နောက်ဆုံး မလေးရှားမှာတော့ နေစရာတခု ရှာတွေ့မယ်လို့  မျှော်လင့်တာပဲ” လို့ ရခိုင်ပြည် မောင်တောက အထည်ကုန်သည်  ကိုဖိုင်ဇူလာက ဂျာမန်သတင်းဌာန Deutsche Welle ကို တယ်လီဖုန်းက တဆင့် ပြောပါတယ်။
သူက ဆက်ပြီး “တခြား မိသားစုတွေလည်း ဒီလိုပဲ ထွက်ပြေးဖို့ လုပ်နေကြတယ်။ ဒီမှာ နေ့တိုင်း ဒုက္ခက ပိုပိုဆိုးလာတယ်။ ကျနော်တို့ အားလုံး ဒီမှာ နေရတာ မလုံခြုံတော့ဘူး” တဲ့။
မေလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်က မသီတာထွေး အသတ်ခံခဲ့ရမှုက စတင်ခဲ့တဲ့ ရခိုင်နဲ့ ရိုဟင်ဂျာများ အပြန်အလှန် အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့  စစ်ဘက်က တာဝန်ယူခဲ့ရပါတယ်။နှစ်ဘက်စလုံး သေကြေပျက်ဆီးမှုတွေကို အစိုးရက ထုတ်ပြန်ခဲ့ပေမယ့် ဘယ်ဘက်က ဘယ်လောက်ထိခိုက်တယ် ဆိုတာ အသေးစိတ် အတည်ပြုချက် ရဖို့ ခက်ခဲနေဆဲပါ။ရခိုင်မြောက်ပိုင်းက မူစလင်တွေကို ဖိနှိပ်နေတယ်လို့ မူစလင်ကမ္ဘာက ဒေါသတကြီး ဝေဖန်သံတွေ ညံလာနေတဲ့အပြင် လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကလည်း မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့  ရခိုင်တိုင်းရင်းသားတွေဟာ ရိုဟင်ဂျာတွေကို အနိုင်ကျင့်နေတယ်လို့ ထုတ်ပြန်ကန့်ကွက်ခဲ့ပါတယ်။
မောင်တောဒေသက မူစလင်သတင်း ရပ်ကွက်တွေ အဆိုအရ လူငယ်တွေကို တွေ့တာနဲ့ ဖမ်းဆီးနေတာကြောင့် အတော်များများ ရှောင်ပုန်းနေရကြောင်း သိရပါတယ်။ မူစလင်လူငယ် ရာချီပြီး အဖမ်းခံထားရတယ် လို့လည်း သူတို့က ဆိုပါတယ်။
“လုံခြုံရေးတွေနဲ့ ရခိုင်တွေက ကျနော်တို့ ရွာသားတွေကို ဝင်ငွေရတဲ့ အလုပ်အကိုင် အကုန်လုံးလိုလို ပေးမလုပ်တော့ဘူး။ ရွာတော်တော်များများမှာ ကျနော်တို့ကို ဆန်မရောင်းပေးဘူး။ ကျနော်တို့ကို မြန်မာပြည်က ထွက်သွားဖို့ပဲ ပြောတယ်။ ကျနော်တို့ ဒီမှာ ငတ်သေရင်သေ၊ မဟုတ်ရင် အသတ်ခံပေါ့” လို့ ဖိုင်ဇူလာက ပြောပါတယ်။
စစ်တကောင်း သတင်းရပ်ကွက်တွေရဲ့ အဆိုအရ မြန်မာနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့တွေဟာ ထိုင်းကို ထွက်မယ့် လှေတွေကို လူတယောက် ကျပ် တသောင်း (အမေရိကန် ၁၂ ဒေါ်လာ) ယူပြီး လွှတ်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။ ဖိုင်ဇူလာကလည်း သူ့မိသားစု ထိုင်းကိုထွက်ဖို့ ကျပ် သိန်း ၃၀ (အမေရိကန် ဒေါ်လာ ၃၆၀၀) ကုန်မယ်လို့ လှေသမားတွေရဲ့ အဆိုကို ပြန်ပြောပြပါတယ်။ဘင်္ဂလားဒေ့ရှ် တက်ခ်နဖ် အခြေစိုက် လူကုန်သည် ကရှမ်က ရခိုင်ပြည်က မိသားစု ၉ စု ဒီနှစ်ကုန်မှာ မလေးရှားကို ပို့ပေးဖို့ရှိကြောင်း ပြောပါတယ်။ “ဘင်္ဂလားဒေ့ရှ်ကို ဝင်လာလို့ မရတော့တဲ့ မိသားစု ၅ စုကို ကျနော်တို့လှေက ဝင်ခေါ်ရဦးမယ်။ သူတို့ကို ထိုင်းမှာချပေးမယ်။ အဲဒီကမှ မလေးကို ကုန်းလမ်းကနေ ဝင်မယ်” လို့ လူသယ်တဲ့ အလုပ်ကို ၈ နှစ်လောက် လုပ်ခဲ့ပြီးဖြစ်တဲ့ ကရှမ်က ရှင်းပြပါတယ်။လတ်တလောမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေ ထပ်ဝင်လာမှာ စိုးရိမ်တာကြောင့် နယ်စပ်ကို ပိတ်ထားပါတယ်။ အိမ်နီးချင်း အာဆီယံနိုင်ငံတွေ ကလည်း လှေစီးဒုက္ခသည်တွေ ပိုထွက်လာမှာကို စိုးရိမ်နေပါတယ်။
မကြာသေးမီကပဲ ထိုင်းနိုင်ငံရဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် မနက်ကုံပန်က မိုးရပ်ပြီဆိုတာနဲ့ ရိုဟင်ဂျာတွေ လှေစီးပြီး ဝင်လာကြဖို့ရှိကြောင်း သတင်းတွေရထားတယ်လို့ ပြောပါတယ်။ သူက မလေးရှားဝင်ဖို့ ထိုင်းကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တချိန်တည်းမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြည့်စုံ တိကျတဲ့ ဖြေရှင်းချက်ကို မြန်မာအစိုးရက လာမယ့် စက်တင်ဘာမှာ နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို လာတက်မယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တဆင့် ထုတ်ပြန်ဖို့  မျှော်လင့်ကြောင်း ပြောပါတယ်။ ” ဒီကိစ္စက အာဆီယံ လူ့အဖွဲ့အစည်းအတွက် အရေးကြီးပါတယ်” လို့ ဆူရင်ပစ် စူဝမ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

လုံခြုံရေးတပ် စစ်ဆေးမှုဒဏ်ဖြင့် မြောက်ဦး ဒေသခံတဦး သေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဒေသခံတဦးကို လုံခြုံရေးတာဝန် ယူထားသည့် စစ်တပ်က ခေါ်ယူ စစ်ဆေးရာမှ ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး သေဆုံးခဲ့ကြောင်း မြောက်ဦးမြို့  ၀သဲရပ်ကွက်မှ ဦးမောင်သာနု (၅၈ နှစ်) သည် ဇူလိုင် ၂၂ ရက် ညနေတွင် ၎င်းနေထိုင်ရာ အနီးရှိ ပျက်စီးနေသည့် နေအိမ်တခုမှ လျှပ်စစ် ၀ါယာကြိုးကို ဖြုတ်နေစဉ် လုံခြုံရေးယူထားသည့် ခြေမြန်တပ်ရင်း (ခမရ-၅၄၀) မှ စစ်သားများက ခေါ်ယူ စစ်ဆေးစဉ် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒဏ်ရာ ပြင်းထန်သည့် အတွက် မြောက်ဦးမြို့  ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသစဉ် ဇူလိုင် ၂၄ ရက် ညနေတွင် ကွယ်လွန် သွားကြောင်း ဦးမောင်သာနုသည် ၀ါယာကြိုးဖြုတ်နေစဉ် စစ်သားများ ပြေးလာသည်ကို မြင်သည့်အတွက် ထွက်ပြေးရာမှ စစ်သား ၅ ဦး၏ ရိုက်နှက်မှုကို ခံခဲ့ရကြောင်း၊ သေဆုံးချိန်၌ ခန္ဓာကိုယ် နောက်ကျောနှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာ အများအပြား တွေ့ရကြောင်း၊ ဆေးရုံ မှတ်တမ်းအရ အမျိုးသား အင်္ဂါစပ်က ပြင်းထန်သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရသည်ဟု သိရကြောင်း ဦးမောင်သာနုသည် သာမန် အရပ်သား လက်လုပ်လက်စား တဦးသာ ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များ၏ ယခုကဲ့သို့ မတရားနှိပ်စက် ညှဉ်းပန်းမှုကို ကျန်ရစ်သူ ဇနီးနှင့်ဆွေမျိုးသားချင်းများက ကျေနပ်မှု မရှိသော်လည်း စစ်တပ်ကို ကြောက်ရွံ့သည့် အတွက် သက်ဆိုင်ရာသို့ တိုင်ကြား တရားစွဲဆိုခြင်း မလုပ်ဆောင်ရဲကြကြောင်း သိရသည်။
သို့သော် ဒေသခံ ရပ်မိရပ်ဘများက တာဝန်ရှိသူများ၊ အာဏာပိုင်များ၊ ဒေသခံ နိုင်ငံရေးပါတီများထံ တိုင်ကြား၍ တရားဥပဒေ နှင့် အညီ ဆောင်ရွက်ပေးနိုင်ရေး အတွက် စီစဉ်နေကြကြောင်း ဦးမောင်သာနုသည် ၎င်းတို့ ပါတီဝင် တဦးမဟုတ် ကြောင်း၊ ထိုအမှုနှင့် ပတ်သက်၍လည်း ၎င်းတို့ပါတီထံ လာရောက် တိုင်ကြား ခြင်းမရှိသေးကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၏ မြောက်ဦး မြို့နယ် ဥက္ကဋ္ဌ နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင် က ပြောသည်။
ဦးမောင်သာနုအား ခေါ်ယူစစ်ဆေးခဲ့သည့် ခမရ ၅၄၀ တပ်ရင်းသည် ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သည့်အကြမ်း ဖက်မှုများနောက်ပိုင်း ဒေသတွင်းလုံခြုံရေး တာဝန်ယူထားသည့် စစ်တပ်ဖြစ်ကြောင်း၊ ဒေသခံ ရခိုင်တိုင်းရင်းသား ကျေးရွာ များနှင့် ဘင်္ဂါလီ ကျေးရွာများအကြား စစ်သား ၅ ဦးခန့် သို့မဟုတ် ရဲတပ်ဖွဲ့ဝင် တချို့က လုံခြုံရေး တာဝန်များ ယူပေးထား ကြောင်း ခမရ ၅၄၀ မှ တပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့ ဇိနမာန်အောင် ဘုရားဝင်း တ၀ိုက်တွင် အခြေစိုက်၍ လုံခြုံရေး တာဝန်ယူ ထား ကြောင်း၊ ဦးမောင်သာနု ကို တပ်ကြပ်တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦး က ရိုက်နှက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးမောင်သာနု အား မြောက်ဦးမြို့၌ ယမန်နေ့က မြေမြှုပ် သင်္ဂြိုဟ်ခဲ့ပြီး ၎င်းတွင် အရွယ်မရောက်သေးသည့် သမီးငယ်နှင့် ဇနီး တို့ ကျန်ရစ်ကြောင်း ဒေသခံများ က ပြောပြသည်။ရခိုင်ဒေသတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင် စသည့်မြို့နယ်များ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း မြောက်ဦးမြို့တွင် ပဋိပက္ခတချို့ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ရှိနေပြီ ဖြစ်ကြောင်း ဦးထွန်းလှိုင် က ပြောသည်။

ရခိုင်အရေး ရှင်းပြရန် အာဆီယံ လိုလား

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မူစလင်ဘာသာဝင်များကို ပစ်မှတ်ထား ထိန်းချုပ်နေခြင်းနှင့် ပတ်သက်ပြီး ပြည့်စုံတိကျသည့် ဖြေရှင်းချက်ကို မြန်မာအစိုးရက လာမည့် စက်တင်ဘာတွင် နယူးယောက်၌ ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ လာရောက်တက်သည့်အခါ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှတဆင့် ထုတ်ပြန်ရန် မျှော်လင့်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်က ပြောဆိုလိုက်သည်။ ယင်းသည် အာဆီယံလူ့အဖွဲ့အစည်းအတွက်အရေးကြီးသည်ဟု ဆူရင်ပစ်စူဝမ်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများက အိမ်နီးချင်း အာဆီယံနိုင်ငံများသို့ လှေစီးဒုက္ခသည်များ ပိုထွက်လာစေမည်ဟု ဒေသတွင်း စိုးရိမ်မှုများ ကြီးထွားလာနေသည်။


ပါကစ္စတန် တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက်

 

ပါကစ္စတန် နိုင်ငံရှိ တာလီဘန် အဖွဲ့တဖွဲ့က မြန်မာကို ရိုဟင်ဂျာများအား ရာဇ၀တ်မှုမြောက် ကျူးလွန်သည့်အတွက် တိုက်ခိုက် မည်ဟု ခြိမ်းခြောက်လိုက်သည်။ ပါကစ္စတန် အနေနှင့် အစ္စလမ်မာဘတ် မြို့ရှိ မြန်မာသံရုံးကို ပိတ်ပစ်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေး ဖြတ်ရမည်ဖြစ်ကြောင်း၊“ခင်ဗျားတို့ သွေးတွေနဲ့ လက်စားချေမယ်”ဟု Tehreek-e-Taliban (TTP) တာလီဘန် အဖွဲ့က ပြော ဆိုကြောင်း AFP သတင်းက ယနေ့ ဖော်ပြထားသည်။ သို့သော် အစ္စလမ်မာဘတ်ရှိ မြန်မာသံရုံးက မည်သို့မျှတုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment