ရခိုင်သတင်းများ  ဇူလိုင် ၂၉၊ ၂၀၁၂

ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့အပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ပုံတွေမှာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပါဝင် ပတ်သက်လာနေတဲ့ သတင်းတွေ ကြားသိနေရတဲ့ အတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကြားက ပဋိပက္ခမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့အပြင် တချို့နေရာတွေမှာ လှုံ့ဆော်တာတွေ ပါရှိနေကြောင်း လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေဆီက ကြားသိနေရကြောင်း၊ ရပ်ရွာတွင်း ပဋိပက္ခကို ရပ်တန့်အောင် ဟန့်တားတာကနေ မွတ်စလင်တွေကို ပစ်မှတ်ထား ဖြိုခွဲတဲ့အသွင်ကို ဆောင်လာတဲ့ သတင်းတွေ ရရှိနေကြောင်း၊ ဒီလုပ်ရပ်တွေကို တားဆီးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း၊ အခု လတ်တလော ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို ဖိတ်ခေါ်လိုက်တဲ့အပေါ် ကြိုဆိုပေမဲ့ ဒါဟာ လွတ်လပ် ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုကို အစားထိုးလိုက်တဲ့ အဓိပ္ပာယ် မဟုတ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Navi Pillay က ပြောဆိုပါတယ်။
ဒီအတွင်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေကြောင့် နေရာ ရွှေ့ပြောင်းကြ ရသူပေါင်း (၈) သောင်းလောက်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုပါတယ်။
ဒုက္ခသည် သုံးသောင်းကျော် ဟာ UNHCR ရဲ့  အရေးပေါ် ထောက်ပံ့မှုတွေ ရရှိနေပြီး ဒုက္ခသည် စခန်းတွေမှာ အစိုးရက နေထိုင်စရာ အမိုးအကာတွေ စတင် ဆောက်လုပ်ပေးနေကြောင်း ပြောပါတယ်။


ရခိုင်ပဋိပက္ခစုံစမ်းရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီးတောင်းဆို

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြား ချက်တွေကြောင့် ဒီကိစ္စအပေါ် လွတ်လပ်တဲ့ စုံစမ်းစစ် ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီရဲ့ မဟာမင်းကြီး မစ္စနာဗီပီလေး (Navi Pillay) က ဇူလိုင်လ (၂၈) ရက်နေ့ က တောင်းဆို လိုက်ပါတယ်။
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး (UNHCR) ရုံးကလည်း ရခိုင်ပြည်နယ်မှာ အကြမ်း ဘက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေး နေကြသူ (IDP) တွေ ရှစ်သောင်းလောက်ရှိနေပြီး ဒီ IDP အများစုဟာ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရတာကြောင့် သူတို့အတွက် ရွက် ဖျင်တဲတွေကို လေကြောင်းကနေ ပို့ပေးနေတယ်လို့ ပြောဆိုပါတယ်။

ရှေ့သီတင်းပတ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် သော မတ်(စ်) အိုဟေး ကင်တားနား (Tomas Ojae Qunitana) ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လာရောက်ခွင့်ပြုတဲ့ မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကိုလည်း မဟာမင်းကြီး မစ္စ နာဗီ ပီလေးက ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒီလို မစ္စတာကင်တားနား မြန်မာနိုင်ငံကို သွားရောက်ခြင်းက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေးနဲ့ အလဲအလှယ်အစားထိုးဖို့ မဟုတ်ဘူး လို့လည်း မစ္စပီလေးက ဆိုပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးနေကြသူ (IDP )တွေဟာ နေရပ်ကိုပြန်သွားကြဖို့ သိပ်ကြောက်ရွံ့နေကြတယ် လို့ UNHCR ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ အယ်န်ဒရက်(ဂ်ျ) မဟီဆစ် (Andrej Mahecic)က ပြောဆိုပါ တယ်။

မြန်မာနိုင်ငံမှာ လူနည်းစုလူမျိုးစုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ထားရှိရေးအတွက် မကြာသေးခင်ကပဲ ပြည်သူ့လွှတ်တော်မှာ အာဏာရ ပြည်-ခိုင်-ဖြိုးပါတီက တင်သွင်းတဲ့အဆိုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။ မြန်မာအစိုးရသစ်ဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အများအပြားလုပ်ဆောင်နေပေမဲ့ နိုင်ငံရဲ့ တချို့ ဒေသတွေမှာ ပဋိပက္ခတွေ မငြိမ်မသက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။


မည်သည့် ခြိမ်းခြောက်မှုမျှ မကြောက်ဟု ရခိုင်ပါတီ ပြော

မည်သည့် ဘာသာရေး အစွန်းရောက်များ၏ ခြိမ်းခြောက်မှုကိုမျှ ကြောက်စရာ မလိုကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောကြားသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည့် ပါကစ္စတန် အခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ တခုဖြစ်သည့် TTP ၏ ရခိုင်ပြည်နယ် ရိုဟင်ဂျာ မူဆလင် အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက် ပြောဆိုမှုများကိုပြန်လည်တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။TTP ၏ ခြိမ်းခြောက်စာတွင် ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာ သံရုံးကိုလည်း ပိတ်ပစ်ရန်နှင့် ပိတ်မပစ်ပါက မြန်မာ့အကျိုးစီးပွား မှန်သမျှ ဖျက်ဆီးပစ်မည်ဟု ပါရှိသည်။၎င်းတို့ တောင်းဆိုသည့်အတိုင်း မလိုက်လျောပါက မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ သတ်ဖြတ်ခံခဲ့ရသည်တို့ကိုပြန်လည် ဂလဲ့စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု TTP အဖွဲ့က ဆိုသည်။ ၎င်းတို့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအား “သင်တို့ကျခဲ့ရတဲ့ သွေးတွေ အတွက် ကျွန်ုပ်တို့ လက်စားချေမည်” ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွါးခဲ့သည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် မူဆလင် ရိုဟင်ဂျာများ၏ ပဋိပက္ခများကြောင့် ဘက်နှစ်ဖက်မှ စုစုပေါင်း လူ ၇၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန်အစိုးရ အာဏာပိုင်များက တရားဝင်ပြောဆိုသည်။ သို့သော် ပြည်ပရှိ မွတ်ဆလင်ကမ္ဘာကမူ ထိုပဋိပက္ခအတွင်းနှင့် ဖြစ်ပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာ ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရသည်ဟု ဆိုကြသည်။
ထို့ပြင် ရိုဟင်ဂျာ အများအပြား နေထိုင်သည့် ဒေသများတွင် နယ်မြေရှင်းလင်းရေး အတွင်း အမျိုးသားကြီးများနှင့် ငယ်ရွယ်သူကောင်လေး အများစု ပါဝင်သည့် ရာပေါင်းများစွာသော လူများအား ဖမ်းဆီး အကျဉ်းချထားသည်ဟု ဆိုခဲ့ပြီး ထိုလူအားလုံးအား ထီးတည်း တည်ရှိနေသည့် နေရာများတွင် အကျဉ်းချထားကာ မမျှမတ ဆက်ဆံခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ပြောဆိုထားသည်။ရခိုင် ဗုဒ္ဓဘာသာများနှင့် လုံခြုံရေး တပ်ဖွဲ့များက ပြုလုပ်ခဲ့သည့် မုဒိမ်းမှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ အပါအဝင် နိုင့်ထက် စီးနင်းမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရလောက်သော အစီရင်ခံစာများ ရရှိထားသည်ဟု AI က ဆိုသည်။ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ထိုပဋိပက္ခများကို လေ့လာကြည့်ပါက ဘာသာရေး ပြဿနာ မဟုတ်ကြောင်းဒေါက်တာအေးမောင် က သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှစ်သိန်းခန့်ရှိမည်ဟု ကုလသမဂ္ဂအဖွဲ့များက ခန့်မှန်းထားသော်လည်း မြန်မာအစိုးရကမူ ၎င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ် မပြုခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် ထွက်ပေါ်လာမည့် သန်းခေါင်စာရင်းတွင်လည်း ၎င်းတို့အား ထည့်သွင်းကောက်ခံမှု ပြု/မပြု ရေရာစွာ မသိရှိရသေးပေ။
ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ ခေါ် မူဆလင်များအကြား မေလ ၂၈ ရက်နေ့မှ ပြန်လည် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရရှိသူ ၁၁၁ ဦး၊ မီးရှို့ဖျက်ဆီးခံရသည့် အိမ်မြေ ၄,၈၂၂ လုံး၊ ဒုက္ခသည် ခုနှစ်သောင်းခန့်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ ညမထွက်ရ အမိန့်ကို ကျူးလွန်၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၈၇၂ ဦး ရှိကြောင်း ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း က ပြောဆိုထားသည်။


ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက်

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် ဆက်ဆံပုံနှင့် ပတ်သတ်၍ ပါကစ္စတန် နိုင်ငံရှိ တာလီဘန် အကြမ်းဖက် အဖွဲ့တဖွဲ့က မြန်မာနိုင်ငံအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။
Tehreek-e-Taliban (TTP) အဖွဲ့၏ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်ထဲတွင် ပါကစ္စတန် အနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရေး အားလုံး ရပ်ဆိုင်း ဖြတ်တောက်ခြင်းနှင့် အစ္စလာမ်မာဘတ် ရှိ မြန်မာ သံရုံးကို ပိတ်ခြင်းတို့ မပြုလုပ်ပါက ရိုဟင်ဂျာများအပေါ် ပြုလုပ်ခဲ့သည့် ရာဇဝတ်မှုများကို တုန့်ပြန်သည့် အနေဖြင့် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ဆိုထားသည်။

TTP အဖွဲ့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအား “သင်တို့ကျခဲ့ရတဲ့ သွေးတွေ အတွက် ကျွန်ုပ်တို့ လက်စားချေ မည်” ဟု ဆိုခဲ့သည်။ထိုအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Ehsanullah Ehsan က ပါကစ္စတန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးများ ရပ်ဆိုင်းရန်နှင့် မြန်မာသံရုံးအား ပိတ်လိုက်ရန် တောင်းဆိုခဲ့သည်။

“ဒီလိုမှ မဟုတ်ရင်တော့ ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွါးတွေကို နေရာတိုင်းမှာ တိုက်ခိုက်ရုံတင် မကဘဲ မြန်မာနိုင်ငံကိုလိုလားတဲ့ ပါကစ္စတန်တွေကိုပါ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ကြေညာချက်ထဲတွင် ဆိုခဲ့သည်။

အမေရိကန် အရာရှိများက အစောပိုင်းက ပြောဆိုခဲ့ရာတွင် ၂၀၁၀ ခုနှစ်က နယူးယောက် မြို့ရှိ Times Square အား ဗုံးခွဲရန် မအောင်မြင်ခဲ့သည့် ကြိုးစားမှု၏ နောက်ကွယ်တွင် ထိုအဖွဲ့၏ လက်ချက် ပါဝင်နေကြောင်း အထောက်အထား ရှိပြီး ထို့အတွက် ပါကစ္စတန်-အမေရိကန် Faisal Shahzad အား ထောင်ဒဏ် တသက် ချမှတ်ထားသည်ဟု ဆိုသည်။TTP အဖွဲ့ခေါင်းဆောင် Hakimullah Mehsud မှာ ဂျော်ဒန် အယ်လ်ခိုင်းဒါး နှစ်ဘက်ချွန် သူလျှို တဦးက အာဖဂန် နစ္စတန် ရှိ အမေရိကန် စခန်းတခု၌ အသေခံ ဗုံးဖောက်ခွဲမှု အတွင်း စီအိုင်အေ သူလျှို ၇ ဦး သေဆုံးခဲ့ရသည့် အမှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံတွင် တရားစွဲဆိုခြင်း ခံထားရသည်။မကြာသေးမီက ဖြစ်ပွါးခဲ့သည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် မူဆလင် ရိုဟင်ဂျာများ၏ ပဋိပက္ခများကြောင့် လူ ၇၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန်အစိုးရ အာဏာပိုင်များက တရားဝင်ပြောဆိုသည်။  ထိုအတောအတွင်း အင်ဒိုနီးရှား နိုင်ငံရေးသမား တဦးကလည်း ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ဝေဖန်လိုက်ကြောင်း သတင်းများက ဆိုသည်။

မြန်မာ့အရေးဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) ဥက္ကဋ္ဌ၊ အင်ဒိုနီးရှားနိုင်ငံ PDI-P ပါတီကို ကိုယ်စားပြုသူ Eva Kusuma Sundari က အာဆီယံနှင့်တကွ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ရိုဟင်ဂျာ များ၏ အတိဒုက္ခနှင့် ပတ်သက်၍ မြန်မာအစိုးရက ဖြေရှင်းလာရန် နိုင်ငံရေးဖိအားများ ပေးရန် လိုအပ်သည်ဟုပြောခဲ့သည်။  လွန်ခဲ့သည့် အပတ်က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ပြောဆိုရာတွင် ရိုဟင်ဂျာ အများအပြားနေထိုင်သည့် ဒေသများတွင် နယ်မြေရှင်းလင်းရေး အတွင်း အမျိုးသားကြီးများနှင့် ငယ်ရွယ်သူကောင်လေး အများစု ပါဝင်သည့် ရာပေါင်းများစွာသော လူများအား ဖမ်းဆီး အကျဉ်းချထားသည်ဟု ဆိုခဲ့ပြီး ထိုလူအားလုံးအား ထီးတည်းတည်ရှိနေသည့် နေရာများတွင် အကျဉ်းချထားကာ မမျှမတ ဆက်ဆံခဲ့သည်ဟု ဆိုထားသည်။

AI က ပြောဆိုရာတွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် လုံခြုံရေး တပ်ဖွဲ့များက ပြုလုပ်ခဲ့သည့် မုဒိမ်းမှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ အပါအဝင် နိုင့်ထက် စီးနင်းမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရလောက်သော အစီရင်ခံစာများ ရရှိထားသည်ဟု ဆိုခဲ့သည်။ဥရောပ ကော်မရှင်ကလည်း သောကြာနေ့တွင် အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပြီး ထိုပဋိပက္ခများကြောင့် ထိခိုက် ဆုံးရှုံးရသူများအား အကူအညီများ ပိုမိုပေးအပ်နိုင်ရေး အတွက် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသသို့ နိုင်ငံတကာအား ဝင်ရောက်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံခဲ့မှုများက ရိုဟင်ဂျာများအား နိုင်ငံမဲ့ ဖြစ်စေခဲ့ပြီး မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အရေအတွက်မှာ ၈ သိန်း ခန့် ရှိမည်ဟု မှန်းဆထားကြသည်။ ကမ္ဘာပေါ်တွင် ဖိနှိပ်မှု အခံရဆုံး လူနည်းစုများတွင် ရိုဟင်ဂျာများလည်း ပါဝင်သည်ဟု ကုလသမဂ္ဂ ကလည်း ဆိုထားသည်။ဝီကီပီးဒီးယား အွန်လိုင်း စွယ်စုံကျမ်း၏ အဆိုအရ တခါတရံ ပါကစ္စတန် တာလီဘန်ဟု ရည်ညွှန်းခြင်း ခံရသော Tehreek-e-Taliban (TTP) အဖွဲ့မှာ ပါကစ္စတန် အနောက် မြောက်ပိုင်း အာဖဂန်နစ္စတန် နယ်စပ်တလျှောက်တွင် အခြေစိုက်သည့် အစ္စလာမ်မစ် စစ်အုပ်စု မျိုးစုံ ပါဝင်သည့် အဖွဲ့အစည်းတခု ဖြစ်သည်။TTP အဖွဲ့သည် Mullah Omar ဦးဆောင်သည့် အာဖဂန်တာလီဘန် လှုပ်ရှားမှုနှင့် တိုက်ရိုက် ပေါင်းစည်းဆက်နွယ်မှု မရှိသည့်အပြင် အုပ်စုနှစ်ခု၏ သမိုင်းကြောင်း၊ မဟာဗျူဟာမြောက် ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများမှာလည်း များစွာ ကွာခြားကြသည်။

အာဖဂန် တာလီဘန်များအား ပါကစ္စတန်က ထောက်ပံ့ကူညီနေသည်ဟု စွပ်စွဲခြင်း ခံထားရပြီး အာဖဂန် တာလီဘန် များသည် နိုင်ငံတကာ မဟာမိတ် ညွန့်ပေါင်းအဖွဲ့နှင့် အာဖဂန် နစ္စတန်ရှိ အာဖဂန် လုံခြုံရေး တပ်ဖွဲ့များအား ဆန့်ကျင် လှုပ်ရှားနေကြခြင်း ဖြစ်ပြီး ပါကစ္စတန်နိုင်ငံကို ပစ်မှတ်ထားခြင်းအား အထူးရှောင်ကြဉ်ထားသည်။ TTP အဖွဲ့မှာမူ ၂ဝဝ၉ ခုနှစ် Camp Chapman တိုက်ခိုက်မှုနှင့် ၂ဝ၁ဝ ခုနှစ်က နယူးယောက် မြို့ရှိ Times Square အား ဗုံးခွဲရန် မအောင်မြင်ခဲ့သည့် ကြိုးစားမှုများနှင့် ပတ်သက်၍ နာမည်ထွက်ခဲ့သော်လည်း ပါကစ္စတန် အစိုးရကို အဓိက ပစ်မှတ်ထားလေ့ရှိသည်။

ရခိုင် ALP ဆက်ဆံရေးရုံး ကျောက်တော်၌ စဖွင့်မည်

အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၏ ဆက်ဆံရေးရုံးကို သြဂုတ်လ အတွင်း ရခိုင်ပြည် နယ် ကျောက်တော်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ထိုရုံး၌ ALP ဗဟိုကော်မီတီဝင် ဦးဆောင်သည့် ၃ ဦးပါ အဖွဲ့တဖွဲ့ကိုထားရှိမည် ဖြစ်ပြီး ယခုဆက်ဆံရေးရုံး ဖွင့်လှစ်မှုသည် ၂၀၁၂ ခုနှစ် ဧပြီလအတွင်းက အစိုးရနှင့် သဘောတူညီချက် ၅ ချက် ထဲမှ တချက်ဖြစ်ကြောင်း၊ ALP အနေဖြင့် ဆက်ဆံရေးနှင့်စီးပွားရေးရုံးများကို ကျောက်တော် အပြင် ပလက်ဝ၊ စစ်တွေနှင့် ရခိုင်ပြည် အတွင်းက တခြားမြို့များတွင်လည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ALP စည်းရုံးရေးနှင့် ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ခိုင်အောင်စိုး က ပြောသည်။


ရခိုင်ဒေသ အရေး ပွင့်လင်းမြင်သာရန် ကုလသမဂ္ဂ တောင်းဆို

 

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး မြန်မာ အစိုးရအနေနှင့် လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ကုလသမဂ္ဂ က တောင်းဆိုလိုက်သည်။ အခင်းဖြစ်ပွားခဲ့သည့် အခြေခံ အကြောင်းတရားများကို စုံစမ်းဖော်ထုတ်ရန်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ က ယမန်နေ့တွင် ပြောဆိုကြောင်း သိရသည်။ မစ္စတာ နမ်ဘီယာသည် ရခိုင် ဒေသသို့ ပြီးခဲ့သည့် ဇွန်လ လယ်ပိုင်းက သွားရောက် ခဲ့သေးသည်။

ရခိုင် ပဋိပက္ခ စုံစမ်းရေး ပွင့်လင်းမြင်သာစေရန် ကုလ တောင်းဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအပေါ် လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ဗီဂျေ နမ်ဘီယာက မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် ဒေသများသို့ ၎င်းကိုယ်တိုင် သွားရောက်ကြည့်ရှု ခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက်နေ့က ထိုသို့ တောင်းဆို လိုက်ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်များ၏ အရင်းခံ အကြောင်းတရား များအား ဖော်ထုတ်သွားရန်လည်း တိုက်တွန်းခဲ့သည်။
“အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေအပေါ် မြန်မြန်ဆန်ဆန် ဖြေရှင်း ဆောင်ရွက်နေတဲ့အပြင် သမ္မတ ဦးသိန်းစိန် ကလည်း ဒီကိစ္စကို အလေးထားပြီး ကိုင်တွယ် ဆောင်ရွက်သွားဖို့ လိုတယ်လို့ ပြောခဲ့တဲ့အတွက် ကျနော်က မြန်မာအာဏာ ပိုင်တွေကို လူသိရှင်ကြားရော၊ သီးသန့်အနေနဲ့ပါ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
“ဒီလို ဆောင်ရွက်တဲ့အတွက် တာဝန်ယူမှုနဲ့ တာဝန်ခံမှု ရှိလာမှာ ဖြစ်တဲ့အပြင် တရားဥပဒေ စိုးမိုးမှုလည်း ရှိလာပါမယ်။ ဒီစုံစမ်း စစ်ဆေးမှုကနေ အကြမ်းဖက်မှုရဲ့ အရင်းခံ အကြောင်းတရားတွေကို ဖော်ထုတ် သင့်တယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးရဲ့ အစိတ်အပိုင်း တခုအနေနဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေရဲ့ အခြေအနေ ကိုလည်း ထောက်ပြ သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဗီဂျေ နမ်ဘီယာသည် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ဇွန်လ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ၏ လူသားချင်း ဆိုင်ရာ အကူအညီပေးရေး အဖွဲ့တခုကို ဦးဆောင်၍ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီးနှင့်အတူ လိုက်ပါကာ ထိခိုက်မှု အများဆုံးရှိသည့် နေရာ ရခိုင်ဒေသ တချို့သို့ သွားရောက် ကြည့်ရှုခဲ့သည်။၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထိုအကြမ်းဖက်မှုများ အပေါ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပုဂ္ဂိုလ်ရေး စိုးရိမ်းမှုများနှင့် ကုလသမဂ္ဂ၏ မျှော်လင့်ချက်များအား သမ္မတ ဦးသိန်းစိန်ထံ တိုက်ရိုက် တင်ပြခဲ့သည်ဟုလည်း သူက ပြောသည်။ကုလသမဂ္ဂ အနေဖြင့် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းရာတွင် မြန်မာအစိုးရကို ကူညီရန် အဆင်သင့် ရှိသည်ဟု ၎င်းက ဆိုသည်။
“ပြုပြင် ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ကိစ္စတွေမှာ မြန်မာအစိုးရကိုရော၊ မြန်မာပြည်သူတွေ ကိုပါ ကူညီသွားဖို့ ကုလသမဂ္ဂက စိတ်ပိုင်းဖြတ်ထားတာပါ၊ ဒါကြောင့်လည်း ကုလသမဂ္ဂ အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဒုက္ခ ရောက်ရသူတွေကို ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ ကူညီဖို့ ဆောင်ရွက်နေတာပါ” ဟု မစ္စတာ နမ်ဗီယာက ပြောသည်။
ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် တဦး၏အဆိုအရမူ ဗီဂျေ နမ်ဘီယာသည် မြန်မာပြည်တွင် ဖြစ်ပွားနေသည့် အခြေအနေများကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ သတင်းထောက်များအား ပြောကြားခဲ့ သေးသည်ဟု သိရသည်။
“အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂက မျှော်လင့်ပါတယ်။ အထွေအထွေ အတွင်းရေးမှူးချုပ် ကလည်း အဲဒီလို ဖြေရှင်းဖို့ မြန်မာအစိုးရ ခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ ဒုက္ခသည်တွေရဲ့ အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေး ဖြေရှင်းသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ လက်ထောက် ပြောခွင့်ရ ပုဂ္ဂိုလ် Eduardo del Buey က ဆိုသည်။သတင်းထောက်တဦး၏ မေးမြန်းချက်ကို ၎င်းက မြန်မာနိုင်ငံ၌ နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံရသည့် မွတ်ဆလင် အုပ်စုများ ရှိနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များနှင့် မွတ်ဆလင် ဘာသာဝင် မဟုတ်သူများ၏ ပဋိပက္ခ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
“ပြဿနာက အဲဒီမှာ အခြေတည်တာပဲ။ အခုဟာက အဲဒီဒေသမှာ ရှိတဲ့ မွတ်ဆလင်တွေနဲ့ မွတ်ဆလင် မဟုတ်သူတွေ ကြားက ပဋိပက္ခပါ” ဟု ၎င်းက ဆိုသည်။

ဒုက္ခသည်ထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိသူ ပါဝင်နိုင်

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ၀င်ဖို့ ကြိုးစားနေတဲ့ ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ် ရှိသူတွေ ပါဝင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုလိုက်ပါတယ်။
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က လန်ဒန်ထုတ် Sunday Express သတင်းစာကို ပြောဆိုခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အဖြစ်အပျက် တချို့နဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း မြန်မာ အာဏာပိုင်တွေကိုလည်း အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးရဲ့ အစီရင်ခံချက်တွေအရ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဂျမက် အီး အစ္စလာမ် မီး အဖွဲ့လို အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့တွေက အဲဒီ ဒုက္ခသည်တွေထဲက တချို့ကို အားပေးကူညီတာမျိုး ရှိနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက အ၀င်မခံဘဲ ပြန်မောင်းထုတ် နေတဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက် ဝေဖန်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာကတော့ မြန်မာနိုင်ငံဘက်က အဲဒီ ဒုက္ခသည်တွေ ဘာကြောင့် ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ၀င်ရောက်ဖို့ ကြိုးစား နေတာလဲဆိုတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက သေသေချာချာ သိအောင် စုံစမ်းသင့်တယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် အများအပြား ရှိနေပြီး ဖြစ်တဲ့အတွက် နောက်ထပ် လက်မခံနိုင်တော့ဘူး လို့လည်း ပြောဆိုပါတယ်။
ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ အကြမ်းဖက်သမား နှိမ်နင်းရေးအတွက် ဗြိတိသျှ အစိုးရနဲ့ စကော့တလန်ယာ့ဒ် ထောက်လှမ်းရေး အဖွဲ့တွေကနေ အကူအညီပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့ နိုင်ငံမှာ ထပ်မံလက်ခံဖို့  မဖြစ်နိုင်တော့ဘူးလို့  ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment