မြန်မာသတင်းများ  သြဂုတ် ၂၇၂၀၁၂

ဧရာဝတီတိုင်း ရေဘေး အကူအညီလိုအပ်


ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည် သောင်းနဲ့ချီအတွက် အစားအစာ၊ ရေနဲ့ အကူအညီတွေ အများအပြား လိုအပ်နေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒုက္ခရောက်နေကြတဲ့ ဒေသခံတွေ၊ အထူးသဖြင့် ကလေးငယ်တွေ အစားအစာ အလုံအလောက်မရတဲ့ အခြေအနေမှာ ရှိနေပြီး ကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ နောက်တကြိမ် ရေထပ်ကြီးနိုင်တဲ့ အတွက်လည်း ဒေသခံတွေက စိုးရိမ်နေကြရတယ်လို့ ရေဘေးသင့်ဒေသတွေမှာ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ တလနီးပါး ရွာခဲ့တဲ့မိုးနဲ့အတူ လူတရပ်စာနီးပါး တင်နေတဲ့ ရေတွေ ပြန်မကျသေးတာကြောင့် ဒေသခံပြည်သူတွေ သောင်းနဲ့ချီ ဒုက္ခ ရောက်နေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ စားစရာ အလုံအလောက်မရလို့ အင်အားချိနဲ့တဲ့ အခြေအနေမျိုးကိုတောင် ရောက်လာနေပြီလို့ အကူအညီ ပေးနေသူတွေ က ပြောပါတယ်။ ရေဘေးသင့် ပြည်သူတွေအတွက် အစားအစာနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဧရာဝတီတိုင်း အတွင်းက ရေဘေးသင့် ဒေသတွေမှာ အကူအညီတွေ ကိုယ်တိုင် သွားပေးနေတဲ့ NLD ပါတီ အဖွဲ့ဝင် တဦးလည်းဖြစ်၊ မြန်မာလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်က ဦးနေမျိုးဇင်က ပြောပြပါတယ်။

လနဲ့ချီ ရေမကျဘဲ ဖြစ်နေတာကြောင့် ရေကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတွေ အတော်များများနဲ့ ကြုံနေရတယ်လို့လည်း ဦးနေမျိုးဇင်က ပြောပြပါတယ်။

ရေဘေးသင့် ပြည်သူတွေအတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေဆီကနေ ငွေကြေး စုဆောင်း ကောက်ယူနေသလို တခြား အကူအညီပေးရေး အဖွဲ့တွေနဲ့အတူတူ ရေဘေးသင့်သူတွေကို ကိုယ်တိုင် အကူအညီတွေ ပေးနေတာဖြစ်တဲ့ အကြောင်းလည်း ဦးနေမျိုးဇင် ပြောပြပါတယ်။ ဒီလိုပဲ ရန်ကုန် တောင်ပိုင်းခရိုင် ကျောင်းသား သမဂ္ဂ ကျောင်းသားကျောင်းသူတွေ ကလည်း ဒီနေ့ကစလို့ သုံးရက်ကြာ ရေဘေးသင့် ပြည်သူတွေ အတွက် ရန်ကုန်မြို့က လူစည်ကားရာ နေရာတွေမှာ အလှူလိုက်ခံနေတယ်လို့ ဒီကိစ္စ ဦးဆောင်လုပ်နေသူ တဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပြပါတယ်။ ရေကြီးနေတာ တလကျော်လာပေမဲ့ ရေက အခုထိ လူတရပ်စာနီးပါးအထိ ရှိနေတုန်းပဲလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် ဧရာဝတီတိုင်းအတွင်းက ကျေးရွာပေါင်း ၃၈၀ ကျော်လောက် ရေနစ်မြှုပ်နေပြီး လယ်ယာမြေ ဧကပေါင်း သောင်းနဲ့ချီ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့လည်း သူတို့က ပြောပါတယ်။ မနေ့က အေပီ သတင်းမှာတော့ မြန်မာနိုင်ငံတ၀ှမ်း လယ်မြေဧကပေါင်း ၆ သိန်းနီးပါးလောက် ရေလွှမ်းနေတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်း ခုလို ရေကြီးမှုမျိုးဟာ တကြိမ်နဲ့တင် ရပ်သွားလေ့မရှိတာကြောင့် အခု တင်နေတဲ့ ရေမကျသေးခင် နောက်တကြိမ် ထပ်ပြီး ရေကြီးလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ရေဘေးသင့် ပြည်သူတွေကို အကူအညီ ပေးနေသူတွေက ပြောကြပါတယ်။

အမေရိကန် အားကစား သံတမန်တွေ မြန်မာနိုင်ငံရောက်


အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုနဲ့ ဆက်ဆံရေးကို မြင့်တင်တဲ့အနေနဲ့ အမေရိကန်အစိုးရက ကြေးစား ဘတ်စကက်ဘော အားကစားသမားတွေနဲ့ နည်းပြတွေပါဝင်တဲ့ အားကစားသံတမန်အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ် လိုက်ပါတယ်။မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ရောက်ရှိသွားတဲ့ အားကစား သံတမန် ၄ ယောက်ရဲ့ ခရီးစဉ်ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ယူ စီစဉ်တာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ သြဂုတ်လ ၂၆ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေထိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် အားကစား သံတမန်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရှိစဉ် အချိန်အတွင်း မြန်မာလူငယ်တွေနဲ့ အားကစားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်မှာဖြစ်ပါတယ်။ဒီအဖွဲ့မှာ Charlotte Bobcats ဘတ်စကက်ဘော အသင်း မန်နေဂျာလည်းဖြစ် အမေရိကန်နိုင်ငံ ကို ပြောင်းရွှေ့နေထိုင်တဲ့ မြန်မာနိုင်ငံဖွား Richard Cho,  Los Angeles Lakers အသင်း လက်ထောက်နည်းပြ Darvin Ham, NBA အမျိုးသမီး ဘတ်စကက်ဘော အားကစားသမားဟောင်း Allision Feaster နဲ့ NBA အမျိုးသား ဘတ်စကက်ဘော ကစားသမားဟောင်း Merty Conlon တို့ ပါဝင်ကြတယ်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး သွေးလှူပွဲ ကျင်းပ


နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးအပါအ၀င် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ ရည်စူးပြီး သွေးလှူဒါန်းပွဲ တစ်ခုကို မန္တလေးမြို့ ၅၅လမ်း၊ ၄၀-၄၁လမ်းကြား ရဲမွန်တောင်ရပ်ကွက်မှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မြင့်မြတ်ဧရာဝတီလူငယ် လူမှုကွန်ယက်အဖွဲ့က ဦးဆောင်ပြီး မနေ့က မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
သွေးလှူဒါန်းပွဲ ကျင်းပတဲ့ရတာနဲ့ ပတ်သက်လို့ မြင့်မြတ်ဧရာဝတီ လူငယ်လူမှုကွန်ယက်ရဲ့ နာယက ဖြစ်တဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်ရဲ့ ပဓာန နာယက ဆရာတော် ဦးတေဇောဘာသက အခုလို မိန့်ကြားပါတယ်။
"မြင့်မြတ်ဧရာဝတီအသင်းက ၄ လတကြိမ် သွေးလှူဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ အခုဟာကတော့ ကြားဖြတ်အစီအစဉ် သွေးလှူပွဲပါ။ ဦးရွှေထူးနဲ့ တကွ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ နိုင်ငံတော်အစိုးရက လွှတ်ပေးကြည့်လိုက်စမ်းပါ။ ဘုန်းကြီးတို့ရဲ့ သဘောအရ။ လွှတ်ပေးတဲ့ အစိုးရမှာလည်း ဂုဏ် သိက္ခာရှိ စိတ်ချမ်းသာသွားမှာပါ။ လွတ်မြောက်တဲ့ ပုဂ္ဂိုလ်တွေလည်း ဂုဏ် သိက္ခာရှိ စိတ်ချမ်းသာသွားမှာပါ။ တိုင်းပြည်နဲ့လူမျိုးကို အကျိုးပြုမယ့် ပုဂ္ဂိုလ်တွေကို ဒီလိုမျိုး အချုပ်အနှောင်ထဲမှာ အကျဉ်းချပြီးတော့ ဒုက္ခရောက်အောင် ခံစားအောင် လုပ်ထားခြင်းသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုကို ဖန်တီးခြင်းတမျိုးလို့ ဘုန်းကြီးတို့က နားလည်တယ်။"
မနေ့က သွေးလှူဒါန်းပွဲမှာ သံဃာတော်တွေအတွက် အင်္ဂလန်မှာနေထိုင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ပန်းချီဆရာ ကိုထိန်လင်းနဲ့ ဇနီးဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးဟောင်း မဥမ္မာ ခေါ် မစ္စ ဗစ်ကီဘိုးမင်း ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအ၀င် ၁၁၁ ဦး လာရောက် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
သွေးလှူဒါန်းပွဲ အပြီးမှာ ပန်းချီ ကိုထိန်လင်း၊ မန္တလေးအခြေစိုက် ပန်းချီဆရာ ကိုစူးမြင်သိန်း တို့ က သရုပ်ပြအနုပညာ နဲ့ တင်ဆက်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသား ဟောင်းတွေက ငြိမ်းချမ်းရေး လက်နက် ဆိုတဲ့သီချင်းနဲ့ ဖြေဖျော်ခဲ့ကြပါတယ်။




MAI လေကြောင်းလိုင်းမှ မန္တလေး-ဂယာ ခရီးစဉ်အား အောက်တိုဘာလကုန်ပိုင်းတွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း MAI မှ Marketing မန်နေဂျာ မအေးမရသာ၏ ပြောကြားချက်အရ သိရသည်။MAI လေကြောင်းလိုင်းသည် ယခင်က ရန်ကုန်-ဂယာ ခရီးစဉ်ကိုသာ ပြေးဆွဲခဲ့ပြီး၊ ယခုအခါ အထက်မြန်မာပြည်မှ ဗုဒ္ဓဂါယာသို့ သွားရောက်လိုသူ ဘုရားဖူးခရီးသွားများ အဆင်ပြေစေရန်ရည်ရွယ်၍ မန္တလေး-ဂယာ ခရီးစဉ်ကို ပြေးဆွဲခြင်းဟု သိရသည်။




နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများ၏ ပညာရေးစနစ်များ ကို လာမည့် ပညာသင်နှစ်မှ စတင်၍ ပြောင်းလဲမည်ဟု သိရှိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းအား ရမှတ် ၄၅၀ နှင့်အထက်ရရှိ အောင်မြင်သူများမှာ ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ၌ ဖွင့်လှစ်မည့် B.E  နှင့် B.Arch ဘွဲ့သင်တန်းများအား တိုက်ရိုက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ ကျောင်းသားဦးရေ ၂၅၀ ဦးစီကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပြီး Bio. Technology ၀ါသနာပါသူ များအတွက် လေးနှစ်ဆက်တိုက် သင်ယူစေကာ အောင်မြင်သူများအား B.S.(Bio.Tech) ဘွဲ့ကို ပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။
ရမှတ် ၃၆၀ နှင့် အထက်ရရှိ အောင်မြင်ထားသူများမှာမူ ယခုလက်ရှိ ဖွင့်လှစ်လျက်ရှိသော နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများတွင် A.G.T.I Certificate ရရှိရန် သုံးနှစ်တက်ရောက် သင်ကြားရမည်ဖြစ် ပြီး B.E ဘွဲ့တက်ရောက်ရန် အဆင့်မီသူများမှာ အင်ဂျင်နီယာ Orientation သင်တန်းတစ်နှစ်ကို တက်ရောက်ရမည်ဖြစ်ကာ အောင်မြင်ပါက B.Eဘွဲ့ပေးရန် သတ်မှတ်ထားသည့် နည်းပညာတက္ကသိုလ်များ၌ ဆက်လက် တက်ရောက်ခွင့် ရရှိမည်ဖြစ် ကြောင်း သိရှိရသည်။
B.E  ဘွဲ့သင်တန်းသို့ တက် ရောက်ရန်အဆင့်မမီသူများမှာမူ ယခင်ပုံစံအတိုင်း သက်ဆိုင်ရာ တက္ကသိုလ် များ၌ B.Tech သင်တန်းနှစ်နှစ်ကို တက်ရောက်နိုင်ပြီး အောင်မြင်ပါက B.Techဘွဲ့ကို ပေးအပ်သွားမည်ဖြစ်သည်။
ပြောင်းလဲလိုက်သည့်ပညာရေး စနစ်အရ အဆင့်မြှင့်နည်းပညာ တက္ကသိုလ်များမှ တိုက်ရိုက် B.E ဘွဲ့ရရှိ ရန် ခြောက်နှစ်ကြာမြင့်မည်ဖြစ်ပြီး A.G.T.I အောင်မြင်ပြီး B.E ဘွဲ့တက်ရောက်သူများမှာ ခုနစ်နှစ်ကြာမြင့်မည် ဖြစ်သည်။ B.Tech ဘွဲ့ရရှိရန် ငါးနှစ်ကြာမြင့်မည်ဖြစ်ပြီး M.Tech တက်ရောက်ရပါက ခုနစ်နှစ်ကြာမြင့်မည်ဖြစ်သည်။ နည်းပညာတက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများ၏ B.E ဘွဲ့သင်တန်း၌ A.G.T.I နှစ်နှစ်၊ B.Tech နှစ်နှစ်နှင့် B.E ဘွဲ့တစ်နှစ်ပေါင်း ငါးနှစ်တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment