နိုင်ငံတကာသတင်း


ဘက်မလိုက်နိုင်ငံများညီလာခံ အီရန်တွင် ကျင်းပ


အီရန်နိုင်ငံ တဟီရန်မြို့မှာ ကျင်းပတဲ့ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှု ညီလာခံကို နိုင်ငံ ဒါဇင်ပေါင်း များစွာက နိုင်ငံခေါင်းဆောင်တွေ အပါအ၀င်၊ နိုင်ငံပေါင်း ၁၂၀ နီးပါးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့ ဖွင့်ပွဲအခမ်းအနားမှာတော့ အီရန်နိုင်ငံရဲ့ နျူးကလီးယား စီမံကိန်းကို နှိပ်ကွပ်ဖို့အတွက် အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုမှာပါတဲ့ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ အီရန်နိုင်ငံဘက်က ရပ်တည်သွားဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အလီ အက်ခ်ဘား ဆာလေဟီက တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ အနေနဲ့လည်း အကြမ်းဖက်မှုတွေကို ဆန့်ကျင်သွားဖို့၊ အထူးသဖြင့် အစိုးရတွေကနေ လုပ်နေတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး မားမားမတ်မတ်ရပ်တည်ဖို့ တိုက်တွန်းလိုက်ပြီး အမေရိကန်၊ ဗြိတိန် နဲ့ အစ္စရေးလ် ထောက်လှမ်းရေး အဖွဲ့တွေဟာ ၂၀၁၀ ခုနှစ်ကစပြီး အီရန်နျူးကလီးယား သိပ္ပံပညာရှင်တွေ သေဆုံးတဲ့ အမှုတွေမှာ ပါဝင် ပတ်သက်နေတယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံက ဆီရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ကို ထောက်ခံနေတဲ့အတွက် ၅ ရက်ကြာ ကျင်းပမယ့် ဒီညီလာခံအတွက် ဆီးရီးယားပြဿနာဟာ ထိပ်ဆုံးက ဆွေးနွေးမယ့်ကိစ္စ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

ဆီးရီးယား ဒုသမ္မတ ဘက်မပြောင်း


ဆီးရီးယားနိုင်ငံ ဒုတိယသမ္မတ Farouq Al-Sharaa ဟာ သီတင်းပတ် အတန်ကြာ လူမြင်ကွင်း ကနေ ပျောက်နေပြီး ပထမဦးဆုံးအကြိမ် အဖြစ် ထွက်လာတဲ့အတွက် သူဟာ Bashar al-Assad အစိုးရဘက်ကနေ ဘက်ပြောင်းသွားပြီ ဆိုတဲ့ ခန့်မှန်း တွက်ဆမှုတွေ အဆုံးသတ်သွားခဲ့ပါတယ်။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဆူနီမူစလင် Farouq Al-Sharaa ဟာ ဆီးရီးယားကို လာရောက် လည်ပတ်နေတဲ့ အီရန် ထိပ်ပိုင်း အရာရှိနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့က ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့တဲ့ လုံခြုံရေး အရာရှိတွေအတွက် ကျင်းပတဲ့ အစိုးရ ဈာပန အခမ်းအနားကို တက်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်း မစ္စတာ Sharaa ကို မမြင်တွေ့ခဲ့ကြရဘဲ ဖြစ်နေ တာပါ။ လွန်ခဲ့တဲ့ လပိုင်းအတွင်း အစိုးရ အာဆတ် ဘက်ကနေ ဘက်ပြောင်းသွားတဲ့သူတွေ အတော် များများ ရှိပါတယ်။ အစိုးရဘက်က ငြင်းပယ်နေပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ မစ္စတာ Sharaa ဟာ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံဘက်ကို ကူးပြောင်းသွားပြီ ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေခဲ့တာပါ။

ဒီအတောအတွင်း စနေနေ့က ဆီးရီးယားနိုင်ငံ အနှံ့အပြားမှာ လူတွေ ရာနဲ့ချီပြီး သေဆုံးခဲ့တဲ့အကြောင်း ဆီးရီးယားအရေး စောင့်ကြည့်သူတွေက ပြောပါတယ်။ မြို့တော် ဒမတ်စကတ် ရဲ့ အနောက်တောင် ဘက်မှာ ရှိတဲ့ မြို့မှာ လူသေ အလောင်းပေါင်း ၂၀၀ နီးပါး တွေ့ရှိခဲ့ရပြီး နောက်ဆုံး ရရှိတဲ့ သေဆုံးသူ စာရင်းရဲ့ စုစုပေါင်းကတော့ ၃၇၀ ရှိသွားပြီလို့ ဗြိတိန်နိုင်ငံ အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။




တရုတ်နိုင်ငံမြောက်ပိုင်းတွင် သြဂုတ်လ ၂၆ ရက်က မီသနော ဓာတ်ငွေ့တင် ယာဉ်တစ်စီးနှင့် ခရီးသည်တင် နှစ်ထပ်ဘတ်စကားတစ်စီးတို့ တိုက်မိမှုကြောင့် အနည်းဆုံးလူ ၃၆ ဦး သေဆုံးခဲ့ကြောင်း  ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

တိုက်မိသည့် ယာဉ်နှစ်စီးလုံးမှာ မီးလောင်ကျွမ်းခဲ့ပြီး ဘတ်စကားပေါ်မှ လူသုံးဦးသာ အသက်ရှင်ခဲ့ကာ နံနက် ၂ နာရီဝန်းကျင်တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာက ထုတ်ပြန်ခဲ့သည်။ တိုက်မိချိန်တွင် ခရီးသည်အများစု အိပ်နေကြသဖြင့် သေဆုံးသူများရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ငန်း တာဝန်ယူရသော ရဲတစ်ဦးက ပြောကြားခဲ့သည်။

ရှန်စီးပြည်နယ်၊ ယာနန်မြို့ရှိ ကားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှ မီတာ ၂၀၀ အကွာတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်း မသိရသေးပေ။ 




အမေရိကန်သည် သြစတြေးလျတွင် အမြဲတမ်း အခြေစိုက်စခန်းများ တည်ဆောက်ရန် ကြိုးပမ်းမည် မဟုတ်သလို သြစတြေးလျအနေဖြင့်လည်း အမေရိကန်အတွက် အမြဲတမ်း အခြေစိုက်စခန်းကို ဖွင့်ခွင့်ပေးမည်မဟုတ်ဟု သြစတြေး လျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကားက သြဂုတ်လ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 
ပစိဖိတ်ဒေသတွင် မဟာမိတ်ဝါရှင်တန်က ရေတပ်အင်အားကို ဖြည့်တင်းပြီး ကာလရှည်တပ်ဖြန့်မည့် အစီအစဉ်ကို ကင်ဘာရာက ကြိုဆိုခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၂၅၀၀ ကို နိုင်ငံမြောက်ပိုင်း ဒါဝင်မြို့အနီးတွင် တပ်ဖြန့် ထားရန် သြစတြေးလျက ခွင့်ပြုပေးခဲ့သည်။ သို့သော် သြစတြေးလျတွင် အမေရိကန် အမြဲတမ်းအခြေစိုက်စခန်း ဖွင့်ခွင့်ပေးမည့် စိတ်ကူးကိုမူ ကားက ပယ်ချခဲ့ကြောင်း သိရသည်။
အမေရိကန်သည် ကာကွယ်ရေး အသုံးစရိတ်များ လျော့ချရန် စီစဉ်နေချိန်တွင် ယင်းကဲ့သို့ သြစတြေးလျတွင် အမြဲတမ်းစခန်းတစ်ခုဖွင့်ရေးအတွက် ကုန်ကျမည့်စရိတ်ကိုလည်း တွက်ချက်ရမည်ဖြစ်သဖြင့် ၀ါရှင်တန်က ဖွင့်ရန် ကြိုးစားလိမ့်မည်မဟုတ်ကြောင်း ကားက Sky News သို့ ပြောကြားခဲ့သည်။ ထို့ပြင် ယင်းအစီအစဉ်မှာ အမေရိကန်တို့ ကြံစည်ထားမှုနှင့် မကိုက်ညီကြောင်း ကားက ပြောကြားခဲ့သည်။
နောက်ဆုံးအချက်မှာ သြစတြေးလျ အကျိုးစီးပွားအတွက် ဖွင့်ခွင့်ပြုမည် မဟုတ်ကြောင်း ကားက ပြောကြားခဲ့သည်။ 

သြစတြေးလျတွင် အမေရိကန်တပ်ဖွဲ့ဝင်များသည် အလှည့်ကျစနစ်ဖြင့် လေ့ကျင့်မှုပြုလုပ်ခြင်းကို လိုလားကြောင်း ကားက ပြောကြားခဲ့သည်။ သြစတြေးလျတွင် အမေရိကန် အမြဲတမ်း အခြေစိုက်စခန်းဖွင့်မည့်ကိစ္စကို ပြည်သူများအနေဖြင့် သက်သောင့်သက်သာရှိမည်မဟုတ်ကြောင်းလည်း သူကပြောကြားခဲ့သည်။ ဒါဝင်တွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်များသည် ခြောက်လတစ်ကြိမ် အလှည့်ကျစနစ်ဖြင့် တပ်ဖြန့်ထားမည်ဖြစ်ကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment