၈၈  သတင်းများ  စက်တင်ဘာ ၁၇၂၀၁၂

မင်းကိုနိုင် အမေရိကန် ခရီးစဉ် ဘာကြောင့်ဖျက်


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် အမေရိကန် ပြည်ထောင်စုသို့ သွား၍ ၀ါရှင်တန်အခြေစိုက် National Endownment forDemocracy –NED က ယခုနှစ် အတွက် အခြား မြန်မာ ၄ ဦးနှင့် ဒီမိုကရေစီ ဆုလက်ခံရန် အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း လတ်တလော ကချင်ပြည်နယ်တွင် ရောက်နေသော ကိုမင်းကိုနိုင်က ပြောသည်။
“ခရီးစဉ်ကို ဖျက်လိုက်ရတာက ပါ့စ်ပို့ထုတ်ပေးတဲ့ကိစ္စ မမျှမတလုပ်လို့ပါ။ ကျနော်တို့ ၆၅ နှစ်ကျတဲ့သူတွေ အတူတူ တင်ထား ခဲ့ကြတယ်။ ကျန်တဲ့သူတွေ မပေးတာတော့ လက်မခံဘူး၊ ဒါပါဘဲ” ဟု ကိုမင်းကိုနိုင်က ပြောသည်။
လွန်ခဲ့သည့် ၆ လခန့်က နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့သူ နိုင်ငံရေးအကျဉ်းသားများထဲမှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ ၃ ဦးကိုသာ နိုင်ငံကူးလက်မှတ်ရပြီဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်က ယခင်သတင်းတပတ်က အကြောင်းကြားလာခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံကူးလက်မှတ် ခွဲခြားထုတ်ပေးခြင်းကို မဖြစ်သင့်ကြောင်း သမ္မတရုံး ၀န်ကြီးများကတဆင့် ပြန်လည်တင်ပြခဲ့ကြောင်း၊ အနည်းဆုံး ပထမဆုံး အသုတ်လျှောက်ထားခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၉ ဦးကို တပြိုင်တည်းထုတ် မပေးသည့်အတွက် ကျန် ၃ ဦးက သွားရောက်ထုတ်ယူမှု မလုပ်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုသက်ဇော်က ပြောသည်။
“ကျနော်တို့ တင်ပြထားတဲ့ အနည်းဆုံး ၁၉ ယောက်လုံး ပါ့စ်ပို့တွေ တပြိုင်တည်းရပြီးဆိုရင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးတို့က သူတို့ကို အကြောင်းကြားထားတဲ့ ပါ့စ်ပို့တွေကို ထုတ်ယူမှာဖြစ်ပါတယ်”ဟု ကိုသက်ဇော်က ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် အကျဉ်းထောင်များက ပြန်လည်လွတ်မြောက်လာပြီးနောက် နိုင်ငံတကာက ဖိတ်ကြား မှုများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပညာရေး ဆက်လက်ဆည်းပူးရေးစသည့် လေ့လာ သင်ယူ ဖွံ့ဖြိုးရေး အစီအစဉ်များအတွက် နိုင်ငံကူးလက်မှတ်များကို အသုတ်လိုက် လျှောက်ထားခဲ့ကြသည်။
မြန်မာနိုင်ငံတွင် သာမန်နိုင်ငံသား တဦးအနေဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားလျှင် အချိန်ကာလအားဖြင့် ရက်သတ္တ ၃ ပတ် ကြာမြင့်သော်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းများမှာမူ လျှောက်ထားရာတွင်လည်း တခြားနိုင်ငံသားများနှင့် မတူဘဲ သီးခြား အပိုလုပ်ဆောင်ရမှုများ ရှိပြီး ကန့်သတ်မှုများရှိကြောင်း သိရှိရသည်။
“ကျနော်တို့ လျှောက်လွှာတင်တဲ့ အချိန်မှာကတည်းက သီးခြား လျှောက်လွှာစာရွက်နဲ့ ဘယ်နှစ်ခုနှစ်ကနေပြီး ဘာပုဒ်မနဲ့ ထောင်ဘယ်လောက်ကျတယ်။ ဘယ်အချိန်မှာ ပြန်လွတ်တယ်၊ အားလုံးကို ထောင်ကျတဲ့ဖြစ်စဉ်ကို သီးခြား တစောင်ရေး တင်ရတယ်” ဟု ဦးကိုကိုကြီးက က ဧရာဝတီသို့ ပြောဆိုသည်။
“တယောက်ချင်း ပေးနေတဲ့ ပုံစံမျိုးထက်ကို ကျနော်တို့ အကျဉ်းထောင်တွေက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေ အားလုံးကို တပြေးညီ ပုံစံ တခု သတ်သတ်မှတ်မှတ် ရှိသင့်တယ်ဆိုတာ ကျနော်တို့ ပြည်ထောင်စု ၀န်ကြီးတွေနဲ့တွေ့ တော့လည်း ပြောထားပါတယ်” ဟုလည်း ဦးကိုကိုကြီးက ပြောသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးနှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနက နိုင်ငံရေး အကျဉ်းသားဟောင်းများ ကို ထုတ်ပေးရာတွင် ထောင်မှ လွတ်ပြီးနောက် ကာလမှစ၍ ၁ နှစ် ဆိုင်းငံ့ထားရန် ဌာနတွင်း ညွှန်ကြားထားခဲ့ကြောင်း  နိုင်ငံရေးအကျဉ်းသားဟောင်းများအကြား ပြောဆိုမှုများ ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးချေ။
သြဂုတ်လ ၃၀ ရက်နေ့က ပြည်တွင်း၊ ပြည်ပရှိ နာမည်ပျက်စာရင်း (Blacklist) သွင်းထားသည့် လူ ပေါင်း ၆ ထောင် ကျော်အနက် ၂ ထောင်ကျော်ကို ပယ်ဖျက်ပေးလိုက်ပြီး ပြည်ပရောက်ထင်ရှားသည့် အတိုက်အခံခေါင်း ဆောင် တချို့ကိုလည်း ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးခဲ့သည်။
ဆုယူရန်ရှိသည့် ကိုမင်းကိုနိုင်သည် အခြား ၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသော ကိုဋ္ဌေးကြွယ်၊ ကိုပြူံးချို၊ ကိုမာကီနှင့် ကိုသက်ဇော်တို့ နှင့်အတူ မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပနေသည့် မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တံ့မှု ၁ နှစ်ပြည့်ပွဲသို့ ရောက်ရှိနေကြသည်။ ကချင်ပြည်နယ် ခရီးစဉ်ကို စက်တင်ဘာလ ၁၉ ရက်တွင် အဆုံးသတ်ပြီး ရန်ကုန်သို့ ပြန်ရောက်လာမည်ဖြစ်သည်။
အမေရိကန် ဝါရှင်တန်ရှိ NED ဒီမိုကရေစီ ဆုပေးပွဲမှာ စက်တင်ဘာလ ၂၀ ရက်နေ့တွင်ကျင်းပမည် ဖြစ်ပြီး ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ ဒေါက်တာ စင်သီယာမောင်၊ ဦးအောင်ဒင်တို့ ၅ ဦးကို ဆု ပေးအပ်ချီးမြှင့်ရန်ရှိသည်။ အဆိုပါ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းပြောမည်ဖြစ်သည်။
နိုင် ငံကူး လက်မှတ်အခက်အခဲကြောင့် ကိုမင်းကိုနိုင် လူကိုယ်တိုင် တက်ရောက်မယူနိုင်သော်လည်း ဆုပေးသူများ၊ အခြားဆုလက်ခံသူများ၊ တက်ရောက်လာသူများအား လေးစားဂုဏ်ပြုသည့်အနေဖြင့် ဗီဒီယို သတင်းစကားကို ပေးပို့သွားရန် ရှိကြောင်း ကိုသက်ဇော်က ပြောသည်။

(၈၈) မျိုးဆက် စစ်ပြေးဒုက္ခသည်များကို တွေ့ဆုံအားပေး


ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ မနေ့က တိုက်ပွဲတွေကြောင့် ဖားကန့်မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုသက်ဇော်နဲ့ ကိုမာကီးတို့ဟာ ဒုက္ခသည်တွေကို အားပေးစကားပြောပြီးတဲ့နောက် ဖားကန့်လူထုနဲ့လည်း တွေ့ဆုံဟောပြောခဲ့တယ်လို့ ဖားကန့် NLD ပါတီမှ ဦးလှဆိုင်းက MEDIA ကို အခုလို ပြောပါတယ်။
"ကျွန်တော်တို့ နမ့်မဖြစ် IDP camp ကိုသွားနေတယ်အခု။ မော်စီဇာထဲလည်း ဝင်သေးတယ်။ မော်စီဇာပြီးတာနဲ့ နမ့်မဖြစ်ဆိုတာရောက်မယ်။ IDP camp မှာ IDP တွေကို အားပေးစကားပြောမဲ့ အစီအစဉ်ရှိပါတယ်။ ခုလောလောဆယ်က ပထမဦးဆုံး ကျွန်တော်တို့က လုံးခင်း ဘေလီတံတားအကျော် လမ်းဆုံ လမ်းခွမှာ ကိုမင်းကိုနိုင်ကနေပြီးတော့ လူထုကို အာေးပးစကားပြောတယ်"
ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ မနက်ဖြန်မှာတော့ ဖားကန့်မြို့ကနေ မိုးကောင်းမြို့ကို ဆက်လက် ထွက်ခွာမှာဖြစ်ပြီး စက်တင်ဘာလ (၁၈) ရက်နေ့ မိုးကောင်းမြို့က ပစ္ဆိမာရုံကျောင်းတိုက်မှာ မိုးကောင်းဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံပြီး မြစ်ကြီးနားကို ပြန်မယ်လို့ သိရပါတယ်။
မနေ့တုန်းကတော့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ မြစ်ဆုံဆည်စီမံကိန်းရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ကုလအထူးကိုယ်စားလှယ် (၈၈) မျိုးဆက်နှင့် တွေ့ဆုံ


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာဟာ (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။
အကျဉ်းထောင်တွေကနေ လွတ်မြောက်လာပြီးနောက် (၈) လတာ ကာလအတွင်း ဆောင်ရွက်ခဲ့တာတွေကို မေးမြန်းခဲ့သလို လက်ရှိတိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ (၈၈)မျိုးဆက် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း မစ္စတာနမ်ဘီယာက ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။
"အလုပ်သမားလုပ်ခလစာ အငြင်းပွားမှု ပြဿနာ၊ နောက်လယ်ယာမြေတွေ သိမ်းဆည်းခံရတဲ့ ပြဿနာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့ ပါဝင်ဆောင်ရွက်တဲ့ ကိစ္စ၊ နောက်ဆုံး ဒီရခိုင်ကိစ္စ ပြီးတော့ ကျွန်တော်တို့ ဒီပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက် ပွဲမှာ စောင်ကြည့်လေ့လာမှု ကွန်ယက်လုပ်ခဲ့တဲ့ ကိစ္စတွေ ကျွန်တော်တို့ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ တော်တော်များများလည်း ပြောပြဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဆောင်ရွက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်တာတွေရော၊ ကျွန်တော်တို့ ကော်မရှင် စုံစမ်းလေ့လာခဲ့တဲ့ အချက်တွေ အကြမ်းဖျင်းပေါ့လေ၊ အဲတာတွေ ကျွန်တော်တို့ ပြောဖြစ်ပါတယ်"
ရန်ကုန်မြို့ Bangkok Kitchen စားသောက်ဆိုင်မှာ မစ္စတာနမ်ဘီယာနဲ့ ညစာစားပွဲကို (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စား ကိုကိုကြီး၊ မမီးမီး၊ မနီလာသိန်းအပါအ၀င် စုစုပေါင်း (၆) ဦး တက်ရောက်ခဲ့ပါတယ်။ မစ္စတာနမ်ဘီယာဟာ မနေ့က ရန်ကုန်မြို့မှာ စတင်ကျင်းပနေတဲ့ ၂၁ ရာစု မြန်မာနိုင်ငံရဲ့ National Identity and Citizenship အလုပ်ရုံဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment