မြန်မာ သတင်းများ  စက်တင်ဘာ   ၁၇၊ ၂၀၁၂

ပင်လုံလို ညီလာခံခေါ်ယူဖို့ တိုင်းရင်းသားတွေ တိုက်တွန်း


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပပြီး ဆွေးနွေးအဖြေရှာမယ် ဆိုရင် ညီလာခံ ဖြစ်မြောက်ရေး အတွက် ညှိနှိုင်းစဉ်ကာလတည်းက တိုင်းရင်းသား လူမျိုးစုတွေ ပါဝင်ခွင့်ရဖို့ လိုအပ်ကြောင်း တိုင်းရင်းသားလူမျိုးများ ညီလာခံအပြီးမှာ ထုတ်ပြန် လိုက်ပါတယ်။ တနင်္ဂနွေနေ့ ညနေပိုင်းက ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံက နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်သမ္မတ က ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါဝင်တာကြောင့်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးများ ညီလာခံကို ပြည်တွင်းက တိုင်းရင်းသားပါတီ တချို့နဲ့ နယ်စပ်ဒေသ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့က ကိုယ်စားလှယ် စုစုပေါင်း ၁၃၀ လောက် တက်ရောက်ခဲ့ပြီးတဲ့နောက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာပြည်က နိုင်ငံရေးပြဿနာကို ဆွေးနွေးအဖြေရှာမယ့် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပမယ်ဆိုရင် သူတို့လိုလားတဲ့ အချက်တွေကို ညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲချုပ် ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ပင်လုံကဲ့သို့ ညီလာခံမျိုး လုပ်ဖို့ ကျနော်တို့ဘက်မှာလည်း မူအားဖြင့်တော့ ပြင်ဆင်မှု ရှိတယ်။ အထူးသဖြင့်တော့ အဲလို ညီလာခံမျိုး စလုပ်မယ်ဆိုပြီးတော့ အကြို ညှိနှိုင်းပွဲ စလုပ်ကတည်းက ကျနော်တို့ ပါဝင်ဖို့ လိုတယ်။ အစိုးရဘက်က၊ နောက် ငြိမ်းချမ်းရေး ကော်မတီဘက်က လူနဲ့ပဲ လုပ်ထားပြီးတော့မှ မင်းတို့လာလို့ ခေါ်တာကတော့ မကောင်းဘူး။ မလုပ်သင့်ဘူး။ ဒါကြောင့် အကြိုညှိနှိုင်းပွဲ အဆင့်ဆင့် လုပ်သွားပြီးတော့မှ နောက်ဆုံး အဲဒီလို ညီလာခံမျိုး ကျင်းပရေး ကော်မတီအထိ ပါဝင်ချင်တယ်။ သူတို့က လူတွေ ရွေးထားပြီးတော့ ထိုင်၊ မင်းတို့လာထိုင် ဆိုရင် ဟိုအရင် လုပ်ခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံ ပုံစံမျိုးကိုတော့ လက်ခံမှာ မဟုတ်ဘူး။”

ဒီလိုညီလာခံ ကျင်းပမယ်ဆိုရင် အစိုးရ၊ စစ်တပ်၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုတွေ အားလုံး ပါဝင်ပြီး ပြည်ထောင်စု တရပ်လုံးက သဘောတူညီမှုရတဲ့အထိ ဆွေးနွေးဖို့ကို လိုလားတယ်လို့ ပြောပါတယ်။ ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေး လုပ်ငန်းစဉ် ၆ ချက်ကိုလည်း ထည့်သွင်း ဆွေးနွေးဖို့အတွက် တိုင်းရင်းသား လူမျိုးများ ညီလာခံက ချမှတ်ခဲ့ပါတယ်။ ဒီအချက်တွေကို ချမှတ်တာကတော့ နိုင်ငံတော် သမ္မတက ထုတ်ပြန် ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး လုပ်ငန်းစဉ် ၈ ချက်မှာ သဘောမတူညီတဲ့ အချက်တွေ ပါဝင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“အခုမြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုတယ်။ တိုင်းရင်းသားတွေ ကလည်း အဓိက လိုချင်တယ်။ ငြိမ်းချမ်းရေးကို ချဉ်းကပ်တဲ့ အခါကျတော့ သမ္မတကြီး ဦးသိန်းစိန်က ပြည်နယ်အဆင့်မှာ အချက် ၄ ချက်၊ ၅ ချက် သတ်မှတ်ပေးတယ်။ ပြည်ထောင်စုအဆင့်နဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင် ၈ ချက် သတ်မှတ်ပေးတယ်။ ဒီအချက် ၈ ချက်က ကျနော်တို့ဘက်က ကြည့်ရင် ကျနော်တို့နဲ့ တိုင်ပင် ဆွေးနွေးတာလည်း မပါဘူး။ နောက် အထက်ကနေ အောက်ကို ချပေးတဲ့ ကိစ္စဖြစ်နေတော့ ကျနော်တို့ လိုလားချက်နဲ့ တူညီမှုမရှိတာ တွေ့ရတယ်။ အဲဒီ ၈ ချက်အတိုင်း ကျနော်တို့က လိုက်နာလုပ်ဆောင်လို့ မဖြစ်ဘူး။ ညှိနှိုင်းဖို့လိုတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ လမ်းပြမြေပုံပဲ ခေါ်ခေါ်ပေါ့။ အစီအစဉ် agenda ပဲခေါ်ခေါ်ပေါ့။ ၆ ချက်။ အဲဒါကို ပြန်ပြင်ဆင်ပြီးတော့ ကျနော်တို့မှာလည်း ၆ ချက်ရှိပါတယ် ခင်ဗျား။ သမ္မတကြီး ၈ ချက်ကိုလည်း ကျနော်တို့ ဆွေးနွေးမယ်။ ကျနော်တို့ ၆ ချက်ကိုလည်း သမ္မတကြီး ဆွေးနွေးပါ။ အပြန်အလှန် ဒီအစီအစဉ် ၂ ခုကို ညှိတာနဲ့၊ agenda ညှိတာနဲ့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးပွဲရဲ့ အစပျိုးတဲ့ ခြေလှမ်းဖြစ်သွားမယ် ဆိုပြီးတော့ ဒီညီလာခံကနေပြီးတော့ ညွှန်ကြားတာပေါ့ဗျာ။ အဲဒါကို ကျနော်တို့က ဆက်လုပ်ဖို့ ရှိပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမယ့် အချက် ၈ ချက်မှာ လက်နက်ကိုင်အဖွဲ့တွေက ပါတီထူထောင်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံရေးနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင် လိုပါက လွှတ်တော်ထဲကို ၀င်ရောက်ပြီး အများဆန္ဒနဲ့ ဆောင်ရွက်ရေး ဆိုတာနဲ့ ဖွဲ့စည်းပုံနဲ့အညီ တခုတည်းသော လက်နက်ကိုင်အဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ဆိုတဲ့ အချက်တွေဟာ သဘောမတူနိုင်တဲ့ အချက်တွေဖြစ်တယ် လို့ ဆိုပါတယ်။

တိုင်းရင်းသားညီလာခံက ချမှတ်တဲ့ အချက် ၆ ချက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ အမျိုးသမီးနဲ့ လူငယ်စတဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးပြီး နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ ချမှတ်ဖို့၊ ချမှတ်တဲ့ အချက်တွေကို အစိုးရကိုယ်စားလှယ်များနဲ့ ဆွေးနွေးဖို့၊ ဒီမူဘောင် သဘောထားတွေကို ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရှင်းလင်း ညှိနှိုင်း သဘောထား ရယူသွားဖို့နဲ့ နောက်မှာ ပင်လုံလို ညီလာခံကြီးတရပ် ခေါ်ယူသွားဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

တိုင်းရင်းသားလူမျိုးညီလာခံရဲ့ ပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း ကတော့ ညီလာခံရဲ့ လုပ်ငန်းစဉ် ၆ ချက်ကို ပြည်တွင်းမှာ ရှင်းလင်းတင်ပြနိုင်ဖို့အတွက် အစိုးရနဲ့ နားလည်မှုရဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အခု ကျမတို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ အစိုးရနဲ့ တစုံတရာ နားလည်မှုရအောင်လို့ ကြိုတင်ပြီးတော့ လုပ်ရမယ်။ ဒီနားလည်မှု ရလာတဲ့အခါမှာ ကျမတို့တတွေကို ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရအောင်လည်း ခွင့်ပြုရမှာပေါ့။ အဲလို ခွင့်ပြုချက်တွေ ရလာလို့ရှိရင် တရားမ၀င်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ဆောင်ရွက်တယ် ဆိုတဲ့ အပေါ်မှာ ပြည်သူလူထုတွေ အနှောက်အယှက် ဖြစ်စေတာမျိုး မဖြစ်ရအောင် ဆိုတဲ့အချက်တွေလည်း ကျမတို့တွေက ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးရမယ့် အချက်တွေ ရှိပါတယ်။ ပြီးပြီးမှပဲ ကျမတို့တွေက ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးရလိမ့်မယ်လို့ လုပ်နိုင်လိမ့်မယ်လို့ ကျမအနေနဲ့ မျှော်လင့်ပါတယ်။ ဒီညီလာခံကလည်း အဲလိုပဲ သုံးသပ်ပါတယ်။”

ပင်လုံလို တိုင်းရင်းသားအင်အားစုတွေ နိုင်ငံရေး အင်အားစုတွေ ပါဝင်တဲ့ ညီလာခံကြီးကိုတော့ ၃ နှစ်လောက် အချိန်ယူ ပြင်ဆင်ဖို့ လိုကောင်းလိုမယ် လို့လည်း ဦးခွန်ဥက္ကာက ခန့်မှန်းထားပါတယ်။
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ၊ လက်ရှိသမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ကလည်း မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် ပင်လုံလို ညီလာခံကြီးတရပ် ကျင်းပဖို့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးစဉ်မှာ ပြောဆို ထားတာ ဖြစ်ပါတယ်။

မုံရွာမြို့နယ်မှူးကို အမျိုးသမီး ၃ ဦး တရားစွဲမည်


မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက မုံရွာမြို့နယ်မှူးကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခဲ့မှုတွင် အပြစ်တစုံတရာ ဖော်ပြနိုင်ခြင်း မရှိဘဲ အမျိုးသမီးများအား အကြမ်းဖက် နှိပ်ကွပ်ခြင်းအပေါ် မကျေနပ်သဖြင့် မုံရွာမြို့နယ်မှူးကို နားလည်တတ်ကျွမ်းသည့် အဖွဲ့စည်းများနှင့် တိုင်ပင်ပြီး တရားစွဲဆိုသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ ညနေက ပြန်လည် လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းက ပြောသည်။
‘‘မြို့နယ်မှူးက ကျမကို စခန်းထဲကနေ အတင်းဆွဲထုတ် ခိုင်းတယ်။ ရဲတွေက စခန်းရဲ့ အပေါ် အချုပ်ထဲကနေ လှေကား အတိုင်း ကျမကို တရွတ်တိုက် ဆွဲခေါ်လာတယ်။ ကျမ ထမီ ကွင်းလုံး ကျွတ်ကျတယ်။ အဲဒီနေရာမှာ မြို့နယ်မှူး အပါအ၀င် ရဲအင်အား ငါးရာကျော်လောက် ရှိတယ်။ အဲဒီလို ကျမအရှက်ကို ခွဲတဲ့အတွက် မကျေနပ်ဘူး။ မြို့နယ်မှူးကို တရားပြန်စွဲမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်စွဲမှာ။ ကျမတို့မှာ ဘာအပြစ်မှ မရှိဘဲ ကုတ်ဖဲ့ပြီး ကားပေါ်ကို ဆွဲတင်ခဲ့တာ။ ကျမတို့က ကားပေါ်ကို အသာတကြည် တက်ပါမယ်လို့ ပြောတာတောင် မရဘူး” ဟု မသွဲ့သွဲ့ဝင်းက ဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာ သိမ်းထားမှုများကြောင့် အမျိုးသမီး ၁၂ ဦးတို့က မုံရွာမြို့ ဆုတောင်းပြည့် ဘုရားသို့ လာရောက်ဝတ်ပြု ဆုတောင်းကြရာ အာဏာပိုင်များက အကြောင်းမဲ့ ဖမ်းဆီးပြီး အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
‘‘ကျမတို့ ညီအစ်မတွေ အေးအေးဆေးဆေး ဘုရားဖူးတာပါ။ ကျမတို့မှာ ဘာအပြစ်မှ မရှိဘဲ မြို့နယ်မှူးက ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ အချုပ်ထဲမှာလည်း မြို့နယ်မှူးကိုယ်တိုင် ကျမတို့ ဆံပင်တွေကို ဆွဲတယ်။ လက်တွေဖိပြီး ဆွဲလားရမ်းလား လုပ်ခဲ့ပါတယ်။ ရဲနဲ့ ရဲမေတွေက ကျမတို့ကို အတင်းဝင်လုံးလို့ ကျမတို့ အဝတ်တွေ ကျွတ်ခဲ့ရပါတယ်။ ထမီကျွတ်ရက်ကြီး ပါလာတဲ့အတွက် ထမီပြင်ဝတ်ဖို့ တောင်းပန်တာတောင် ပြင်ဝတ်ခွင့် မပေးခဲ့ပါဘူး” ဟု ပြန်လွတ်လာခဲ့သည့် မအေးနက်က ဆိုသည်။
ယင်းသို့ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည့်အတွက် မြို့နယ်မှူးကို သက်ဆိုင်ရာတရားရုံးမှ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း လွတ်မြောက်လာသည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ၎င်းက ပြောပြခြင်း ဖြစ်သည်။
‘‘ကျမတို့က မြန်မာလူမျိုး မိန်းမပျိုတွေပါ။ အရှက်တရားနဲ့ လူလုပ်နေတာပါ။ တောသူ တောင်သားလည်း ဖြစ်တယ်။ ကျမတို့က အတင်း ထွက်ပြေးနေတာလည်း မဟုတ်ပါဘူး။ ဒီလိုကျွတ်ကျတဲ့ ထမီလေးတောင်ပြန်ပြီး ပြင်ဝတ်ခွင့်မပေးတာ ကျမတော့ တော်တော်လေးကို ၀မ်းနည်းလို့ မဆုံးပါဘူး၊ ရှက်လို့လည်း မဆုံးဘူး။ လူတွေ ပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာ ဒီလို ထမီလေးတောင် ပြင်ဝတ်ခွင့် မရှိပါလားဆိုပြီး ကျွန်မတော့ အဲဒီလိုမြင်ပါတယ်” ဟု မအေးနက်က ဆိုသည်။
ယင်းမြို့နယ်မှူးသည် ၂၀၁၀ ပြည့်နှစ်ဝက်မှစပြီး မုံရွာမြို့သို့ ပြောင်းလာခြင်း ဖြစ်ကာ ယခင် ၎င်းတာဝန် ထမ်းဆောင်ခဲ့သည့် မကွေးမြို့တွင်လည်း Weekely Eleven ဂျာနယ်မှ သတင်းထောက်ကို မကွေးမြို့ ရေကြီးသည့် ဓာတ်ပုံများ ရိုက်ကူးသည်ဟု ဆိုပြီး ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးခဲ့သူဖြစ်ကြောင်း သိရသည်။
မုံရွာမြို့နယ်မှူးနှင့် အမှတ် ၁ ရဲစခန်းမှ အာဏာပိုင် အရာရှိများသည် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကြမ်းဖက်သည့် နည်းလမ်းများ အသုံးပြုခဲ့ကြောင်း သိရသည်။
ဆန္ဒပြသည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင်ပင် အဆိုပါမြို့နယ်မှူးက စာတန်းများကိုင်ဆောင်ပြီး လမ်းလျှောက် ချီတက် ဆန္ဒပြနေကြသည့် လူအုပ်ကြားထဲဝင်ရောက်ကာ ဆန္ဒပြသူများ ကိုင်ဆောင်လာသည့် စာရွက်များကို ၀င်ရောက် လုယူဆွဲဖြဲခြင်း၊ ဆဲဆို ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု မြင်တွေ့ခဲ့သူများက ပြောသည်။
ထို့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ယာဉ်ထိန်းရဲ ဦးမြသောင်း ကိုယ်တိုင် ဆန္ဒပြသည့် လူအုပ်ထဲသို့ ကားဖြင့် အတင်းမောင်းနှင် ၀င်ရောက်ခဲ့မှုကြောင့် ဆန္ဒပြသည့် အထဲတွင် ပါဝင်သည့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မုံရွာ ဒေသခံများက ပြောဆိုကြသည်။
မုံရွာ အမှတ် ၁ ရဲစခန်းတွင် အမျိုးသမီး ၁၂ ဦး ဖမ်းဆီးချုပ်နှောင် ခံထားရစဉ် အချိန်အတွင်း စခန်းအတွင်းရှိ ရဲများနှင့် ရဲမေများက မြို့နယ်မှူး အမိန့်ဖြင့် အဆိုပါ အမျိုးသမီးများကို ဆံပင်များဆွဲရမ်းခြင်း ပြုလုပ်ခဲ့သည့်အပြင် စခန်းအပြင်မှ အမျိုးသမီးကြီးတဦး စခန်းတွင်း ဝင်ရောက်လာကာ အဖမ်းဆီခံထားရသည့် အမျိုးသမီးများကို ကြိမ်းမောင်းခြင်း၊ ဥပဒေမဲ့ ပြုမူခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
အမှတ် ၁ ရဲစခန်းမှ ရဲမေများက ယခုကဲ့သို့ အကြမ်းဖက်ရန် သမ္မတက စေခိုင်းခြင်း ဖြစ်ကြောင်း၊ မှတ်သားသွားစေရန် ဆုံးမခြင်း ဖြစ်ကြောင်း အချုပ်ခန်းတွင် ပြောဆိုခဲ့သည်ဟု အဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက ရှင်းပြသည်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများ ဆက်လက်တိုးချဲ့ လုပ်ကိုင်ရန်အတွက် အနီးအနားရှိ ကျေးရွာ ၄ ရွာကို ရွှေ့ပြောင်းခိုင်းခြင်းမှ အစပြုကာ ယခုကဲ့သို့ ပြဿနာများ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ ပြောင်းရွှေ့ရန် ကျန်ရှိနေသည့် ရွာ ၄ ရွာမှ အမျိုးသမီး ၁၂ ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့က လက်ပန်းတောင်းတောင် ရပ်တန့်ရေး စာတန်းများ ပါသည့် တီရှပ်များ ၀တ်ဆင်ကာ မုံရွာမြို့သို့ ဘုရားသွားဖူးချိန်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနေ့က အမျိုးသမီး ၉ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ခေါင်းဆောင်ဟု ယူဆသည့် ၃ ဦးကို ဆက်လက် ထိန်းသိမ်းထားရာမှ ဒေသခံများနှင့် အသင်းအဖွဲ့များက ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြသည့်အတွက် ဆူပူမှုများ ပိုမိုဖြစ်ပေါ်ခဲ့သည်။
ဆန္ဒပြသူများကို ညအိပ်လက်ခံခဲ့သည့် မုံရွာမြို့မ ဂါတ်ဘုန်းကြီးကျောင်းကို အမှတ် ၁ ရဲစခန်းတွင် နေထိုင်သည့် ၀န်ထမ်းများနှင့် မိသားစုများ အနေဖြင့် ဆွမ်းချိုင့်မပို့ရဟု အမိန့်ထုတ်ပြန်ထားကြောင်း ကြားသိရသည်။
‘‘ဆန္ဒပြတာ ဦးဇင်းတို့ ကျောင်းရှေ့မှာလေ။ ညပိုင်းကြတော့ ဆန္ဒပြတဲ့လူတွေ ပြန်ဖို့ခက်ခဲတဲ့အတွက် ဦးဇင်းတို့ကျောင်းမှာ တည်းခွင့် ပေးခဲ့တာပါ။ ဦးဇင်းတို့ကို အရင် အမှတ် ၁ ရဲစခန်းက တနေ့ကို ဆွမ်းချိုင့် ၅ ချိုင့်ပို့တယ်။ ဆန္ဒပြပြီး နောက်တရက် ဆွမ်းချိုင့်လည်းသွားပို့ရော ချိုင့်ထဲမှာ ဆွမ်းတွေ မပါဘဲ ဗလာကြီးဖြစ်နေတယ်။ ဆွမ်းချိုင့်ပို့တဲ့ ကိုရင်က ဘာဖြစ်လို့လဲ မေးတော့ အထက်က ဆွမ်းမလောင်းရဘူး၊ လောင်းရင် ဖမ်းမယ်ဆိုလို့ ဆွမ်းမထည့်တာပါလို့ ပြောတယ်” ဟု ယင်းကျောင်း တွင် သီတင်းသုံးနေသည့် ဆရာတော် ဦးရာဇဓမ္မက မိန့်သည်။
ဝက်မှေးကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကိုလည်း အာဏာပိုင်များက ချိတ်ပိတ်ကာ အတွင်းရှိ ဘုရား ဆင်းတုတော်များနှင့် သာသနာပိုင် ပစ္စည်းများကို ဖျက်ဆီးနေကြောင်း ၀က်မှေးကျေးရွာ ဒေသခံများက ပြောသည်။
လက်ပံတောင်းတောင်တွင် ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ၀မ်ပေါင်တို့ ပူးပေါင်းကာ ကြေးနီရှာဖွေသည့် လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။ ကြေးနီ တူးဖော်ရှာဖွေရာတွင် စွန့်ပစ်မြေများကို လယ်ယာမြေများတွင် သွားရောက် စုပုံခြင်းကြောင့် တောင်သူလယ်သမားများ၏ လယ်မြေများ ပျက်စီးခဲ့ခြင်းမှ အစပြုကာ ကြေးနီတောင် စီမံကိန်း ရပ်တန့်ပေးရန်အထိ တောင်းဆို ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကြေးနီထုတ်လုပ်မှု စီမံကိန်းကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်ပြီးချိန်မှ စတင်ပြီး ဂျပန်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ရာ ထုတ်လုပ်မှု မအောင်မြင်သောကြောင့် ၁၉၇၄ ခုနှစ် ယူဂိုဆလားဗီးယား နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင် ခဲ့သေးသည်။
၁၉၇၈ ခုနှစ်တွင် ကြေးစင်တောင်နှင့် စံပယ်တောင် အနီးအနားရှိ ကျေးရွာများမှ လယ်မြေများကို သိမ်းဆည်းကာ ကြေးနီ ထုတ်လုပ်သည့် စက်ရုံများတည်ထောင်ခဲ့ပြီး ကြေးနီထုတ်လုပ်မှုအပိုင်းကို တိုးမြှင့်ခဲ့သည်ဟု ယင်းတောင်ခြေတွင် နေထိုင်သည့် ကံကုန်းကျေးရွာမှ အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဦးဘိုသန်းက ပြောသည်။
‘‘ကြေးနီထုတ်လုပ်တဲ့ စက်ရုံတည်ထောင်ပြီးကတည်းက ကျနော်တို့ ရွာတွေမှာ သူတို့ စွန့်ပစ်တဲ့ ရေတွေနဲ့ အနံ့အသက် ဆိုးတဲ့ လေထု ဒဏ်ကို အလူးအလဲ ခံခဲ့ရတာပါ။ လယ်မြေတွေလည်း ပျက်စီး၊ ကျေးရွာမြေတွေလည်း ပျက်ကုန်တယ်။ ကျေးရွာထဲ မှာတောင် သောက်စရာ ရေမရှိ၊ ရေတွင်းတွေ ခန်းကုန်တယ်။ အဲဒီဒဏ်ကို အခုထိ ကျနော်တို့ ခံနေရတုန်းပါ” ဟု ၎င်းက ရှင်းပြသည်။
၂၀၀၃ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ကြေးနီစီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြစ်ပြီး လက်ပန်းတောင်း တောင် ၃၃ လုံးကို သတ္တုသိုက် ရှာဖွေရေး စီမံကိန်းကြီးအဖြစ်သတ်မှတ်၍ ကြေးနီ၊ ရွှေ၊ ပလက်တီနမ်များ ထုတ်လုပ်သွားမည် ဟု သိရသည်။
ယင်းစီမံကိန်း အကြီးကျယ်လုပ်ဆောင်လျှက် ရှိသော်လည်း အနီးအနားရှိ ဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးမှု နည်းပါးခြင်း၊ ကျေးလက်နေ တောင်သူများ လုပ်ကိုင်သည့် လယ်မြေများပျက်စီးမှုအတွက် တစုံတရာ ဖြေရှင်းမပေးခြင်း အပြင် သောက်ရေသုံးရေများ ပြတ်တောက်မှုကြောင့် ဒေသခံများမှာ ဒုက္ခရောက်လျှက် ရှိသည်။
ထို့ကြောင့် လက်ပန်းတောင်းတောင် အနီးအနားတွင် နေထိုင်ကြသည့် ကျေးရွာ ၂၆ ရွာမှ ဒေသခံများမှာ ကြေးစင်တောင်နှင့် စံပယ်တောင်ကို နမူနာယူပြီး ယခုကဲ့သို့ ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ချင်းတွင်းမြစ်အား ညစ်ညမ်းစေနိုင်ခြင်း၊ သာသနာ့ အောင်မြေအား ဖျက်ဆီး နေခြင်း၊ လက်ပံတောင်းတောင် ဒေသ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ မုံရွာမြို့ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု ဖြစ်ပေါ် နိုင်ခြင်း တို့ကြောင့် ကြေးနီစီမံကိန်း လုံးဝမလုပ်ဘဲ အပြီးတိုင် ဖျက်သိမ်းရေးကို ကျေးရွာ ၂၆ ရွာမှ ဒေသခံများနှင့် မုံရွာ ဒေသခံများ ပူးပေါင်းကာ စီမံကိန်း ရပ်တန့်သွားသည်အထိ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။


တောင်ကြီးမြို့ ထင်းရှူးမြိုင် ဘုန်းကြီးကျောင်း ပြောင်းရွှေ့ရန် ဖိအားပေးခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အထွက်တွင် တည်ရှိသော ထင်းရှုးမြိုင် ဘုန်းကြီးကျောင်းအားပြည်နယ် သံဃာ့နာယကမှ ဖျက်သိမ်းရန် ဖိအားပေးခဲ့ပြီး သံဃာ့နာယကမှ သံဃာများနှင့်အတူ လိုက်ပါလာသော မီးသတ်နှင့် အရပ်သား စုစုပေါင်း ဦးရေ ၁၀၀ ကျော်က ဘုန်းကြီးကျောင်းဝင်းအတွင်း စက်တင်ဘာလ ၁၂ ရက်နေ့က ဝင်ဖျက်ခဲ့ကြသည်ဟု ကျောင်းထိုင်ဆရာတော် ဦးကုဝိစာရကမိန့်သည်။

“ဘုန်းကြီးတို့ တည်းခိုနေတဲ့ တဲ ခြောက်ကျောင်းကို ဖျက်သွားတယ်။ နောက် ဆွမ်းစားဆောင်က နံရံတွေကိုလည် ဖျက်သွားတယ်” ဟု မိန့်သည်။

အဆိုပါ ဘုန်းကြီးကျောင်းတည်ရှိရာ နေရာမှာ ကမ္ဘောဇ ဘောလုံးအသင်း၏ လေ့ကျင့်ရေးကွင်း တည်ဆောက်မည့်နေရာ ဖြစ်နေသောကြောင့် သံဃာ ၂၂ ပါး သီတင်းသုံးလျက်ရှိသည့် ကျောင်းကို ဤကဲ့သို့ ဖိအားပေးခြင်း၊ ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ဆရာတော် ဦးကုဝိစာရက ယုံကြည်လျက်ရှိသည်။

လူကုန်ကူးခံ မြန်မာ ၂၂ ဦးကို ထိုင်းတောင်ပိုင်းတွင် ကယ်တင်


ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီမြို့နယ်ရှိ အချောင် လှေဆိပ်တွင် ရေလုပ်သား အဖြစ် ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံသား ၂၂ ဦးကို ထိုင်း အာဏာပိုင်များက မကြာသေးခင် ရက်ပိုင်းက သွားရောက် ကယ်တင်ခဲ့သည်။
ရောင်းစား ခံထားရသည့် မိသားစုဝင်များ၏ တိုင်ကြားချက်အရ ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်က ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ Anti-Human Trafficking Division (AHTD)နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association Thailand (MAT) တို့ ပူးပေါင်း၍ သွားရောက် ကယ်တင်ခဲ့ကြောင်း MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြော သည်။
မြန်မာ နိုင်ငံသား ၂၂ ဦးနှင့် ဆက်စပ်၍ လူကုန်ကူးမှုနှင့် ပတ်သက်သူများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးနိုင်ခြင်း မရှိသေးသော် လည်း ပြန်လည် လွတ်မြောက်လာသူများအား ထိန်းသိမ်း စောင့်ရှောက်ထားပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။ ယင်း မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ခေါက်ဆွဲခြောက် အလုပ်ရုံ တခုတွင် အလုပ်ရမည် ဆိုသောကြောင့် ကရင်ပြည်နယ် မြ၀တီမြို့နယ်မှ ပွဲစားများဖြင့် ရောက်လာကြပြီး ယင်းသို့ ရောင်းစားခံရခြင်း ဖြစ်ကြောင်း ဦးကျော်သောင်းက ရှင်းပြ သည်။
“ဘယ်လောက် အထိ ဆိုးဝါး သလဲဆိုရင် အချိန်ရှိသမျှကို အလုပ်လုပ်နေရတယ်၊ ခဏလေးပဲ အိပ်ရတယ်၊ ငါးရှာနေပြီးတော့ ငါးဟင်း ကိုတောင်မှ ၀၀မစားရဘူး”ဟု ပြန်လည် လွတ်မြောက်လာသူတဦး၏ ပြောကြားချက်ကို ကိုးကား၍ ဦးကျော်သောင်းက ဆို သည်။
ရောင်းစားခံရသူများထဲတွင် အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ် ကလေး ၃ ဦးနှင့် အသက် ၅၀ ကျော် တဦး ပါဝင်ပြီး ကျန် သူများမှာ အသက် ၂၀ ကျော်များ ဖြစ်ကြောင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်များမှ လာရောက်ကြ သူများ ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ လဆန်းပိုင်းကလည်း ကန်ချနဘူရီမြို့ရှိ တည်းခိုဆောင် တခုတွင် ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေး အလုပ်လုပ်နေ သည့် မြန်မာနိုင်ငံမှ မိန်းကလေး ၄၂ ဦးကို ထိုင်း အာဏာပိုင်များက ကယ်တင်ခဲ့သေးသည်။
၂၀၁၂ ခု နှစ်ဆန်းပိုင်းမှ စတင်၍ ယခုလ အတွင်း လူကုန်ကူးခံရသူ လူ ၂၅၀ ခန့်ကို ကယ်တင်နိုင်ခဲ့ကြောင်း MAT အဖွဲ့က ပြော သည်။ ထိုင်းနိုင်ငံအတွင်း မြန်မာပြည်သား အချင်းချင်း ထိုင်း အလုပ်ရှင်များထံသို့ ရောင်းစားမှုများလည်း ရှိကြောင်း သတင်းများ အရ သိရ သည်။ သို့သော် မြန်မာပြည်သားအများစုက ပွဲစားများ အပါအ၀င် နည်းလမ်း အမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီး အစစ် အဆေးများကြားမှ နေ့စဉ်ကဲ့သို့ လာရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်သည်။
ပြီးခဲ့သည့် မတ်လမှ စတင်၍ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေး ရုံးများကိုလည်း ထိုင်း-မြန်မာနယ်စပ် ကော့ သောင်းမြို့နှင့် တာချီလိတ် မြို့တို့တွင် ဖွင့်လှစ်ထားပြီး တတိယမြောက်ရုံးကို ကရင်ပြည်နယ် မြ၀တီ မြို့၌ ယခုနှစ် မကုန်ခင် ဖွင့် လှစ် ရန် စီစဉ်ထားကြောင်း သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ ၂၀၁၁-၂၀၁၄ လုပ်ငန်းစီမံချက် သဘောတူညီချက်အရ ထိုရုံးများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်း ၀န်းကျင်ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

ပါတီတွင်း သဘောထားကွဲမှု ညှိနှိုင်းဆောင်ရွက်ကြရန် ဦးတင်ဦးပြော


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပမည့် ပါတီညီလာခံ ခေါ်ယူရေးအတွက် လူရွေးချယ်ရာတွင် ပြည်နယ်နှင့်တိုင်း အများစု၌ သဘောထား ကွဲလွဲမှုများဖြစ်နေပြီး ထိုဖြစ်စဉ်များကို ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ပါတီနာယက ဦးတင်ဦးက သတိပေး ပြောဆိုလိုက်သည်။ ယခုလ ၁၅ ရက်နေ့က ပဲခူးမြို့ NLD ရုံး၌ ပြုလုပ်သော ပဲခူးတိုင်း ပဲခူးခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့မှ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဦးတင်ဦးက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် လူပုဂ္ဂိုလ် တဦးတည်းကို မှီခိုအားထားသော ပါတီ မဖြစ်စေရေးအတွက် ပြုပြင်မှုများ လုပ်ဆောင်နေကြောင်း၊  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၎င်းနေရာအား ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူအား စဉ်းစားနေကြောင်း ပါတီ နာယက ဦးတင်ဦး က ပြောသည်။NLD ပါတီသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများထဲတွင် သြဇာအင်အား အကြီးဆုံးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် မရှိလျင် ပါတီမရှိနိုင်တော့ဟု ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များက လူငယ်သွေးသစ်များအား သွေးသစ်လောင်း၍ အားဖြည့်ရန် ပြင်ဆင်နေသည်ဟုဆိုကြောင်း သိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment