မြန်မာသတင်းများ  ဇူလိုင် ၂၂၊ ၂၀၁၂

ရှစ်လေးလုံး ငွေရတုအကြို အခမ်းအနားတွေ ကျင်းပဖို့ဆွေးနွေး

 (၂၄) နှစ်မြောက် ရှစ်လေးလုံး နှစ်ပါတ်လည် ငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့မှာ သြဂုတ်လ (၈) ရက်နေ့ ကျင်းပသွားဖို့ရှိပြီး တစ်နိုင်ငံလုံးက နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား လာရောက်ဖို့ စီစဉ်နေကြတယ်လို့ သတင်းရပါတယ်။
ဒီအခမ်းအနား ဖြစ်မြောက်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ဒက္ခိဏရာမ အလယ်တိုက်မှာ မနေ့က မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မန္တလေးမြို့ကို လာရောက်ခဲ့စဉ်က ဆွေးနွေးခဲ့တဲ့ အတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရှစ်လေးလုံး ငွေရတုအကြိုပွဲ မန္တလေးမြို့မှာ ကျင်းပနိုင်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုမောင်မောင်ဦးက ပြောပါတယ်။
"ရန်ကုန်က ကိုယ်စားလှယ်အဖွဲ့နဲ့ မန္တလေးက စိတ်ဝင်စားသူ၊ ရှစ်လေးလုံးမှာ ဖြတ်သန်းဖူးသူ၊ နိုင်ငံရေးမှာ စိတ်ဝင်စားသူ အဖွဲ့တွေ လုပ်ငန်းညှိနှိုင်းပွဲပါ။ ဒီညှိနှိုင်းပွဲမှာ ပွဲလုပ်တဲ့အခါမှာ အသုံးပြုမယ့် လိုဂို (logo) ဒီဇိုင်းတွေ၊ အလံတွေ၊ အခမ်းအနား ကျင်းပတဲ့အခါမှာ ဖိတ်ကြားမယ့် လူတွေ၊ နေရာ၊ Agenda၊ အဲဒါတွေကို အကြိုညှိနှိုင်းဆွေးနွေးတာ ဖြစ်ပါတယ်။ "
ဒီအခမ်းအနားနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အထက်ပိုင်း အတွက် မန္တလေးမြို့ ပွဲဖြစ် မြောက်ရေး ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ အောက်ပိုင်း အတွက်ကိုတော့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့က တာဝန်ယူ ဖိတ်ကြားမယ်လို့ သိရပါတယ်။
ဒီကနေ့ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးကို ရန်ကုန်မြို့က (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့ကိုယ်စားလှယ် အဖြစ် ကိုပြုံးချိုနဲ့ ကိုဘသက်အောင်တို့ တက်ရောက်ခဲ့ပြီး၊ မန္တလေးမြို့က မြ၀တီကျောင်းတိုက် ဆရာတော် ဦးအရိယာဘိဝံသ၊ အလယ်တိုက် ဆရာတော် ဦးခေမာစာရ၊ ရဲဘက်စခန်းပြန် နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော် ဦးဝိသုတနဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ ဗကသ ကျောင်းသူ ကျောင်းသားတွေ စုစုပေါင်း (၁၀၀) ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ဒီကနေ့ ရောက်မည်

သမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်ကို အထူးလေယာဉ်နဲ့ ဒီကနေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
ခရီးစဉ်အရ Chon Buri မှာရှိတဲ့ Laem Chabang ရေနက်ဆိပ်ကမ်းကို ဒီကနေ့ သွားရောက် ကြည့်ရှုမှာဖြစ်ပြီး၊ မနက်ဖြန် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာနဲ့ တွေ့ဆုံအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။အင်္ဂါနေ့မှာ မြန်မာပြည်ကို မပြန်ခင် မြဘုရားကို သွားရောက် ကြည်ညိုမှာ ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါ နားလည်မှု စာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးကြမယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် မပြောဆိုပါဘူး။
ထိုင်း စီးပွားရေး လုပ်ငန်းရှင်တွေကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်အတွင်း မြန်မာနဲ့ ထိုင်း စီးပွားရေး တိုးတက် ဆောင်ရွက်နိုင်ရေးနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်မယ်ဆိုရင် မိမိတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပေါ် ဘယ်လိုဘယ်ပုံ အကာအကွယ် ပေးမယ်ဆိုတာတွေ အပါအ၀င် တရားဝင် စာချုပ် စာတမ်းတွေ ချုပ်ဆိုနိုင်ရေး ဆွေးနွေးစေချင်ကြောင်း ထိုင်း အစိုးရကို ပြောဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် အနေနဲ့ ကချနဘူရီ၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်နဲ့ Prachuap Khiri Khan ဒေသတွေမှာ နယ်စပ် ဂိတ် (၄) ခု ဖွင့်လှစ်ရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ နိုင်ငံသား စိစစ်ရေး နှေးကွေးနေပြီး ဈေးကြီးနေတဲ့ကိစ္စ၊ ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စနဲ့ မြန်မာနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုနဲ့ ကော့သောင်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းလူမျိုး (၉၂) ဦးအကြောင်း စတာတွေ ဆွေးနွေးဖွယ် ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်ဟာ နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပါတယ်။ အခုခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရေး အပါအ၀င် သူဟာ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ထိုင်းနိုင်ငံကို သတိရ သွားအောင် လုပ်နိုင်ခွင့်ပေးမယ့် ခရီးလည်း ဖြစ်ပါလိမ့်မယ်လို့ လေ့လာသူတစ်ဦးက ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ စတင်ရိုက်ကူး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဖြတ်သန်းမှုတွေကို အခြေခံတဲ့ အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင်ကို ဒီနေ့မှာပဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စတင်ရိုက်ကူးတယ်လို့ သိရှိရပါတယ်။တကယ်တော့ ဒီဇာတ်ကားကို ရိုက်ကူးဖို့ လွန်ခဲ့တဲ့ တနှစ်ကျော်လောက် ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုချက်ကို ရယူထားခဲ့ကြောင်း ကိုမင်းထင်ကိုကိုကြီးက ပြောပါတယ်။
ကြည့်ရှုချိန် (၁) နာရီခွဲစာလောက် ကြာမြင့်မယ့် အဲဒီ မှတ်တမ်းရုပ်ရှင်ကို အခန်း (၉) ခန်းခွဲပြီး (၁) နှစ်ခွဲကြာ ရိုက်ကူးမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

ရှပ်ပြေးရေယာဉ် တွေ့ရှိ၊ လူ ၅၀ ပျောက်ဆုံးနေဆဲ

မနေ့ မနက် ၉ နာရီခွဲက တာပိန်မြစ်ထဲ တိမ်းမှောက် နစ်မြုပ်သွားခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို အဲဒီ ဂိတ်နဲ့ ၁၀ ကိုက်အကွာ ပေ၃၀ အနက်ရှိတဲ့ တာပိန်မြစ်ကြမ်းပြင်မှာ ရေငုပ်သမားတွေနဲ့ ရှာဖွေတွေ့ရှိပြီ ဖြစ်ပေမဲ့၊ လူ ၅၀ ကျော်လောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ လောလောဆယ် အဲဒီ သင်္ဘောကို ဒီကနေ့ ညဦးပိုင်းလောက်မှာ ကမ်းဖက်ကို ဆွဲကပ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီ ဆောင်ရွက်နေတဲ့ ဗန်မော်မြို့သူ တစ်ဦးက ပြောပါတယ်။
မနေ့က ကယ်တင်နိုင်ခဲ့တဲ့ ၇၄ ယောက်ထဲက တစ်ဦးဖြစ်တဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်း ၉၁၄ က ဒုတပ်ကြပ် ကိုသီဟနိုင် ဆိုသူကတော့ သေဆုံးသွားခဲ့ပါတယ်။  အခုလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြစ်ကြီးနား တက္ကသိုလ်ဇုန် ဘောလုံးပွဲကို ကစားဖို့ လာရောက်တဲ့ ဗန်းမော် တက္ကသိုလ် သချာင်္ဋ္ဌာန ပါမောက္ခ ဒေါက်တာ မျိုးသန့်နဲ့ ကျောင်းသား ၁၅ ယောက်ကိုတော့ ကယ်တင်နိုင်ခဲ့ပြီး တခြားဆရာ ၁ ယောက်နဲ့ ကျောင်းသား ၅ ယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။နစ်မြှုပ်နေဆဲ ရှပ်ပြေးယာဉ်ကို ဆွဲကပ်နိုင်ဖို့ ပြည်တွင်းရေကြောင်းက သဘောင်္နှစ်စီး၊ ကားကြီး နှစ်စီး အပါအဝင် ဒေသခံ ပြည်သူတွေနဲ့ ကြိုးစားဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။မနေ့က နေ့လည်ပိုင်းမှာတော့ သင်္ဘောနစ်မြုပ်တဲ့ နေရာအနီးကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ ရောက်ရှိခဲ့ပြီး ပျောက်ဆုံးနေဆဲ လူ ၅၀ ကျော်အတွက် ဝမ်းနည်းစကား ပြောကြားခဲ့ပြီး ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ နိုင်ငံရေးပါတီတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ကျူးကျော်ရပ်ကွက် ရုတ်တရက်ဝင် ဖျက်သိမ်း

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ ရန်ကြီးအောင်ပတ်လမ်းနားမှာ ရှိတဲ့ ကျူးကျော်တဲ (၁၀၀) ကျော်ကို အာဏာပိုင်တွေက မနေ့က ရုတ်တရက် စတင် ဖျက်ဆီးခဲ့ပြီး၊ အားလုံးကို မနေ့က အပြီးတိုင်ဖျက်ဖို့ ဆောင်ရွက်နေကြောင်း နေအိမ် ဖျက်ခံရတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။
"မနေ့က ဆိုလို့ ရှိရင် လူပေါင်း ၂၀၀ လောက်ရှိတယ်။ ရဲ၊ စစ်တပ်လည်းပါတယ်။ စစ်တပ်က ကုန်းပေါ်က ရပ်ပြီးတော့ ကျနော်တို့ကို ပိတ်ဆို့ပြီးတော့ ဖြတ်သွားတာ။ မနက် ၅ နာရီလောက် ကားနဲ့ ၀င်လာပြီးတော့ အိမ်တွေ ရွှေ့ပေးပါပြောတယ်။ ပြီး ရွှေ့ပေးပါမယ် ပြောတာတောင် မရဘူး။ အခုချက်ခြင်း လူဆင်း၊ အကုန်လုံး ချိတ်တွေနဲ ဆွဲချ၊ ရဲဒင်းနဲ့ခုတ်၊ ပေါက်ဆိန်နဲ့ ပေါက်၊ အကုန် ဆွဲချ ဖျက်ချသွားတယ်။ အခုညဆက်နေမယ်ဆိုလည်း ကျနော်တို့ကို ဖမ်းမယ်။  ဒီထဲမှာလည်း ကွင်းထဲမှာ ပစ္စည်းရော လူရော ဘာတခုမှ မမြင်ချင်ဘူး။ သူတို့က ပြောတယ်။"
အာဏာပိုင်တွေက ကြိုတင်အသိမပေးဘဲ အဲဒီလို မနေ့က မနက်လင်းအားကြီး အချိန်မှာ ရုတ်တရက် ၀င်ရောက် ဖျက်ဆီးခဲ့တာကြောင့် နေထိုင်သူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရတယ်လို့လည်း သူကပြောပါတယ်။
အဲဒီနေရာဟာ လေကြောင်းပို့ဆောင်ရေးဌာန ပိုင်နက်နယ်မြေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ အခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး အာဏာပိုင်တွေက ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ကျူးကျော် နေထိုင်သူတွေက  မိုးတွင်းကာလ လွန်မြောက်တဲ့အထိ ဆက်လက် နေထိုင်ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေးသား အသနားခံခဲ့ကြောင်း သိရပါတယ်။အခုတော့ ဖယ်ရှားခံရတဲ့ ကျူးကျော် နေထိုင်သူတွေဟာ သူတို့ နေထိုင်ခဲ့တဲ့နေရာတွေ အနီးက လမ်းဘေးနဲ့ ချောင်ခြိုချောင်ကြား ကွက်လပ်တွေမှာ ဖြစ်သလို နေထိုင်နေကြရ ပါတယ်။ အဲဒီ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူ အိမ်ထောင်စု ၂၀၀ လောက် ရှိပြီး၊ တချို့ဆိုရင် အဲဒီနေရာမှာ နေထိုင်ခဲ့ကြတာ အနှစ် (၂၀) လောက် ရှိပြီလို့ ဆိုပါတယ်။


စာချုပ်ဖောက်ဖျက်၍ မိုးထိ-မိုးမိ ရွှေလုပ်သားများက တရားစွဲမည်

 

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိ-မိုးမိဒေသတွင် တနိုင်တပိုင် ရွှေလုပ်သားများနှင့် စာချုပ်ချုပ်ဆိုထားသည့် အချက် ၆ ချက်ကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီဘက်မှ ဖောက်ဖျက်သည့်အတွက် ရွှေလုပ်သားများက တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။ ပထမအဆင့်အနေဖြင့် တရားစွဲဆိုသွားမည် ဖြစ်ပြီး လိုအပ်လျှင် လုပ်သား ၅ သောင်းကျော် ထပ်မံဆန္ဒပြဦးမည်ဟု သိရသည်။ ယခုအကြိမ် ဆန္ဒပြမှုတွင် ဆိုင်ကယ် တက္ကစီသမားများနှင့် ကားလိုင်းပြေးဆွဲနေသူများပါ ပါဝင်မည်ဟု သိရသည်။


ရန်ကုန် လေဆိပ်အနီး ကျူးကျော်အိမ် ၁၀၀ ကျော် ဖယ်ရှား

ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်း အနောက်ဖက် မရမ်းကုန်းမြို့နယ် အတွင်းရှိ
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်တဲအိမ် ၁၀၀ ကျော်အား အာဏာပိုင်များကဇူလိုင်လ၂၀ရက်နေ့တွင် ဖြိုဖျက်လိုက်သည်။လေကြောင်းဦးစီး၏ ရေဒီယိုအင်ဂျင်နီယာရုံးနှင့် ၀န်ထမ်းအိမ်ယာများ အနီးရှိ မြေပေါ်တွင် ဆောက်လုပ်ထားသော ရန်ကြီးအောင် အမည်ရှိရပ်ကွက်ထဲမှ ကျူးကျော်အိမ် ၁၀၃ အိမ်ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်
အုပ်ချုပ်ရေးရုံးဝန်ထမ်းများက နံနက် ၆ နာရီခွဲခန့်က စတင်ကာ တူများ၊ သံတူရွင်းများဖြင့် တနေကုန် ဖြိုဖျက်
မှု ပြုကြသည်။မြန်မာ့လေကြောင်းမှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက “အိမ်တွေကို ဖျက်ပေးဖို့ သတိပေးနှိုးဆော်ထားတာ စုစုပေါင်း ရှစ်ကြိမ်ရှိပြီ။ အစတုန်းက ကလေးတွေ စာမေးပွဲရှိလို့၊ ဆယ်တန်းဖြေဖို့ နှစ်ယောက်ရှိလို့ဆိုပြီးပြောလို့ ကျနော်က အထက်ကို ပြန်တင်ပြထားပါတယ်။ ဖျက်ပေးဖို့သူတို့ကို အကြိမ်ကြိမ်ပြောပါတယ်” ဟု ဆိုသည်။

“အဖျက်ခံရတဲ့ အိမ်ထောင်စုတွေကို ပြန်နေရာချထားဖို့ အစီအစဉ်မရှိပါဘူး” ဟု သူက ပြောသည်။ခြောက်နှစ်ခန့်ကြာ နေထိုင်သူများ၊  ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်သင့်မှုကြောင့်
ပြောင်းရွှေ့လာသူများ၊ လွန်ခဲ့သည့် သုံးလကမှ လာရောက်နေသူများပါဝင်သည့် လက်လုပ်
လက်စား မိသားစုများအနက် အိုးအိမ်မဲ့ဖြစ်သွားရသူများ ရှိသည်။“ဘယ်မှ သွားဖို့ မရှိဘူး။ ပစ္စည်းတွေချပြီး ဒီနားမှာပဲ ထိုင်နေဖို့ပဲရှိတယ်။ ကလေးတွေကလည်း ကျောင်းတဖက်တွေနဲ့ အိမ်ငှားတော့လည်း သူများတွေလို အိမ်ငှားခ မတတ်နိုင်ဘူး။ စပေါ်ငွေက နှစ်သိန်း၊ သုံးသိန်း တောင်းတဲ့ အိမ်ရှင်တွေလည်း ရှိတယ်။ လခကလည်း နှစ်သောင်း၊ သုံးသောင်း ထပ်ပေးရမှာဆိုတော့ မတတ်နိုင်ဘူး” ဟု အဖျက်ခံရသော အိမ်ဘေးတွင်ထိုင်လျက် ကိုသိုက်စောလင်း က ပြောသည်။

ကျူးကျော်နေအိမ် တဖက်ခြမ်းတွင်ရှိသော တပ်မြေ (ခေါ်) မြန်မာ့လေကြောင်း ဦးစီးဌာနပိုင် ကွင်းထဲတွင် ဘူဒိုဇာ ကားငါးစီး ဇူလိုင် ၁၉ ရက်နေ့ ညနေမှ စတင် လာရပ်ထားသည်ဟု ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။ရပ်ကွက်အတွင်းရှိ နေအိမ်အားလုံးကို ဇွန်လ ၂ ရက်နေ့ အပြီး ပြောင်းရွှေ့ပေးရန်နှင့် မပြောင်းရွှေ့ပေးပါက တရားဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သတိပေးစာရောက်အပြီးတွင် နောက်ထပ် ငါးလ ဆက်နေခွင့်ပေးပါရန် အသနားခံစာကို နေပြည်တော်သို့ တင်ထားစဉ် ဖျက်သိမ်းမှုပြုလုပ်ခြင်းဖြစ်ကြောင်း အဖျက်ခံရသောနေအိမ် တအိမ်မှ ဒေါ်ဝါက ပြောသည်

“တချို့ကတော့ အထုပ်ဆွဲပြီး ပြေးတယ်။ ကြောက်ပြီးထွက်ပြေးတာ သုံးအိမ်ရှိတယ်” ဟု ပြောသည်။

လူဦးရေ ခြောက် သန်းခန့်ရှိ ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လူဦးရေ ထူထပ်သော ဆင်ခြေဖုန်းတခုတွင်လည်း ကျူးကျော်အိမ် ဖယ်ရှားမှုများ ရှိနေသည်။လွန်ခဲ့သည့်လက လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် အတွင်း ကျူးကျော်အိမ် ၁၄၉ လုံးအား မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဖယ်ရှားခိုင်းခဲ့သည်။
ဆက်လက်နေထိုင်သူ အိမ်ထောင်စုများအားလည်း ပုဒ်မ (၄၄၇) ဖြင့် တရားစွဲဆိုထားပြီး နှစ်ဖက် အမှုရင်ဆိုင်ရလျက် ရှိသည်။




ဟိုတယ်လုပ်ငန်း၌  ၂၀၀၀ ပြည့် နှစ်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍  ဗီယက်နမ်စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့်  HAG &LAND  မှ အမေရိကန်ဒေါ်လာသန်း သုံးရာ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုညွှန်ကြားရေးမှူး ဦးလှိုင်ဦးထံမှ သိရသည်။
ဗီယက်နမ်လုပ်ငန်းစုကြီးဖြစ် သည့်  HAG &LAND  မှ ၂၀၁၂ ခုနှစ် ဇွန်လတွင် လာရောက်ကာ ရင်းနှီးမြှုပ်နှံရန်အတွက် ဟိုတယ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန် မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်သို့ တင်ပြပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော်ရှိ ကြောင်း၊ အဆိုပါငွေမှာလည်း ၂၀၀၀ ပြည့်နှစ်အထိသာ ရင်နှီးမြှုပ်နှံထားသော စာရင်းဖြစ်ကြောင်း၊ နောက်ပိုင်း တွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံခြင်း မရှိကြောင်း၊ ယခုလာရောက် ရင်းနှီးမြှုပ်နှံသော ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းစုဖြစ်သည့် HAG &LAND  ကုမ္ပဏီလုပ်ငန်းစုကြီးသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဟိုတယ်လုပ်ငန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံသော ပထမဆုံးနိုင်ငံ ဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။
ဗီယက်နမ် လုပ်ငန်းစုကြီးဖြစ်သည့် HAG &LAND မှ ရန်ကုန်မြို့တော် အတွင်းသာ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဟိုတယ် အဆောက်အအုံပေါင်း ၂၀ ခန့်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  အဆောက်အအုံပေါင်း ၃၅ လုံးရှိကြောင်း လက်ရှိမြန်မာနိုင်ငံ၏ ဟိုတယ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူ၊  ထိုင်း၊ ဂျပန်၊ မလေးရှား၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံများမှ အမေရိကန် ဒေါ်လာ ၁ ဘီလျံကျော်ခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။




တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပတ်သက်သည့်အဆိုတွင် ပါဝင်ဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ရုံးသို့ စာရင်းပေးသွင်းခဲ့ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ''ဥက္ကဋ္ဌအနေနဲ့ ဦးတီခွန်မြတ်တင်သွင်းခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့အဆိုမှာ ပါဝင်ဆွေးနွေးဖို့ လွှတ်တော်ရုံးကို စာရင်းပေးသွင်းခဲ့ပါတယ်။ အဲဒီအဆိုနဲ့ပတ်သက်လို့ သူ စိတ်ဝင်စားတယ်တဲ့။ တိုင်းရင်းသားတွေ မပါဘဲနဲ့ မြန်မာနိုင်ငံကြီးက အဓွန့်ရှည် တည်တံ့အောင် လုပ်လို့ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံ ထူထောင်လို့လည်းရမှာ မဟုတ်ဘူးလို့ ယုံကြည်ထားတယ်။ အဲဒါကြောင့် ဆွေးနွေးဖို့ စာရင်းပေးခဲ့တာပါ။ လွှတ်တော်က အဆိုနဲ့ပတ်သက်လို့ ကိုယ်စားလှယ်တွေကို ဘယ်နေ့မှာ ဆွေးနွေးခွင့်ပြုမလဲဆိုတာကတော့ မသိသေးပါဘူး''ဟု ပြောကြားခဲ့သည်။


ခြောက်လအတွင်း ခရီးသည်ယာဉ် တိုက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆၇ ဦး သေဆုံး

ခရီးသည်ယာဉ်တိုက်မှုကြောင့် ယခုနှစ် ပထမ ခြောက်လပတ် ပြည့်ခါနီးကာလအတွင်း  ရန်ကုန်မြို့အတွင်း သေဆုံးသူ ၆၇ ဦးရှိခဲ့ပြီး ၄၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင် က ပြောသည်။
ဇန်န၀ါရီလမှ ဇူလိုင်လလည်အထိ “ယာဉ်တိုက်မှုစုစုပေါင်း  ၁၄၃ မှု ဖြစ်ပွားတဲ့အထဲမှာ မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားခဲ့တာပါ။ ဒုတိယအများဆုံးကတော့ အရှိန်ပြင်းမောင်းလို့
ဖြစ်တာပါ” ဟု ဦးလှအောင်က ဆိုသည်။ခရီးသည်တင် ယာဉ်လိုင်းများ တိုက်မှုများတွင် ယာဉ်စီးရေ အများဆုံး
ရှိသော မထသ (မြို့တွင်း) ယာဉ်လိုင်းမှ ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး အနောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ ယာဉ်တိုက်မှု ဒုတိယ အများဆုံးလိုက်သည်။ ဗန္ဓုလ (ပါရမီ) ယာဉ်လိုင်းနှင့် မြောက်ပိုင်းခရိုင် ယာဉ်လိုင်းတို့မှာ ယာဉ်တိုက်မှု အများဆုံးစာရင်းတွင် ပါဝင်သည်။ရန်ကုန်မြို့တွင်း မော်တော်ယာဉ်များ သိသိသာသာ တိုးလာချိန်တွင် ခရီးသည်တင် ကားများ၏ စည်းကမ်းမဲ့မှုနှင့် ပတ်သက်၍ မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က “ယာဉ်ကြော ကြပ်တဲ့အတွက် ခရီးသည်တင်ဘတ်စ်ကား မောင်းတဲ့သူတွေက ယာဉ်တိုက်မှု မဖြစ်အောင် ဂရုတစိုက် မမောင်းဘဲ တစီးနဲ့တစီး အပြိုင်အဆိုင် ကျော်တက် မောင်းကြတာတွေကြောင့် ဖြစ်တာပါ” ဟု ဆိုသည်။

“ယာဉ်တိုက်မှု ဖြစ်ပြီဆိုရင်လည်း အဓိကတရားခံက ယာဉ်မောင်းဖြစ်တာကြောင့် ယာဉ်မောင်း အများစုက အဖမ်းမခံဘဲ ထွက်ပြေးကြတယ်”ဟု သူက ဆက်ပြောသည်။

မထသ (ဗဟို)က အပတ်စဉ် ယာဉ်စည်းကမ်းပိုင်းဆိုင်ရာ သင်တန်းများ ပို့ချပေးနေပြီး ယာဉ်တိုက်မှုဖြစ်လျှင် ယာဉ်မောင်းများ ထွက်ပြေးမှု မလုပ်ရေးနှင့် ဒဏ်ရာရ ခရီးသည်တွေကို ရှေးဦးသူနာပြုနည်းနဲ့ အသက်ကယ်
တင်ဖို့ကိုပါ ထည့်သွင်း သင်ကြားပေးနေသော်လည်း လက်တွေ့လုပ်ဆောင်မှု နည်းပါးလှသည်။
နေ့တွက် ပုတ်ပြတ်စားစနစ်နှင့် အခေါက်စားစနစ်ကြောင့် ၀င်ငွေအတွက် ယာဉ်မောင်းများ အန္တရာယ်
ဖြစ်လောက်အာင် ပြိုင်ဆိုင်မှုများ ဖြစ်စေသည် ဆိုကာ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို အခြေခံလစာနှုန်းထားနှင့် ဆုချီးမြှင့်စနစ်များ ပြုရန် ယာဉ်လိုင်းမှ သတ်မှတ်ပေးထားသော ခေါက်ရေစနစ်ကို
လည်း ပြန်လည်ဆန်းစစ်ခြင်းများ ပြုရန် အကြံပြုမှုများလည်း ရှိနေသည်။မထသ(ဗဟို) စီမံမှုအောက်၌ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်း အဖွဲ့အစည်းပေါင်း ၁၇ ခုရှိပြီး ယာဉ်စီးရေပေါင်း ရှစ်ထောင်ကျော် ရှိသည့်အနက် ငါးထောင်ကျော် နေ့စဉ်ပုံမှန် ပြေးဆွဲလျက်ရှိသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်အများစုကို ည ၈ နာရီ မကျော်မီ အထိသာ
တွေ့ရလေ့ရှိပြီး ထိုအချိန်ကျော်လွန်လျှင် အရှိန်ပြင်းစွာ မောင်းနှင်လေ့ရှိမှုကြောင့် နာမည်ဆိုးတွင်သော ကြားကားများကိုသာ ခရီးသည် အများစုက အားထားရလေ့ရှိသည်။ဇူလိုင်လ ၁၄ရက်နေ့ ည၈နာရီအချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ် အထက် ကြည့်မြင်တိုင်လမ်းနှင့် နတ်စင်လမ်းထိပ်တွင် အဓိပတိ ခရီးသည်တင်ယာဉ်က အခြားယာဉ်လိုင်းမှ ကားတစီးနှင့် အပြိုင်မောင်းနှင်လာရာမှ လမ်းကူးရန် စောင့်ဆိုင်းနေသူ လူငယ်နှစ်ဦး၊ ပလက်ဖောင်းအား ကျော်ကာ ကားဝပ်ရှော့ အနီးရှိ လူတဦးနှင့် လမ်းညွှန်ဆိုင်းဘုတ်၊ ကားဝပ်ရှော့အလုပ်ရုံနှင့် ရပ်ထားသော လိုက်ထရပ်ယာဉ်တို့အား တိုက်မှုဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်ကလည်း ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်အကြား
ပြေးဆွဲလျက်ရှိသော လိုက်ထရပ်ကား တစီးက ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပေါ်တွင် စက်ဘီးတစီးနှင့် လမ်းသွားလမ်းလာ တဦးအား တိုက်မိခဲ့ရာ ဒဏ်ရာရရှိသူ နှစ်ဦးအနက် တဦးမှာ ကားနှင့် ပေ ၄၀ ခန့် တရွတ်တိုက် ပါသွားခဲ့ပြီး ဘီးအောက်သို့ ရောက်ရှိသွားကာ ပြင်းထန်စွာ ဒဏ်ရာ ရသွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှု နှစ်မှုလုံးတွင် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များမှာ ယာဉ်တိုက်မှု ဖြစ်ပွားပြီး
နောက် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်။


တာမွေ ရာပြည့်ဈေးသစ် ၂ နှစ်အတွင်း ပြီးစီးမည်ဟုဆို

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ရာပြည့်ဈေးအား အဆင့်မြင့် ဈေးအဖြစ် ပြန်လည် တည်ဆောက်မည်ဖြစ်ကာ ၂ နှစ်အတွင်း အပြီး တည်ဆောက်သွားရန် ရှိကြောင်း စည်ပင်သာယာရေး
ဝန်ကြီးဌာန အောက်ရှိ ရန်ကုန်မြို့ ဈေးများဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

ရာပြည့်ဈေး ပြန်လည်တည်ဆောက်ရေး စီမံကိန်းအား သင်္ကန်းကျွန်း မြို့နယ်ရှိ သင်္ကန်းကျွန်း ဈေးအား
ပြန်လည် တည်ဆောက်ခဲ့သော အောင်ကောင်းကျော် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်
မည် ဖြစ်ပြီး လက်ရှိ ဈေးဟောင်းတွင် ရောင်းချနေသော ဈေးဆိုင်ခန်းများအား တည်ဆောက်ဆဲကာလအတွင်း ယာယီ နေရာချထားပေးရေး အတွက် မြေနေရာ ရှာဖွေဆဲဖြစ်ကြောင်း အဆိုပါ အဆင့်မြင့် အရာရှိက ဆိုသည်။
တာမွေမြို့နယ်အတွင်း မြေနေရာ ၁.၀၉၁ ဧက ကျယ်ဝန်းသော လက်ရှိ ရာပြည့်ဈေးတွင် ဆိုင်ခန်းပေါင်း ၆၅၃ ခန်း ရှိပြီး မူလဈေးနေရာတွင် ၁၂ ထပ်မြင့် လူနေဈေး အဆောက်အဦးအနေဖြင့် ပြန်လည်တည်ဆောက်မည်
ဖြစ်သည်။ရာပြည့်ဈေးအတွင်း အထည်ဆိုင် ဖွင့်လှစ်ထားသော ဒေါ်အေးကြည်က “အခုဈေးက အမိုးအကာတွေလည်း မလုံပါဘူး။ မိုးရွာလိုက်ရင် ဈေးထဲမှာ ဗွက်ပေါက်နေတာ။ ဈေးဆိုင်တွေကလည်း မနက်ပိုင်းလောက်ပဲ ဖွင့်တဲ့ ဆိုင်တွေ များပါတယ်။ အသစ် ပြန်ဆောက်ပြီးရင်တော့ ဈေးပိုစည်လာမယ် ထင်ပါတယ်” ဟု ဆိုသည်။

ရာပြည့်ဈေး၏ လက်ရှိအခြေအနေသည် အသုံးမပြုသည့် ဆိုင်ခန်းများရှိခြင်း၊ ရေမြောင်းများ တိမ်ကောနေ
သဖြင့် ဈေးအတွင်း ရေစီးရေလာ မကောင်းခြင်း စသည်တို့ကြောင့် နံနက်ပိုင်း အချိန်လောက်တွင်သာ အရောင်းအ၀ယ် ရှိနေပြီး နေ့လည်ခင်းနှင့် ညနေချိန်များတွင် အရောင်းအ၀ယ် ပါးလျက်ရှိသည်။
ရာပြည့်ဈေးအတွင်း ထီးပြင်ဆိုင် ဖွင့်ထားသော ဦးသိန်းဝင်းက “ဈေးကို အသစ်ပြန်ပြီး ဆောက်မယ်လို့တော့ ကြားတယ်။ ဈေးစည်ပင်ကတော့ ဘာမှ လာပြီး ပြောတာ မရှိသေးဘူး။ အခုကတော့ ဈေးက မနက်ပိုင်းလေးပဲ လူရှိတယ်” ဟု ဆိုသည်။

မီဇိုရမ်မှာ ကားမှောက်၊ ချင်းလူမျိုး ၂ ဦးသေဆုံး

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှာ ဒီကနေ့နံနက် ၁ နာရီခန့်က ညလိုင်း ပြေးဆွဲနေတဲ့ ခရီးသည်တင် မှန်လုံဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ခရီးသည် ၁၈ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ် ကုန်သွယ်ရေးစခန်း တည်ရှိရာမြို့ဖြစ်တဲ့ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ ကနေ မြို့တော် အိုင်ဇောကို ခရီးသည် ၄၀ နီးပါးခန့် တင်ဆောင်ပြီး ဇူလိုင် ၂၀ ရက်ညက ခရီးနှင်လာတဲ့   မှန်လုံ ကားတစီးဟာ ကိုက်ဖန်း (Keihfang) လို့ခေါ်တဲ့ ကျေးရွာနားက ကျောက်တူးဖော်ရေး လုပ်ငန်း ရှိရာနေရာ အရောက်မှာ အရှိုန်အဟုန်နဲ့ ပြိုကျလာတဲ့ ကျောက်တုံးကြီးတွေနဲ့ ထိမှန်ပြီး  ကျောက်ကမ်းပါးထဲကို ထိုးကျသွားတာ ဖြစ်တယ်လို့ ကျန်ဖိုင်းမြို့ ရဲစခန်း တာဝန်ရှိသူတဦးက RFA ကို ပြောပါတယ်။
“ကိုက်ဖန်း quarry (ကျောက်ကျင်း) ပြိုနေတဲ့ချိန်နဲ့ သွားတိုးမိတာနေမှာ၊ ဘတ်စ်ကားက ကျောက်ကမ်းပါး ထဲကို လွင့်ကျသွားတာ ဟိုးတောင်အောက်မှာ ရှိတဲ့ ချောင်းအထိကို လိမ့်ကျသွားတာ’’
ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် သေဆုံးသူ အများစုဟာ ဒေသခံ မီဇိုး (Mizo) လူမျိုးတွေဖြစ်ကြပြီး အိန္ဒိယနိုင်ငံသား ၄ ဦး နဲ့ မြန်မာနိုင်ငံသား ချင်းလူမျိုး ၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့ ခရီးသည်တွေကို အိုင်ဇောလ်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါး ကုသပေးနေတယ် လို့လည်း သိရပါတယ်။အခု ဘတ်စ်ကား တိမ်းမှောက်သွားတဲ့လမ်းဟာ အိန္ဒိ-မြန်မာအမှတ် ၂ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းအဖြစ် အဓိက အသုံးပြုနေကြတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ ဒီလို ကားတိမ်းမှောက်မှုတွေဟာ မိုးတွင်းကာလတွေမှာ အဖြစ်များလေ့ရှိတယ် လို့လည်း သိရပါတယ်။

ဘင်္ဂါလီများ စုဖွဲ့ချီတက်သဖြင့် သေနတ် မိုးပေါ်ထောင်ဖောက် လူစုခွဲ

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဘင်္ဂါလီ ၁၅၀ ကျော် စုရုံးချီတတ်လာသဖြင့် အစိုးရ လုံခြုံရေးအဖွဲ့များက သေနတ် မိုးပေါ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း စစ်တွေမြို့ အာဏာပိုင်များနှင့် ဒေသခံများက ပြောသည်။
စစ်တွေမြို့စွန်ရှိ မင်းဂံရပ်ကွက်၏ အနောက်ဘက် ၂ ဖာလုံခန့်ဝေးသော ဘင်္ဂါလီလူမျိုးများ နေထိုင်ရာ ဒွိဝပြင် ရွာမှ ဗလီတက်ပြီး ပြန်လာကြသော ဘင်္ဂါလီများက အုပ်စုဖွဲ့၍ မင်းဂံရွာဖက်သို့ စုရုံးတက်လာခဲ့ပြီး လုံခြုံရေးအဖွဲ့များက နှုတ်ဖြင့် တားမြစ်ခြင်းကို ဆန့်ကျင်သဖြင့် သေနတ်ဖောက်၍ တားဆီးခဲ့ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းများဖြစ်ပွားခဲ့မှုကြောင့် သမ္မတ ဦးသိန်းစိန်က ဇွန်လ ၁၀ ရက် ညမှ စတင်၍ ရခိုင်ပြည်နယ်ကို ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသကဲ့သို့ အရေးပေါ် အခြေအနေလည်း ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ပြီးနောက် ဗလီများတွင် ယခုကဲ့သို့ အများအပြား စုရုံးခြင်းမရှိသော်လည်း ယမန်နေ့က အစ္စလမ် ဘာသာဝင်များ၏ ရာမာဒန် ခေါ် ဥပုသ်လ စတင်သည့်နေ့ဖြစ်ခြင်းကြောင့် ဗလီတွင် ဘင်္ဂါလီများ စုခဲ့ကြပြီး မင်းဂံရွာဖက်သို့ တက်လာခြင်း ဖြစ်နိုင်ကြောင်း ဘင်္ဂါလီများ အုပ်စုဖွဲ့၍ စစ်တွေမြို့ဘက် တက်လာကြောင်း မြို့တွင်း၌ ပြန့်နှံ့ခဲ့ပြီးနောက် မြို့ခံများလည်း စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ရကြောင်း၊ သို့သော် ညနေပိုင်းတွင် မြို့ပေါ်၌ တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားကြောင်း အစ္စလမ် ဘာသာဝင်များနှင့် စုဖွဲ့ထားသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ဗဟို ကော်မတီအဖွဲ့ဝင် ဦးခင်ကျော်က ယနေ့မှစ၍ တလအတွင်း အစ္စလမ်ဘာသာဝင်တိုင်း အထွဋ်အမြတ်ထားရာ ရာမာဒန် (ဥပုသ်လ) ဖြစ်ကြောင်း ထို့ကြောင့် အစ္စလမ် ဘာသာဝင်အများစုမှာ တလတိတိ ဥပုသ်ဝင်ကြလိမ့်မည်ဖြစ်ကြောင်း အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော မောင်တော၊ ဗူးသီးတောင်နှင့် တခြားမြို့များတွင် တည်ငြိမ်နေပြီး ထိုမြို့နယ်များရှိ  ဒေသခံများအနေဖြင့် လယ်ယာလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နေကြပြီးဖြစ်ကြောင်း ထို့အတူ ယခင်က ဘင်္ဂါလီများ အန္တရာယ်ပေးမည်ကို စိုးရိမ်နေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းရှိ ရခိုင်လူမျိုးများနေထိုင်ရာ ကျေးရွာများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က လုံခြုံရေး ဆက်လက်ယူထားပေးသဖြင့် လတ်တလော အခြေအနေများအရ စိုးရိမ်စရာမရှိဟု ဆိုသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment