နိုင်ငံတကာသတင်း 

 

တရုတ်အပေါ် Republican ပါတီ သဘောထားတင်းမာ


စစ်အေးတိုက်ပွဲကာလ တုန်းကဘောထားမျိုးပဲ ရှိနေသေးတဲ့ Republican ပါတီက မစ်တ်ရော်မနီကို  သမ္မတလောင်းအဖြစ် ရွေးချယ်ကြတယ်လို့ တရုတ်အစိုးရ သတင်းစာမှာဖော်ပြပြီး  ပုတ်ခတ်လိုက် တဲ့ကြားကပဲ  မနေ့ကကျင်းပတဲ့ ရီပတ်ဘလစ်ကင် ပါတီညီလာခံမှာ  တရုတ်အစိုးရအပေါ် ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့ကြပါတယ်။တရုတ်အစိုးရရဲ့ ယွမ်ငွေတန်ဖိုး မချတဲ့ကိစ္စနဲ့ ဉာဏမူပိုင်ခွင့် ချိုးဖောက်ပြီး ခိုးယူ အသုံးချမှုတွေနဲ့ ပတ်သက်ပြီး ခပ်တင်းတင်း ကိုင်တွယ်သွားဖို့ ဆုံးဖြတ်ထားကြောင်း အပြင် တောင်တရုတ် ပင်လယ်ပြင်ဒေသကို  မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်လို့ ဝေဖန်ရှုတ်ချလိုက်ပြီး တိုင်ဝမ်ကို လက်နက်တွေ ဆက်လက် ရောင်းချမှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

တရုတ်အစိုးရကတော့ ဘယ်ပါတီကို ထောက်ခံတယ်ဆိုတာ တရားဝင် ထုတ်မပြောပါဘူး။
ဖလော်ရီဒါပြည်နယ် Tampa မြို့မှာ မနေ့ကကျင်းပတဲ့ ရီပတ်ဘလစ်ကင်ပါတီ ညီလာခံမှာ Wisconsin ပြည်နယ် အောက်လွှတ်တော်အမတ် Paul Ryan က ဒုသမ္မတအဖြစ် အမည်စာရင်း တင် သွင်းမှုကို လက်ခံလိုက်ပါတယ်။ သမ္မလောင်းအဖြစ် ပါဝင် ယှဉ်ပြိုင်မယ့် Mitt Romney က ဒီလ အစောပိုင်းတုန်းက သူနဲ့အတူ ဒုသမ္မတအဖြစ် ပါဝင်အရွေးခံဖို့ မစ္စတာ Ryan ကို ရွေးချယ်ခဲ့ပြီး ကတည်းက သူဟာ သူရဲ့ပါတီဝင်တွေကို တက်တက်ကြွကြွ လုပ်ဆောင်လာအောင် စည်းရုံးလှုပ်ရှားနိုင် ခဲ့ပါတယ်။
 အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့  လွှတ်တော် ဘတ်ဂျက်ကော်မတီဥကဋ္ဌဖြစ်သူ ပေါလ် ရိုင်ယင်ဟာ  ကျန်းမာရေး စောင့်ရှောက်ကုသမှုဆိုင်ရာနဲ့  သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးအာမခံ အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အကြံပြုချက်တွေအပြင် လူမှုဖူလုံရေး အစီအစဉ်အတွက် ဘဏ္ဍာငွေဖြတ်တောက်ဖို့ လုပ်ဆောင်မှာတွေကြောင့် ပြင်းပြင်းထန်ထန် အဝေဖန်ခံနေရသူပါ။

Mitt Romney နဲ့ Paul Ryan တို့ကို အင်္ဂါနေ့ ရီပတ်ဘလစ်ကင် ပါတီညီလာခံကြီး ကနေ သမ္မတနဲ့ ဒုသမ္မတလောင်းအဖြစ် တရားဝင် အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။  ဒီညီလာခံမှာ မစ္စတာရော်မနီရဲ့ ဇနီး Ann Romney ကရော နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christie  ကပါ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
Chris Christie က ဒီမိုကရက်တစ်ပါတီရဲ့ အစီအစဉ်တွေဟာ အမေရိကန်ပြည်ထောင်စု ကြီးကို ငွေကြေးပြဿနာ ချောက်နှုတ်ခမ်းပေါ်မှာ လေတချွန်ချွန်နဲ့ လျှောက်ခိုင်းသလို ဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံ ကျဆုံးအောင် ဒီမိုကရက်တစ်ပါတီက လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

Mitt Romney ကို ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းအဖြစ် အတည်ပြုရွေးချယ်


အမေရိကန်ပြည်ထောင်စုရဲ့ အဓိက နိုင်ငံရေးပါတီကြီး နှစ်ခုထဲက တစ်ခုဖြစ်တဲ့ ရီပတ်ဘလီကန်ပါတီ (Republican Party) ရဲ့ ကျင်းပနေဆဲ ပါတီညီလာခံ ဒုတိယနေ့ မနေ့က သြဂက်စ်လ (၂၈) ရက်နေ့ မှာ လာမယ့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းအဖြစ် မက်ဆာချူးဆက်ပြည် နယ် (Massachusetts State) ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း မစ်(တ်) ရော်မနီ (Mitt Romney) နဲ့ ဒုတိယ သမ္မတလောင်းအဖြစ် ၀စ္စကွန်ဆင်ပြည်နယ် (Wisconsin State) ကိုယ်စားပြု အောက် လွှတ်တော်အမတ် ပေါလ် ရိုင်ရယ်န် (Paul Ryan) တို့ကို တရားဝင် ရွေးချယ်လိုက်ကြပါတယ်။

ဖလော်ရီဒါပြည်နယ် (Florida State) ပြည်နယ်၊ တယ်မ်ပါ (Tampa) မြို့မှာကျင်းပနေတဲ့ ရီပတ် ဘလီကန် ပါတီညီလာခံမှာ တက်ရောက်လာကြတဲ့ ပြည်နယ်အားလုံးပေါင်း (၅၀) နဲ့ အမေရိကန် အစိုးရအုပ်ချုပ်ရေးဒေသတွေရဲ့ကိုယ်စားလှယ်တွေက ရော်မနီကို သမ္မတလောင်းအဖြစ် တခဲ နက် ရွေးချယ်လိုက်ကြတာပါ။ ပါတီညီလာခံကိုယ်စားလှယ် ပေါင်း(၁၁၄၄) ဦးရဲ့ ထောက်ခံမဲရရှိဖို့ လိုအပ်နေတဲ့ ရော်မနီဟာ ဒီလိုအပ်ချက်ထက် ပိုပြီး ထောက်ခံမဲတွေကို ရရှိပြီး ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်း အဖြစ်ရွေးချယ်လိုက်ကြောင်း ညီလာခံကနေ ကြေညာခဲ့ပါတယ်။

နယူးဟမ့်ပ်ရှိုင်းယားပြည်နယ် (New Hampshire State) ရဲ့ အုပ်ချုပ်ရေးမှူး ဂျွန်ဆူနုနု (John Sununu) က ပါတီညီလာခံရဲ့ သမ္မတလောင်းရွေးချယ်တဲ့ လုပ်ထုံးလုပ်နည်းအစီအစဉ်တွေ အတိုင်း စတင် လုပ်ဆောင်ခဲ့ပြီးတော့ ရော်မနီဟာ အချိန်အခါသင့် နေရာမှန် လူမှန် ရွေးချယ်ခံရသူဖြစ်သလို ပျက်စီးချွတ်ယွင်းပြီး မပြုမပြင် ဖြစ်နေတာတွေကို ပြုပြင်ပြင် ဆင်နိုင်သူ ဖြစ်တယ်လို့လည်း ပြောဆို လိုက်ပါတယ်။ဒီပါတီညီလာခံမှာ တက္ကဆက်(စ်)ပြည်နယ် (Texas State) ကိုယ်စားပြု အောက်လွှတ်တော်အမတ် ရွန်ပေါလ် (Ron Paul) ကိုလည်း သမ္မတလောင်းအဖြစ် ထောက်ခံတဲ့ ဆန္ဒမဲတချို့ ရရှိခဲ့ပါတယ်။ ဒေ သစံတော်ချိန် အင်္ဂါနေ့ညပိုင်းမှာ ရော်မနီရဲ့ ဇနီးဖြစ်သူ အဲန်ရော်မနီ (Ann Romney)၊ တောင် ကာရို လိုင်းနားပြည်နယ် (South Carolina State) ရဲ့ အုပ်ချုပ်ရေးမှူး နစ်ကီဟေ လီ (Nikki Haley) တို့က ဒီညီလာခံမှာ မိန့်ခွန်းတွေ ပြောကြားကြမှာ ဖြစ်သလို ညီလာခံရဲ့ အဓိကမိန့်ခွန်းကိုတော့ နယူးဂျာဆီပြည်နယ် (New Jersey State) အုပ်ချုပ်ရေးမှူး ခရစ်(စ်) ခရစ္စတီး (Chris Christie) က ပြောကြားမှာ ဖြစ်ပါတယ်။

အဲန်ရော်မနီက၊ သူ့အနေနဲ့ အိမ်ထောင်သက် (၄၃)နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းဖြစ်သူ မစ်(တ်) ရော်မနီအတွက် နှလုံးသားထဲကလာတဲ့ စကားလုံးတွေနဲ့ သူ့ရဲ့မိန့်ခွန်းကို ပြောကြား မှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ (Democratic Party) ရဲ့ သမ္မတလောင်း လက်ရှိသမ္မတ အိုဘားမားရဲ့ မဲဆွယ်စည်းရုံရေးအဖွဲ့က မစ်(တ်) ရော်မနီဟာ နေ့စဉ် ရုန်းကန်လှုပ်ရှားနေကြရတဲ့ သာမန် အမေရိ ကန် ပြည်သူ လူထုတွေနဲ့ ကင်းကွာ အလှမ်းဝေးနေသူအဖြစ် ပုံဖော် ပြောဆိုစည်းရုံးနေတာ ကို ချေဖျက်နိုင်ဖို့အတွက် ဇနီးဖြစ်သူ အဲန်ရော်မနီက သူမရဲ့ မိန့်ခွန်းမှာ မစ်(တ်) ရော်မနီရဲ့နေ့စဉ် သာမန် အမေရိကန် အိမ်ထောင်ရှင်ခင်ပွန်းသည် တစ်ယောက်အဖြစ် နေထိုင်သွားလာ လှုပ်ရှားနေ ပုံတွေကို အဓိကထားပြီး ပြောကြား လိမ့်မယ်လို့ ရီပတ်ဘလီကန်ပါတီခေါင်းဆောင်တွေက မျှော်လင့် ထားကြပါတယ်။

ဒီညီလာခံရဲ့ အဓိကမိန့်ခွန်းပြောကြားမယ့် နယူးဂျာဆီပြည်နယ် အုပ်ချုပ်ရေးမှူး ခရစ်(စ်) ခရစ္စတီး (Chris Christie) ကတော့ ပြီးခဲ့တဲ့ သုံးနှစ်ခွဲကာလအတွင်း ဒီမိုကရက်သမ္မတ အိုဘားမားရဲ့ မအောင်မြင်တဲ့ မူဝါဒတွေကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ဆုံးရှုံး နစ်နာမှုတွေကို မီးမောင်းထိုး ပြောကြားသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Isaac မုန်တိုင်း အန္တရာယ်ရှိနေဆဲ


အိုင်းဆက်မုန်တိုင်းဟာ ဟာရီကိန်းမုန်တိုင်းအဆင့်ကနေ အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျှောကျသွားပြီး တဲ့နောက် အမေရိကန် ကမ်းရိုးတန်းပြည်နယ်ဖြစ်တဲ့ လူဝီဆီယားနားပြည်နယ်ကို ကြာသပတေးနေ့မှာ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါ တယ်။ မုန်တိုင်းဟာ အားပျော့သွားပေမဲ့လည်း အသက်အန္တရာယ်နဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ခြိမ်းခြောက်နေနိုင်တုန်းပဲလို့ မိုးလေ ၀သ ခန့်မှန်းသူတွေက သတိပေးထားပါတယ်။
လူဝီဆီယားနား၊ မစ္စစ်စပီနဲ့ အယ်လာဘားမားပြည်နယ်တွေမှာ မိုးကြီးရွာ၊ လေပြင်း တိုက်၊ လေဆင်နှာမောင်းတွေ တိုက်ခတ် စေခဲ့ပြီးတဲ့နောက် အိုင်းဆက်ဟာ အဆင့်တစ် ဟာရီကိန်းမုန်တိုင်းကနေ အားပျော့သွားခဲ့တာပါ။

နယူးအော်လင်းန်မြို့မှာ အာဏာပိုင်တွေက ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး လေတိုက်ပြီး မိုးရွာတာ ရပ်သွားတဲ့အထိ ပျက်စီးဆုံးရှုံးတဲ့အခြေအနေကို အပြည့်အ၀ ဆန်းစစ်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ပြော ပါတယ်။နယူးအော်လင်းန်မြို့ကနေ ထွက်ကြဖို့ညွှန်ကြားထားတာကို ငြင်းဆန်ခဲ့တဲ့ ငါးဖမ်းလုပ်ငန်းက လူ ၁၀၀ ကျော်ဟာ အကာအရံကို ကျော်ပြီး ရေကြီးလာတဲ့အချိန်မှာ ကယ်ထုတ်ပေးခဲ့ရပါတယ်။ ရေဖိအား ဒဏ် သက်သာစေဖို့အတွက် ရေကာတံတိုင်းမှာ အပေါက်တခုဖောက်ဖို့ အင်ဂျင်နီယာတွေက စဉ်းစားနေ ပါတယ်။

ဟာရီကိန်း Isaac အမေရိကန်ပြည်နယ်တွေ ဝင်မွှေ


ဟာရီကိန်း Isaac ဟာ နယူးအော်လင်းမြို့ကို ဦးတည်နေပြီး လူဝီဆီယားနား၊ မစ္စစ္စပီပြည်နယ်တွေကနေ အာကင်ဆောပြည်နယ်ကို ရောက်သွားနိုင်ပါတယ်။အမေရိကန်မြောက်ဘက် ကမ်းရိုးတန်းကို မိုးသက်လေပြင်းတွေနဲ့အတူ ရောက်ရှိလာတဲ့ ဟာရီကိန်း မုန်တိုင်း Isaac ဟာ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်း ၀င်ရောက်လာနေပြီး New Orleans မြို့ကို ဦးတည်နေပါတယ်။ မုန်တိုင်း ဗဟိုချက်ဟာ Louisiana ပြည်နယ်ပေါ်မှာ မနက်ဖြန် ကြာသပတေးနေ့ အထိ ရှိနေပြီး သောကြာနေ့ အစောပိုင်းမှာတော့ ကပ်လျက်ရှိနေတဲ့ Arkansas ပြည်နယ် ကို ရောက်လာ မယ်လို့လည်း အမေရိကန် အမျိုးသား ဟာရီကိန်း မုန်တိုင်းဌာနက ပြောပါတယ်။

ဟာရီကိန်း Isaac ဟာ လေတိုက်နှုန်း တနာရီကို မိုင် ၈၀ လောက်အထိ ရှိနေဆဲ ဖြစ်တဲ့အတွက် မိုးသက်မုန်တိုင်းနဲ့ ရေကြီးမှုတွေ ကြုံရနိုင်တယ်လို့လည်း မိုးလေ၀သ ခန့်မှန်းသူတွေက သတိပေး ထားတာပါ။ New Orleans မြို့ရဲ့ အရှေ့တောင်ဘက် Plaquemines Parish မှာရှိတဲ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း တာဝန်ရှိသူတွေကတော့ မုန်တိုင်းကြောင့် မက္ကဆီကို ပင်လယ်ကွေ့က ၀င်လာတဲ့ ရေတွေ သိသိသာသာ တက်လာနေပြီး အကာအရံ အတားအဆီးတွေကိုပါ ကျော်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

တချို့နေရာတွေမှာ မိုးရေချိန်ဟာ လက္မ ၂၀ လောက်အထိ ရှိနိုင်ပြီး Louisiana နဲ့ Mississippi ပြည် နယ် နေရာတချို့မှာ ဆိုရင်လည်း ရေဟာ ၁၃ ပေလောက်အထိ တက်လာနိုင်တယ်လို့လည်း သတိပေးထားတာပါ။
Mississippi ပြည်နယ် အုပ်ချုပ်ရေးမှူး Phil Bryant ကတော့ မုန်တိုင်းဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ပြင်းထန်နိုင်တယ်လို့လည်း ဒေသခံတွေကို သတိပေးထားပါတယ်။




တောင်ကိုရီးယားသို့ ဆယ်စုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံးတိုင်ဖွန်း ဘိုလာဗင်သည် သြဂုတ်လ ၂၈ ရက်တွင် ၀င်ရောက်တိုက်ခတ်ခဲ့ပြီး တရုတ်ငါးဖမ်းသမားလေးဦးမှာ ရေနစ်သေဆုံးခဲ့ကာ ၁၂ ဦးမှာ ပျောက်ဆုံးနေသည်ဟု အတည်ပြုခဲ့သည်။ 
တစ်နာရီလျင် (မိုင် ၉၀) နှုန်း ဖြင့်တိုက်ခတ်သော ဘိုလာဗင်ကြောင့် နိုင်ငံတောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းများတိုက်ခတ်ခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ၊ ဆိုင်းဘုတ်များ ပြိုလဲခြင်း၊ သစ်ပင်များ အမြစ်ကျွတ်ထွက်ခြင်း၊ ပြတင်းပေါက်မှန်များ ကွဲထွက်ခြင်းတို့များ ဖြစ်ပေါ်ခဲ့သည်။
တောင်ကိုရီးယားတွင် လှေများကို ကျောက်ချထားပြီး တစ်နိုင်ငံလုံးနီးပါး တပ်လှန့်မှုပြုလုပ်ထားကာ တိုင်ဖွန်းသည် ရေကြီးမှုဆိုးရွားစွာခံရသော မြောက်ကိုရီးယားသို့ ဦးတည်နေကြောင်း သိရသည်။ လေကြောင်း ခရီးစဉ်များစွာ ရပ်ဆိုင်းခဲ့သလို ရေ ကြောင်းပို့ဆောင်ရေးများကိုလည်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ 
လူဦးရေ ၁၀ သန်းခန့် နေထိုင်သော မြို့တော်ဆိုးလ်နှင့် ဒေသအများအပြားတွင် ကျောင်းများကို သြဂုတ်လ ၂၈ ရက်တွင် ပိတ်ထားခဲ့ပြီး အိမ် ၂၀၀၀၀ နီးပါးမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်း ဂျီဂျုကျွန်းစုတွင် တရုတ်ရှန်တုံပြည်နယ်၊ ဝေဟိုင်မြို့၌  မှတ်ပုံတင်ထားသော သင်္ဘောတစ်စီး နစ်မြုပ်ပျက်စီးခဲ့ပြီး ကမ်းခြေစောင့်တပ်ဖွဲ့မှ ကယ်ဆယ်ရေးတပ်ဖွဲ့များသည် သင်္ဘောသား ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ကမ်းခြေ စောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ သင်္ဘောတစ်စီးကို ကမ်းခြေသို့ဆွဲလာခဲ့ပြီး သင်္ဘောနှစ်စီးမှာ နှစ်ပိုင်းကျိုးပြီး နစ်မြုပ်ခဲ့သည်ဟု သိရသည်။ 
တိုင်ဖွန်းကြောင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှုကို ယာယီရပ်နားခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်သို့ ၀င်ရောက်ခဲ့သော တိုင်ဖွန်းတင်ဘင်သည်လည်း ကိုရီးယားကျွန်းဆွယ်သို့ ၀င်ရောက်ရန်ခြိမ်းခြောက်နေကြောင်း မိုးလေ၀သ တာဝန်ရှိသူများက ပြောကြားခဲ့သည်။  




ကိုလံဘီယာအစိုးရနှင့် FARC သူပုန်တို့သည် အနှစ် ၅၀ နီးပါး ကြာမြင့်လာခဲ့သော လက်နက်ကိုင် ပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စူးစမ်းလေ့လာသည့်သဘော ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ ကြောင်း သမ္မတဟွမ်မန်နျူရယ်ဆန်းတို့စ်က သြဂုတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

Revolutionary Armed Forces of Colombia (FARC)သူပုန်အဖွဲ့နှင့် စေ့စပ်ဆွေးနွေးမှုပြုလုပ်မည် ဖြစ်သလို တစ်ဘက်တွင်လည်း စစ်ဆင်ရေးများ ဆက်လက်ပြုလုပ်နေမည်ဖြစ်ကြောင်း သူကပြောကြားခဲ့သည်။ 

FARC သည် ကိုလံဘီယာအစိုးရနှင့် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်လာခဲ့ပြီး လက်တင်အမေရိကတွင် အရှည်ကြာဆုံး လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့သည်။ အစိုးရနှင့် FARC တို့အကြား ၂၀၀၂ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ FARC က နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းအချိန်က သမ္မတ Andres Pastrana က ဆွေးနွေးမည့်ကိစ္စကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။




၂၀၁၀ ပြည့်နှစ်တွင် ဘန်ကောက်မြို့၌ အတိုက်အခံဆန္ဒပြသူများကို စစ်တပ်က အင်အားသုံး နှိမ်နင်းခဲ့မှုအတွက် ယင်းအချိန်က ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး ယခုအခါ အတိုက်အခံဖြစ်နေသူ အဘ်ဟီးဆစ် ၀ိဇ္ဇာဇီဝကို သြဂုတ်လ ၂၇ ရက်တွင်  တရားရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စစ်ဆေးမေးမြန်းခဲ့သည်။
၂၀၁၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလအတွင်း ရှပ်နီများ၏ ဆန္ဒပြမှု အထွတ်အထိပ်ရောက်နေစဉ် စစ်တပ် ကအင်အားသုံးနှိမ်နင်းခဲ့သည့်အတွက်  အရပ်သားအများစုအပါအ၀င် လူ ၉၀ ကျော်သေဆုံးခဲ့ပြီး လူ ၁၉၀၀ နီးပါး ဒဏ်ရာရခဲ့သည်။ ယင်းဖြစ် စဉ်အတွက် အဘ်ဟီးဆစ်၏ လက်ထောက်ဟောင်းဖြစ်သူ ဆူသက်သောင် ဆူဘန်သည်လည်း နာရီများစွာကြာ စစ်ဆေးမေးမြန်းခံခဲ့ရသည်။ 
မိမိက အမှန်တရားကို ပြောကြားခဲ့ပြီး စစ်ဆေးမေးမြန်းသူများတွင် ထပ်မံမေးရန် မေးခွန်းမရှိတော့ကြောင်း အဘ်ဟီးဆစ်က ပြောကြားခဲ့သည်။ 
ယင်းနှစ်ဦးသည် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း မျက်မြင်သက်သေများအဖြစ် ပထမဆုံး အကြိမ်စစ်ဆေး မေးမြန်းခံထားရပြီး နောက်ပိုင်းတွင် တရားစွဲဆိုမှုပင်ခံ ရနိုင်သည်ဟု လေ့လာသူများက ကောက်ချက်ချခဲ့သည်။ 


လစ်ဗျားပြည်ထဲရေးဝန်ကြီး ရာထူးမှနုတ်ထွက်

လစ်ဗျားတွင် အကြမ်းဖက်တိုက်ခိုက်မှုများ အရှိန်မြင့်တက်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်အတွက် ပြစ်တင်ဝေဖန်ခံခဲ့ရပြီးနောက် ပြည်ထဲရေးဝန်ကြီး Fawzi Abdelali သည် သြဂုတ် ၂၆ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း ပြည်ထဲရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''အစိုးရအဖွဲ့ကို လွှတ်တော်အမတ်တွေက ဝေဖန်မှုကို ကာကွယ်ဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးက ရာထူးမှနုတ်ထွက်ခဲ့တာဖြစ်တယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ လစ်ဗျားလုံခြုံရေးတပ်ဖွဲ့၏ အစိတ်အပိုင်းဖြစ်လာသည့် တော်လှန်ရေးသမားဟောင်းများကို ၎င်းက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထရီပိုလီတွင် အိဒ်ပွဲတော်ဆင်နွဲ နေစဉ်အတွင်း ကားဗုံးခွဲမှုနှစ်ခုကြောင့် လူနှစ်ဦးသေဆုံးပြီးခဲ့နောက် လစ်ဗျားလုံခြုံရေးတပ်ဖွဲ့ကို အသစ်ခန့်အပ်ခံခဲ့ရသည့် အမျိုးသားကွန်ဂရက်က ဦးဆောင်ဝေဖန်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ အဆင့်မြင့် လုံခြုံရေးကော်မတီသည် စည်းကမ်းလျော့ရဲမှု (သို့မဟုတ်) ဘာသာရေး အထွတ်အမြတ်နေရာများကို ဖျက်ဆီးရာတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု စွပ်စွဲခံရသည်။




ဆီးရီးယား အတိုက်အခံအစိုးရကို အသိအမှတ်ပြုရန် အဆင်သင့်ရှိကြောင်း ပြင်သစ်သမ္မတ ဖရန့်ဆွာအော်လွန်ဒ်က သြဂုတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ဆီးရီးယားအစိုးရက ဓာတုလက်နက်များ အသုံးပြုမည်ဆိုပါက ပြည်ပတပ်များဖြင့် ၀င်ရောက် တိုက်ခိုက်မည်ဖြစ်ကြောင်း အော်လွန်ဒ်က သတိပေးခဲ့သည်။ 
ဆီးရီးယား အတိုက်အခံတို့သည် ပါဝင်သင့်သူများပါဝင်သော ကိုယ်စားပြု ယာယီအစိုးရတစ်ရပ် အလျင်အမြန် ဖွဲ့စည်းရန် အော်လွန်ဒ်က တိုက်တွန်းခဲ့ပြီး ပြင်သစ်က အသိအမှတ်ပြုသွားမည်ဟု ပြောကြားခဲ့သည်။ 
အမေရိကန်၊ ဗြိတိန်တို့ သတိပေးခဲ့သလိုပင် ပြင်သစ်ကလည်း ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ် အစိုးရအနေဖြင့် ဓာတုလက်နက်များ အသုံးပြုမည်ဆိုပါက ပြည်ပတပ်များ ၀င်ရောက်ရန်တရားဝင်သော အကြောင်း ပြချက်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သတိပေးခဲ့ခြင်းဖြစ်သည်။ 

ဆီးရီးယား နိုင်ငံရေးပဋိပက္ခအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူများ ခိုလှုံနေနိုင်ရန် ကြားခံဇုန်များ ပြုလုပ်ပေးရန် မဟာမိတ်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း အော်လွန်ဒ်က အတည်ပြုခဲ့သည်။ ဆီးရီးယား ဒုက္ခသည်ထောင်ပေါင်းများစွာ ခိုလှုံခွင့်ပြုထားသော တူရကီကလည်း ယင်းအစီအစဉ်ကို တွန်းအားပေးနေပြီး ဒုက္ခသည်များအား စစ်တပ်နောက်ခံဖြင့် ကာကွယ်ပေးရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။
ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ဗီတိုအာဏာသုံးပြီး ပူးတွဲပယ်ချမှုပြုလုပ်ခဲ့ကြသော တရုတ်နှင့်ရုရှားတို့ကြောင့် ကုလသမဂ္ဂမှာလည်း အားနည်းခဲ့ရကြောင်း အော်လွန်ဒ်က ပြစ်တင်ပြောကြားခဲ့သည်။


ဆီးရီးယားဒုက္ခသည်များအတွက် ကုလသမဂ္ဂက အကူအညီတောင်းခံ

ဂျော်ဒန်တွင်ခိုလှုံနေရသော ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာအတွက် အမေရိကန်ဒေါ်လာ ၅ သန်းကူညီပေးရန် ကုလသမဂ္ဂက သြဂုတ်လ ၂၇ ရက်တွင် အကူအညီ တောင်းခံခဲ့ပြီး အထူးသဖြင့် ကလေးအများစုမှာ ဒုက္ခရောက်နေကြောင်း ထုတ်ပြန်ခဲ့သည်။ 
အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု၊ ကြိုတင်ကာကွယ်မှု၊ ရေနှင့် သန့်စင်စနစ်များအတွက် အရေးပေါ်ရန်ပုံငွေများ လိုအပ်နေကြောင်း ကုလသမဂ္ဂ၏ ယူနီဆက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ဂျော်ဒန်တွင် ကုလသမဂ္ဂက ပြုလုပ်ပေးထားသော ဇာတာရီဒုက္ခသည်စခန်းတွင် ဆီးရီးယားဒုက္ခသည် ၁၇၀၀၀ ခန့် ခိုလှုံနေပြီး ထက်ဝက်ခန့်မှာ ကလေးများဖြစ်ကြောင်း ယူနီဆက်၏ ဂျော်ဒန်ကိုယ်စားလှယ် ဒေါမနစ်ဟိုင်ဒီက ပြောကြားခဲ့သည်။ ယခုနှစ်ကုန်တွင် ယင်းစခန်း၌ ဒုက္ခသည် ၇၀၀၀၀ အထိ ရှိလာမည်ဟု မျှော်လင့်ကြောင်း သူက ပြောကြားခဲ့သည်။

ဘက်မပြောင်းသေးသော ဆီးရီးယားဒုတိယသမ္မတ

အတိုက်အခံတို့ထံ ဘက်ပြောင်းခဲ့သည် သို့မဟုတ် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းခံထားရသည်ဟု သတင်းထွက်ခဲ့ပြီး တစ်လကျော်အကြာတွင် ဆီးရီးယားဒုတိယသမ္မတ FaruqalShara သည် သြဂုတ်လ ၂၆ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် မြင်ကွင်းရှေ့ ထွက်လာခဲ့သည်။ 
ရှာရာသည် သြဂုတ်လ ၂၆ ရက်တွင် အီရန်လွှတ်တော်၏ နိုင်ငံခြားရေး မူဝါဒကော်မတီဥက္ကဋ္ဌ Aladin Borujerdi နှင့် ဒမတ်စကတ်မြို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အသက် ၇၃ နှစ်ရှိ ရှာရာသည် အာဆတ်၏ လူနည်းစု အလာဝိုက်ဦးဆောင်သော အစိုးရအတွင်း သြဇာကြီးသည့် ဆွန်နီမွတ်စလင်တစ်ဦးဖြစ်သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment