မြန်မာ့ စီးပွားရေး သတင်းများ စက်တင်ဘာ ၃၀၊ ၂၀၁၂
ခေတ်နှင့်လျော်ညီခြင်း မရှိတော့သော အခွန်ကင်းရှင်းကြောင်း ပြသရသည့် ပုံစံ(၁၇) နှင့် (၁၉) တင်ပြနေရခြင်းကို ပယ်ဖျက်ပေးသင့်
ပြည်ပသို့ ထွက်ခွာမည့် နိုင်ငံသားများအတွက် ထုတ်ပေးလျက်ရှိသော နိုင်ငံကူးလက်မှတ် (passport) လျှောက်ထားရာတွင် လုပ်ထုံးလုပ်နည်းများကို လျှော့ချပေးထားသည် ဆိုသော်လည်း ခေတ်နှင့်လျော်ညီခြင်း မရှိတော့သည့် အမြတ်ခွန်ကင်းရှင်းကြောင်း ပြသရသော ပုံစံ ၁၇ နှင့် ၁၉ များ ရှိနေဆဲဖြစ်ခြင်းကြောင့် သာမန် ပြည်သူများအနေဖြင့် အချိန်ယူ လုပ်ဆောင်နေရခြင်းနှင့် အတူ အပိုငွေကြေး ကုန်ကျမှုများရှိနေသဖြင့် အဆိုပါစနစ် ကို ပယ်ဖျက်ပေးသင့်ပြီ ဖြစ်ကြောင်း ပြောဆိုကြပါသည်။
“ကျွန်တော် ၂၀၀၆ ခုနှစ်မှာ နိုင်ငံကူးလက်မှတ်စပြီး လျှောက်ထားခဲ့ပါတယ်။ အဲဒီတုန်းက အခွန်ကင်းရှင်းကြောင်း အထောက်အထားပါမှ ပတ်စ်ပို့လျှောက်လို့ရတာပါ။ နယ်ကလာပြီး အလုပ်လုပ်နေတဲ့သူ ဖြစ်လို့ အမြတ် ခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ ရဖို့ ပိုက်ဆံတစ်သိန်းလောက် ကုန်ခဲ့ပါတယ်။ ဒါတောင်ကိုယ်က သွားရေးလာရေး လွယ်တဲ့နေရကမို့ပါ။ ၁၇ ရပြီးရင် ၁၉ ရုံးမှာ တိုးဝှေ့ပြီးတန်းစီရပါတယ်။ ၁၉ ရပြီးပြီဆိုမှ ပတ်စ်ပို့ရုံးမှာစာအုပ်လျှောက်ဖို့ နှစ်ရက်လောက်အချိန်ပေးပြီး လုပ်ရတယ်။ နောက်တစ်ခါ သက်တမ်းတိုးတော့ စနစ်က ပြောင်းသွားတယ်။ ပတ်စ်ပို့ရုံးမှာ လုပ်စရာရှိတာတွေလုပ်။ စလစ်ရပြီးတဲ့နောက်မှ အခွန်ကင်းရှင်းကြောင်း ၁၇ တွေ ၁၉ တွေ လုပ်ရတယ်။ စာအုပ်ထုတ်တော့မှ ပုံစံ ၁၉ ကို စလစ်နဲ့အတူ ပေးရတယ်။ အလုပ်ရှုပ်တာတော့ အတူတူပါပဲ”ဟု ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက်ရှိသူ မုံရွာမြို့မှ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပါသည်။
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစပြီး မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအား ပန်းဆိုးတန်းလမ်းမှ ရန်ကင်းမြို့နယ်ရှိ ယခင်ပြည်ထဲရေး ၀န်ကြီးဌာနရုံးသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်တွင် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် ကြာမြင့်သော စိစစ်ချိန်အား ရက် ၃၀ မှ ၂၁ ရက်သို့ လျော့ချ ပေးခဲ့သည်။ ထို့အတူဖြည့်စွက်ရသော ပုံစံ ၁၅ ရွက်ခန့်မှ ၇ ရွက်ခန့်သို့ လျော့ချပေးခဲ့ကြောင်း သိရသည်။ သို့ရာတွင် နိုင်ငံကူးလက်မှတ်ရရှိရေး အတွက် တင်ပြရသောအခွန်ကင်းရှင်း ကြောင်း အထောက်အထား စာရွက်စာတမ်းများမှာမူ ယခင်ကဲ့သို့ တင်ပြနေရဆဲဖြစ်ကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူများနှင့် သက်တမ်းတိုးခဲ့ကြသူများက ပြောဆိုကြပါသည်။
“နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့အခါမှာ ပုံစံ ၁၉ တောင်းရတာ အခွန်ကိစ္စကြောင့် ဖြစ်ပါတယ်။ နိုင်ငံကူး လက်မှတ်လျှောက်ထားပြီး ပြည်တွင်း မှာ အခွန်ပေးဆောင်ဖို့ ကျန်မကျန် စိစစ်တဲ့သဘောပါ။ အခွန်ကျေပြီးတဲ့ သက်သေအထောက်အထားကို ပြည်တွင်း အခွန်ကထုတ်ပေးတဲ့ ပုံစံ ၁၉ ကို ရုံး က လက်ခံထားတဲ့သဘောပါ။ နိုင်ငံ သားတစ်ယောက်ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးမယ်ဆိုရင် ဒီလူတစ်ယောက်ဟာ ဟိုမှာသုံးလေးရက်နေမှာလား၊ သုံးလေးနှစ်နေမှာလား သိဖို့ မလွယ်ပါဘူး။ အဲဒီအတွက် ဒီလူဟာ ပြည်တွင်းမှာ အခွန်ကျေမကျေ စိစစ်ရတာပေါ့။ ပုံစံ၁၉ ကိစ္စကတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင် ရွက်တာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးရုံး(ရန်ကုန်) မှ ဌာနခွဲမှူး ရဲမှူးစိုးထွန်းအောင်မှ ပြောကြားပါသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာသော အစိုးရသစ်လက်ထက်တွင် ခေတ်နှင့်လျော်ညီခြင်း မရှိတော့ သော ဥပဒေများအား ပြင်ဆင်ပေးခဲ့သလို ပြည်သူများအတွက် ၀န်ထုတ်ဝန်ပိုးဖြစ်စေမည့် ဥပဒေများကိုလည်းဖြေလျှော့ ပေးခဲ့ရာ အမြတ်ခွန်ဥပဒေလည်း ပါဝင်ခဲ့သည်။ သို့ရာတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌မူ အမြတ်ခွန် ပေးဆောင်ထားခြင်း ရှိမရှိစောင့်ကြည့်သည့် အနေဖြင့် ပုံစံ ၁၉ တောင်းယူနေ ခြင်းမှာ ဥပဒေနှင့် ညီညွတ်မှုမရှိတော့ကြောင်း သုံးသပ်နေမှုများလည်း ရှိနေသည်။
“ဆိုရှယ်လစ်ခေတ်တုန်းက နိုင်ငံခြားသွားတာကို ကန့်သတ်ချင်တဲ့ အတွက် နိုင်ငံကူးလက်မှတ်ကို အဆင့်ဆင့်စီစစ်ပြီးမှ ပေးခဲ့တာပါ။ န၀တ၊ နအဖလက်ထက် ကျတော့လည်း လုံခြုံရေး အကြောင်းပြပြီး စာရွက်စာတမ်းတွေ တောင်းခဲ့တယ်။ အခုခေတ်တွေ လည်းပြောင်းလာပြီ။ တိုင်းပြည်က ဆင်းရဲနေလို့ နိုင်ငံခြားထွက်ပြီး ငွေရှာနေတဲ့သူတွေနိုင်ငံခြားငွေ တန်ဖိုးကျတဲ့ အတွက် သမ္မတကြီးကတောင် ၀င်ငွေ ခွန် ၁၀ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြု ပေးထားရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့လိုပြည်တွင်း ကုမ္ပဏီတွေ မှာ လုပ်နေတဲ့သူတွေကို အမြတ်ခွန်ဆောင်ပြီးမပြီး သိချင်တဲ့အတွက် အခွန်ကင်းရှင်းကြောင်း ပြခိုင်းတာကတော့ တိုင်းပြည်တစ်ခုစနစ်နှစ်မျိုးဖြစ်နေတယ်။ ဒီစနစ်တွေကို ပြင်စေချင်ပါပြီ” ဟု နိုင်ငံကူးလက်မှတ် ထုတ်ယူရန် အတွက် ပုံစံ ၁၉ ပြုလုပ်နေသူ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပါသည်။
နိုင်ကူးလက်မှတ်ရရှိရေးအတွက် ဓာတ်ပုံရိုက်ကူးခြင်း အပါအ၀င် အခြားစာရွက်စာတမ်းများအတွက် ဖြည့်စွက်ရန် အချိန်နေ့တစ်ဝက်ခန့်သာ ကုန်နိုင်ပြီးကျသင့်ငွေမှာလည်း တိတိကျကျ ထုတ်ပြန်ထားသည့် အတွက် ပွင့်လင်းမြင်သာမှု ရှိသည်ဟု ဆိုနိုင်သော်လည်း အမြတ်ခွန်ကင်းရှင်းကြောင်း အထောက်အထားရရှိရန် ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာ အခွန်ရုံးများသည် ပွင့်လင်း မြင်သာမှု မရှိကြောင်း ကိုယ်တွေ့ကြုံခဲ့ ရသူများက ပြောကြပါသည်။
“အခွန်ကင်းရှင်းကြောင်း လုပ်မယ်ဆိုရင်ဦးစီးမှူးမရှိလို့ ဘယ်အချိန်မှပြန်လာပါ။ ဘယ်နေ့မှ ပြန်လာပါဆိုတာ ကတစ်မျိုး။ အမြန်လိုချင်ရင် ဘယ်ဈေးဆိုတာလည်း ရှိသေးတယ်။ ပုံစံ ၁၇ အတွက် အစိုးရက ဘယ်လောက်ပေးရမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိဘူး။ သူတို့စိတ်ထဲမှာရှိတဲ့အတိုင်း တောင်းနေ ကြတာ။ သူတို့ပြောတဲ့ငွေက တရားဝင် ဆောင်ရတာလားလို့ သွားမေးရင် စောစောကပြောတဲ့ ဈေးထက်နှစ်ဆလောက် ကိုဘဏ်မှာ အသွင်းခိုင်းလိမ့်မယ်။ ဘယ်သူမဆို သက်သာချင်တဲ့အတွက် နောက်ဆုံးသူတို့ တောင်းတဲ့အတိုင်း ပေးခဲ့ကြရတယ်”ဟု အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ ရရှိရန် ကျပ်ငါးသောင်းကျော် ကုန်ကျခဲ့သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါသည်။
“အမြတ်ခွန်ဥပဒေက ရုပ်သိမ်းပြီး ဖြစ်လို့ ပုံစံ ၁၇၊ ပုံစံ ၁၉ လို့ မခေါ်တော့ဘဲ ၀င်ငွေခွန်ဥပဒေနဲ့ သက်ဆိုင်တာနဲ့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက် အရင် ပုံစံ ၁၇ ကိုအခု ပတခ(၀င)-၁၀ နဲ့ပုံစံ ၁၉ ကို အခုပတခ(၀င)-၁၂ လို့ခေါ်ပါတယ်။ ဒါတွေက အခွန်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ်တွေပဲ ဖြစ်ပါတယ်။ ဒီလက်မှတ်တွေက နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ လိုအပ်တဲ့ဟာတွေ ဖြစ်ပါတယ်”ဟု ပြည်ပသို့ ထွက်ခွာမည့်သူများအား စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလှိုင်က ပြောကြားပါသည်။
အဆိုပါ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ်နှင့် ပတ်သက်ပြီး လျှော့ပေါ့ပေးရန် ဆွေးနွေးမှုများရှိနေ ကြောင်းလည်း “လက်ရှိလုပ်ကိုင်နေတာတွေ လျှော့ပေါ့ပေးဖို့ ဆွေးနွေးမှုတွေရှိ ပါတယ်။ လျော့ပေးမယ့် အစီအစဉ်ကတော့ ပထမဆုံးအနေနဲ့ပြည်ပကို ဘုရားဖူးသွားမယ့်သူတွေ ဥပမာပြော ရရင် ဗုဒ္ဓဂါယာလို၊ ဟာ့ဂ်ျခရီးစဉ်လိုမျိုးတွေနဲ့ ပြည်ပကိုအလုပ်သွားလုပ်မယ့် သူတွေ၊ ကျန်းမာရေးကြောင့် ပြည်ပမှာဆေးသွားကုမယ့် သူတွေကို အခွန်ကင်းရှင်းကြောင်း ယူစရာမလိုတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်တော့ ဒါတွေက ဆွေးနွေးတဲ့အဆင့်ပဲ ရှိပါသေးတယ်”ဟု ၎င်းက ဆက်လက်ပြောကြား ပါသည်။
အမြတ်ခွန်ဥပဒေဖြင့် နိုင်ငံသားတိုင်း အခွန်ဆောင်စေရန် ကြိုးပမ်းခဲ့မှု မအောင်မြင်ခဲ့ဘဲ သာမန်ပြည်သူများ၊ ကုမ္ပဏီဝန်ထမ်းများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေကြေးကောက် ခံနေသည့် အခွန်ကင်းရှင်းကြောင်း သက်သေခံစာရွက်စာတမ်းများပါဝင်မှ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်စနစ်ကို အမြန်ဆုံး ရပ်ဆိုင်းသင့်သည် ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့ကြသည့် ပြည်သူများက ပြောဆိုကြသည်။
“ဖြစ်သင့်တာက စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်ထားတဲ့သူတွေကို business passport ထုတ်ပေးပြီး သူတို့ဆီကပဲ အခွန်ကို သေသေချာချာ စိစစ်သင့်ပါတယ်။ သာမန် ပြည်သူတွေကို ဒီအဆင့်ကင်းလွတ်ခွင့် ပြုသင့်ပါပြီ။ တိုင်းပြည်လည်း ရသင့်ရထိုက်တဲ့ အခွန်ငွေမရဘဲ လာဘ်ပေးလာဘ်ယူ ကဏ္ဍကို ကြီးထွားစေတဲ့ ဒီလိုစနစ်ကို ပြုပြင်သင့်တာကြာပါပြီ။ ကျွန်တော် တို့လို သာမန်ပြည်သူတွေဟာ ဘယ်ရုံးကိုပဲသွားသွား လက်ဖက်ရည်ဖိုးလို့ခေါ်တဲ့ လာဘ်ငွေမပေးရင် ဘာအလုပ်မှ လုပ်လို့မရဖြစ်နေတာကြာပါပြီ။ အခု အစိုးရက လာဘ်ပေးလာဘ်ယူတိုက် ဖျက်မယ်လို့ ပြောနေပေမယ့် အောက်ခြေကနေရာတိုင်းမှာ ဒီလိုဟာတွေက ရှိနေဆဲပါ။ ပြောင်းမယ်ဆိုရင် အထက်မှာတင် ပြောင်းလို့မရပါဘူး။ ထက်၊ လယ်၊ အောက် အကုန်ပြောင်းမှ ရပါမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောကြားပါသည်။
ရုံးခန်းငှားခ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆သန်းနီးပါး ရရှိနိုင်သည့် ဆာကူရာတာဝါမှ ငှားရမ်းခဈေးထပ်တိုးမည်၊ ရန်ကုန်မြို့၏ ရုံးခန်းငှားခဈေး ဘန်ကောက်၊ ကွာလာလမ်ပူမြို့များထက် နှစ်ဆမှ သုံးဆအထိပိုများ
ရုံးခန်းငှားရမ်းခ အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ သန်း နီးပါးရရှိနိုင်သည့် SAKURA Tower မှ ရုံးခန်းငှားရမ်းခများကို ၂၀၁၃ ခုနှစ် မှစ၍ ထပ်မံတိုးမြှင့်မည် ဖြစ်ကြောင်း SAKURA Tower တွင် ရုံးခန်းငှားရမ်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီများမှ ပြောကြားခဲ့ပါသည်။
SAKURA Tower တွင် လက်ရှိ ရုံးခန်းငှားရမ်းခဈေးမှာ တစ်စတုရန်း မီတာလျှင် တစ်လငှားရမ်းခ အမေရိ ကန်ဒေါ်လာ ၄၀ ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ အထိ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
၂၀၀၃ ခုနှစ်က SAKURA Tower တွင် ရုံးခန်းငှားရမ်းခမှာ တစ်စတုရန်း မီတာလျှင်တစ်လငှားရမ်းခ အမေရိကန် ဒေါ်လာ ၁၁ ဒေါ်လာဖြစ်ပြီး တဖြည်းဖြည်း တိုးမြှင့်လာခဲ့ရာမှ ၂၀၁၂ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၄၀အထိမြင့် တက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခု ထပ်မံ၍ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ သို့ မြှင့်ရန်အတွက် ပြောကြားထားကြောင်း သိရသည်။
SAKURA Tower တွင် ရုံးခန်း ဧရိယာစုစုပေါင်း ၁၂၄၂၅ စတုရန်း မီတာရှိကြောင်း SAKURA Tower ၏ Website တွင် ဖော်ပြထားရာ လက်ရှိတစ်စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ ၄၀ ဖြင့် တွက်ချက်လျှင် တစ်နှစ်လျှင် ရုံးခန်းငှားရမ်းခမှ အမေရိကန်ဒေါ်လာ ၆ သန်းနီးပါးရရှိမည် ဖြစ်ကြောင်းကိုလည်း ငှားရမ်းထားသည့် ကုမ္ပဏီများ၏ တွက်ချက်ပြော ကြားမှုအရ သိရသည်။
၂၀၁၃ ခုနှစ်တွင် တိုးမြှင့်မည့် တစ်စတုရန်းမီတာ တစ်လငှားရမ်း ခ အမေရိကန်ဒေါ်လာ ၇၀ ဖြင့်ဆို ပါက SAKURA Tower မှ ထုတ်ပြန်ထားသည့် ရုံးခန်းဧရိယာအားလုံးငှားရမ်း ရပါက တစ်နှစ်လျှင်ရုံးခန်း ငှားရမ်းခမှ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိ ၀င်ငွေရှိနိုင်မည်ဟုလည်း တွက် ချက်ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် SAKURA Tower မှ တိုးမြှင့်မည့်နှုန်းထားများ အတိုင်းဆိုပါက ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခမှာ ဘန်ကောက်၊ ကွာလာလမ်ပူမြို့များတွင် ငှားရမ်းသည့် နှုန်းထက် နှစ်ဆမှ သုံးဆအထိပို များနေမည်ဖြစ်သည်ဟုလည်း ရုံး ခန်းငှားရမ်းဖွင့်လှစ်ထားသည့်ကုမ္ပ ဏီများမှ ပြောကြားခဲ့သည်။
SAKURA Tower တွင် ရုံးခန်း ငှားရမ်းဖွင့်လှစ်ထားသည့် ကုမ္ပဏီ တစ်ခုမှတာဝန်ရှိသူတစ်ဦးက “ဆာကူရာတာဝါမှာ ၂၀၀၃ ခုနှစ်ကတည်းက ကျွန်တော်တို့ ငှားရမ်းနေထိုင်လာတာ အဲဒီတုန်းက တစ်စတုရန်းမီတာကို ၁၁ ဒေါ်လာ။ အဲဒီကနေ တဖြည်းဖြည်း တိုးလာလိုက်တာ အခု ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၀ ဖြစ်သွားတယ်။ ၂၀၁၃ မှာထပ်ပြီးတစ်စတုရန်း မီတာတစ်လငှားရမ်းခကို အမေရိကန် ဒေါ်လာ ၇၀ အထိမြှင့်မယ့်အကြောင်း ပြောထားတယ်။ အသစ်ငှားမယ့်သူဆို ပိုဈေးကြီးတယ်၊ အောက်ထပ်တွေဆို ပိုဈေးပေးရသေးတယ်။ ကျွန်တော့် အခန်းက ၅၀ စတုရန်းမီတာဖြစ်လို့ တစ်လကို ဒေါ်လာ ၃၅၀၀ ကျမယ်။ ဒီနေ့မြန်မာငွေနဲ့ဆိုရင်ကျပ်သိန်း ၃၀ ကျော်ပေးရမယ်။ဒီလောက်အထိတော့ မတတ်နိုင်ဘူး။ ဘယ်သွားရမှန်းမသိ ဘူး”ဟု ပြောပြခဲ့သည်။
“ဆာကူရာတာဝါမှာ ကျွန်တော် သိသလောက် ကုမ္ပဏီပေါင်း၉၀လောက် ရှိတယ်။ ရုံးခန်းဧရိယာ စုစုပေါင်း ၁၂၄၂၅ စတုရန်းမီတာ ရှိတယ်လို့ သူတို့ဝက်ဘ်ဆိုက်မှာ ဖော်ပြထား တယ်။ ဒီဧရိယာအကုန်ငှားမယ်ဆိုရင် အခုဒေါ်လာ ၄၀ နှုန်းနဲ့တင် တစ်လကို အမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး နဲ့တစ်နှစ်ဆိုရင် အမေရိကန်ဒေါ်လာ ၆ သန်းနီးပါးလောက် ရမယ်လေ။ ဒေါ်လာ ၇၀ နှုန်းနဲ့ဆိုတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်လောက်ထိ တောင်ရမှာ။ ၇၀ ကတော့ များလွန်းတဲ့အတွက် ဟိုတယ်တွေ တုန်းက နိုင်ငံတော်အနေနဲ့ အခန်းခ ပိုမယူအောင် သတ်မှတ်ပေးတဲ့ သဘော ရုံးခန်းငှားရမ်းခကို သင့်တင့်တဲ့ဈေး သတ်မှတ်ပေးဖို့ နိုင်ငံတော်သမ္မတ၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကုမ္ပဏီတွေ လက်မှတ်ထိုးပြီး တင်ထားတယ်”ဟု SAKURA Tower တွင် ကုမ္ပဏီဖွင့်ထားသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဘန်ကောက်မြို့၌ ရုံးခန်းငှားရမ်းခမှာ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ၀န်းကျင်သာအများစုကျသင့်ကြောင်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ဆိုပါက တစ်စတုရန်းမီတာတစ်လငှား ရမ်းခမှာ ၂၅ ဒေါ်လာဝန်းကျင်အများ စုပေးချေရကြောင်း သိရသည်။
ထို့အတွက် ယခုတိုးမြှင့်ထားသည့် နှုန်းအတိုင်းဆိုပါက ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခမှာ ဒေသတွင်း နိုင်ငံများထက်နှစ်ဆမှ သုံးဆအထိမြင့်မည် ဖြစ်သည်ဟု သုံးသပ်ကြသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲ လျက်ရှိသည့် ကာလဖြစ်၍ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားခရီးသွားများ ၀င်ရောက်မှုမြင့် တက်လာသည့်အတွက် ယခင်က ဟိုတယ်များတွင် ရုံးခန်းဖွင့်လှစ်ထားသည့် ကုမ္ပဏီများအား ဟိုတယ်များမှ ဆက်လက် ငှားရမ်းခြင်းမပြု၍ ရုံးခန်းလိုအပ်ချက်မှာ မြင့်တက်ခဲ့သည်။
SAKURA Tower မှ ထုတ်ပြန်ထားချက်တွင်မူ ယခင်နှစ်များက ဘဏ္ဍာရေးပိုင်းဆိုင်ရာ အရှုံးပြမှုကိုခံရခြင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီများသို့ ပေးဆပ်ရမည့် ချေးငွေနှင့် အတိုးနှုန်းများအတွက် လိုအပ်၍ တိုးမြှင့်ရခြင်း ဟု ဖော်ပြထားသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့် သဘောတူညီချက်မှ မရှိသေး
မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် တစ်ခုဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန် မည်သည့် သဘောတူညီချက်မှ မရှိသေးဟု ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် JCCI ၏ မဲခေါင်ဒေဆိုင်ရာ စီးပွားရေးလေ့လာမှုကော်မတီ ဥက္ကဌ မစ္စတာကိုဟိ ၀ါတာနာဘဲက ပြောကြားခဲ့သည်။
''ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ထိုင်းနိုင်ငံက အီတာလျံ -ထိုင်းကုမ္ပဏီက လုပ်ဆောင်နေတာဖြစ်ပြီး သူတို့က ဂျပန်မှာရှိတဲ့ အဓိက ကုမ္ပဏီကြီးတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာ ရှိပါတယ်။ ထားဝယ်စီမံကိန်းက မဲခေါင်ဒေသအတွက်ရော အာဆီယံနိုင်ငံတွေ အတွက်ပါ အရေးကြီးတဲ့ ကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်တာကြောင့် မြန်မာရော ထိုင်းနိုင်ငံအတွက်ပါ ဂျပန်က ပူးပေါင်းဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ ဒီစီးပွားရေးဇုန် စီမံကိန်းကို ဖော်ဆောင်သွားမယ်ဆိုတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ MOU တွေ၊ အခြား သဘောတူစာချုပ်တွေကို ဂျပန်အစိုးရနဲ့ရော စီးပွားရေးလုပ်ငန်းတွေနဲ့ပါ လက်ရှိမှာ လုပ်ဆောင်ထားခြင်း မရှိပါဘူး'' ဟု ၄င်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံက ရန်ကုန်မြို့နှင့်နီးသော သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကိုသာ အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်ဟု ၄င်းကဆိုသည်။
အီတာလျံ-ထိုင်းကုမ္ပဏီသည် ငွေကြေးနောက်ခံထောက်ပံ့ပေးမည့် အဖွဲ့အစည်းကို ရှာဖွေလျက်ရှိပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် လိုအပ်သောငွေကြေး အမေရိကန်ဒေါ်လာ ၈.၆ ဘီလျံ၏ ၇၅ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံမှ ချေးငွေအဖြစ် ရယူနိုင်ရန် မျှော်မှန်းထားသည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။
၎င်းကုမ္ပဏီသည် အဆိုပါ စီးပွားရေးဇုန် စီမံကိန်းတွင် စိတ်ပါဝင်စားသည့် ဂျပန်ရင်းနှီးမြှုပ်နှံသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းထက် ၁၀ ဆကြီးမားပြီး ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့တွင် တည်ဆောက်မည့်စီမံကိန်း ၂၀၃ ခုအတွက် ကုန်ကျစရိတ် ဘတ်ငွေ ၃၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဘီလျံ) ကို ထိုင်းအစိုးရက အတည်ပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံအတွင်း ဂျပန်နိုင်ငံဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးဈေးကွက်ကို အာဆီယံဒေသသို့ ချက်ခြင်းပြောင်းလဲမှုများ ဖြစ်ပေါ်မည်မဟုတ်ကြောင်း JCCI ၏ အကြီးအကဲ မစ္စတာအိုကာမူရာက ပြောကြားသွားခဲ့သည်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment