မြန်မာ သတင်းများ အောက်တိုဘာ ၀၁ ၊ ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံနိုင်ကြောင်း သမ္မတကြီး ဦးသိန်းစိန် ပြောကြား
မိမိနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် လက်ရှိမှာလည်း အတူတကွ ပူးတွဲလုပ်ဆောင်နေကြောင်း၊ ပြည်သူတွေက ရွေးချယ် တင်မြှောက်ရင် မိမိအနေနဲ့ လက်ခံသွားမှာဖြစ်ကြောင်း ဘီဘီစီ အသံလွှင့်ဌာနက အင်္ဂလိပ်ဘာသာနဲ့ မနေ့က ထုတ်လွှင့်ချက်မှာ ပြောခဲ့တာပါ။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့အတွက် အတားအဆီး ဖြစ်နေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာတော့ မိမိတစ်ဦးတည်း အနေနဲ့ ပြင်ဆင်လို့ မရကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ချန်လှပ်ထားလို့ မရကြောင်း သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ တပ်မတော်ဟာ လက်ရှိ လွှတ်တော်အသီးသီးမှာ ၂၅% နေရာယူထားတာ ဖြစ်ပါတယ်။
တကယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော်ရဲ့ အနည်းဆုံး ၇၅% ရဲ့ ထောက်ခံမှုရှိမှ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သင့် မသင့် ဆွေးနွေးမှုတွေမှာ ဗီတိုအာဏာသုံးစွဲပြီး ကန့်ကွက်ခွင့် ရှိတယ်လို့လည်း သိရပါတယ်။
ပြည်ပရောက်မြန်မာများ နိုင်ငံထူထောင်ရေး ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက ကယ်လီဖိုနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့နဲ့ အနီးတစ်ဝိုက်က မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးမှာ တတ်စွမ်းသမျှ ပါဝင်ကူညီလုပ်ဆောင်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။
"ကျွန်မကိုယ်တိုင်လည်း မြန်မာနိုင်ငံကိုကယ်တင်နိုင်မယ်။ ကယ်တင်ရှင်ကြီးလို့ ဘယ်တုန်းကမှ စိတ်ထဲမှာ မထားခဲ့ပါဘူး။ ကျွန်မတတ်နိုင်သလောက် ရုန်းကန်ပြီးတော့ ကျွန်မတို့လိုလားတဲ့ နိုင်ငံတစ်ခုဖြစ်အောင် လုပ်သွားမယ်ဆိုတဲ့စိတ်ပဲ ထားပါမယ်။ အဲဒီတော့ မြန်မာနိုင်ငံကို ကယ်တင်ဖို့ဆိုပြီးတော့ မပြန်ခဲ့ပါနဲ့။ မြန်မာနိုင်ငံမှာ ဝိုင်းပြီးတော့ ပြည်သူ ပြည်သားတွေနဲ့ ရုန်းကန်မယ်ဆိုတဲ့ စိတ်နဲ့ပဲပြန်ခဲ့ပါလို့ ကျွန်မပြောပြရစေ"
ဒါ့အပြင် ပြည်ပမှာရောက်ရှိနေထိုင်စဉ်အတွင်း ကိုယ့်ရဲ့ခလေးငယ်တွေကို မြန်မာစကား ပြောတတ်အောင် သင်ကြားလေ့ကျင့်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကို မနက် ၉ နာရီကနေ ၁၀ နာရီ ခွဲလောက်အထိ ဆန်ဖရန်စစ္စကို တက္ကသိုလ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီတက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့သလို ဆန်ဖရန်စစ္စကို မြို့တော်ဝန်ကလည်း ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင် တစ်ခုပေးအပ်ခဲ့ပါတယ်။ ဆန်ဖရန်စ္စကိုနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ မြို့အသီးသီးက မြန်မာ ငါးထောင်လောက် ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူများအား ထောက်ပံ့ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အေအာတီဆေးဝါး ကျပ်သိန်းနှစ်ထောင်ဖိုး နိုင်ငံတော်မှဝယ်ယူမည်
အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေသူများအား ဆေးဝါးထောက်ပံ့နိုင်ရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အေအာတီဆေးဝါး ကျပ်သိန်း နှစ်ထောင်ဖိုး နိုင်ငံတော်မှဝယ်ယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
''အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရပြီး အေအာတီဆေးလိုအပ်နေတဲ့ လူနာတိုင်း ဆေးမရသေးဘူး။ လိုအပ်နေတဲ့သူတွေကို ဆေးပေးနိုင်ဖို့အခု နိုင်ငံတော်အနေနဲ့ အေအာတီဆေးတွေဝယ်ဖို့ စီစဉ်နေတယ်။ ကျန်းမာရေးကဏ္ဍအတွက် ဘတ်ဂျက်ကိုတိုး မြှင့်ပေးထားတဲ့အတွက် ဒီဘက်တွေကိုလည်း ပံ့ပိုးတာပါ။ ဒီဆေးတွေကလည်း အခုလိုအပ်နေတဲ့သူတွေ အားလုံးကိုတော့ မပေးနိုင်သေးပါဘူး။ အစိုးရအနေနဲ့ကလည်း ရတဲ့ဘတ်ဂျက်ရယ် လိုအပ်ချက်တွေရယ် ရောဂါတွေကလည်း အများကြီးရှိတော့ သူ တို့ဘက်ကလည်း ကဏ္ဍအားလုံးကို မျှထည့်ရတာပါ။ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့ တခြားအလှူရှင် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေပါတယ်'' ဟု ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နှင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစောလွင်က ပြောပြခဲ့သည်။
အိတ်ခ်ျအိုင်ဗွီ ဝေဒနာများအနက် CD4 အရေအတွက် ၃၅၀ အောက်ရှိနေသည့် ဝေဒနာရှင်များကို အေအာတီဆေးဝါးတိုက်ရန် သတ်မှတ်ထားသော်လည်း လက်ရှိတွင် CD4 အရေအတွက် ၂၀၀ အောက်ရှိသူများကိုသာ ဆေးတိုက်ကျွေးနိုင်ကြောင်း Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်၏ ပြောကြားချက်အရ သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လအထိ ရရှိထားသည့်စာရင်းများအရ ဆေးဝါးလိုအပ်သူများအနက် လူဦးရေ ၄၄၆၆၁ ဦးကို အေအာတီဆေးဝါးပေးနိုင်ခဲ့ပြီး ကျန်ရှစ်သောင်းကျော်မှာ အေအာတီဆေးဝါးရရှိရန် လိုအပ်နေသူများဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း (၂၀၁၁ -၂၀၁၅) ခုနှစ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုစီမံကိန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က အတည် ပြုပေးခဲ့ပြီးဖြစ်သည်။
ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့ (3DFund) ကို အမည်ပြောင်းလဲပြီး၌ မြန်မာနိုင်ငံ၌ ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည်
ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့(Three Diseases Fund) အား ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ (Three Millennium Development Goals Fund) အမည် သို့ ပြောင်းလဲ၍ မြန်မာနိုင်ငံတွင် ထောက်ပံ့မှုများ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့က Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် 3MDG Fund ၏ရန်ပုံငွေဘုတ်အဖွဲ့ ကိုယ်စားလှယ် Ms.Veronique Lorenzo ၏ပြောကြားချက်အရ သိရှိရသည်။
ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့(Three Diseases Fund) အနေဖြင့် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအနှံ့အပြားတွင် ရောဂါသုံးမျိုးစီမံချက် ၆၀ ကျော် အတွက် အမေရိကန်ဒေါ်လာ ၁၁၅ သန်းကို မိတ်ဖက်အဖွဲ့အစည်း ၃၅ ဖွဲ့အား ပံ့ပိုးပေးခဲ့သည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်းနှင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါများအတွက် အများဆုံးပါဝင်ပံ့ပိုးပေးခဲ့သည့် ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်ကြောင်း၊ စီမံကိန်းကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း မြန်မာနိုင်ငံအား 3MDG Fund အမည်ဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ယခု ဆက်လက်လုပ်ဆောင်သွားမည့် 3MDG Fund သည် မိခင်နှင့် ကလေးကျန်းမာရေး လိုအပ်ချက်များကို အဓိကထား၍ ပံ့ပိုးသွားမည် ဖြစ်ပြီး မိခင်၊ မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရန်၊ ချမှတ်ထားသည့် မျိုးဆက်ပွားကျန်းမာရေးနှင့် ကလေးကျန်းမာရေးဆိုင်ရာ အမျိုးသားဗျူဟာများနှင့် ကိုက်ညီမှုရှိစေရန်၊ အိတ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါများအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့(Global Fund) မှ ပံ့ပိုးပေးနိုင်ခြင်းမရှိသေးသည့် ကဏ္ဍများမှ ဦးစားပေးဆောင် ရွက်ရမည့်ကဏ္ဍများကို ဖြည့်ဆည်းဆောင်ရွက်သွားရန် စသည့်လုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပံ့ပိုးကူညီမှုများပေးရန် 3MDG Fund အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ထောက်ပံ့သွားမည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ ငါးနှစ်စီမံကိန်းဖြစ်ကြောင်းနှင့် ယခုစီမံချက်တွင် ကလေးသူငယ်သေဆုံး နှုန်းလျော့ချရန်၊ မိခင်ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်ကောင်းမွန်စေရန်နှင့် အိတ်ခ်ျအိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါများကို တိုက်ဖျက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။
မြန်မာပြည်မှာလည်း စာတိုက်ပုံးစနစ်
မေးလ် POP 3 သုံးနိုင်ပြီ
စာတိုက်ပုံးစနစ်ကဲ့သို့သော မေးလ်စနစ်
post office protocolကို မြန်မာနိုင်ငံတွင် ယခင်က သုံးစွဲမရပဲဖြစ်နေရာမှ နည်းပညာပိတ်ဆို့မှုအချို့ကို
ဖွင့်ပေးလိုက်သဖြင့် ယခုအခါ မြန်မာအင်တာနက် သုံးစွဲသူများ မိုက်ခရိုဆော့ဖ်
outlook express ကဲ့သို့သော ဆော့ဖ်ဝဲများကို သုံးစွဲနိုင်ပြီဖြစ်သည်။
မည်သည့်နေ့ရက်က ပိတ်ဆို့မှုများအား ဖွင့်ပေးလိုက်သည်ကို
အတိအကျမသိရှိရသေးပေ။ ယခုရက်ပိုင်း အတွင်း အင်တာနက် လွတ်လပ်မှုနှင့် ပတ်သက်သည့်
freedom house အဖွဲ့အစီရင်ခံစာထွက်ရှိလာပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ သုံးစွဲနိုင်ခြင်းဖြစ်သည်။
POP 3 ဟုနည်းပညာအခေါ်အဝေါ်အရ ခေါ်ဆိုသည့်
စနစ်မှာ မိမိ၏ အီးမေးလ် ဆာဗာမှ စာများကို မိမိကိုယ်ပိုင်သုံးစွဲသည့် ကွန်ပျူတာ ထဲသို့
ဆွဲယူထားရှိမည်ဖြစ်၍ အော့ဖ်လိုင်း (offline) ဖြစ်နေချိန်တွင်လည်း ၀င်ပြီးသား စာများ၊
တွဲလျက်ဖိုင်များကို ဖတ်ရှုနိုင်မည်ဖြစ်ကာ ၊ ပေးပို့လိုသည့် စာများကိုလည်း ရေးသား ပြင်ဆင်ထားနိုင်ပြီး
online ချိတ်ဆက်ချိန်တွင် အလိုအလျောက်ပို့ပေးသည့် စနစ်ဖြစ်သည်။
မြန်မာတယ်လီပို့၊ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း (အမ်ပီတီ)တို့တွင် .com.mm လိပ်စာများဖြင့်
ယင်းစနစ်ကို ယခင်ကတည်းက သုံးစွဲနိုင်ခဲ့သော်လည်း ၊ မြန်မာပေါ်တယ်အား လုံခြုံရေးအရ စိတ်မချခြင်းနှင့်
လူသုံးများသည့် Gmail , Yahoo, Hotmail ကဲ့သို့သော မေးလ်များကို သုံးစွဲခွင့်မရရန်
နည်းပညာအားဖြင့် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
ယခု POP 3 စနစ်က မေးလ်ကို မိမိကိုယ်တိုင်
အမြဲသုံးစွဲသည့် ရုံးသုံး၊ အိမ်သုံး ကွန်ပျူတာများတွင် ထည့်သွင်းသုံးစွဲရန် သင့်တော်ပြီး
အများသုံး အင်တာနက်ဆိုင်များတွင် သုံးစွဲရန်မသင့်တော်ပေ။
မြန်မာဖောင့်ဖြင့် မေးလ်ပို့သူ လက်ခံသူများအနေဖြင့်
မိုက်ခရိုဆော့ဖ် office outlook ထက် Mozilla Thunderbird ဆော့ဖ်ဝဲက ပိုမိုပြီး အဆင်ပြေကြောင်း
နည်းပညာကျွမ်းကျင်သူများက အကြံပြုပြောဆိုသည်။ POP 3 နည်းပညာ ဆော့ဖ်ဝဲ အများအပြားရှိရာတွင်
မိုက်ခရိုဆော့ဖ် outlook မှာ office နှင့်တတွဲထဲ တွဲလျှက်ပါရှိသည့် ဆော့ဖ်ဝဲဖြစ်သည်။
ယခုလ ၂၄ ရက်နေ့က နိုင်ငံတကာ အင်တာနက်နှင့်
လွတ်လပ်စွာပြောဆိုခွင့် ဆိုင်ရာ Freedom House အဖွဲ့ ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံအနေဖြင့်
ယခင်နှစ်ကထက် တိုးတက်မှုရှိလာသော်လည်း အင်တာနက် လွတ်လပ်ခွင့်မရှိသေးသည့် နိုင်ငံများစာရင်းတွင်
ပါဝင်နေဆဲဖြစ်သည်ကိုတွေ့ရသည်။
ပြီးခဲ့သည့်နှစ်က ပိတ်ပင်ထားသည့် ၀က်ဆိုက်အများအပြား
ဖွင့်ပေးလိုက်သော်လည်း အင်တာနက်အတွက် ကုန်ကျစရိတ်များပြားနေခြင်း က လူတိုင်း
သုံးစွဲနိုင်ရန်အခြေအနေတွက် အတားအဆီးများ ဖြစ်နေသည်ဟု ယင်းအစီရင်ခံစာတွင် ဖေါ်ပြထားသည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment