လူထုစိန်ဝင်း (သို့မဟုတ်) သူရဲကောင်း သတင်းစာဆရာ

by မောင်စွမ်းရည်

မိတ်ဆွေများ ခင်ဗျား …

ကျနော် ဒီနေ့ ပြောချင်တာကတော့ ဇွန် ၁၇ က ကွယ်လွန်သွားတဲ့ သတင်းစာဆရာကြီး လူထုစိန်ဝင်းအတွက် နှုတ်ဆက်ဂုဏ်ပြုစကား ဖြစ် ပါတယ်။
လူထုစိန်ဝင်းဟာ မန္တလေးလူထုသတင်းစာ နောက်ဆုံးမျိုးဆက်မှာ ထွန်းချွန်ထင်ရှားတဲ့ သတင်းစာဆရာတဦး ဖြစ်ပါတယ်။ (သူနဲ့ အတူလုပ်ခဲ့ကြတဲ့ လူထုမောင်သစ်လွင်နဲ့ နတ်မောက်ထွန်းရှိန်တို့လဲ မန္တလေးမှာ သက်ရှိထင်ရှား ရှိကြပါသေးတယ်) သူဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ မ ကျည်းတုံရွာမျိုးဆက်ဖြစ်ပါတယ်။ မွေးဖွားတော့ မန္တလေးမှာမွေးပြီး မန္တလေး ခရစ်ယန်သာသနာပြုကျောင်းဖြစ်တဲ့ ဖားသား လဖုံးကျောင်းက ဆယ်တန်းအောင်ပါတယ်။ မန္တလေးတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်တို့မှာ ဆက်လက်တက်ခဲ့ပြီး ကျောင်းသားဘ၀မှာပဲသတင်းစာ လော ကထဲကို ၀င်ခဲ့ပါတယ်။
ရန်ကုန်လူထု သတင်းစာတိုက်ခွဲမှာ အယ်ဒီတာလုပ်ခဲ့လို့ ရန်ကုန်မန္တလေး သတင်းစာလောကနှစ်ခုစလုံးမှာ ကျင်လည်ဝင်ဆံ့ခဲ့သူ ဖြစ်ပါ တယ်။ ကိုယ်ပိုင်ဝထ္ထုများနဲ့ အတွေးအခေါ်စာပေများ၊ သတင်းစာပညာဆိုင်ရာစာပေများလဲ ရေးသားခဲ့ပါတယ်။ (အချင်းချင်း ဘယ်သူ ဘယ် နှစ်တန်းအောင်သလဲ မသိကြပါ)
လူထု သတင်းစာဟာ ပြည်သူ့ဘက်က အမြဲရပ်တည်ခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းစဉ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်တို့ကို ထောက်ခံလှုံ့ဆော်ခဲ့တဲ့အတွက် အစိုးရအဆက်ဆက်ရဲ့ အငြိုအငြင်ခံရတဲ့ သတင်းစာတစောင်လဲ ဖြစ်ပါတယ်။ ဒါ့ ကြောင့် လူထုသတင်းစာတိုက်က ဆရာကြီးရွှေဥဒေါင်းလို သက်ကြီးဝါကြီး စာရေးဆရာကြီးနဲ့ အစထုတ်ဝေသူ တာဝန်ခံ အယ်ဒီတာကြီး များဖြစ်ကြတဲ့ လူထုဦးလှ၊ လူထုဒေါ်အမာတို့အလယ် မောင်နေ၀င်းတို့ လူထုစိန်ဝင်းတို့လို လူငယ်သတင်းစာဆရာများပါမကျန် အကြိမ်ကြိမ် ဖမ်းဆီးထောင်ချ နှိပ်စက်တာတွေကိုလဲ ခံခဲ့ကြရပါတယ်။
ရန်ကုန် လူထုသတင်းစာတိုက်ခွဲ အယ်ဒီတာ လူထုစိန်ဝင်းသာမက လူထုဦးလှရဲ့ သားငယ် ဖိုးသံချောင်းကိုပါဖမ်းဆီးပြီး ကိုကိုးကျွန်းကို ပို့ ဆောင်တာ ခံခဲ့ရဖူးပါပါသေးတယ်။ အဲ့သလိုဖမ်းဆီးစဉ်မှာလဲ ရိုက်နှက်ကန်ကျောက် ထိုးကျိတ်တာတွေ အကြိမ်ကြိမ်ခံရလို့ ခါးရိုးဆစ်ကြားမှာ အာရုံကြောညှပ်ပြီး တသက်လုံး မသန်မစွမ်းနဲ့ လူစဉ်မမီ နေသွားခဲ့ရရှာပါတယ်။
လေဖြတ်သွားတဲ့အခါ လမ်းမလျှောက်နိုင်တော့တဲ့အပြင် ညာလက်မသန်မစွမ်းဖြစ်သွားလို့ ဘယ်လက်နဲ့စာရေးကျင့်ပြီး ဆက်လက်စာရေးခဲ့ ပေမဲ့ နောက်တော့ ဘယ်လက်နဲ့ပါ သိပ်မရေးနိုင်တော့လို့ နှုတ်နဲ့ပဲပြောပြီး သူများကိုရေးခိုင်းရတာတွေ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာ အဆုတ်နဲ့ တကွ အသက်ရှုအင်္ဂါစုများပါ ချွတ်ယွင်းပျက်စီးလာခဲ့လို့ အောက်စီဂျင်ဘူးနဲ့ အသက်ဆက်ခဲ့ရရှာပါတယ်။
လူထုစိန်ဝင်းဟာ မကျမ်းမမာ မသန်မစွမ်းဖြစ်နေတဲ့ကြားက လူငယ်သတင်းစာသမားလေးတွေနဲ့ လူငယ်စာပေးသမားလေးတွေကို အင်္ဂလိပ် စာသင်ပေးရင်း အမှန်တရားဖက်က သတ္တိရှိရှိရပ်တည်ဖို့ စိတ်ဓါတ်တွေကိုလဲ သွင်းပေးသွားခဲ့ပါတယ်။ သူဘာသာပြန်တဲ့အခါနဲ့ စာအုပ်တွေ ရေးသားပြုစုတဲ့အခါတို့မှာလဲ လူငယ်တွေအမှန်တရားအတွက် ယုံကြည်ချက်စွဲမြဲပြီး ဇွဲသတ္တိရှိဖို့ အမြဲတမ်း နည်းပေးလမ်းပြလုပ်ခဲ့ပါတယ်။ “အလံမလှဲစတမ်း” ဆိုတဲ့စာအုပ်ကို ရေးသားထုတ်ဝေပြီး သူကိုယ်တိုင်လဲ “လှေခွက်ချည်းမကျန်” တော့သလောက် ဘ၀တိုက်ပွဲတွေကြုံရပေမဲ့ အနိုင်မခံ အရှုံးမပေးဘဲ အာဏာရှင်စစ်အစိုးရအဆက်ဆက်ကို တသက်လုံး အာခံအန်တုသွားခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ သခင်လူငယ်ခေတ်ကနေ ကျနော်တို့ခေတ်အထိ လူငယ်များရဲ့ထုံးစံအတိုင်းလူထုစိန်ဝင်းလဲပဲ ရုရှား တရုတ် ကွန် မြူနစ်စာပေများကို အထူးလေ့လာဖတ်ရှု့ခဲ့ပါတယ်။ နယ်ချဲ့အရင်းရှင်ဝါဒနဲ့ ခေါင်းပုံဖြတ်စနစ်များကို ခါးသီးစက်ဆုပ်မှု စွဲမြဲခဲ့ပါတယ်။ စနစ်ဆိုး ၀ါဒဆိုးများအကြောင်းကို ပြည်တွင်းမှာလုံးဝရေးသားပြောဆိုခွင့်မရ တဲ့ ခေတ်ကြီးတလျှောက်လုံးမှာ ပြည်ပအသံလွှင့်ဌာနတွေက မေးလာသမျှ နိုင်ငံရေးပြဿနာတွေကို လူထုဒေါ်အမာ ဟံသာဝတီဦးဝင်းတင်တို့နဲ့အတူ သတ္တိပြောင်ပြောင်နဲ့ ပြည်သူဘက်ကရပ်တည်ပြီး ကျန်ရှိ သမျှအသံနဲ့ အသံကုန်အော်ဟစ်ပြီး အရဲရင့်ဆုံး ဟစ်ကြွေးသွားခဲ့တဲ့ သူရဲကောင်း သတင်းစာဆရာတဦး ဖြစ်ပါတယ်။
နောက်တခေတ်မှာ ဗမာပြည်သူတွေဟာ သူတို့ရဲ့ အလံမလှဲတိုက်ပွဲဝင်သူရဲကောင်း သတင်းစာဆရာကြီးကို ကျောက်ရုပ် ကြေးရုပ်တွေ ထု ဆစ်သွန်းလုပ်ပြီး ဂုဏ်ပြုသွားကြပါလိမ့်မယ်။ ကျနော်တို့ရဲ့ ရဲဘော်သူငယ်ချင်း လူထုစိန်ဝင်း ကောင်းရာသုဂတိသို့ ရောက်ပါစေသတည်း။
(ဗွီအိုအေ သက်ကြီးစကားအစီအစဉ်)


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment