နိုင်ငံတကာသတင်း




အဓိကအတိုက်အခံပါတီများ သပိတ်မှောက်ခဲ့သော ဘီလာရုစ်လွှတ်တော် ရွေးကောက်ပွဲများကို စက်တင်ဘာလ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ထောင်ကျနေခြင်းနှင့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်နိုင်ခြင်းတို့အတွက် အတိုက်အခံတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။
အမတ်နေရာ ၁၁၀ ရှိသော လွှတ်တော်အတွက် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်သမ္မတ အလက်ဇန္ဒာလူကာရှင်ကို လက်ထက်တွင် rubber stamp (အဆိုပြုသမျှ လက်ညှိုးထောင်ခေါင်းညိတ်) လွှတ်တော်သာသာ ဖြစ်လာနေသည်။ ယခင်ဆိုဗီယက်မှ ခွဲထွက်လာသော ဘီလာရုစ်ကို လူကာရှင်ကိုက ၁၉၉၄  ခုနှစ်မှစပြီး အုပ်ချုပ်လာခဲ့ခြင်းဖြစ်သည်။ သူ့လက်ထက်တွင် မကြာသေးမီကပြုလုပ်ခဲ့သော ရွေးကောက်ပွဲများမှာ ဒီမိုကရေစီနည်းလမ်းမကျဟု အနောက်နိုင်ငံမှ လေ့လာစောင့် ကြည့်သူများက ဝေဖန်ခဲ့ကြသည်။
ယင်းရွေးကောက်ပွဲမှတစ်ဆင့် ထောက်ခံမှုများရရှိရန် အတိုက်အခံတို့က မျှော်လင့်ခဲ့သော်လည်း အတိုက်အခံ United Civil  ပါတီမှ ကိုယ်စားလှယ် ၃၅ ဦးအနက် ၃၃ ဦးမှာ ရုပ်သံများတွင် ဟောပြောခွင့်ပိတ်ပင်ခံခဲ့ရသလို နိုင်ငံပိုင်သတင်းစာကလည်း သူတို့၏ ရွေးကောက်ပွဲလှုပ်ရှားမှုများကို ထုတ်ပြန်ပေးရန် ငြင်းဆိုခဲ့သည်။ အခြားအတိုက်အခံ ပါတီတစ်ခုဖြစ်သော Belarusian Popular ကလည်းရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။
လူကာရှင်ကိုအားဝေဖန်သော ကွန်မြူနစ်နှင့် လက်ဝဲ၀ါဒီပါတီများမှ ကိုယ်စားလှယ် ၄၀ ခန့်က လွှတ်တော်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရနိုင်ခြေမရှိပေ။ ၂၀၀၄ ခုနှစ်ရွေးကောက်ပွဲတွင် အတိုက်အခံအမတ်သုံးဦး ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အစိုးရသစ္စာခံသူများကသာ လွှတ်တော်ကို အပြည့်အ၀လွှမ်း မိုးချုပ်ကိုင်ထားသည်။
၂၀၁၀ ပြည့်နှစ်သမ္မတရွေးကောက်ပွဲတွင် လူကာရှင်ကိုမှာ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း လူထုဆန္ဒပြမှု ကြီးကြီးမားမားဖြစ်ပွားခဲ့ကာ အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်။ ယခုလွှတ်တော်ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုထပ်မံဖြစ်ပေါ်ခဲ့ပါက ယင်းကဲ့သို့နှိမ်နင်းမှု ကြုံ တွေ့ရဖွယ်ရှိကြောင်းလည်း သိရသည်။



ဂျပန်နှင့် သံတမန်ဆက်ဆံရေး ထူထောင်မှု အနှစ် ၄၀ ပြည့် အခမ်းအနားကို လတ်တလောတွင် ပိုင်နက်အငြင်းပွားမှုပြဿနာ မြင့်တက်နေသောကြောင့် ရွှေ့ဆိုင်းခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ယင်းအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်တွင်ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး သင့်တော်သောအချိန်ရောက်မှသာ ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း Chinese friendship association မှ အမည်မဖော်သော တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ ဆင်ဟွာက ဖော်ပြခဲ့သည်။ သို့ သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းရွှေ့ဆိုင်းမှုအပေါ်အတည်ပြုရန် ငြင်းဆန်ခဲ့သည်။
အရှေ့တရုတ်ပင်လယ်ရှိ တိုကျိုထိန်းချုပ်ထားသော ဆင်ကာကူကျွန်းစု ၊ တရုတ်အခေါ် Diaoyu ကျွန်းစု များနှင့်ပတ်သက်ပြီး အာရှအကြီး ဆုံး စီးပွားရေးနှစ်နိုင်ငံအကြား ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းစပြီး ငြင်းခုံလာခဲ့ကြသည်။ ယင်းကျွန်းစုများအနက် ကျွန်းတစ်ခုပေါ်သို့ နှစ်နိုင်ငံမှ တက်ကြွလှုပ်ရှားသူများက သြဂုတ်လတွင် တက်ရောက်ခဲ့ရာမှ အခြေအနေ တင်းမာလာခဲ့သည်။
ယင်းနောက် ဂျပန်အစိုးရက ယင်းကျွန်းစုပိုင်ရှင်များထံမှ ကျွန်းသုံးကျွန်းကို ၀ယ်ယူခဲ့ပြီးနောက် အခြေအနေမှာ အတင်းမာဆုံးရောက်ခဲ့ကာ တရုတ်တွင် ဂျပန်ဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။ ယင်းဆန္ဒပြမှုများမှာ တရုတ်ရှိ ဂျပန် စီးပွားရေးလုပ်ငန်းနှင့် စက်ရုံအချို့ ရပ်နားခဲ့ရသည်အထိ အခြေအနေ ဆိုးခဲ့သည်။        

တိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်မှာ လူအများအပြား ဒဏ်ရာရ


ဂျပန်နိုင်ငံ အိုကီနာဝါ တောင်ပိုင်းဒေသ တလျှောက်မှာ မီးတွေပျက်ပြီး ဒါဇင်နဲ့ ချီတဲ့လူတွေကို ဒဏ်ရာစေခဲ့တဲ့ အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း Jelawat ဟာ အခု ဂျပန် ကုန်းတွင်းပိုင်း ကို အင်အားပြင်းထန်စွာနဲ့ ၀င်ရောက် တိုက်ခတ် နေပါတယ်။

တနင်္ဂနွေနေ့ ကုန်းတွင်းပိုင်းကို ၀င်ရောက်ချိန်မှာ ပြင်းအား တနာရီကို မိုင် ၆၀ ကျော်နှုန်းနဲ့ တိုက်ခတ်နေပြီး မြောက်ဘက်ကို ဆက်လက် ရွေ့လျား နေတာမို့  တိုကျိုမြို့တော်ကို  ဖြတ်သွားမယ် လို့ မျှော်လင့်ရပါတယ်။

အိုကီနာဝါကို မုန်တိုင်း ဖြတ်သန်းနေချိန်မှာ မုန်တိုင်းဒဏ်ကြောင့် အမျိုးသားတဦး ပင်လယ်ထဲ မျောပါ သွားခဲ့သလို လူပေါင်း ၁၄၀ ကျော် လောက်လည်း ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ဂျပန် NHK သတင်း မှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံ အလယ်ပိုင်းက နာဂိုရာ (Nagoya) မြို့မှာ ရေလွှမ်းမိုးမယ့် အန္တရာယ် ရှိနေတာမို့ ဒေသခံ ၅ သောင်းလောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ မီးမရဘဲ နေနေရပါတယ်။

တိုင်ဖွန်းမုန်တိုင်း Jelawat ဟာ တနင်္လာနေ့ အစောပိုင်းမှာတော့ ပစိဖိတ် သမုဒ္ဒရာထဲကို ဦးတည်ရွေ့သွားဖို့ ရှိပြီး ကုန်းတွင်းပိုင်းက မထွက်ခင်မှာ ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသကို ဖြတ်သန်းသွားဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တိဘက်ဒေသ လွတ်မြောက်ရေး မီးရှို့ဆန္ဒပြသူသေဆုံး


တရုတ်အစိုးရရဲ့ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ အနေနဲ့ နိုင်ငံ အနောက်ဘက် Qinghai ဒေသမှာ တိဘက် အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင် သွားတဲ့အတွက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ တိဘက်လှုပ်ရှားသူ အသိုင်းအ၀ိုင်းက ပြောပါတယ်။ Yushu တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာရှိတဲ့ Zadoi မြို့နယ်မှာ စနေနေ့က အဆုံးစီရင်မှု ဖြစ်ပွားခဲ့တာလို့လည်း ဗွီအိုအေကို ပြောပြခဲ့ကြတာပါ။

အသက် ၂၇ နှစ် အရွယ်ရှိ Yungdung ဆိုသူဟာ တိဘက်ရိုးရာ ၀တ်စုံကို ၀တ်ဆင်ပြီး တရုတ်ဈေးဆိုင်တွေရှေ့ ဖြတ်လျှောက်ပြီး မီးရှို့သတ်သေခဲ့တာလို့ Yushu ဒေသခံတွေနဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒရမ်ဆလာအရပ်က တိဘက်အရေး လှုပ်ရှားသူ အသိုင်းအ၀ိုင်းက ပြောပါတယ်။ မသေမီမှာ တိဘက်ဒေသ လွတ်မြောက်ရေးနဲ့ တရုတ်အစိုးရဟာ တိဘက် ဘာသာရေးကို ဖျက်ဆီးနေတယ် ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အခုသေဆုံးမှုနဲ့ပါဆိုရင် ၂၀၀၉ ခုနှစ် ကတည်းက တရုတ်နိုင်ငံ တိဘက်ဒေသမှာ ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ လူပေါင်း ၅၂ ယောက်အထိ ရှိသွားပါပြီ။ ဒီအထဲမှာ ၄၂ ယောက် ကတော့ သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတယ်လို့လည်း အဝေးရောက် တိဘက်အစိုးရက ပြောပါတယ်။



လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမြို့တွင်ရှိနေသော စစ်သွေးကြွများအနေဖြင့် ၂၄ နာရီအတွင်း မြို့ထဲမှထွက်ခွာသွားကြရန် လစ်ဗျားစစ်တပ်က ရာဇသံပေးခဲ့ကြောင်း နိုင် ငံပိုင် LANA သတင်းဌာနက စက်တင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရာဇသံကို လိုက်နာခြင်းမရှိပါက အင်အားသုံးသွားမည်ဟု စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ထရီပိုလီမြို့ထဲရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ၊ အစိုးရအဆောက်အအုံများ၊ အာဏာရှင်ဟောင်း အဖွဲ့ဝင်တို့၏ အဆောက်အအုံများနှင့် မြို့တော်အနီးမြို့များမှ ထွက်ခွာသွားကြရန် စစ်သွေးကြွများကို ရာဇသံပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
နိုင်ငံအရှေ့ပိုင်း၊ ဘင်ဂါဇီမြို့တွင် လူရာပေါင်းများစွာက စစ်သွေးကြွများကို ဆန့်ကျင်ခဲ့ကြောင်း ဆန္ဒပြခဲ့ကြပြီး အန်ဆာအယ်ရှာရီး ယား အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ ဌာနချုပ်ကို သိမ်းပိုက်ခဲ့အပြီး စစ်တပ်၏ကြေညာချက် ထွက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအဖွဲ့မှ အဖွဲ့ဝင်အချို့သည် ယခုလဆန်းပိုင်းတွင် အမေ ရိကန်နိုင်ငံသားလေးဦး သေဆုံးစေခဲ့သော တိုက်ခိုက်မှုအတွင်း ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး အဖွဲ့ဝင်ရှစ်ဦးကို ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းထားသည်။
စစ်တပ်သို့မဟုတ် ရဲတပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် မရှိသော လက်နက်ကိုင်လုံခြုံရေး တပ်ဖွဲ့များအားလုံးကို ဖျက်သိမ်းရန် ဆန္ဒပြသူများက စက်တင်ဘာလ ၂၁ ရက်တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
အစ္စလာမ်မစ်စစ်သွေးကြွ အဖွဲ့ နှစ်ခုဖြစ်သော Bou Salim Martyrs နှင့် အန်ဆာအယ်လ်ရှာရီးယားတို့က နိုင်ငံအရှေ့ပိုင်းဒါနာရှိ အခြေစိုက်စခန်းများကို ပိတ်ပေးမည်ဟု စက်တင်ဘာလ ၂၂ ရက်တွင် သဘောတူခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနများတွင် ဖော်ပြခဲ့သည်။ အခြား စစ်သွေးကြွအဖွဲ့တစ်ခုကလည်း စက်တင်ဘာလ ၂၃ ရက်တွင် ပိတ်ပေးမည်ဟု သဘောတူခဲ့ကြောင်း အမည်မဖော်သော သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment