နိုင်ငံတကာသတင်း



တောင်ကိုရီးယား အတိုက်အခံ လက်ဝဲယိမ်း ဒီမိုကရက်တစ်ညီညွတ်ရေးပါတီက သမ္မတရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကို စက်တင်ဘာလ ၁၆ ရက်တွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။
သမ္မတဟောင်းနိုမူဟွန်း၏ အကြီးတန်းလက်ထောက်တစ်ဦးဖြစ်သူ Moon Jae-In ကို ဒီဇင်ဘာလ ၁၉ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲအတွက် အတိုက်အခံပါတီက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်းပြုလုပ်ခဲ့သော အကြိုရွေးကောက် ပွဲ ၁၃ ခုတွင် Moon က မဲခြောက်သိန်းခန့် (၅၆ ရာခိုင်နှုန်း) ရရှိကာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
သမ္မတလက်ထောက်များပါ ပါဝင်နေသော အဆုံးမရှိသည့် အကျင့်ပျက်ခြစားမှုများကို မိမိတို့ ရင်ဆိုင်နေရသလို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေများမှာလည်း နောက်ပြန်လှည့်နေကြောင်း၊ ယခုအချိန်မှာ ရှေ့သို့ ပြန်လည်ချီတက်ရမည့် အချိန်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ အားကစားရုံတွင် ထောက်ခံသူထောင်ပေါင်းများစွာကို Moon က ပြောကြားခဲ့သည်။
သူအနိုင်ရခဲ့ပါက မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့သည်။ လူမှုဖူလုံရေး အသုံးစရိတ်များကို တိုးမြှင့်သွားမည်ဟုလည်း ကတိပေးခဲ့သည်။ အတိတ်က အစိုးရတိုက်ရိုက်ညွှန်ကြားမှုဖြင့် ကြီးထွားလာခဲ့သော ကော်ပိုရေးရှင်းကြီး အနည်းစုသာ လွှမ်းမိုးချုပ်ကိုင်ထားသည့် စီးပွားရေးစနစ်ကို အလုံးစုံစစ်ဆေးမှု ပြုလုပ်သွားမည်ဟုလည်း ကတိပြုခဲ့သည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မှုဖြင့် ၁၉၇၀ ပြည့်နှစ်တွင် ထောင်ကျခဲ့သော အသက် ၅၉ နှစ်ရှိ Moon သည် စစ်အာဏာရှင်ဟောင်းပတ်ချုံဟီး၏ သမီးဖြစ်သူ အာဏာရကွန်ဆာဗေး တစ်ပါတီကိုယ်စားပြု Park Geun-Hye နှင့် သမ္မတရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။



ကမ္ဘောဒီးယား ခမာနီအစိုးရလက်ထက်  အစိုးရနှင့် သြဇာကြီး ဗဟိုကော်မတီတွင်ပါ အဖွဲ့ဝင်တစ်ဦး မဟုတ်သော်လည်း သြဇာလွှမ်းမိုးမှုရှိသော Ieng Thirith ကို ရုံးတင်စစ်ဆေးနိုင်လောက်သော ကျန်းမာရေး အခြေအနေ မကောင်းမွန်သဖြင့် ကုလကျောထောက်နောက်ခံပြု စစ်ရာဇတ်မှုဆိုင်ရာခုံရုံးက စက်တင်ဘာလ ၁၆ ရက်တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ခမာနီအစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီး၏ ဇနီးဖြစ်သူ အသက် ၈၀ နှစ်ရှိ Thirith သည် အယ်လ်ဇိုင်းမားရောဂါခံစားနေရပြီး တရားရုံးတွင် သီးသန့်ပြုလုပ်ထားသော ထိန်းသိမ်းရေးစင်တာ၌ ဖမ်းဆီးထားမှုမှ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
Thirith ကို ၂၀၀၇ ခုနှစ်ကတည်းက ယင်းနေရာတွင် ဖမ်းဆီးထားခြင်းဖြစ်သည်။ ယခုပြန်လွှတ်ပေးမှုမှာ ယာယီဖြစ်ကြောင်း တရားရုံးပြောခွင့်ရပုဂ္ဂိုလ် Neth Pheaktra က ပြောကြားခဲ့သည်။
Thirith သည် ခမာနီအစိုးရလက်ထက် ကြမ်းကြုတ်ရက်စက်မှု လုပ်ရပ်များအတွက် ရုံးတင်စစ်ဆေးခံရသူ လက်တစ်ဆုပ်စာတွင် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ခမာနီအစိုးရအုပ်ချုပ်ခဲ့သော လေးနှစ်အတွင်း လူနှစ်သန်းအထိ အသတ်ခံခဲ့ရပြီး Thirith ကို လွှတ်ပေးမှုမှာ ယင်းဖြစ်စဉ်အတွင်း အသက်ရှင်ကျန်ခဲ့သူများအတွက် လက်မခံနိုင်စရာ ဖြစ်လာမည်ဖြစ်သည်။
Thirith ကို လွှတ်ပေးရန် တရာရုံးက စက်တင်ဘာလ ၁၃ ရက်တွင် ညွှန်ကြားခဲ့ပြီးဖြစ်သော်လည်း အစိုးရရှေ့နေများက တင်းကျပ်သော ကန့်သတ်မှုများ ထပ်မံတောင်းဆိုခဲ့သဖြင့် လွှတ်ပေးရေးမှာ နှောင့်နှေးနေခဲ့ကာ စက်တင်ဘာလ ၁၆ ရက်တွင်မှ ပြန် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းတရားရုံးက ချမှတ်ခဲ့သော ကန့်သတ်မှုများအရ Thirith သည် သူနေထိုင်မည့် အိမ်လိပ်စာကို အသိပေးရမည့်အပြင် ပတ်စပို့နှင့် အခြားခရီးသွား စာရွက်စာတမ်းများ အသုံးပြုခွင့်ရတော့မည်မဟုတ်ကြောင်း Neth Pheaktra က ပြောကြားခဲ့သည်။



နယ်မြေပိုင်နက် အငြင်းပွားနေသော အာရှနိုင်ငံများအနေဖြင့် တစ်ဘက်နှင့်တစ်ဘက် ရန်လိုသောအပြုအမူများ ဆက်လက်လုပ်ဆောင်နေပါက တရုတ်နှင့် အာရှနိုင်ငံအချို့အကြား စစ်ဖြစ်သွားနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လီယွန်ပန်နက်တာက စက်တင်ဘာလ ၁၆ ရက်တွင် သတိပေးပြောကြားခဲ့သည်။
ပန်နက်တာက အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့ရှိ နယ်မြေများ ပိုင်ဆိုင်မှုအတွက် ဆက်ဆံရေး တင်းမာနေသော နိုင်ငံများအနေဖြင့် စိတ်လိုက်မာန်ပါမလုပ်ကြရန် တောင်းဆိုခဲ့သည်။ ရန်လိုသည့် အပြုအမူများ ဆက်လက်လုပ်ဆောင်နေပါက အတွက်အချက်မှား၊ နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ကာ အကြမ်းဖက်မှု၊ ပဋိပက္ခအသွင်သို့ ကူးပြောင်းသွားနိုင်ကြောင်း သူက ပြောကြားခဲ့သည်။
အာရှအကြီးဆုံး စီးပွားရေးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့်ဂျပန်အကြား ဂျပန်အခေါ် ဆင်ကာကူကျွန်းစုများ သို့မဟုတ် တရုတ်အခေါ် Diaoyu ကျွန်းစုများနှင့်ပတ်သက်ပြီး ဆက်ဆံရေး တင်းမာမှုမြင့်တက်နေချိန်တွင် ပန်နက်တာက ဂျပန်၊ တရုတ်၊ နယူးဇီ လန်တို့သို့ သွားရောက်မည်ဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသတွင် သယံဇာတများ ပေါများကြွယ်ဝလှသဖြင့် အနာဂတ်တွင်လည်း ယင်းအာရှပြိုင်ဘက် နှစ်နိုင်ငံအကြား မပြေလည်မှုများ ပိုမိုကြုံလာရနိုင်ကြောင်း ပန်နက်တာက ခန့်မှန်းပြောကြားခဲ့သည်။
ပန်နက်တာခရီးစဉ်မှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ အာရှပစိဖိတ်ဒေသအပေါ် ပြန်လည်အာရုံစိုက်ရေး ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသတွင် ထပ်ခါတလဲလဲ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အာရှတွင် လွှမ်းမိုးနိုင်ရန်အတွက် လုံလောက်သော ရင်းမြစ်များ ရှိ၊ မရှိမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံတစ်ဝန်း ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်ပွား

ဆင်ကာကူကျွန်းစုရှိ ကျွန်းစုသုံးခုကို ဂျပန်အစိုးရက ၀ယ်ယူခဲ့ပြီးနောက် တရုတ်နိုင်ငံ တစ်ဝန်းရှိ မြို့ဒါဇင်များစွာတွင် ဂျပန်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အချို့နေရာများတွင် အကြမ်းဖက်များ ဖြစ်ပွားခဲ့သည်။ ဒေါသထွက်နေသော လူ အုပ်များသည် ဂျပန်စတိုးများ၊ စားသောက်ဆိုင်များကို ဖျက်ဆီးခြင်း၊ ဂျပန်လုပ်ကားများကို မီးရှိုခြင်း၊ ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တရုတ်လူမှုကွန်ရက် ၀က်ဘ်ဆိုက်များတွင် ဓာတ်ပုံများတင်ခဲ့ကြသည်။
စက်တင်ဘာလ ၁၅ ရက်တွင် ပေကျင်းရှိ ဂျပန်သံရုံးအပြင်ဘက်၌ ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြသူထောင် ပေါင်းများစွာက ပုလင်းများ၊ ကြက်ဥများဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၁၆ ရက်တွင် Shenzhen မြို့၌ လုံထိန်းရဲများနှင့် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့မှုကို ဟောင်ကောင်ရုပ်သံလိုင်းတစ်ခုက ပြသခဲ့သည်။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း တရုတ်ရှိ ဂျပန်နိုင်ငံသားအချို့မှာ တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဂျပန်လူမျိုးများကို တရုတ်ဥပဒေအရ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်နိုဒါကလည်း တရုတ်ရှိ ဂျပန်နိုင်ငံသားများ၊ ဂျပန် စီးပွားရေးလုပ်ငန်းများ ဘေးကင်းမှု ရှိစေရေးအတွက် အာမခံချက်ပေးရန် စက်တင်ဘာလ ၁၆ ရက်တွင် တောင်းဆိုခဲ့သည်။
တရုတ်တွင် ဆန္ဒပြမှုများကို ခွင့်ပြုခဲပြီး စက်တင်ဘာလ ၁၅ ရက်က ပေကျင်းတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှု၌ ရဲများသည် ဆန္ဒပြသူများနှင့်အတူလိုက်ပါပြီး လမ်းများကို ပိတ်ဆို့ရမည့်အစား ဆန္ဒပြမှုတွင်ပါဝင်ကြရန် ရပ်ကြည့်နေသူများကို တိုက်တွန်းခဲ့မှုရှိ ခဲ့ကြောင်း သိရသည်။
တရုတ်ဆိုင်ရာ ဂျပန်သံအမတ်သစ်အဖြစ် စက်တင်ဘာလ ၁၀ ရက်ကမှ ခန့်အပ်ခံရသော Shinichi Nishimiya သည် စက်တင်ဘာလ ၁၂ ရက်တွင် လဲကျခဲ့ပြီးနောက် ဆေးရုံသို့ ပို့ခဲ့ရသည်။ Nishimiya မှာ စက်တင်ဘာလ ၁၆ ရက်တွင် ကွယ်လွန် ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။




တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားခဲ့သော အိုကီနာဝါစီရင်စုရှိ ဆင်ကာကူကျွန်းစု၏ ကျွန်းသုံးခုအတွက် ပြုလုပ်မည့် အစီအစဉ်များကို ဂျပန်အစိုးရက ရေးဆွဲနေသည်။ ယင်းကျွန်းစုများကို ပိုင်သည်ဟု ဂျပန်ကလက်ခံထားသော ပိုင်ရှင်များထံမှ ယန်း ၂ ဒသမ ၀၅ ဘီလျံဖြင့် အစိုးရက ၀ယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။
ယင်းဝယ်ယူခဲ့သော ကျွန်းများအတွက် အစီအစဉ်များကို ရေးဆွဲထားပြီး အစီအစဉ်တစ်မှာ ယင်းကျွန်းများကို မူလအတိုင်းထားရှိရန်ဖြစ်ကာ အစီအစဉ်နှစ်အရ ကျွန်းတစ်ဝိုက် သဘာဝပတ်ဝန်းကျင် ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ရန်ဖြစ်သည်။ အစီအစဉ်သုံးမှာ ကျွန်းသုံးခုအနက် Uotsurijima ကျွန်းပေါ်ရှိ မီးပြတိုက်ကို LED မီးလုံးများဖြင့် အစားထိုးရန်ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ်နိုဒါက အစီအစဉ် နှစ်နှင့်သုံးကို ပြုလုပ်ရန် စိတ်ဝင်စားခဲ့သော်လည်း တရုတ်နှင့် တင်းမာမှု မြင့်တက်မည်စိုးသဖြင့် အစိုးရတာဝန်ရှိသူများက စည်းရုံးရာတွင် နောက်ဆုံး၌ အစီအစဉ်တစ်ကိုသာပြုလုပ်ရန် နိုဒါက လိုက်လျောခဲ့သည်။

အစီအစဉ်လေးမှာ ယင်းကျွန်းများပေါ်တွင် ငါးဖမ်းလှေများအတွက် ခိုနားရန် အဆာက်အအုံ တည်ဆောက်ရန်ဖြစ်ပြီး တိုကျိုအုပ်ချုပ်ရေးမှူးရှင် တာရိုအီရှီဟာရာကလည်း ထောက်ခံခဲ့သည်။ အစီအစဉ်ငါးမှာ ယင်းကျွန်းစုတစ်ဝိုက် အဏ္ဏ၀ါရင်းမြစ်များကို Survey လုပ်ရန်ဖြစ်သည်။ အစီအစဉ်ခြောက်မှာ ယင်းကျွန်းစုတစ်ဝိုက်ပေါ်တွင်  Self-Defence Force ချထားရန်ဖြစ်သည်။



တရုတ်သည် ဂျပန်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ကျွန်းစုအား စက်တင်ဘာလ ၁၄ ရက်နေ့က သင်္ဘောခြောက်စင်းစေလွှတ်ခဲ့ကြောင်း သိရှိရသည်။
တရုတ်၏ ပြောကြားချက်အရ ယင်းကဲ့သို့ စေလွှတ်ခဲ့ခြင်းသည် တရုတ်တို့၏ ကျွန်းစုပေါ်တွင် အာဏာသက်ရောက်မှုကို ပြသရန်ဖြစ်ကြောင်း သိရှိရသည်။ မကြာသေးမီကပင် အဆိုပါကျွန်းစုအား ပိုင်ဆိုင်သည်ဟု ဂျပန်ဘက်က လက်ခံထားသည့် ဂျပန်မိသားစုထံမှ ဂျပန်အစိုးရက ၀ယ်ယူခဲ့ပြီးဖြစ်သည်။
ယင်းကဲ့သို့ စီးပွားရေးအင်အား အကြီးဆုံးနှစ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ ပြင်းထန်သော အငြင်းပွားမှုများကြောင့် တရုတ်နိုင်ငံတွင် နေထိုင်နေသော၊ အလည်အပတ်ရောက်ရှိနေသော ဂျပန်နိုင်ငံသားများကို တိုက်ခိုက်ခံရမှုများလည်း ဖြစ်ပွားခဲ့သည်။
ဂျပန်စီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာနှင့် ဂျပန်ခရီးသွားများ လာရောက်ရာ ရှန်ဟိုင်းရှိ ဂျပန်ကောင်စစ်ဝန်ရုံးတွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်ပြီး လာရောက်တိုင်ကြားမှုများ ရှိလာခဲ့ပြီးနောက် တရုတ်သို့ ခရီးသွားသော၊ တရုတ်တွင်နေထိုင်သော ဂျပန်လူမျိုးများအတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
ယင်းကဲ့သို့ သင်္ဘောများစေလွှတ်ခြင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သင်္ဘောများသည် နိုင်ငံပိုင်၏အချုပ်အခြာအာဏာပိုင် နယ်မြေအတွင်းသွားလာကြခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဂျပန်တို့ဘက်မှလည်း  တရုတ် နိုင်ငံရှိ ဂျပန်လူမျိုးများ၏ လုံခြုံရေးအား အစွမ်းကုန်ကူညီပေးရန် တိုက်တွန်းခဲ့သည်။ ရှန်ဟိုင်းတွင် ညပိုင်း ညစာစားသောက်နေကြသော ဂျပန်များသည် ပုလင်းများ၊ အစားအသောက်များနှင့် ပစ်ပေါက်ခံခဲ့ရမှုများ ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်နှစ်ခုတွင်ဆိုလျှင် ''မင်းဂျပန်လား''ဟု သေသေချာချာမေးပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှန်ဟိုင်းရှိ ဂျပန်သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် အတွင်းရေးမှူးသည် သတင်းစာရှင်းလင်းပွဲတွင် တရုတ်သင်္ဘောခြောက်စင်းလွှတ်သည့်ကိစ္စသည် မကြုံဖူးသည့်ကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးအားလည်း တရုတ်သံအမတ်အားဆင့် ခေါ်စေပြီး ဆန္ဒပြပွဲများအား ထိန်းချုပ်ပေးရန် ပြောကြားခဲ့သည်။



LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment