နိုင်ငံတကာသတင်း




အောက်တိုဘာလ ၁ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဂျော်ဂျီယာလွှတ်တော်ရွေးကောက်ပွဲ၌ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သည့် အာဏာရပါတီခေါင်းဆောင်ဖြစ်သူ လက်ရှိသမ္မတ မီခေးလ်ဆာကက်ရှ်ဗီလီ နုတ်ထွက်ပေးရန် ရွေးကောက်ပွဲနိုင်အတိုက်အခံပါတီခြောက်ခုပါသောညွန့်ပေါင်းက တောင်းဆိုခဲ့သည်။
ယင်းတောင်းဆိုမှုကို အာဏာရပါတီက အောက်တိုဘာလ ၃ ရက်တွင် ပယ်ချခဲ့သည်။ ဆာကက်ရှ်ဗီလီက သူရှုံးနိမ့်ကြောင်းလက်ခံခဲ့ပြီး အနိုင်ရခဲ့သောအတိုက်အခံခေါင်းဆောင်ဘီလျံနာ ဘစ်ဇီနာအိုင်ဗန်နစ်ရှ်ဗီလီ၏ အတိုက်အခံညွန့်ပေါင်းပါတ Georgian Dream  အစိုးရသစ်ဖွဲ့နိုင်ရေး ကူညီပေးသွားမည်ဟု ကတိပေးခဲ့သည်။ သို့သော် အတိုက်အခံခေါင်းဆောင် အီဗန်နစ်ရှ်ဗီလီ ၀န်ကြီးချုပ်ဖြစ်လာရန် သမ္မတ၏အမည်စာရင်းတင်သွင်းမှု လိုအပ်နေသည်။ အာဏာရပါတီရှုံးနိမ့်ခဲ့သော်လည်း ဆာကက်ရှ်ဗီလီသည် နောက်ထပ်တစ်နှစ်ခန့် သမ္မတအဖြစ်ဆက်ရှိနေမည်ဖြစ်သည်။
အခြေခံဥပဒေပြုပြင်ပြောင်းလဲမှုအရ ၂၀၁၃ တွင် ဆာကက်ရှ်ဗီလီ၏ သက်တမ်းကုန်ဆုံးပြီးသည်နှင့် သမ္မတထက် ၀န်ကြီးချုပ်က အာဏာပိုရှိလာမည်ဖြစ်သည်။ ဆာကက်ရှ်ဗီလီပါတီက ရွေးကောက်ပွဲတွင်မရိုးမဖြောင့်သောနည်းလမ်းများ အသုံးပြုခဲ့သည်ဟုဆိုကာ အတိုက်အခံပါတီထောက်ခံသူများက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ယင်း ဆန္ဒပြမှုများရပ်တန့်ရန် အတိုက်အခံခေါင်းဆောင်က အောက်တိုဘာ လ ၄ ရက်တွင် တိုက်တွန်းခဲ့သည်။ "ကျွန်တော်တို့ဟာ အခုအတိုက်အခံနေရာမှာ မဟုတ်တော့ဘူးဆိုတာ နားလည်ထားရမယ်" ဟု အသက် ၅၆ နှစ်ရှိ အီဗန်နစ်ရှ်ဗီလီက ပြောကြားခဲ့သည်။
ဂျော်ဂျီယာလွှတ်တော်ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၅၀ အနက်နေရာ ၇၇ နေရာကို ပါတီ အချိုးကျကိုယ်စားပြုစနစ်နှင့် ကျန်သောအမတ်နေရာ ၇၃ နေရာကို မဲဆန္ဒနယ်တစ်ခုလျှင် တစ်ဦးရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။  ပါတီအချိုးကျစနစ်ဖြင့် မဲအားလုံးနီးပါးရေတွက်အပြီးတွင် အတိုက်အခံက မဲ ၅၄ ဒသမ ၈၈ ရာခိုင်နှုန်း၊ အာဏာရပါတီက မဲ ၄၀ ဒသမ ၃၉ ရာခိုင်နှုန်းရရှိခဲ့ သည်။ မဲဆန္ဒနယ်အလိုက်ရွေးချယ်သည့်စနစ်အရ Georgian Dream က အမတ်နေရာ ၃၉ ဦးရရှိခဲ့ပြီး အာဏာရ United National Movement (UNM) က အမတ် နေရာ ၃၄ ဦးရရှိခဲ့သည်။


ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာစိုးဟောင်း ထောင်ကျ


ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဘယ်နဲဒစ်(တ်) (Pope Benedict) ရဲ့ ဘဏ္ဍာထိန်းဖြစ်ခဲ့သူကို၊ ပုပ်ရဟန်းမင်း ကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ ခိုးယူပြီး စာနယ်ဇင်းသမား တစ်ဦးဆီကို ပေးပို့ခဲ့မှုဟာ ပြစ်မှုထင်ရှားတယ်လို့၊ ဗာတီကန် (Vatican) က တရားရုံးတစ်ရုံးကနေ စနေနေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း ပုပ်ရဟန်းမင်းကြီးက ပါအိုလို ဂေဘရီရယ်လ် (Paolo Gabriele) အမည် ရှိတဲ့ ဒီပုဂ္ဂိုလ်ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မယ်လို့၊ ဗာတီကန် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

စနေနေ့က တရားရုံးမှာ တရားသူကြီး ဂစ်ဆက်ပ်ဒိုင်လာထိုး (Giuseppe Daila Torre) က တရားသူကြီးသုံးဦးပါ အဖွဲ့ရဲ့ ဂေဘရီရယ်လ် အပေါ် ပြစ်ဒဏ်စီရင်ချက် အဖြစ် ထောင်ဒဏ် (၁၈) လ ချမှတ်ကြောင်း၊ ဖတ်ကြား ကြေညာသွားခဲ့ပါတယ်။ ဂေဘရီ ရယ်လ်ဟာ အသက် (၄၆) အရွယ် ကလေးသုံးယောက်ရဲ့ ဖခင်ဖြစ်ပြီးတော့၊ သူနဲ့ အမှုတွဲ တတွဲတည်း ဖြစ်တဲ့ ဗာတီကန် က ကွန်ပျူတာ ကျွမ်းကျင်သူကိုတော့ သီးခြား တရားစစ်ဆေးစီရင်မှာ ဖြစ်ပါတယ်။ မူလက တရားသူကြီး ဂစ်ဆက်ပ်ဒိုင်လာထိုး အပေါ် ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ၃၆ လ ချမှတ်ခဲ့ပေမဲ့၊ ဂေဘရီရယ်လ်ရဲ့ တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့မှုနဲ့ ပြစ်မှုမှတ်တမ်း ကင်းရှင်းတာတွေကို ထောက်ထားပြီး ချက်ချင်းပဲ ထောင်ဒဏ် (၁၈) လ လျှော့ပေါ့ချမှတ်ခဲ့တာပါ။

ဂေဘရီရယ်လ်က ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ ခိုးယူပြီးတော့၊ ဗာတီကန် ဘုရားရှိခိုးကျောင်းထဲမှာ ဖောက်လွဲဖောက်ပြန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲထားတဲ့ စာအုပ်တစ်အုပ်ကို ရေးသားနေသူ စာနယ်ဇင်းသမားဆီ ပေးပို့ခဲ့တယ် လို့ ၀န်ခံထွက်ဆိုခဲ့ ပါတယ်။ ဂေဘရီရယ်လ်က သူ့ကို ခွင့်လွှတ်ဖို့ ပုပ်ရဟန်းမင်းကြီး ဘယ်နဲဒစ်(တ်) ဆီကို စာတစ်စောင် ရေးသားပေးပို့ခဲ့ပါတယ်။

အမေရိကန် အဝေးထိန်းဒုံး တိုက်ခိုက်မှုများ ပါကစ္စတန်မှာ ဆန္ဒပြကန့်ကွက်


ပါကစ္စတန်နိုင်ငံမှာ Cricket အားကစားသမားဘ၀ ကနေ နိုင်ငံရေးသမားဖြစ်လာသူ Imran Khan က အမေရိကန် မောင်းသူမဲ့လေယာဉ် အဝေးထိန်းဒုံးနဲ့ တိုက်ခိုက်မှုကို ကန့်ကွက်တဲ့ အနေနဲ့ မော်တော်ယဉ်တွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြပွဲကို ဦးဆောင်နေပါတယ်။

Imran Khan ရဲ့ တရားမျှတရေးပါတီ လှုပ်ရှားမှုအဖြစ် ဒီနေ့ စနေနေ့မှာ အစ္စလာမ်မာဘတ် မြို့တခွင် မော်တော်ကားတွေနဲ့ စီတန်း လှည့်လည်ရာမှာ ဒေသခံလှုပ်ရှားသူတွေနဲ့ အတူ အနောက်နိုင်ငံသားတွေလည်း ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန် မောင်းသူမဲ့လေယာဉ် အဝေးထိန်းဒုံးနဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိတဲ့ အာဖဂန်နယ်စပ်၊ တောင်ပိုင်း ၀ါဇီရီ စတန်ခရိုင်ကို ဦးတည်ပြီး မော်တော်ကားတွေ မောင်းနှင်ခဲ့ကြပါတယ်။ တာလီဘန်တွေနဲ့ တခြား အစ္စလာမ် စစ်သွေးကြွတွေက ဒီယာဉ်တန်းကို တိုက်ခိုက်နိုင်တယ်လို့ စိုးရိမ်နေကြတာကို Imran Khan က လက်မခံပါဘူး။

Imran Khan ဟာ အနောက်တိုင်းဆန်ပြီး ဘာသာရေး အယူသီးသူ မဟုတ်တဲ့အတွက် တာလီဘန်တွေ အနေနဲ့ လုံခြုံရေး တာဝန်ယူပေးမှာ မဟုတ်ဘူးလို့ ပါကစ္စတန် တာလီဘန် ပြောခွင့်ရသူက မနေ့က ပြောပါတယ်။

Abu Hamza ကိုအမေရိကန်မှာ စတင်ရုံးထုတ်


အကြမ်းဖက်သမား အဖြစ် စွပ်စွဲခံထားရတဲ့ အစွန်းရောက် မူစလင် တရားဟောဆရာ အဘူဟမ်ဇာ အယ်လ် မာဆရီ (Abu Hamza al-Masri) နဲ့အတူ နောက်ထပ် အကြမ်းဖက်သမား အဖြစ် သံသယရှိသူ လေးယောက်တို့ဟာ စနေနေ့က ဗြိတိန် နိုင်ငံကနေ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိလာပြီး နာရီပိုင်း အတွင်းမှာပဲ၊ အမေရိကန် တရားရုံးတွေမှာ စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ သူတို့ကို ဗြိတိန်ကနေ အမေရိကန်နိုင်ငံကို မပို့ဖို့ နှစ်ပေါင်းများစွာ တရားဆိုင် ခဲ့ကြပေမဲ့၊ အဘူဟမ်ဇာရဲ့ နောက်ဆုံးအယူခံကို ဗြိတိန်ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချခဲ့ပြီးတော့ သူဟာ အမှုရင်ဆိုင်ဖို့ အမေရိကန် ပြည်ထောင်စုကို သွားနိုင်လောက်တဲ့ ကျန်းမာရေး အခြေအနေ ရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

စနေနေ့က နယူးယောက်မြို့ ပြည်ထောင်စုတရားရုံးမှာ သူ့ကိုစွဲဆိုထားတဲ့ အမှုတွေကို သူ့ကို အသိပေးခဲ့ပါတယ်။ သူ့ကိုစွဲထားတဲ့ စွဲချက်တွေထဲမှာ အမေရိကန်အနောက်ပိုင်းက အော်ရီဂွန် (Oregon) ပြည်နယ်မှာ အကြမ်းဖက် လေ့ကျင့်ရေး စခန်းတခု ထောင်ဖို့ ကြိုးစားမှု၊ အာဖဂန်နစ္စတန်မှာ Jihad ခေါ် ဘာသာရေးစစ်ပွဲ ဖြစ်ပွားအောင် လှုံ့ဆော်မှု၊ ၁၉၉၈ ခုနှစ်က ယီမင်နိုင်ငံမှာ အနောက် နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည် (၁၆) ဦးကို ဓါးစာခံတွေ အဖြစ် အကြမ်းဖက်သမားတွေက ဖမ်းဆီးရာမှာ ပါဝင် ကူညီမှုနဲ့ ဓါးစာခံ (၄) ဦး သေဆုံးခဲ့ရမှုတွေ ပါဝင်ပါတယ်။

နယူးယောက်မြို့ ပြည်ထောင်စုတရားရုံးမှာပဲ ၁၉၉၈ ခုနှစ်က လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ကင်ညာနဲ့ တန်ဇန်းနီးယား နိုင်ငံတွေက အမေရိကန် သံရုံးတွေကို ဗုံးခွဲတိုက်မှုမှာ ပါဝင်သူအဖြစ် စွပ်စွဲခံထားရတဲ့ အဗ္ဗဒူလ် ဘာရီ (Abdel Abdul Bary) နဲ့ ခါလစ် အယ်လ် ဖေါဝါ့ဇ် (Khalid al-Fawwaz) တို့က၊ သူတို့အပေါ် စွဲဆိုချက်တွေကို ငြင်းပယ် ထားကြပါတယ်။

ကွန်နက်တီကတ် (Connecticut)  ပြည်နယ် နယူးဟဲဗင်း (New Heaven) မြို့က တရားရုံးမှာ စွဲချက် တင်ခံထားရတဲ့ ဘာဘာ အာမက် (Babar Ahmad) နဲ့ ဆေယစ်ဒ် တော်လ်ဟာ အာဆန် (Syed Talha Ahsan) တို့ကလည်း သူတို့အပေါ် စွဲဆိုထားတဲ့၊ သူတို့ တည်ထောင်ထားတဲ့ အင်တာနက် ၀က်ဘ်ဆိုက်တွေပေါ်ကနေ အကြမ်းဖက်သမားတွေကို အားပေးကူညီနေမှု၊ ငွေ တပ်သားသစ်တွေနဲ့ ပစ္စည်းတွေ ပံ့ပိုးကူညီပေးနေမှုတွေကို ငြင်းပယ်ထားကြပါတယ်။




တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး မူလတန်းကျောင်းသား ၁၈ ဦးနှင့် ရွာသားတစ်ဦးတို့မှာ ပြိုကျခဲ့သောမြေများအောက်၌ ပိတ်မိခဲ့ရာ မူလတန်းကျောင်းသား ၁၈ ဦးစလုံး သေဆုံးခဲ့ပြီး ရွာသားမှာပျောက်ဆုံးလျက်ရှိသည်။
ရက်ပေါင်းများစွာမိုးရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားခဲ့ရာ ယူနန်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းနှင့် အိမ်နှစ်လုံးမြေမြုပ်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများက အလျင် အမြန်ရှာဖွေခဲ့သော်လည်း သေဆုံးသူများကိုသာ တွေ့ခဲ့ရသည်။
မပြိုမှုဖြစ်ပွားခဲ့ရာ ယီလျန်ခရိုင်တွင် စက်တင်ဘာလ ၇ ရက်နေ့ကလည်း ငလျင်ဆက်တိုက်လှုပ်ခတ်မှုများကြောင့် လူ ၈၀ ကျော်သေဆုံးပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ရှိခဲ့သည်။
အာဏာပိုင်များသည် ငလျင်လှုပ်ပြီးစအချိန်တွင် ကျောင်းပြန်တက်ခွင့်ပေးခြင်းအပေါ် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။
မြေပြိုမှုဖြစ်ပွားရာနေရာသို့ စစ်တပ်ကယ်ဆယ်ရေးတပ်ဖွဲ့မှစစ်သား ၅၀ စေလွှတ်လိုက်သော်လည်း ရောက်သွားချိန်တွင် တောင်တစ်ခြမ်းသည်ပြိုကျသွားပြီး မူလတန်းကျောင်း လည်းမြေမြုပ်နေပြီဖြစ်ကြောင်း ယီလျန်ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြေပြိုမှုနှင့်ပတ်သက်ပြီး ယင်းဒေသရှိပညာရေးကော်မရှင်သို့ စီအင်န်အင်န်သတင်းဌာနက ဆက်သွယ်မေးမြန်းကြည့်ရာ ဖုန်းကိုင်သူအမျိုးသမီးက မီဒီယာများကိုဖြေကြားခြင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိခိုက်စေသည်ဟုပြောပြီး  မဖြေကြားခဲ့ပေ။  




အာဖဂန်သမ္မတဟာမစ်ကာဇိုင်းသည် ၂၀၁၄ ခုနှစ်တွင်ကုန်ဆုံးမည့် သူ၏သမ္မတသက်တမ်းအပြီး၌ ရာထူးမှနုတ်ထွက်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၄ ရက်နေ့က ကတိပေးပြောကြားခဲ့သည်။
နေတိုးတပ်များ ဆုတ်ခွာမည့်အချိန်နှင့် တိုက်ဆိုင်နေသော ၂၀၁၄ ခုနှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင်လည်း အတားအဆီးတစ်စုံတစ်ရာရှိမည် မဟုတ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။ သို့ သော် ရွေးကောက်ပွဲလုံခြုံရေးအခြေအနေသည်  စိတ်မချရနိုင်ကြောင်း မေးခွန်းများလည်းထွက်ပေါ်နေသည်။
ကာဇိုင်းသည် သူ၏သက်တမ်း တစ်ရက်မျှပင်ပိုပါက ယင်းမှာတရားမ၀င်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲကို သတ်မှတ်ထားသည့်အချိန်အတိအကျတွင် ရာနှုန်း ပြည့်ကျင်းပမည်ဖြစ်ကာ ပြည်သူများကြိုက်ရာလူကို မဲပေးခွင့်ရှိကြောင်း ပြောကြားသွားခဲ့သည်။
အမေရိကန်က တာလီဘန်များကိုနှိမ်နင်းရန် အာဖဂန်သို့ဝင်ရောက်တိုက်ခိုက်ခဲ့သော ၂၀၀၁ ခုနှစ်မှစတင်ကာ ကာဇိုင်းကသမ္မတတာဝန်ထမ်းဆောင်ခဲ့သည်။ ကာဇိုင်း ထပ်မံအနိုင်ရရှိခဲ့သော ၂၀၀၉ ရွေးကောက်ပွဲတွင် မဲမသမာမှုများကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲမှုများရှိခဲ့သည်။        




ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံပိုင်ရန်ပုံငွေများကို အလွဲသုံးစားပြုမှုအတွက် ဂလိုရီယာအာရိုယိုကို ဆေးရုံ၌ အောက်တိုဘာ ၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုင်ငံပိုင် အောင်ဘာလေရန်ပုံငွေမှ ဒေါ်လာ ၈ ဒသမ ၈ သန်းကို ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် လွှဲပြောင်းသုံးစွဲခဲ့သည်ဟု စွပ်စွဲခံရသည့် သမ္မတဟောင်း အာရိုယိုကို ဖမ်းဆီးရန် တရားရုံးကဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မနီလာရှိ စစ်ဆေးရုံတစ်ခုတွင်  ကုသမှုခံယူရန်အတွက် ဆေးစစ်မှုများပြုလုပ်နေသည့် အာရိုယိုကို ရဲများက၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အာရိုယိုသည် ရွေးကောက်ပွဲတွင် မသမာမှုပြုလုပ်မှုစွဲချက်ဖြင့် ယခုလနှစ်အစောပိုင်းတွင်  ထိန်းသိမ်းခံခဲ့ရသော်လည်း ဇူလိုင်လ၌ အာမခံဖြင့်ပြန်လည်လွတ်မြောက်ခဲ့သည်။
အာရိုယိုသည် ရွေးကောက်ပွဲတွင်ပြန်လည် ရွေးချယ်ခံရန်အတွက် လွှတ်တော်သို့စာရွက်စာတမ်းများ တင်သွင်းခဲ့ပြီးနောက် တစ်ရက်အကြာတွင်ဖမ်းဆီးမိန့် ထွက်ရှိလာခြင်းဖြစ်သည်။
အသက် ၆၅ နှစ်အရွယ်ရှိ အာရိုယိုသည် ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။ အာရိုယိုသည် လက်ရှိတွင် အောက်လွှတ်တော်မှ ဥပဒေပြုအမတ်တစ်ဦး ဖြစ်သည်။ ကျောရိုးနှင့် ဆက်စပ်သောရောဂါဝေဒနာခံစားနေရသည့် အာရိုယိုသည် ခန္ဓာကိုယ်တွင်းရေဓာတ်ခန်းခြောက်မှုအတွက် ကုသမှုခံယူရန် ဆေးရုံတက်ရောက်ခြင်းဖြစ်သည်။
အာရိုယိုသည် နိုင်ငံတော်ပိုင်ရန်ပုံငွေ အလွဲသုံးစားပြုမှုစွဲချက်အပြင် ၂၀၀၇ ခုနှစ်ရွေးကောက်ပွဲ တွင်မဲမသမာမှုပြုလုပ်သည့်စွဲချက်နှင့် တရုတ်ကုမ္ပဏီတစ်ခုနှင့် broadband  သဘောတူညီမှုတစ်ခုကိုဖျက်သိမ်းမှုအပေါ် ခြစားမှုများနှင့်ပတ်သက်သည့် စွဲချက်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ယင်းစွဲချက်အားလုံးကို အာရိုယိုက ငြင်းဆိုခဲ့သည်။
ဖိလစ်ပိုင်တွင် ငွေကြေးအလွဲသုံးစားပြုသည့်ပြစ်မှုအတွက် အာမခံမရှိဘဲ ယင်းပြစ်မှုအတွက် အများဆုံးထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။ အာရိုယိုသည် ပြည်ပတွင်ဆေးကုသမှုခံယူရန်အတွက် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ခွာရန်ကြိုးစားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment