ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ကြေးရုပ်တုအား ပန်းတနော်မြို့ရှိ ဦးသန့် စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီသို့ ရုပ်တုပြုလုပ်သူများက လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက် သံလွင်လမ်းသွယ်ရှိ New Treasure Art Gallery တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကြေးရုပ်တုမှာ အလေးချိန် ၈၃ ပိဿာရှိပြီး ပန်းချီဆရာ မင်းဝေအောင်၊ ပန်းချီဆရာသိန်းရွှေကြည်တို့က ဒီဇိုင်းထုတ်ပေးကာပန်းပု ဆရာတင်ဝင်းထွန်း(ပေါင်းတည်) က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာကြီးဦးသန့်ရဲ့ အထိမ်း အမှတ်အနေနဲ့ ပန်းတနော်မှာ စာကြည့်တိုက်ဖွင့်မယ်။ စာကြည့်တိုက်မှာ ဦးသန့်အမှတ်တရ ပြခန်းပါမယ်။ ပန်းခြံလည်းပါမယ်။ အဲဒီ ပန်းခြံထဲ မှာ ဆရာကြီးရဲ့ရုပ်တုကို ထားသွားမယ်။ပြခန်းမှာတော့ ဆရာကြီးရဲ့ သမီးဒေါ်အေးအေးသန့် လှူဒါန်းမယ့် ဆရာကြီး အမှတ်တရပစ္စည်းတွေနဲ့ ကျွန်တော်တို့ထိန်းသိမ်း စုဆောင်းထားတဲ့ ဆရာကြီးရဲ့ လက်ရေးမူတွေ၊ အမှတ်တရပစ္စည်းတွေလည်း ပါမယ်”  ဟု ဦးသန့်စာကြည့်တိုက်နှင့် ကြေးရုပ်တုဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင်ဇော်မြင့်က ပြောပါ သည်။
ဦးသန့်အား ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့၌ အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့မှ ပန်းတနော် မြို့တွင် မွေးဖွားခဲ့ပြီး ၁၉၃၇ ခုနှစ် တွင် ပန်းတနော် အမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ် မေလ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင် ထွန်းအုပ်တို့မှ တာဝန်ပေးအပ်သောကြောင့် မြန်မာ့ပညာရေး စီမံကိန်းသစ်ကို နှစ်လနှင့်အပြီး ပြုစုခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ပထမလက်ထောက် အတွင်းဝန်၊ ၁၉၄၉ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန အတွင်းဝန်၊ ၁၉၅၄ ခုနှစ်တွင် ၀န်ကြီးချုပ်၏ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။၁၉၅၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃၁ ရက်နေ့တွင် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ကာ ၁၉၇၁ ခုနှစ် ဒီဇင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ် ပါသည်။
အမေရိကန်၊ မောင့်ဟိုးယုတ် တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့၊  ချက်ကိုစလိုဗက်နိုင်ငံ၊ ချားလ်စ်တက္ကသိုလ် နှစ်(၆၀၀) ပြည့် ရွှေတံဆိပ်ဆု၊ ကွယ်လွန်သူ အိန္ဒိယ ၀န်ကြီးချုပ်နေရူးဆုများ အပါအ၀င် နိုင်ငံတကာမှ ပေးအပ်သော ဘွဲ့များစွာ ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကွယ်လွန်ခဲ့ကြောင်း စာကြည့်တိုက်ဆောက်လုပ်ရန် အတွက် ကုန်ကျစရိတ်မှာ သိန်း ၂၀၀၀ ခန့်ရှိပြီး ယခုအချိန်တွင် ရုပ်တုထုလုပ်ခြင်းနှင့် စာကြည့်တိုက် ဖောင်ဒေးရှင်းများသာ ပြီးဆုံးကာ ဆက်လက်ဆောက်လုပ်ရန်အတွက် အလှူ ငွေကျပ်သိန်းတစ်ထောင်ကျော်ခန့် လိုအပ်နေသေးကြောင်းနှင့် လှူဒါန်းလိုသူများရှိပါက ဖုန်းနံပါတ် ၀၉-၅၀၀၂ ၁၄၁ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment