ရခိုင် သတင်းများ  စက်တင်ဘာ ၀၄၂၀၁၂




ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လိုအပ်သော ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို စက်တင်ဘာလ ၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၁ သန်း ပေးအပ်လိုက်သည်။ 
အလှူငွေကို မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး H.E Mr. Talal M. S. Abdul Salam က UNHCR ၏ မြန်မာပြည်ကိုယ်စားလှယ် Mr.Johannes G. Ten Feld အား ချက်လက်မှတ်ဖြင့် ဆော်ဒီသံရုံးတွင်ပင် ပေးအပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါလှူဒါန်းငွေများမှာ မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အထောက်အပံ့ဖြစ်စေမည်ဟုလည်း မျှော်လင့်ကြောင်း သိရသည်။ 
ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ ဘုရင် Custodian of the Two Holy Mosques King ABDULAH BIN ABDUL AZIZ SAUD ကလည်း ရခိုင်ပြည်နယ်အတွင်း  ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ရေရှည်တည်မြဲစေရန်အတွက် မျှော်မှန်းကာ မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့သောအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကိုလည်း ထပ်လောင်း လှူဒါန်းခဲ့ကြောင်း ဆော်ဒီအာရေးဗီးယားသံရုံးက ကြေညာခဲ့သည်။ 
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကလည်း မကြာသေးမီက RFA နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများကို ပညာသင်ကြားပေးရန် စာသင်ကျောင်းများကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။




ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ မဟာမုနိနှင့် ရှမ်းပြည်နယ် မိုင်းလားဒေသသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား လတ်တလောတွင် သွားရောက်ခွင့်မပြုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်ဟု သိရှိရသည်။
၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် နယ်မြေဒေသ အခြေအနေအရ စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ မဟာမုနိ၊ မိုင်းလား ခရီးစဉ်များအား သွားရောက်ခွင့်မပြု ကြောင်းနှင့် သွားရောက်ခွင့် ပြန်လည်ခွင့်ပြုပါက ထပ်မံအကြောင်းကြားမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။
''ထုတ်ပြန်ထားတာ ဟုတ်ပါတယ်။ သတင်းထုတ်ပြန်ချက် အသစ်ထပ်ထုတ်တာ မရှိခင်အထိ အဲဒီထုတ်ပြန်ချက်ဟာ အတည်ပါပဲ''ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခု နှစ် ဇွန်လမှစတင်ပြီး နယ်မြေအခြေ အနေမငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့ကာ ယခုအခါတွင် စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ မဟာမုနိသို့ ခရီးသွား ဧည့်သည်များ သွားရောက်ရန် ခွင့်မပြုကြောင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်သည် နိုင်ငံခြားသားခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး သံတွဲရှိ ငပလီကမ်းခြေ၊ မြောက်ဦးဒေသ၊ မြောက်ဦးမြို့၏ မြောက်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသော ဝေသာလီမြို့ဟောင်း၊ ကျောက်တော်မြို့မှတစ်ဆင့် သွားရောက်ရသည့် မဟာမုနိဘုရားကြီး စသည်တို့မှာ စိတ်ဝင်စားဖွယ် ခရီးစဉ်များ ဖြစ်ကြသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလားဒေသသည် နယ်စပ်ဝင်ပေါက်တစ်ခုလည်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ၀င်ရောက်လာသော ခရီးသွားများအား Entry Permit  ဖြင့် ယင်းဒေသသို့ ၀င်ရောက်ခွင့်ပြုကာ လာလမ်းအတိုင်း ပြန်လည်ထွက်ခွာခွင့်ပြုထားသော ဒေသဖြစ်သည်။

ယခုအခါတွင် နယ်မြေအခြေအနေပေါ် မူတည်၍ ခရီးသွားဧည့်သည်များ သွားရောက်ခွင့်မပြုသော ဒေသများတွင် မိုင်းလားဒေသလည်း ပါဝင်လာခြင်းဖြစ်သည်။
''လာမယ့် ပွင့်လင်းရာသီမှာတော့ ဒီဒေသအားလုံးကို ပြန်ပြီးခွင့်ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်''ဟု ဦးတင်ထွန်းအောင်က ပြောကြားခဲ့သည်။ 

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက အသင်းဝင်ကုမ္ပဏီများ သိရှိနိုင်ရန် ထပ်ဆင့်အကြောင်းကြားထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများနှင့် ပတ်သက်၍ ခွင့်ပြုဒေသများနှင့် ကန့်သတ်ဒေသများ စသည်ဖြင့် ရှိနေသည်။ 

မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသည်များနှင့် နိုင်ငံခြားသားဧည့်သည်များ လှည့်လည်သွားလာနိုင်သည့် ခရီးစဉ်ဒေသများတွင် ကြို တင်ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရသည့်ဒေသများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်တို့တွင် တည်ရှိနေသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ကျောက်တော်မြို့မှာ ဖွင့်လှစ်


မကြာသေးခင်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
ရုံးဖွင့်ပွဲ အခမ်းအနားမှာ လူပေါင်းတစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်းရှိ တစ်ခြားမြို့နယ်တွေမှာလည်း ဆက်လက် ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွင်းရေးမှူးဖြစ်သူ ဒေါ်စောမြရာဇာလင်းက MEDIA ကို ပြောကြားပါတယ်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံးကို ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းက ဖွင့်လှစ်ဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရုံးဖွင့်လှစ်ရေးကို အစိုးရဘက်က ဆိုင်းငံ့ထားခဲ့ပြီး အခုမှ ဖွင့်လှစ်ခွင့် ရရှိတာဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ ၈၈ ဒီမိုကရေစီ အရေးအခင်း ကာလတည်းက ပြည်ပမှာ ခိုလှုံခဲ့တာ ဖြစ်ပြီး ၂၄ နှစ်အကြာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ဆက်ဆံရေးရုံး ဖွင့်ဖို့အတွက် ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိ လာတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ပါတီဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့် ကိစ္စကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

ရခိုင်အမျိုးသားများကွန်ရက် ကျောင်းသုံးပစ္စည်း သိန်း ၁၂၀ ကျော်ဖိုး လှူဒါန်းမည်


ရခိုင်အမျိုးသားများ ကွန်ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်က ကျောင်းသားတွေအတွက် လိုအပ်တဲ့ ကျောင်းသုံးပစ္စည်း သိန်း ၁၂၀ ကျော်ဖိုးကို စက်တင်ဘာ ၇ ရက်နေ့မှာ သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ အလှူငွေ သိန်း ၁၈၀ ဟာ သြဂုတ်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်က ကျောင်းသားတွေအရေး ကူညီဖို့ ကျင်းပတဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒေသအသီးသီးက ရခိုင်အမျိုးသား ကွန်ရက်ကို လာရောက် လှူဒါန်းထားတဲ့ အစားအစာ၊ အ၀တ်အထည်နဲ့ တခြားပစ္စည်းတွေကိုတော့ သူတို့သွားရောက်မယ့် မြို့နယ်တွေ အတွင်းက ဒေသခံတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က MEDIA ကိုပြောပါတယ်။
"ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီးတော့ ဒေသခံ ပြည်သူတွေရဲ့ အသံကို ကျွန်တော်တို့ နားထောင်ကြမှာပါ။ ရခိုင်ပြည်သူလူထုရဲ့ အဓိက လိုအပ်ချက်၊ ပြောရရင်တော့ ဒေသခံလူထုရဲ့ ဦးနှောက်နဲ့ နှလုံးသားကလာတဲ့ ခံစားချက်တွေကို ကျွန်တော်တို့ နားထောင်ပြီးတော့ အသံမဲ့နေတဲ့ နေရာက အသံတွေ ရှာဖွေဖော်ထုတ်မှုတွေ ကျွန်တော်တို့လုပ်မယ်။ နောက်ပြီးတော့ ဒီမှာရှိတဲ့ ကျန်တဲ့ တိုင်းရင်းသား အင်အားစုတွေ၊ ကျန်တဲ့ အဖွဲ့အစည်းက လူတွေနဲ့ ကျွန်တော်တို့ ပူးပေါင်း ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ ပြည်သူလူထု ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရတဲ့ အခြေအနေ တစ်ရပ်တင် မကဘဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရတဲ့ အခြေအနေ တစ်ရပ်ထိ ရသွားအောင် အဆုံးစွန်ထိ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ ဆောင်ရွက် သွားမယ်"
ရခိုင်အမျိုးသား ကွန်ရက်အဖွဲ့ဟာ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်မြို့နယ်တွေမှာ စက်တင်ဘာလ ၁၀ ရက်နေ့ အထိနေပြီး ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးကာ ဒေသခံတွေ လိုအပ်မယ့် ကိစ္စတွေကို ကူညီ ပံ့ပိုးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးတင်ထူးအောင်က ပြောပါတယ်။

လယ်ယာမြေပေါ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ လယ်သမား ဓားပြမှုနဲ့ စွဲဆိုထား


ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့တောင်ဘက် ၈ မိုင်အကွာ ဆင်ပိုက်ကျေးရွာက လယ်သမား ၁၄ ဦးဟာ သိမ်းယူခံထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေကြောင်း စုံစမ်းသိရပါတယ်။
အဲဒီ တရားစွဲဆိုခံထားရတဲ့ လယ်သမား ၁၄ ဦးထဲက ဦးထွန်းအောင်ဆိုသူကို အာဏာပိုင်တွေက ဖမ်းဆီးရမိသွားပြီ ဖြစ်ပြီး ကျန် ၁၃ ဦးကိုတော့ ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။
ပေါက်တောမြို့နယ် ဆင်ပိုက်ကျေးရွာ ဆည်မြောင်း တာတမံထဲမှာ ရှိနေတဲ့ လယ်မြေ ဧကပေါင်း ၇၀၀ ကျော်ကို ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေက အဓမ္မ သိမ်းယူသွားခဲ့ပြီး ဆားကွင်းနဲ့ ပုစွန်ကန်တွေအဖြစ် အသုံးချ လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလယ်ယာမြေတွေကို ဆင်ပိုက်ရွာနဲ့ အနီးဝန်းကျင်က လယ်သမား ၅၀ လောက်က ဘိုးဘေးစဉ်ဆက်အရ လုပ်ကိုင်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က စတင်ပြီး အဲဒီလယ်သမားတွေက လယ်ယာမြေတွေ အပေါ်မှာ စပါးတွေကို ပြန်လည်ထွန်ယက် စိုက်ပျိုးခဲ့ပါတယ်။
ဒါပေမယ့် ဆားကွင်းတွေအတွက် အသုံးပြုနေတဲ့ ရေသွင်း ရေထုတ်ပြွန်တွေကြောင့် စပါးခင်းတွေ ပျက်စီးရတာနဲ့ ပတ်သက်ပြီး ဒီနှစ်အတွင်းမှာ နိုင်ငံတော် သမ္မတဆီကို ၁ ကြိမ်၊ ပြည်နယ် အစိုးရကို ၃ ကြိမ်ထိ တင်ပြခဲ့ကြပေမယ့် ဘာမှ ထူးခြားမလာတာကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်းက အဲဒီ လယ်သမားတွေက ရေသွင်း ရေထုတ်ပြွန်တွေကို စပါးခင်းတွေ မပျက်စီးစေဖို့ လိုက်ပိတ်ခဲ့တယ်။
ဒါနဲ့ပတ်သက်လို့ လုပ်ငန်းရှင် တွေက အဲဒီလယ်သမား ၁၄ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ တရားစွဲဆိုပြီး လိုက်လံဖမ်းဆီးနေတာ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
အခုလို လယ်သမားတွေက လိုက်လံ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပမယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ မေးမြန်းသွားဖို့ ရှိတယ်လို့လည်း ပေါက်တောမြို့နယ် မဲဆန္ဒနယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung


0 comments:

Post a Comment