နိုင်ငံတကာသတင်း


အမေရိကန် သမ္မတရွေးပွဲ အကြိတ်အနယ် မဲဆွယ်လှုပ်ရှား


ဒီသီတင်းပတ်ထဲမှာ ဒီမိုကရက်တစ် ပါတီက မြောက်ကာရိုလိုင်းနား ပြည်နယ် ရှားလော့ (Charlotte) မြို့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတီညီလာခံ ကျင်းပဖို့ ပြင်ဆင်နေကြသလိုပဲ ဒီမိုကရက်တစ် ပါတီဝင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား (Barack Obama) ကရော သူ့ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း မစ်ရွန်မနီ (Mitt Romney) ကပါ တဘက်နဲ့ တဘက် အပြစ်တွေ ထောက်ပြပြီး မဲဆွယ် နေကြပါတယ်။

ပါတီ နှစ်ရပ်စလုံးက အမေရိကန်ပြည်ထောင်စုမှာ သူပြိုင်ကိုယ်ပြိုင် အနိုင်ကျဲရမယ့် ပြည်နယ်တွေ အတွက် စနေနဲ့ တနင်္ဂနွေ နေ့တွေမှာ မဲဆွယ်ခရီးတွေ ထွက်နေကြတာပါ။ သမ္မတ အိုဘားမားက  အိုင်အိုဝါ ပြည်နယ် (Iowa) နဲ့ ကော်လိုရာဒို (Colorado) ပြည်နယ်တွေကို သွားရောက် နေချိန်မှာပဲ  မစ္စတာ ရော်မနီကတော့ အိုဟိုင်းအိုး (Ohio) နဲ့ ဖလော်ရီဒါ (Florida) ပြည်နယ်တွေမှာ လူထုဟောပြောပွဲတွေ လုပ်ပြီး မဲဆွယ်ခဲ့ကြပါတယ်။

သမ္မတ အိုဘားမားဟာ အမေရိကန်ပြည်သူ ၂၃ သန်းကို အလုပ်လက်မဲ့ ဒါမှမဟုတ် အလုပ်လက်မဲ့ နီးပါး ဖြစ်စေခဲ့ပြီး သူပြောခဲ့သလို အမေရိကန် စီးပွားရေးကို ပြန်နလံထူလာအောင် လုပ်မပေးနိုင်ခဲ့ဘူး လို့ မစ္စတာ ရော်မနီက ဝေဖန်လိုက်ပါတယ်။ သူကတော့ အမေရိကန်နိုင်ငံ အတွက် အလုပ်ပေါင်း ၁၂ သန်း ဖန်တီးပေးဖို့ ရှိပြီး စွမ်းအင်ဆိုင်ရာမှာ အမေရိကန် နိုင်ငံအနေနဲ့ သူများကို မှီခိုမနေရအောင် လုပ်ဆောင်ပေးမယ်လို့ ပြောခဲ့ပါတယ်။

သမ္မတ အိုဘားမား ကတော့ မစ္စတာ ရော်မနီဟာ သူပြောနေကျ အမေရိကန် လူလတ်တန်းစားတွေ အတွက် ရပ်တည်ဖို့ မူဝါဒဟောင်းတွေကို  ပြီးခဲ့တဲ့ အပတ် ရီပတ်ဘလစ်ကင်ပါတီ ညီလာခံမှာ လိုက်ပြောခဲ့ပေမဲ့ အခု လောလောဆယ် ထောင်နဲ့ချီတဲ့ အမေရိကန် တပ်သားတွေ တာလီဘန်တွေနဲ့ အာဖဂန်မှာ စစ်ပွဲ ဆင်နွှဲနေတာကိုတော့ တလုံးမှ မပြောခဲ့ဘူးလို့ သူ့ရဲ့ အိုင်အိုဝါ (Iowa) က မဲဆွယ်ပွဲမှာ ဝေဖန်လိုက်ပါတယ်။

သမ္မတအိုဘားမားရဲ့ ဒီမိုကရက်တစ် ပါတီ မဲဆွယ်ရေး တာဝန်ခံ David Axelrod ကတော့  သမ္မတဟာ အရင် ရီပတ်ဘလစ်ကန် ပါတီဝင်တွေ မလုပ်နိုင်ခဲ့တဲ့ အမေရိကန် လူလတ်တန်းစားတွေ အတွက် ဦးစားပေး လုပ်ဆောင်မှု အတွက် ပြတ်ပြတ်သားသား ထုတ်ဖော် ပြောဆိုဖို့ ရှိတယ်လို့ Fox သတင်းဌာနကို မနေ့က ပြောကြားခဲ့ပါတယ်။




နေတိုးတပ်ဖွဲ့ဝင်များကို အာဖဂန် လုံခြုံရေးတပ်များ၏ တိုက်ခိုက်မှု မြင့်တက်လာခဲ့ပြီးနောက် အာဖဂန်ရဲများကို အမေရိကန် အထူးတပ်ဖွဲ့ဝင်များက လေ့ကျင့်ပေးမှုအား ယာယီရပ်ဆိုင်းခဲ့ပြီး လက်ရှိအာဖဂန် ရဲတပ်ဖွဲ့ဝင်များ၏ နောက်ကြောင်းကို စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဖဂန်ရဲများ အယောင်ဆောင်ထားသော အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နေတိုးတပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ရပ်ဆိုင်းမည့် ညွှန်ကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။  ရဲသားသစ် ၁၀၀၀ ခန့်ကို လေ့ကျင့်ပေးမှု ယာယီရပ်ဆိုင်းထားမည်ဖြစ်သော်လည်း အာဖဂန်နှင့် ပူးပေါင်းလုပ်ဆောင်နေမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အာဖဂန်အပေါ် ယုံကြည်မှုအပြည့်အ၀ရှိဆဲဖြစ်ကြောင်း နေတိုးဦးဆောင်သော အ ပြည်ပြည်ဆိုင်ရာ လုံခြုံရေးထောက်ပံ့တပ် ISAF မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး သောမတ်စ်ကောလင်းစ်က ပြောကြားခဲ့သည်။

ဆီးရီးယားမှာ တပတ်အတွင်း လူပေါင်း ၁,၆၀၀ သေဆုံး


ဆီးရီးယားနိုင်ငံမှာ အစိုးရတပ်တွေနဲ့ အတိုက်အခံတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ၁၈ လကြာ ကာလအတွင်း ပြီးခဲ့တဲ့ ရက်သီတင်းပတ်မှာ သေဆုံးရသူ ၁,၆၀၀ ဖြစ်သွားတာမို့  အသေအပျောက် အများဆုံး သီတင်းပတ်ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။ သေဆုံးရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်နေတယ်လို့ UNICEF အဖွဲ့ ပြောခွင့်ရ ပက်ထရစ် မက်ကော်မစ် (Patrick McCormick) က ပြောပေမဲ့ အတိအကျကိုတော့ ထုတ်မပြောပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သမ္မတ Bashar al-Assad အာဆတ်ရဲ့ တပ်တွေက သူ့ကို ဆန့်ကျင်သူတွေကို လေကြောင်းကပါ ချေမှုန်းတာတွေ လုပ်လာခဲ့တာမို့ သေဆုံးသူ အရေအတွက် ၁၀၀ ကနေ ၂၀၀ လောက် အထိ ရှိနိုင်တယ်လို့ ဆီးရီးယား အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီဒေသထဲကို နိုင်ငံခြား သတင်းထောက်တွေ ၀င်ခွင့်မပေးတဲ့ အတွက်  အစိုးရဘက်ကရော အတိုက်အခံ ဘက်ကပါ ပြောကြားနေတဲ့ နေ့စဉ်သေဆုံးရသူ အရေအတွက် နဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက်ရဖို့ သိပ်ကို ခဲယဉ်းပါတယ်။

ဆီးရီးယား နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဘက် တိုက်ခိုက်မှုတွေ ထဲမှာ  သြဂုတ်လ တလထဲ အတွက် သေဆုံးရ သူပေါင်း ၅,၀၀၀ လောက် ရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် မတ်လမှ လူထုအုံကြွမှု စတင်ခဲ့ချိန်ကစလို့ အသေအပျောက် အများဆုံးလ ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့ အများအပြားက ပြောပါတယ်။

တနင်္ဂနွေနေ့ ကတော့  ဒမတ်စကတ် မြို့တော်ထဲက လုံခြုံရေး ၀င်းနားမှာ ဆီးရီးယား လွတ်မြောက်ရေး အတိုက်အခံ သူပုန်အဖွဲ့ရဲ့ လက်ချက်နဲ့ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား အစိုးရ သတင်းမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မြို့တော် ဆင်ခြေဖုံး ဒေသမှာ စနေနေ့ ညပိုင်း ကားဗုံး ပေါက်ကွဲမှုကနေ ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဆီးရီးယား မြို့တော် ဒမတ်စကတ် ၀န်းကျင်မှာ မကြာခင် လတွေအတွင်း သမ္မတ အာဆတ် အစိုးရရဲ့ လုံခြုံရေး ချထားတဲ့ နေရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်လာတာ တွေ့ရပါတယ်။




ဆီးရီးယားအတိုက်အခံတော် လှန်ရေးသမားများသည် စစ်ဘက်၏လေကြောင်းမှ တိုက်ခိုက်မှုများ၊ အရပ်သားများအပေါ် ဗုံးကြဲမှုများ ဟန့်တားနိုင်ရေးအတွက် စစ်ဘက် လေတပ်အခြေစိုက်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း အတိုက်အခံတစ်ဦးက စက်တင်ဘာလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဒီယာအက်ဇိုအာပြည်နယ်၏ နယ်စပ်မြို့ အယ်ဘူကာမယ်ရှိ လေတပ်ကာကွယ်ရေးစခန်းတစ်ခုကို အတိုက်အခံ တိုက်ခိုက်ရေးသမားများက ထိန်းချုပ်ထားကြောင်း ဆီးရီးယား လွတ်မြောက်ရေးတပ်မတော် (FSA) မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အတည်ပြုခဲ့သည်။ ယင်းစခန်းကို အသုံးပြု၍ အစိုးရက အရပ်သား များနေထိုင်သောနေရာများသို့ လေ ကြောင်းထိုးစစ်များ ဆင်နွှဲလေ့ရှိ ကြောင်း သိရသည်။
အခြားလေတပ်စခန်းနှစ်ခုကိုမူ စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်ပူးတွဲသံတမန် Lakhdar Brahimi က တစ်နှစ်ခွဲကျော် ကြာမြင့်လာခဲ့သော ဆီးရီးယား နိုင်ငံရေးပဋိပက္ခ ပြေလည်စေရေးအတွက် အပြောင်းအလဲ လုပ်ကိုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပထမဆုံးအနေဖြင့် နိုင်ငံတွင်းရှိ သက်ဆိုင်သူအားလုံး အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် တိုက်ခိုက်မှုများကြောင့် မြို့တော် ဒမတ်စကတ်တစ်ဝိုက်တွင် သေဆုံးသူ ၅၅ ဦးအပါအ၀င် နိုင်ငံတစ်ဝန်း သေဆုံးသူအနည်းဆုံး ၁၆၂ ဦးရှိကြောင်း အတိုက်အခံများက ထုတ်ပြန်ခဲ့သည်။
ဒမတ်စကတ်မြို့စွန်ရှိ ခါဖာဘတ်နာရှိ ဆေးရုံးတစ်ခုကို အစိုးရတပ်များက ၀င်ရောက်စီးနင်းခဲ့မှု ကြောင့် ဆေးရုံဝန်ထမ်းတစ်ဦးသေ ဆုံးခဲ့ကြောင်း သိရသည်။




ဖိလစ်ပိုင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ်လ ၃၁ရက်နေ့က ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့သောကြောင့် ဆူနာမီ အသေးစား ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

ရစ်ခ်ျတာစကေး ၇ ဒသမ ၆ ရှိသော ငလျင်သည် သြဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းက အရှေ့ဆာမာပြည်နယ် Guiuan ကမ်းရိုးတမ်းမြို့၏ အရှေ့တောင်ဘက် ၆၅ မိုင်အကွာ ရေအောက်မိုင် ၂၀ တွင် ဗဟိုပြုပြီး လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က ထုတ်ပြန်သည်။ဆူနာမီ လှိုင်းလုံးများသည် Surigao del Norte ပြည်နယ်တွင် ခြောက်၊ ခုနစ်လက်မမှ တစ်ပေခွဲအထိရှိခဲ့ပြီး Davao နှင့် Legaspi မြို့များတွင် ဆူနာမီလှိုင်းလုံးများသည် တစ်လက်မသာရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် ထိန်းချုပ်ရေးကောင်စီက ပြောကြားခဲ့သည်။ယင်းဆူနာမီ လှိုင်းလုံးများကြောင့် ပျက်စီးဆုံးရှုံးမှုမရှိခဲ့သော်လည်း ငလျင်ကြောင့် မြေပြိုမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

''ငလျင်လှုပ်နေတုန်း မိုးရွာနေတဲ့အတွက် မြေပြိုမှုတွေ ဖြစ်လာရတာပါ''ဟု အရပ်ဘက်ကာကွယ်ရေးဌာန အကြီးအကဲ ဘီနီတိုရာမို့စ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန် ဘူမိလေ့လာရေးအဖွဲ့မှ ငလျင်ပညာရှင် ပေါအာလီက ငလျင်သည်ပြင်းထန်သော်လည်း မြေပြင်နှင့် အတော်လှမ်းသောနေရာတွင် လှုပ်ခတ်ခဲ့သောကြောင့် ပျက်စီးမှုများပြားခြင်း မရှိခဲ့ကြောင်းနှင့် ကုန်းတွင်းပိုင်းတွင် ယင်းပမာဏဖြင့် လှုပ်ခတ်ပါက ပျက်စီးမှု အလွန်များပြားနိုင်ကြောင်း ပြောကြားခဲ့သည်။




တရုတ် အာဏာရကွန်မြူနစ်ပါတီသည် ယခုနှစ်ကုန်ပိုင်းတွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ်ရန် စီစဉ်ထားရာ အဓိကရာထူးတစ်နေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာက စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံအနောက်တောင်ပိုင်းရှိ ကွေကျိုးပြည်နယ် ပါတီခေါင်းဆောင်ဟောင်းဖြစ်သော အသက် ၆၂ နှစ်ရှိ လီကျန်းရှုကို ကွန်မြူနစ်ပါတီ၏ သြဇာကြီးသော ပေါ်လစ်ဗျူရို၏ ရုံးကို ဦးဆောင်ရန် စက်တင်ဘာလ ၁ ရက်နေ့တွင် ခန့်အပ်ခဲ့ကြောင်း People's Daily က သတင်းထုတ်ပြန်ခဲ့ပြီး ပါတီ၏ နေ့စဉ်တာဝန်များကို တာဝန်ခံရသည့် ရာထူးဖြစ်ကြောင်း သိရသည်။

လီမှာ ဟူကျင်တောင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ဒုတိယသမ္မတ ရှီကျင်းပင်နှင့်လည်း ဆက်ဆံမှုရှိကြောင်း၊ ထို့ပြင် လီသည် ပေကျင်းတွင် သြဇာကြီးသူတစ်ဦးဖြစ်သည့်အတွက် ဟူအနေဖြင့် လီကဲ့သို့ လူတစ်ဦးကို လိုအပ်ကြောင်း ပေကျင်း အခြေစိုက် အကြံပေးနှင့် Sinocism China Newsletter ရေးသားသူ Bill Bishop က သုံးသပ်ခဲ့သည်။ လာမည့်သီတင်းပတ်များအတွင်း ပြုလုပ်ဖွယ်ရှိသော ပါတီကွန်ဂရက်တွင် သမ္မတဟူသည် ပါတီ၏ အကြီးဆုံးရာထူးဖြစ်သော ပါတီအတွင်းရေးမှူးချုပ်ရာထူးမှ နုတ်ထွက်မည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင်ပြုလုပ်မည့် လွှတ်တော်ဆွေးနွေးပွဲ၌ ဟူသည် သမ္မတရာထူးမှ နုတ်ထွက်မည်ဖြစ်သည်။




ကွန်မြူနစ်တရုတ်ကို ချီးမြှောက်ထားသော ပြဋ္ဌာန်းစာအုပ်သစ်အား စာသင်နှစ်မစတင်မီ အစိုးရက ပြန်လည်ဖယ်ရှားပေးရန် တွန်းအားပေးသည့်အနေဖြင့် မိဘများနှင့် ကျောင်းသားများပါဝင်သော လူ ၄၀၀၀၀ ခန့် က ဟောင်ကောင်တွင် စက်တင်ဘာလ ၁ ရက်က စုဝေးဆန္ဒပြခဲ့ကြသည်။

မိုးရေထဲတွင် ဆန္ဒပြသူများက အစိုးရရုံးအပြင်ဘက်၌ စုရုံးခဲ့ကြပြီး ဆန္ဒပြသူ ၄၀၀၀၀ ခန့်ရှိသည်ဟု ပုဂ္ဂလိကရုပ်သံ RTHK က ထုတ်လွှင့်ခဲ့သော်လည်း ရဲတပ်ဖွဲ့ကမူ ဆန္ဒပြသူ ၈၁၀၀ ခန့်သာရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လကလည်း လူ ၉၀၀၀၀ ခန့်က ယင်းပြဋ္ဌာန်းစာအုပ်သစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရထားသော ဟောင်ကောင်တွင် ကလေးများအပေါ် တရုတ်က ၀ါဒဖြန့်ချိရန်ကြိုးပမ်းမှုအဖြစ် စွပ်စွဲခဲ့ကြသည်။   

စာသင်နှစ်စတင်မည့် စက်တင်ဘာလ ၄ ရက်မတိုင်မီ ယင်းကဲ့သို့ ဒုတိယအကြိမ်မြောက် ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကျောင်းများတွင် ယင်းပြဋ္ဌာန်းစာအုပ်သစ်မှ သင်ခန်းစာများကို ယခုအချိန်တွင် မိတ်ဆက်သဘောလောက်သာ သင်ပေးရန် အစိုးရက ညွှန်ကြားထားပြီး ၂၀၁၆ ခုနှစ်တွင် ကျောင်းအားလုံး၌ မသင်မနေရစနစ်ဖြင့်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။

သို့သော် ဒေသခံသတင်းမီဒီယာအချို့၏ ထုတ်ပြန်မှုအရ ကျောင်းအများစုတွင် ယင်းသင်ခန်းစာများကို ယခုနှစ်အတွင်း မိတ်ဆက်ပေးသွားရန် အစီအစဉ်မရှိကြောင်း သိရသည်။ သဘောထား အမြင်အမျိုးမျိုးကို အစိုးရက လက်ခံနားထောင်ပေး သွားမည်ဟု ပညာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သော်လည်း ယင်းပြဋ္ဌာန်းစာအုပ်သစ်ကို ပယ်ဖျက်ပေးမည့်အရိပ်အယောင်ကိုပင် မပြသခဲ့ပေ။

ကျောင်းသားအရေး လှုပ်ရှားသူသုံးဦးက ယင်းပြဋ္ဌာန်းစာအုပ်သစ်အပေါ် ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် အစာငတ်ခံဆန္ဒပြမှုကို သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး စက်တင်ဘာလ ၃ ရက် ညသန်းခေါင်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                        http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment