မြန်မာသတင်းများ  စက်တင်ဘာ ၀၂၂၀၁၂




ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည် ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သမ္မတရုံး ဝန်ကြီးနှစ်ဦး ဖြစ်သည့် ဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ကိုမိုးသီးဇွန်၊ ဒေါက်တာနိုင်အောင်၊ ကိုထွန်းအောင်ကျော် စသည့် အဖွဲ့တို့ပါဝင်ပြီး ဦးလှမောင်ရွှေ၊ ဦးဇာဂနာတို့လည်း ပါဝင်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံကို ၂၀၁၁ ခုနှစ် မတ်လကစပြီး အစိုးရ အဖွဲ့သစ်က ပြုပြင်ပြောင်းလဲမှု ဆက်တိုက် လုပ်ဆောင်နေပါတယ်။ အရင်အစိုးရ လက်ထက်မှာ ခင်ဗျားတို့ဟာ Black List ဖြစ်နေပေမယ့် အစိုးရသစ် လက်ထက်မှာတော့ ခင်ဗျားတို့က Black List မဟုတ်တော့ပါဘူး။ အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ အားလုံးပါဝင်နိုင်အောင် လုပ်ဆောင်နေတာပါ။ ခင်ဗျားတို့ကလည်း ကျွန်တော်တို့ သိက္ခာမကျအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆိုတာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ" ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲကို ကိုမိုးသီးဇွန်နှင့်အဖွဲ့က စက်တင်ဘာ ၃ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ် ခံထားရသူများကို စာရင်းမှ ပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟိုဥက္ကဌဟောင်းများ ဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နှင့် ကိုထွန်းအောင်ကျော်တို့ အဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်များ၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။

နာမည်ပျက်စာရင်းနှင့် စောင့်ကြည့်စာရင်းများ ဆက်ရှိနေဦးမည်


နာမည်ပျက်စာရင်း(Black List)များ ထပ်မံ ပယ်ဖျက်ပေးသွားမည် ဖြစ်သော်လည်း ယင်းစာရင်း ဆက်လက် ရှိနေဦးမည်ဖြစ်ပြီး စောင့်ကြည့် (Watch List) စာရင်းများ လည်း ရှိနေဦးမည်ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြော သည်။ “Black List မှာ ဆက်လက် တည်ရှိနေသေးတဲ့ စာရင်းတွေကို သက်ဆိုင်ရာဌာနတွေ၊ တာဝန်ရှိသူတွေက ဆက်လက်ပြီး စိစစ်သွားမှာပါ။ ဒီစာရင်းကို အစဉ်အမြဲ Update (နောက်ဆုံးအခြေအနေ)လုပ်နိုင်အောင်လည်း Review Process (ပြန်လည်သုံးသပ်မှု)က ရှိနေမှာပါ။ နောက်ထပ်လည်း စာရင်းက ထပ်မံလျှော့ပေးတာတွေ ရှိမှာပါ။ အချိန်အတိအကျ ဘယ်တော့လဲ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး”ဟုလည်း သူ က ဆိုသည်။
မြန်မာနိုင်ငံတွင် နာမည်ပျက်စာရင်းကို တရားဝင်ထုတ်ပြန်လိုက်ခြင်းသည် ယခု ပထမဆုံး အကြိမ်ဖြစ်ပြီး ယခင် အစိုးရ အဆက်ဆက်က နာမည်ပျက်စာရင်း သတ်မှတ်ထားခဲ့သည်များကို လျှို့ဝှက်ထားလေ့ရှိသည်။
သမ္မတရုံးက သြဂုတ်လ ၃၀ ရက်နေ့စွဲဖြင့် နာမည်ပျက်စာရင်းဝင် ၆၁၆၅ ဦးမှ ၂၀၈၂ ဦးကို ပယ်ဖျက်ခဲ့ရာ နိုင်ငံခြားသား ၁၁၄၇ ဦး၊ မြန်မာနိုင်ငံသား ၉၃၅ ဦး အမည်စာရင်းကို ထုတ်ပြန်ခဲ့သည်။ ယခုအခါ နာမည်ပျက်စာရင်းတွင် လူပေါင်း ၄ ထောင်ကျော် ကျန်ရှိနေသေးသည်။
ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသည့် MPU, FTUB, AAPP, NDD, DPNS, BSLO, မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ ညီညွတ်သော တိုင်းရင်းသားလူငယ်များ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာအမျိုးသမီးများ သမဂ္ဂ၊ ကရင်အမျိုးသမီး အစည်းအရုံး အစရှိသည့်အဖွဲ့များ၊ လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို နာမည်ပျက်စာရင်းမှ ပယ်ဖျက် ပေးထားသည်။
ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းမှာ သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားမှုကြောင့် ဖြစ်ပြီး သက်ဆိုင်ရာ ၀န်ကြီး ဌာနများက ပဏာမ တင်ပြလာသည့် စာရင်းကို သမ္မတရုံးက စိစစ်ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။
“အရင်က မြန်မာနိုင်ငံကို ဖိအားပေး တိုက်ခိုက်ခဲ့တဲ့ လူ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေဟာ အခုဆိုရင် အပြုသဘောဖြစ်လာပြီး အကူ အညီတွေ ပေးလာခဲ့ပါပြီ။ ဒါပေမယ့် စာရင်းမှာတော့ သူတို့ဟာ Black List, Watch List စသည်ဖြင့် ရှိနေဆဲပါ”ဟုလည်း သူက ပြောဆိုသည်။
နာမည်ပျက်စာရင်းမှ ပယ်ဖျက်ထားသူများ မြန်မာနိုင်ငံ ပြန်လာနိုင်ရန် အစီစဉ်များ ပြုလုပ်ထားသည်ဟုလည်း အစိုးရ ထုတ်ပြန် ချက်တွင် ပါရှိသည်။ သို့သော် တခြား နိုင်ငံတခုတွင် ခိုလှုံသွားသည့် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် နာမည်ပျက်စာရင်း သွင်းထားသူများကို လတ် တလောတွင် စာရင်းမှ ပယ်ဖျက်ပေးရန် အစီအစဉ် မရှိသေးကြောင်းလည်း ဦးဇော်ဌေးက RFA ရေဒီယို ကို ပြောဆိုသည်။
“နိုင်ငံတော် လျှို့ဝှက်ချက်၊ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံရေးခိုလှုံသွားတာတွေ တချို့ဆိုးဆိုးရွားရွားကြီးတွေပေါ့နော်။ အဲလိုဟာတွေ ဆိုရင်တော့ လွှတ်ထားရမှာပေါ့နော်”ဟု ဦးဇော်ဌေးက ပြောသည်။
ထိုပြောဆိုချက်သည် တခြားနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းသွားသော သံအမတ် ဟောင်းများ၊ စစ်တပ် အရာရှိဟောင်းများစသည့် ပုဂ္ဂိုလ်များကို သတ်မှတ်နိုင်သည်ဟု မန္တလေးမြို့က ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“နိုင်ငံရေးခိုလှုံသူတွေကို နံမည်ပျက်စာရင်းသတ်မှတ်ဖို့တော့ ဥပဒေမှာ မရှိပါဘူး။ ဥပဒေကြောင်းအရ နိုင်ငံတော်ပုန်ကန်မှု ကတော့ ပုဒ်မ ၁၂၄ ပါ။ ကျနော်ထင်ပါတယ်။ ဥပမာ ဗိုလ်မှူး စိုင်းသိန်းဝင်းတို့လို၊ ဦးအောင်လင်းထွဋ်တို့လို သူတို့ လူရင်းထဲ ကနေ သစ္စာဖောက်ပြီး ခိုလှုံသွားသူတွေကိုတော့ သူတို့က နာမည်ပျက်စာရင်း ဆက်ပြီးသတ်မှတ်ထားနိုင်တယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။
နိုင်ငံရေးခိုလှုံသူတိုင်း နိုင်ငံတော်ပုန်ကန်မှု မဟုတ်ကြောင်း၊ နိုင်ငံရေးခိုလှုံသူ အမျိုးအစားများစွာရှိကြောင်း အဓိက နိုင်ငံရေး အရ လည်းကောင်း၊ စီးပွားရေးအရလည်းကောင်းရှိပြီး နိုင်ငံတော် လျှို့ဝှက်ချက်စသည်တို့ကို သယ်ဆောင် ခိုလှုံသူများကိုသာ ဆက် လက်ကန့်သတ်ထားနိုင်ကြောင်း၊ ရာဇ၀တ်မှုကျူးလွန်ထားသည်ဟု ထင်ရှားသူကို မည်သည့်နိုင်ငံကမျှ ခိုလှုံခွင့် မပေးကြောင်းလည်း သူက ပြောဆိုသည်။
နိုင်ငံတော် သစ္စာဖောက်မှုဖြင့် နာမည်ပျက်စာရင်း သွင်းထားသူများနှင့်ပတ်သက်ပြီး ဦးဇော်ဌေး ကို မေးမြန်းခဲ့ သော် လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
နာမည်ပျက်စာရင်း ထုတ်ပြန်သည့် ကာလအတွင်း၌ပင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌ ဟောင်းများ ဖြစ်သည့် ဒေါက်တာ နိုင်အောင်၊ ကိုမိုးသီးဇွန် အစရှိသည့် ထင်ရှားသူများ မြန်မာနိုင်ငံသို့ ပြန် လာ နေကြသည်။
ကိုမိုးသီးဇွန်နှင့် ၇ ဦးသည် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒေါက်တာနိုင်အောင်၊ ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့် တို့သည် ယမန်နေ့က ရောက်ရှိခြင်း ဖြစ်သည်။
ပယ်ဖျက်ပေးသည့် အမည်ပျက် စာရင်းထဲတွင် ပြည်တွင်း၌ နေထိုင်သူများလည်း အများအပြားပါဝင်ပြီး နုတ်ထွက်ထားသော အစိုးရ ဝန်ထမ်းများ၊ လျော်ကြေးပေး၍ ဝန်ထမ်း အဖြစ်မှ နုတ်ထွက်သည့် ကျောင်းဆရာမများ၊ ဆရာဝန်များ စသည်တို့လည်း ပါဝင် နေကြောင်း သိရသည်။
၎င်းတို့အား နာမည်ပျက်စာရင်းသွင်းထားသည်ကို လုံးဝ မသိကြောင်း၊ တချို့မှာ နိုင်ငံကူးလက်မှတ် လျှောက်ထား ချိန်မှ အကြောင်းပြချက်မသိရဘဲ နာမည်ပျက်စာရင်းဝင်နေသည်ဟု သိရကြောင်း အဆိုပါ စာရင်းတွင် ပါဝင်သူတချို့က ပြောဆိုသည်။
ပြည်တွင်းနေ နံမည်ပျက်စာရင်းပါဝင်သူများအား နိုင်ငံကူးလက်မှတ် ထုတ်မပေးကြောင်း၊ ထင်ရှားသည့်သာဓကမှ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်ကြောင်း ယခုအချိန်ထိ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အစရှိသူများ နိုင်ငံ ကူး လက်မှတ် လျှောက်ထားခဲ့သော်လည်း မရသေးကြောင်း သိရသည်။
ထို့အပြင် Black List မှ ပယ်ဖျက် စာရင်းဖော်ပြချက်များတွင် အမည်များ ထပ်နေခြင်း၊ ကွယ်လွန်ပြီးသူများ ပါဝင်ခြင်းများလည်း ရှိနေသည်။ဦးဇော်ဌေးက အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ကြားသိရကြောင်း သို့သော် သမ္မတ၏ မူဝါဒအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
“သမ္မတကြီးရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကတော့ ဒီမိုကရေစီ နိုင်ငံရေးစနစ်သစ် ခေတ်သစ် နိုင်ငံတည်ဆောက်ရေးမှာ မြန်မာနိုင်ငံသားတွေ အားလုံး ပါဝင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ မူဝါဒအတိုင်း လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်”ဟုလည်း သူ ပြောဆိုသည်။

မိုးသီးဇွန် ပြည်တော်ပြန်ခရီး


မျက်ကွယ်ထောင်ဒဏ်ကျ ထင်ရှားတဲ့ မြန်မာ့တော်လှန်ရေး ခေါင်းဆောင်တဦးဟာ အစိုးရက အမည်မဲစာရင်းကနေ ဖယ်ရှားပေးပြီးတဲ့နောက်မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိ သွားပါတယ်။ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် စနေနေ့မှာ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတော့ သူ့ကို ထောက်ခံသူတွေ ဝိုင်းဝန်း ကြိုဆိုခဲ့ကြပါတယ်။

သူဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေချ နေထိုင်နေခဲ့သူ ဖြစ်ပါတယ်။ မိုးသီးဇွန်ဟာ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်ပါတယ်။ မြန်မာအစိုးရက အရင်စစ်အစိုးရကို ဆန့်ကျင်တဲ့ ပြည်ပအခြေစိုက် အတိုက်အခံတွေနဲ့ အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကို မြန်မာနိုင်ငံကို ပြန်လာခွင့်မပေးဘဲ တားဆီးထားတဲ့ စာရင်းကနေ အယောက် ၂,၀၀၀ ကျော်ကို ဖယ်ရှား ပေးလိုက်ပြီးတဲ့နောက်မှာ မိုးသီးဇွန်လိုပဲ တခြားထင်ရှားတဲ့ အတိုက်အခံတွေ မြန်မာနိုင်ငံကို ပြန်သွားခဲ့ကြပါတယ်။

အမည်မဲစာရင်းထဲက ဖယ်ရှားပေးခဲ့သူတွေထဲမှာတော့ နိုင်ငံခြားသား အတော်များများလည်း ပါပါတယ်။ အဲဒီ နိုင်ငံခြားသား အယောက် ၁,၀၀၀ ကျော်ထဲမှာ သတင်းထောက်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အများစုဖြစ်တဲ့ ထိုင်းနိုင်ငံသား ၆၄ ယောက်လည်း ပါဝင်ပြီး ၈ လေးလုံး အရေးတော်ပုံ သတင်းတွေ အစီရင်ခံမှုနဲ့ ပတ်သက်ပြီး နံမည်ကြီးတဲ့ ထိုင်းအမျိုးသမီး သတင်းထောက်Yindee Lertcharoenchok လည်း ဒီအမည်မဲ စာရင်းကနေ ပယ်ဖျက်တဲ့အထဲမှာ ပါဝင်ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၁ ခုနှစ်မှာ သမ္မတ ရာထူး ယူလိုက်ကတည်းက နိုင်ငံရေး အကျဉ်းသား ရာချီကို ပြန်လွှတ်ပေးတာ အပါအဝင် နိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့တာပါ။ သူဟာ သတင်းမီဒီယာ တင်းကျပ်မှုတွေကို လျှော့ပေါ့ပေးခဲ့တဲ့အပြင် သူနဲ့မဟာမိတ်တွေကိုလည်း ဝန်ကြီးအဖွဲ့ထဲကို ခေါ်ဆောင်နေပါတယ်။




တရားရုံးနှင့် ခုံရုံးများက စီရင်ဆုံးဖြတ်ပိုင်ခွင့် အာဏာကို ကျော်လွန်ကာ ဆုံးဖြတ်ချက်များ ချမှတ်ထားပါက နိုင်ငံသားအားလုံး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်လွှာ တင်သွင်းခွင့်ရှိကြောင်း ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။




ဥပဒေအရ တရားမျှတမှုကို ဖော်ကျူးသွားရန် အဓိကတာဝန်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ခံယူထားပြီးဖြစ်သည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းက ပြောကြားခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင် ရာကော်မတီ၏ 'ယနေ့ နိုင်ငံတော် တွင် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် အကောင် အထည်ဖော် ဆောင်ရွက်နေချိန်တွင် တရားစီရင်ရေးကဏ္ဍအနေဖြင့် တရားမျှတစွာ မှန်ကန်သည့်တရားစီရင်ရေး ဖြစ်ပေါ်စေရေးကို အထူးအလေးထား ကြီးကြပ်ဆောင်ရွက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တိုက်တွန်းကြောင်း' အဆိုကို ပြန်လည်ဖြေရှင်းဆွေးနွေးရာတွင် ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

''ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ခက်မကြီး သုံးဖြာနဲ့ တရားစီရင်ရေးအာဏာကို ယုံကြည်စွာ အပ်နှံခြင်းခံရတဲ့အတွက် တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေးနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းပုဂ္ဂိုလ်များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားပြီး ဥပဒေအရ တရားမျှတမှုကို ဖော်ကျူးသွားဖို့ အဓိကတာဝန်ရှိကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ခံယူထားပြီးဖြစ်ပါတယ်''ဟု ဦးမြသိန်းက ပြောကြားခဲ့သည်။

တရားသူကြီးများအနေဖြင့် တရားသူကြီး အင်္ဂါငါးပါးနှင့် ပြည့်စုံပြီး အဂတိတရားကင်းရှင်းရန် လိုအပ်သလို တရားစီရင်ရေးတွင် ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သော ရဲအရာရှိများ၊ ဥပဒေအရာရှိများ၊ ရှေ့နေများ အပါအ၀င် သက်ဆိုင်သူ အားလုံးသည် အဂတိတရား ကင်းရှင်းရန် လိုအပ်မည်ဖြစ်သည်ဟူသော ဆွေးနွေးချက်ကို ကြိုဆိုရမှာဖြစ်ပြီး အဂတိတရား ကင်းရှင်းကာ တာဝန်ကျေပွန်သော ပူးပေါင်းဆောင်ရွက်မှုများသည် မှန်ကန်မျှတသောတရား စီရင်ရေးကို ထိရောက်စွာ အထောက်အကူပေးနိုင်မည်ဖြစ်သည်ဟု ဆွေးနွေးလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီသို့ ပြည်သူများက တိုင်ကြားမှုများတွင် နိုင်ငံတော်နှင့် ပြည်သူပတ်သက်မှုမှာ ၃၄၈ စောင်ဖြင့်အများဆုံးဖြစ်ပြီး တရားရုံးအမှုအခင်းများနှင့် ပတ်သက်၍ တိုင်ကြားမှုများမှာ ၂၂၁ စောင်ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သိရှိရသည်။
ယင်းအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သုံးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ထောက်ခံမဲများသည့်အတွက် အဆိုကို အတည်ပြုခဲ့ကြောင်း သိရသည်။


MPU ကတ်များ စသုံးတော့မည်၊ Network ကို ဖိုင်ဘာလိုင်းဖြင့် ချိတ်မည်

Myanmar Payment Union (MPU) ကတ်များကို စက်တင်္ဘာလ ၁၅ ရက်နေ့တွင် စတင် သုံးစွဲမည်ဖြစ်ပြီး ဘဏ်အချင်းချင်း ချိတ်ဆက်ထားသည့် Network (ကွန်ယက်)ကို ဖိုင်ဘာလိုင်းဖြင့် ချိတ်ဆက်မည်ဟု MPU စနစ်ကို အသုံးပြုမည့် ဘဏ်များက ဆိုသည်။

MPU စနစ်မှာ ATM စက်များတွင် ငွေထုတ်ရန်နှင့် ဈေးဝယ် စင်တာများတွင် အသုံးပြုနိုင်ရန် ဖြစ်သည်။ အသုံးပြုရာတွင် ဘဏ်အချင်းချင်း ချိတ်ဆက်မည့် စနစ် Network ပိုမိုကောင်းမွန်စေရန်အတွက် ဖိုင်ဘာလိုင်းဖြင့် သွားမည်ဖြစ်ကြောင်း ကမ္ဘောဇ ဘဏ်၏ International Banking Division မှ အထွေထွေ မန်နေဂျာ ဦးဇော်လင်းထွဋ် က ပြောသည်။
MPU စနစ် အသုံးပြုရန် ဘဏ် ၁၆ ခု ရှိသော်လည်း စက်တင်္ဘာ ၁၅ ရက်နေ့တွင် အဆင့်သင့် ဖြစ်ပြီးဖြစ်သော ဘဏ် ရှစ်ခုသာ စတင် သုံးနိုင်မည်ဖြစ်သည်ဟု သိရသည်။ လက်ရှိ MPU စနစ်တွင် ပါဝင်သော ဘဏ်များက ဈေးဝယ်စင်တာများ၊ စားသောက် ဆိုင်များ၊ ဖက်ရှင်ဆိုင်များ စသည်တို့တွင် စက်ထားနိုင်ရန်အတွက် ဆိုင်များနှင့် ညှိနှိုင်းနေကြောင်း သိရသည်။


လှည်းတန်း ခုံးကျော်တံတား ၂၀၁၃ သင်္ကြန် မတိုင်မီ ပြီးမည်မှန်း

ရန်ကုန်မြို့ရှိ လမ်းမကြီး ငါးလမ်း ဆုံရာ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းလမ်းဆုံတွင် ကားလမ်း ခုံးကျော်တံတားတစင်း တည်ဆောက်လျက်ရှိရာ ၂၀၁၃ ခုနှစ်၊ ဧပြီလ သင်္ကြန်မတိုင်ခင် ပြီးစီးမည်ဟု
သိရသည်။

မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ဖမ်းဆီးရမိ

ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့က ကျေးရွာတရွာမှာ သြဂုတ်လ ၃၁ ရက်နေ့ မနေ့ မနက်ပိုင်း လင်းအားကြီးအချိန်က ကျပ်ငွေ သိန်းတစ်ထောင်ကျော်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေး ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရင်းနှီးမြုပ်နှံမှုနဲ့ သဘာ၀၀န်းကျင် ပြောင်းလဲခြင်းဆိုင်ရာ ချင်းမိုင်ဆွေးနွေးပွဲ

လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာ့နိုင်ငံ ရင်းနှီးမြုပ်နှံမှု အကြောင်းနဲ့ နိုင်ငံခြား မီဒီယာတွေက စိတ်ပါဝင်စားသူတွေဟာ သြဂုတ်လ ၃၁ ရက် နေ့ မနေ့က ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ မဲဆောက်မှာ ကျင်းပ

မနေ့က ၀ါခေါင်လပြည့်နေ့မှာ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းမှာ မဲဆောက်ဒေသတွင်း ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေ စုပေါင်းပြီး ကျင်းပခဲ့ပါတယ်။

NLD ပါတီလှုပ်ရှားမှုအပေါ် ရွေးကောက်ပွဲကော်မရှင် ခေါ်ယူဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့လှုပ်ရှားဆောင်ရွက်မှုတွေ ဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မညီညွတ်တာတွေ ရှိနေလို့ လာရောက်ဆွေးနွေး ဖို့ ဖိတ်ခေါ်တာ ကြောင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူး ဦးဥာဏ်ဝင်းတို့ဟာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ အဖွဲ့ကို မနေ့မနက်ပိုင်းက နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်

အမျိုးသားတန်းတူရေး အမြန်ဖော်ဆောင်ပေးဖို့ လိုအပ်

မြန်မာနိုင်ငံမှာ အရင်ကလုပ်ခဲ့ဖူးတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးတွေ မအောင်မြင်ခဲ့ရတာဟာ အစိုးရတွေက တိုင်းရင်းသားတွေရဲ့ တန်းတူခွင့်ကိုလည်း မပေးသလို နိုင်ငံရေးအရ ဖြေရှင်းတာမျိုး မရှိခဲ့တာကြောင့် အပစ်ရပ် ငြိမ်းချမ်းရေးတွေ မအောင်မြင်ရတာပဲ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ အနေနဲ့ သုံးသပ်ကြောင်း ဝါခေါင်လပြည့်နေ့ မနေ့က ကျရောက်တဲ့ ၆၅ နှစ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့မှာ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောဆိုလိုက်ပါတယ်။

စေတနာဝသန် ဂီတဖျော်ဖြေပွဲ စတင်ကျင်းပ

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ၂၄ နှစ်အတွင်း အကြီးဆုံး ရန်ပုံငွေပွဲဖြစ်တဲ့ စေတနာ ဝသန် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ MCC ခန်းမမှာ မနေ့ကညနေ ၄ နာရီကနေ စတင်ကျင်းပနေပါတယ်။

တောင်သူအရေး ဆောင်ရွက်ပေးနေသူ အာဏာပိုင်က ဖမ်းဆီး

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွေကြောင့် လယ်သိမ်းခံရတဲ့ တောင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဝေဠုကို မနေ့ ညက ဒေသခံအာဏာပိုင်တွေ ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ စုံစမ်းသိရပါတယ်။

ပုသိမ် ရေဘေးဒုက္ခသည် ဒေါ်အောင်ဆန်းစုကြည် အားပေး


ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ထဲက ရေဘေးသင့် ပြည်သူတွေကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က သွားရောက် တွေ့ဆုံ အားပေးခဲ့ပါတယ်။လို့ စုံစမ်းသိရပါတယ်။

ထိုင်းသို့ အလုပ်သမား စေလွှတ်ခွင့်ရ ကုမ္ပဏီများ နယ်စပ်တွင် ရုံးဖွင့်ရမည်

အလုပ်သမား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့် ရသည့် ကုမ္ပဏီများ အနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသတွင် ရုံးခွဲများ ဖွင့်လှစ်ထားရမည်ဖြစ်သည်ဟု ပြည်ပ အလုပ်အကိုင် ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ရန်အတွက် လိုင်စင်ရ အေဂျင်စီ ၄၉ ခုကို ဝန်ကြီးဌာနက တရားဝင် လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်ပြီး ထိုင်းနယ်စပ် သို့မဟုတ် မြန်မာနယ်စပ်တွင် ရုံးခွဲ ဖွင့်လှစ်ရမည် ဖြစ်သည်။

“ဒါက ထိုင်းကို အလုပ်သမား ပို့ဖို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို တရားဝင် ချပေးတာပါ။ အလုပ်သမားပို့ခွင့်ရရင် နယ်စပ်မှာ ရုံးဖွင့်ရမယ်။ ထိုင်းနယ်စပ် ဖြစ်ဖြစ် ၊ မြန်မာနယ်စပ် ဖြစ်ဖြစ်ပါ။ ကျမတို့ကတော့ ထိုင်းနယ်စပ်ရောမြန်မာနယ်စပ်ရော ထိုင်းနယ်စပ်ရော နှစ်ခုစလုံးမှာ ဖွင့်ဖို့ စဉ်းစားထာပါတယ်” ဟု ပြည်ပ အလုပ်အကိုင် အေဂျင်စီ တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ရန်ခွင့် ရသည့် ကုမ္မဏီများသည် ယခင် တင်ထားရသည့် စပေါ်ငွေ သိန်းငါးဆယ် အပြင် နောက်ထပ် စပေါ်ငွေ သိန်းငါးဆယ်ကို ထပ်မံ တင်ထားရကြောင်း သိရသည်။ နှစ်နိုင်ငံ ညှိနှိုင်းမှုများ ပြုလုပ်ပြီးပါက စက်တင်္ဘာလအတွင်းတွင် စေလွှတ်နိုင်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

အလုပ်သမားတဦးအား ထိုင်းနိုင်ငံနယ်စပ်သို့ သွားရောက် စာချုပ်ချုပ်ဆိုခြင်း ပြုလုပ်ရန်အတွက် လမ်းစားရိတ်နှင့် စားစရိတ် ငွေကျပ် တသိန်း ကုန်ကျမည် ဖြစ်သည်။ ပတ်စ်ပို့ ပြုလုပ်ခြင်း၊ ဆေးစစ်ခြင်း စသည့် လိုအပ်ချက်များကို ထိုင်း အလုပ်ရှင်မှ ပြုလုပ်ပေးမည်ဟု ဆိုသည်။

ပြည်တွင်းမှ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လုပ်သားတဦး ရှာပေးခြင်းအတွက် ထိုင်းအလုပ်ရှင်မှ ဘတ်ငွေ ၃,၀၀၀ ပေးမည် ဖြစ်သည်။ အများအားဖြင့် အလုပ်လုပ်ရမည့် လုပ်ငန်းခွင်များမှာ ဆောက်လုပ်ရေး၊ အချိုရည်စက်ရုံ၊ ငါးလုပ်ငန်းနှင့် ပတ်သက်သည်များ ဖြစ်ပြီး လုပ်ခ စက်ရုံကြီးများတွင် ဖြစ်ပါက တနေ့လျှင် ဘတ် ၂၅၀ မှ ၃၀၀ အတွင်း ရနိုင်မည် ဖြစ်သည်ဟု သိရသည်။

သွားရောက်မည့် လုပ်သားများ အနေဖြင့် အလုပ်ရှင်နှင့် စာချုပ်ချုပ်ဆိုပြီးပါက ထိုင်းဘာသာစကား၊ ယဉ်ကျေးမှု များကို သင်ယူရမည်ဖြစ်သည်။တရားမဝင် သွားရောက်ပါက လူကုန်ကူးမှုများ ဖြစ်မည်စိုးရိမ်ရသောကြောင့် ထိုသို့ တရားဝင် စီစဉ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

“လူကုန်ကူးမှုတွေ ဖြစ်မှာစိုးတာလည်း ပါပါတယ်။ တရားမဝင် သွားတဲ့အခါကျတော့ အဲဒီလို ပြသနာတွေ ဖြစ်တယ်။ တရားဝင် လွှတ်တဲ့ အခါကျတော့ ဒီဘက်က ဝန်ကြီးဌာန ကရော၊ ကျမတို့လို ကုမ္ပဏီတွေကရော ဟိုဘက်က စက်ရုံကို သွားကြည့်မယ်။ ပြီးမှ စိတ်ချရမှ လွှတ်မှာပါ။ မဟုတ်ရင် ဟိုဘက်ပွဲစား၊ ဒီဘက်ပွဲစားတွေ ရှုပ်နေပြီးတော့ ဟိုဘက်ကိုခေါ်သွား၊ ဟိုဘက်ရောက်မှ အလုပ်မရလို့ ဟိုဘက်မှာ တလခွဲလောက် ဘာအလုပ်မှ မရှိဘဲ နေရတဲ့ ကျမတို့ မြန်မာကလေးတွေ ရှိနေပါတယ်” ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တခုမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment