၈၈  သတင်းများ   အောက်တိုဘာ ၀၁ ၊ ၂၀၁၂

၈၈ မျိုးဆက် မြန်မာပြည်အလယ်ပိုင်း ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်စတင်


၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးမြအေး ၊ ဦးကိုကိုကြီး(စမ်းချောင်း)၊ ဦးဂျင်မီ၊ ဦးထွန်းမြင့်အောင်၊ မမီးမီး၊ မနီလာသိန်း၊ မစန်းစန်းအောင်၊ မနုနုအောင် အပါအဝင် စုစုပေါင်း (၁၅) ဦး ပါဝင်တဲ့အဖွဲ့ဟာ အောက်တိုဘာလ တစ်ရက့် က စတင်ပြီး မြန်မာပြည်အလယ်ပိုင်းက မြို့(၈) မြို့ကို ငါးရက်ကြာ ခရီးထွက်ခွာမယ်လို့ သိရပါတယ်။
မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ သာစည်နဲ့ ယင်းမာပင်စတဲ့ မြို့ရှစ်မြို့ကို ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေးခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကြောင်းကိုလည်း အလေးပေး ပြောကြမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက MEDIA ကိုပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဖော်ဆောင်ရေး ခရီးစဉ်တိုင်းမှာ ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ ဒေသခံပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာမျိုး ဖြစ်စေချင်ပြီး ဖြစ်အောင်လည်းပဲ ကြိုးစားနေတယ်လို့ ဦးမြအေးက ပြောပါတယ်။
မကြာသေးမီက ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိနိုင်ရန်အတွက် စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါသေးတယ်။

လက်ပံတောင်းတောင်နှင့်ချင်းတွင်းအလှ သဘာဝကာကွယ်ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လက်ပံတောင်းတောင်နဲ့ ချင်းတွင်းအလှ သဘာဝ ကာကွယ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲကို မနေ့က မနက်ပိုင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်ကို စုပေါင်းလက်မှတ်ထိုး တင်ပြတောင်းဆိုမယ့် လှုပ်ရှားမှုတစ်ခုကိုလည်း အဲဒီအခမ်းအနားမှာ တပြိုင်နက်တည်း ကျင်းပခဲ့ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပေါ် ထားရှိတဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို လွှတ်တော်ထဲရောက်အောင် ၈၈ မျိုးဆက် ကျောင်းသားတွေက ကူညီဆောင်ရွက်ပေးမယ်လို့ အဲဒီအခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားသွားပါတယ်။
အခမ်းအနားကို လက်ပံတောင်းတောင်ဒေသ ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ စီမံကိန်း အင်ဂျင်နီယာ ဦးအောင်ကျော်ဇံ စတဲ့ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေ ဖြစ်တဲ့ ဦးဝင်းမျိုးသူ၊ ဒေါ်ဒေ၀ီသန့်ဇင် စတဲ့ပုဂ္ဂိုလ်တွေက ကြေးနီစီမံကိန်းကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်ဆီးနေမှုတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်ပေါ်လာမယ့် ဘေးဒုက္ခ အန္တရာယ်တွေကို ဟောပြော ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို လူ ၁,၀၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး တက်ရောက်သူအားလုံးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးအတွက် စုပေါင်း လက်မှတ်ထိုးခဲ့ကြပါတယ်

ပြည်ခရိုင် နိုင်/ကျဉ်းဟောင်းများအဖွဲ့ ဖွဲ့စည်း

ဧရာဝတီတိုင်း၊ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ပထမအကြိမ် တွေ့ဆုံပွဲကို ပြည်မြို့က (Happy mark) စာအုပ်ဆိုင်မှာ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီ ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ကို ကော်မတီလေးရပ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း (၅၀) ကျော်နဲ့ ဖွဲ့စည်းလိုက်ပြီး တစ်နိုင်ငံလုံးက မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ လွတ်မြောက်ဖို့အတွက် ရန်ကုန်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်ခရိုင် နိုင်/ကျဉ်းအဖွဲ့ဝင် ကိုကျော်ဆန်းက RFA ကိုပြောပါတယ်။
အခု ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှာ ပြည်၊ သဲကုန်း၊ ပေါက်ခေါင်း၊ ပေါင်းတည်နဲ့ ပတ်ဝန်းကျင် ဒေသတွေက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ပါဝင်ခဲ့ကြပြီး အဲဒီအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို အပါအ၀င် ကျောင်းသား (၇) ဦးလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment