သမိုင်းတကွေ့မှ ဝံသာနုခေါင်းဆောင်ကြီး ဦးထွန်းရှိန်

by သန်းဝင်းလှိုင်


၁၉၁၉ ခုနှစ်တွင် ပထမအကြိမ် အင်္ဂလန်သွား မြန်မာကိုယ်စားလှယ်အဖွဲ့ (ဖေ၊ ပု၊ ရှိန်)အဖွဲ့ဝင် ဦးထွန်းရှိန်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ ထင်ရှားခဲ့သော ဝံသာနုခေါင်ဆောင်ကြီးဖြစ်သည်။ “ဖေ” နှင့် “ပု”မှာ ဦးဘဖေနှင့် ဦးပုတို့ဖြစ်ပြီး “ရှိန်” ကား ဦးထွန်းရှိန်ပင် ဖြစ်သည်။
ဦးထွန်းရှိန်ကို မြန်မာသက္ကရာဇ် ၁၂၅၂ ခုနှစ် ပြာသိုလဆန်း (၄) ရက်နေ့တွင် ပုသိမ်မြို့၌ အဖဦးမောင် ကြီး၊ အမိဒေါ်ခင်တို့မှ ဖွားမြင်ခဲ့သည်။ ဦးထွန်းရှိန်၏ အဘိုး (ဖခင်၏အဖေ)မှာ ရှေးမြန်မာမင်းလက်ထက်က “နေမျိုးသီရိဇေယျနော်ရထာ”ဘွဲ့ရ မြို့စားကြီး ဦးရွှဲဆိုသူဖြစ်သည်။ ဦးထွန်းရှိန်သည် မွေးချင်း (၇) ယောက်အနက် စတုတ္ထမြောက်သား ဖြစ်သည်။ ငယ်မည်မှာ မောင်တာရဲဖြစ်သည်။ မောင်ထွန်းရှိန်ငယ်စဉ်က မိဘများသည် ငသိုင်းချောင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ဦးထွန်းရှိန်အသက် (၇) နှစ်သားအရွယ်တွင် ငသိုင်းချောင်း မြို့၌ အဖ ဦးမောင်ကြီးကွယ်လွန်ခဲ့သည်။ ထိုအခါ မိခင်ဖြစ်သူသည် သားသမိးများနှင့်အတူ ဇာတိပုသိမ်မြို့သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်သည်။ ဦးထွန်းရှိန်သည် ပုသိမ်မြို့ အစိုးရအထက်တန်းကျောင်း၌ ပညာဆက်လက်သင်ယူခဲ့ရသည်။ ဦးထွန်းရှိန်သည် ယင်းကျောင်းမှ သတ္တမတန်း စာမေးပွဲကို ဂုဏ်ထူးဖြင့်အောင်မြင်၍ ပညာသင်ဆုချီးမြှင့်ခံရသည်။ ထို့နောက် အဋ္ဌမတန်းနှင့် နဝမတန်းတို့ကို တစ်နှစ်တည်းဖြင့် ဖြေဆို အောင်မြင်ခဲ့သည်။
အသက် (၁၇) နှစ်အရွယ်၌ ဦးထွန်းရှိန်သည် ရန်ကုန်ကောလိပ်တွင် ဆက်လက်ပညာသင်ကြားခဲ့ရာ အသက် (၂၁) နှစ်အရွယ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့လေသည်။ ဦးထွန်းရှိန် ကောလိပ်၌ပညာသင်ကြားနေစဉ် ရန်ကုန် မြို့ အတမ်းလက်နက်ကိုင်စစ်တပ်သို့ ဝင်ရောက်ခဲ့သည်။ ဦးထွန်းရှိန် အမှုထမ်းခဲ့သောတပ်စုမှာ ဂျီတပ်စုဖြစ်၍ ဥရောပတိုင်သားများသာ ဝင်ခွင့်ရ၏။ ထို့ကြောင့် ဦးထွန်းရှိန်သည် တီအိုရှိန်း (T.O’ Shane) ဟူ သော ဥရောပတိုက်သားအမည်ကိုခံယူ၍ ဝင်ခဲ့ရလေသည်။
ကောလိပ်၌ စာသင်နေစဉ်အတွင်း၌ပင် ဦးထွန်းရှိန်သည် အားကစားလိုက်စားခဲ့သည်။ ပြေး၊ ခုန်၊ ပစ်နှင့် လက်ဝှေ့ထိုးခြင်း၌ ထူးချွန်သည်။ ဝိဇ္ဇာတန်းနောက်ဆုံးနှစ်တွင် ဦးထွန်းရှိန်သည် နိုင်ငံရေး စတင်လေ့လာလိုက်စားခဲ့သည်။ ရန်ကုန်ကောလိပ် ဗုဒ္ဓဘာသာအသင်း၌လည်း ဦး ထွန်းရှိန်သည် ဝံသာနုတရားများ ဟောပြောလေ့ရှိသဖြင့် လူသိထင်ရှားခဲ့သည်။
ဘွဲ့ရပြီးနောက် ဦးထွန်းရှိန်သည် ရန်ကုန်အစိုးရအထက်တန်းကျောင်း၌ တစ်နှစ်ကျော်မျှ ကျောင်းဆရာဝင်လုပ်ခဲ့သည်။ ထို့နောက် မန္တလေး ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်း၌ ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့အမှုထမ်းခဲ့သည်။
မန္တလေးမြို့၌ နေထိုင်စဉ်အတွင်း ဦးထွန်းရှိန်သည် ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းကြီးကို တိုးတက်ကြီးပွားအောင် ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဝိုင်အမ်ဘီအေအသင်းကြီး၏ အထွေထွေအတွင်းရေးမှူး အဖြစ်လည်းကောင်း၊ မန္တလေးကျောင်းဆရာများအသင်း၏ အထွေထွေ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ မြန်မာလူငယ်များ ပေါင်းသင်းဆက်ဆံရေးအသင်း၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗုဒ္ဓသာသနာ့ နုဂ္ဂဟကျောင်းသားဟောင်းအသင်း၏ တည်ထောင်ကြည့်ရှုသူအဖြစ်လည်းကောင်း၊ မြန်မာပြည် လက်မှုပညာအသင်း၏ အတွင်းရေးမှူး အ ဖြစ်လည်းကောင်း၊ သုစရိတယုဝအသင်း၏ အားပေးကြည့်ရှုသူအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။
ဦးထွန်းရှိန်သည် ၁၉၁၆ ဖေဖေါ်ဝါရီ ၁၃ တွင် သံတော်ဆင့်မင်းဦးကိုးကြွယ်၊ ဒေါ်ခင်ခင်နှစ်တို့၏သမီး ခင်ခင်ညွန့်နှင့် လက်ထပ်ထိမ်းမြားခဲ့ပြီး သားသမီးလေးယောက် ထွန်းကားခဲ့သော်လည်း တဦးမျှ အဖတ်မတင်ခဲ့ ပေ။ ထို့နောက် အိပ်ထောင်ရေး ပြိုကွဲသွားပြီးနောက် ၁၉၂၀ မေလ ၂၃ တွင် မြန်မာညွန့်ကုမ္ပဏီပိုင်ရှင် ဦးသန်း၊ ဒေါ်ပွင့်တို့၏ သမီး မသန်းညွန့်နှင့် ဒုတိယအိပ်ထောင် ပြုခဲ့သည်။ ဒုတိယဇနီးနှင့်ကား သားသမီး မထွန်းကား ခဲ့ချေ။
၁၉၁၈ ဧပြီ ၂၂ တွင် အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိသျှအတွင်းဝန် အက်ဒွင်အက်စ်မွန်တေဂူ (Edwin S. Montagu) နှင့် အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ် လော့ချမ်းစဖို့ဒ် (lord Chelmsford) တို့နှစ်ဦးရေးဆွဲခဲ့သည့် မွန်တေဂူချမ်းစဖို့ဒ်အစီရင်ခံစာထွက်လာသောအခါ မြန်မာနိုင်ငံအတွက် သီးခြား စဉ်းစားမည်ဟုအကြောင်းပြကာ ချန်ထားခဲ့သည်။ ထိုအစီရင်ခံစာအရ ၁၉၁၉ ဒီဇင်ဘာလ ၂၃ တွင် အိန္ဒိယအက်ဥပဒေ ထုတ်ပြန်၍ အိန္ဒိယကို ဒိုင်အာခီအုပ်ချုပ်ရေး ပေးသောအခါ မြန်မာကိုချန်ထားခဲ့သည်။
ထိုစဉ်အတွင်း မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် (Sir Reginald Craddock) က မြန်မာနိုင်ငံနှင့်သင့်တော်မည့် အုပ်ချုပ်ရေးမျိုးဟုဆိုကာ အုပ်ချုပ်ရေးစီမံကိန်းတစ်ခုကိုရေးဆွဲ၍ ကြေညာခဲ့သည်။ ယင်းစီမံကိန်းကို စီမံကိန်းရေးဆွဲသူကိုအစွဲပြု၍ ကရက် ဒေါက်စီမံကိန်းဟု ခေါ်ကြသည်။ ယင်းစီမံကိန်းကို ၁၉၁၈ ဒီဇင်ဘာလ ၁၇ တွင် ကြေညာခဲ့သည်။ မြန်မာတို့၏ မကျေနပ်မှုကို ကရက်ဒေါက် စီမံကိန်းဖြင့် နှစ်သိမ့်ရန် ကြိုးစားသော်လည်း ကရက်ဒေါက်စီမံကိန်းမှာ အိန္ဒိယကိုပေးသော အိန္ဒိယအုပ်ချုပ်ရေးထက်ပင် ညံ့ဖျင်းသောကြောင့် တနိုင်ငံလုံး ဆူပူကန့်ကွက်ခဲ့ကြသည်။
ထို့ကြောင့် ၁၉၁၉ မေ ၁၈ တွင် ဝိုင်အမ်ဘီအေအသင်းချုပ် အထူးအစည်းအဝေးကျင်းပ၍ ကရက်ဒေါက်စီမံကိန်းကိုတိုက်ဖျက်ကာ မြန်မာ ပြည်သူတို့လိုလားသောအုပ်ချုပ်ရေးတောင်းဆိုရန်အတွက် အင်္ဂလန်သို့ ကိုယ်စားလှယ်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အင်္ဂလန်သွား ကိုယ်စားလှယ်များအဖြစ် ဝိုင်အမ်ဘီအေမှ ဦးဘဖေ (သူရိယ) (၁၈၈၃ – ၁၉၇၁)၊ ဦးပု (ဝတ်လုံတော်ရရွှေကျင်) (၁၈၈၁ – ၁၉၂၀)၊ ဦးထွန်းရှိန် (ကျောင်းအုပ်ဆရာကြီး မန္တလေး) (၁၈၉၀ – ၁၉၂၀) တို့ကို ရွေးချယ်ခဲ့ကြသည်။ ယင်းတို့ သုံးဦးကို ဖေ၊ ပု၊ ရှိန်ဟု ခေါ်ဝေါ်ခဲ့ကြ သည်။
ယင်းနောက် ဖေ၊ ပု၊ ရှိန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်သို့ ၁၉၁၉ ဇူလိုင်လ ၇ တွင် သင်္ဘောဖြင့် ထွက်ခွာခဲ့သည်။ ထိုအချိန်မှစ၍ ဖေ၊ပု၊ရှိန် ဟူသော အမည်လည်း မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားခဲ့ လေသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဘိလပ်သွား မြန်မာ ကိုယ်စားလှယ်အဖွဲ့အား “သြော် ….. ပြေအမှုပေမို့၊ ငွေခရုငယ်နှင့် ဇေယျတုပါကွဲ့၊ သပြေနုချိန်တင်ရန် ပန်းတွေကလဲ များလိုက်ပါဘိသနှင့်၊ ဖေ-ပု-ရှိန် အင်္ဂလိန်နန်းမြေသွားလို့ကိုဖြင့် အားမြောက်ဘွယ်ကြံ လွယ်ပန်လွယ်နှင့် အန္တရာယ် ရန်ဆွယ်မောင်းပါလို့၊ မြန်မာကိုပြန်လွယ် ကြောင်းတွေနှင့်၊ ဆုတောင်းကာ ပတ္ထနာဆင်တဲ့ပြင်” ဟူ၍ လေးချိုးကြီးဖြင့် ချီးမြှင့်ခဲ့လေသည်။
ဦးထွန်းရှိန် အင်္ဂလန်ပြည်၌ရှိနေစဉ် ပညာမင်းကြီး မတ်ဟန်းတားက ဦးထွန်းရှိန်အား “နိုင်ငံရေးကိုစွန့်လျှင် စွန့်၊ မစွန့်လျှင် ကျောင်းဆရာ ကြီးအဖြစ်မှ နုတ်ထွက်ရမည်”ဟု ဆိုသဖြင့် ဦးထွန်းရှိန်သည် ကျောင်းအုပ်ဆရာကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။
ဦးထွန်းရှိန်သည် ဇွဲလုံ့လကောင်း၏။ အလုပ်တခုကို ဖြစ်မြောက်ပြီးပြတ်အောင် လုပ်လိုသောသဘောရှိသည်။ စကားပြောလည်း ကောင်း၏။ မည်သည့်အရာမဆို ပွင့်လင်းရိုးသားစွာ ပြောတတ်သည်။ သူတပါး၏ အတင်းအဖျင်းတို့ကိုလည်း မပြော၊ နားလည်းထောင်လေ့မရှိချေ။ သဒ္ဓါတရားထက်သန်၍ ပေါင်းသင်းဆက်ဆံ ရေးဆံ့သည့်။ ရှေ့ဆောင်ရှေ့ရွက်ပြုကာ စီမံခန့်ခွဲပိုင်သော အရည်အသွေးလည်းရှိသည်။
ဦးထွန်းရှိန်ပါဝင်သော ဖေ၊ ပု၊ ရှိန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်ပြည် လန်ဒန်မြို့၌ ခုနစ်လမျှ ကြာခဲ့၏။ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သော ကိစ္စများ မပြီးပြတ်သေးမီ တိုင်းပြည်၏အကြံဉာဏ်များကို ရယူဆွေးနွေးရန်အတွက် ဖေ၊ ပု၊ ရှိန် အဖွဲ့သည့် ၁၉၂၀ ဖေဖေါ် ဝါရီ ၆ တွင် ပြန်လည်ရောက်ရှိလာရာ မြန်မာပြည်တဝန်းလုံးက ကြီးကျယ်ခမ်းနားစွာ ကြိုဆိုကြလေသည်။
အင်္ဂလန်မှ ပြန်လည်ရောက်ရှိလာသောအခါတွင် ဦးထွန်းရှိန်သည် ကျောင်းအုပ်မှ နုတ်ထွက်လိုက်သဖြင့် အလုပ်အကိုင်မရှိတော့သဖြင့် ဝိုင်အမ်ဘီအေအသင်းချုပ်ကြီးက တစ်လ (၃၀၀) ကျပ်ပေး၍ ထောက်ပံ့ထားလေသည်။ ထို့နောက် ဦးထွန်းရှိန်သည် မြန်မာနိုင်ငံတဝှမ်းသို့ လှည့်လည်၍ ဝံသာနုတရားများ ဟောပြောလေသည်။ ဦးထွန်းရှိန်၏ နောက်ဆုံးတရားပွဲကား ၁၉၂၀ မေ ၂၂ တွင် ကညွတ်ကွင်း၌ ဟောပြော ခဲ့သောတရားပွဲဖြစ်သည်။ မေလ ၂၃ တွင် ဦးထွန်းရှိန် အပြင်းဖျားလေတော့သည်။ ဘူဇူကီးဆေးတိုက်သို့ တင်ပို့ကုသသော်လည်း သက်သာခြင်းမရှိဘဲ ၁၉၂၀ ဇွန် ၂ ရက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်သွားသောအခါ ဦးထွန်းရှိန် ၁၉ နှစ်၊ ၅ လ၊ ၁၄ ရက်အရွယ်သာ ရှိသေးသည်။ အသုဘအခမ်းအနားကို ၁၉၂၀ ဇွန် ၅ နေ့တွင် ဝိုင်အမ်ဘီအေအသင်းကြီးက ကမကထပြု၍ ဆူးလေဘုရားလမ်း အမှတ် ၄၀ ရှိ ဝိုင်အမ်ဘီအေအသင်းတိုက်မှ ကြံတောသုသာန်သို့ ပို့ဆောင်သဂြိုဟ်ခဲ့သည်။
ဦးထွန်းရှိန်သည် အင်္ဂလိပ်အုပ်ချုပ်ရေးမှ ရုန်းကန်လျက်ရှိသော ထိုခေတ် ဝံသာနုအမျိုးသားလုံး၏ အားထားကြည်ညိုခြင်းကို ခံခဲ့ရသော နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်လေရာ ဦးထွန်းရှိန်၏ ဈာပနတွင် ပို့ဆောင်ကြသောပရိသတ်မှာ တစ်သိန်းခန့်ရှိသည်ဟုဆို၏။ ဤမျှ ကြီးကျယ် စည်ကားသောဈာပနမျိုးကို ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဈာပနနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ဈာပနနှစ်ခုသာ ရှိသည်။
ထိုစဉ်က ဝိုင်အမ်ဘီအေအသင်းမှ ဖြန့်ချိသော ဦးထွန်းရှိန်၏အသုဘဖိတ်ကြားစာတွင် “ဘိလပ်ပြန် မြန်မာကိုယ်စားလှယ်ကြီး အသက် ၂၉ နှစ်အရွယ်ရှိ ဦးထွန်းရှိန်သည် အထက်မြန်မာပြည် မြို့ရွာပေါင်း ၄၀ ကျော်တို့ကို လှည့်လည်ဟောပြော၍ တိုင်းကျိုးပြည်ကျိုး သာသနာတော်၏ အကျိုးကို နေ့ရောညပါ သယ်ပိုးဆောင်ရွက်ရာတွင် အပင်ပန်းလွန်းသဖြင့် သွေးလေချောက်ချားဓါတ်ဖောက်ပြားလျက် အပန်းရောက်ဂါ ကပ် ရောက်လာသောကြောင့်” ဟု ဖေါ်ပြထားလေသည်။
ဦးထွန်းရှိန် ကွယ်လွန်ရာတွင် မြန်မာ့ဗျူဟာဂျာနယ်၌ ကာတွန်းဆရာ ရွှေတလေးက ဝမ်းနည်းကြောင်းပုံကိုရေး၍ မစ္စတာမောင်မှိုင်းအမည်ခံ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက လေးချိုးကြီးရေး၍ ဂုဏ်ပြုခဲ့လေသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment