မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၀၇ ၊ ၂၀၁၂

သံလွင် တာဆန်းဆည် စီမံကိန်း စတင်ရန် ပြင်ဆင်နေ


ရှမ်းပြည်နယ် တောင်ပိုင်း သံလွင်မြစ်ပေါ်ရှိ အာရှတွင် အမြင့်ဆုံးဖြစ်လာနိုင်သော တာဆန်းဆည် မဟာ ရေအားလျှပ်စစ်စီမံကိန်းကို စတင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နှင့် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ကြားတွင်တည်ရှိပြီး လတ်တလောတွင် China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီမှ ၀န်ထမ်းများက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ကိုစိုင်းစိုင်းက ပြောသည်။
“တရုတ်အဖွဲ့တွေက ဆန်းစစ်လေ့လာမှုတွေ လုပ်နေတယ်၊ သူတို့ စီမံကိန်းအတွက် ဒီဇိုင်းအသစ် ပြန်လုပ်ဖို့ရယ်၊ နောက်ပြီးတော့ တရုတ်နယ်စပ်ကနေ လမ်းဖောက်ဖို့အတွက် လာလေ့လာတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
ကိုစိုင်းစိုင်း၏ အဆိုအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်၍ ယင်းဒေသအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယင် စီမံကိန်းကြီးကို စတင်ရန် CTGPDC ကုမ္ပဏီ ၀န်ထမ်းများက ကွင်းဆင်းလေ့လာမှုများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယင်း စီမံကိန်းကို သံလွင်မြစ်ပေါ်တွင် တာတမံ နှစ်ဆင့် တည်ဆောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသော လျှပ်စစ် ပမာဏ၏ နှစ်ဆကျော်ထုတ်ယူ နိုင်သည်ဟု ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစပ်အောင်မြတ်က ပြောကြားကြောင်းလည်း ယခုလ ပထမပတ်ထုတ်က ပေါ်ပြူလာသတင်းဂျာနယ်တွင် ဖော်ပြထားသည်။
“ဒီနေရာမှာ ကျောက်တောင်တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့် ဒေသခံ အနေအထားကလည်း အနည်းဆုံး နေရာဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ စစ်အစိုးရက ပထမဦးဆုံး ထိုင်းနိုင်ငံမှ အမ်ဒီအိက်စ် ကုမ္ပဏီ အုပ်စု (MDX Group) နှင့် ရှမ်းပြည်နယ်တွင် တာဆန်းဆည် တည်ဆောက်ရန် ၂၀၀၇ ခုနှစ်တွင် သဘောတူခဲ့သည်။ထိုအချိန်က MDX Group နှင့် မကျေလည်မှုများ ရှိခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဆိုင်နို ဟိုက်ဒရို၊ တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ၊ တရုတ် CTGPDC တို့က မြန်မာနိုင်ငံ သံလွင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) မှ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းမောင်ကြီးက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းကြောင့် ရှမ်းတိုင်းရင်းသားများသာမက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသားများ သဘာဝဆိုးကျိုးများ ကြုံရနိုင်ကြောင်း ပြောသည်။
“ထုံစံအတိုင်း အရင် အတိတ်ကာလကို ပြန်ကြည့်မယ်ဆိုရင် လောပိတ ရေအားလျှပ်စစ် စီမံကိန်းတို့၊ ဇော်ဂျီ ရေအားလျှပ်စစ် စီမံကိန်းတို့ဆိုရင် ဖြတ်သာသွားတယ်၊ မြင်သာမြင် မကြင်ရတဲ့ ဘ၀ အဲဒီလိုမျိုးပေါ့။ အခုလည်း တာဆန်းရေကာတာ စီမံကိန်းလည်း ထင်သာမြင်သာမှု မရှိဘူးဆိုတော့ ကောင်းကျိုးတွေ ခံစားရမယ်လို့ မမျှော်လင့်ပါဘူး” ဟု ၎င်းက ဆိုသည်။
စီမံကိန်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအနေနှင့် ပြည်သူလူထု၏ ဆန္ဒမပါဘဲ အကောင်အထည် ဖော်ဆောင်ခြင်း မပြုလုပ်သင့်ကြောင်း ဦးစိုင်းမောင်ကြီးက ဆက်ပြောသည်။ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းနှင့် ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရေးအတွက် အနည်းဆုံး ဒေါ်လာ သန်း ၆၀၀၀ ကုန်ကျမည်ဖြစ်ပြီး ရေကာတာ၏ အမြင့်သည် ၂၂၈ မီတာ ဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးရေကာတာ ဖြစ်မည်ဟု သိရသည်။
မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်၏ မှတ်တမ်းအရ တရုတ်နိုင်ငံရှိ အမြင့်ဆုံးဆည်ဖြစ်သည့် ဧရာမ Three George Dam ထက်ပင် မြင့်ဖွယ် ရှိသည်ဟု သိရပြီး ယင်းဆည်တည်ဆောက်မှုနှင့် ပတ်သက်၍ ဆိုးကျိုးများကို ဒေသခံများအား အသိပေးခြင်း မရှိဟု ဆိုသည်။
၂၀၀၅ ခုနှစ်က စစ်အစိုးရ ထုတ်ဝေသည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းစာအုပ်တွင် “တာဆန်း (သံလွင်) အမည်တွင်မည့် အဆိုပါ မဟာရေအား လျှပ်စစ် စီမံကိန်းကြီးမှ ထုတ်ယူရရှိမည့် လျှပ်စစ်ဓာတ်အား ပမာဏမှာ ၇၁၁၀ မဂ္ဂါဝပ် ဖြစ်ပေသည်” ဟု ဖော်ပြထားသည်။
“သံလွင်မြစ်၏ စွမ်းအားကို အသုံးချ၍ ပြည်ထောင်စုကြီး ထွန်းကားအောင် နိုင်ငံတော်က စွမ်းဆောင်ပေးမည့် မဟာ ရေအား လျှပ်စစ် စီမံကိန်းကြီး ဖြစ်သည်” ဟု ၎င်းစာအုပ်တွင် ရေးထားသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်သော“ဘဝဇစ်မြစ် မပြတ်ရေးအတွက် တင်းခံရခြင်း” (Roots and Resilience) အမည်ရှိ အစီရင်ခံစာတွင် သံလွင်မြစ်ရိုးပေါ်တွင် တည်ဆောက်မည့် တာဆန်း ရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူများ ဆင်းရဲဒုက္ခ ရောက်နေရကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သောနှစ်များကပင် လူဦးရေ တသောင်းခွဲခန့်သည် ၎င်းဒေသမှ ဖယ်ပေးခဲ့ရပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ယခင် စစ်အစိုးရက လက်ထက်၌ တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာ ၇ ခု တည်ဆောက်ရန် လျာထားခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီများ အဓိက တာဝန်ယူ ဆောက်လုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ပမာဏ ၃၅၆၄၀ မဂ္ဂါဝပ်ထွက်ရှိရန် မျှော်လင့်ထားပြီး အများစုကို တရုတ်သို့ တင်ပို့ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ကချင်၊ ရှမ်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခုရှိကြောင်း သိရသည်။
ကရင်ပြည်သူ့ပါတီ (KPP) မှ တွဲဖက် အတွင်းရေးမှူး ဦးစောမိုးမြင့်က “ဧရာဝတီကိုပဲ လူတွေက အာရုံစိုက်ကြတယ်၊ သံလွင်ကိုတော့ လူတွေက မေ့နေကြတယ်” ဟု ပြောသည်။

ကမ္ဘောဇဘဏ် ပုံမှန်အလုပ်လုပ်နိုင်ဟု ထုတ်ပြန်


ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလ ဖြစ်ပြီး ဘဏ်လုပ်ငန်းတွေ ဟာလည်း ပုံမှန် လည်ပတ် နေတယ်လို့ ကမ္ဘောဇဘဏ် အကြီးအကဲတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီရက်ပိုင်းတွေ အတွင်း ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် ကမ္ဘောဇဘဏ်မှာ ငွေ အပ်နှံထားသူတွေကလည်း ငွေပြန်ထုတ်တာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဘဏ်များအသင်းရုံးမှာ ဒီကနေ့ နေ့လယ်ပိုင်းက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါသေးတယ်။

အခုလက်ရှိ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့ ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ကမ္ဘောဇဘဏ် တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲ တရပ်ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ ကမ္ဘောဇဘဏ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ သတင်းတွေဟာ မမှန်သတင်းတွေ သက်သက်သာဖြစ်တယ် ဆိုပြီး ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌဦးသန်းလွင်က ပြောပါတယ်။

“ဘဏ်ကိစ္စကတော့ ဒီနေ့လည်း ရှင်းလင်းပွဲ လုပ်ပြီးပြီလေ။ ဒီနေ့ သတင်းစာရှင်းလင်းပွဲလေ။ မမှန်တဲ့သတင်းတွေ လိုက်ဖြန့်တဲ့သဘော ဖြစ်နေတယ်။ အဲဒီတော့ ပြည်သူလူထုက ဘာလို့ယုံနေလဲ။ ဒါတွေဟာ သာမည နဲ့ အဓိက မခွဲတတ်လို့ လုပ်နေတယ်။ သတင်းကို အတင်းမလုပ်ဘဲနဲ့ သတင်းပဲ ရေးတာ ကောင်းတယ်လေ။ အဲဒီလိုပဲ ပြောလိုက်တာပဲ။ ပုဂ္ဂိုလ်ရေးအရ အတင်းဖြစ်နေတော့ ဒါတွေဟာ ဘာမှ အကျိုးမရှိဘူးလေ။ ပြည်သူလူထုလည်း အကျိုးမရှိဘူး။ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ ဒါ အန်ကယ်တို့ မဖြေရှင်းချင်ဘူးလေ။ မဟုတ်တဲ့သတင်း ဆိုတော့ မဖြေရှင်းချင်ဘူး။ ဟုတ်တယ် ဆိုရင်တော့ ဒါ ဖြေရှင်းလို့ ရတယ်။ မဟုတ်တဲ့သတင်းကျတော့ အန်ကယ်တို့ မရှင်းလင်းဘူး။ ဖြေလည်း မဖြေရှင်းဘူး။ ဒါပေမဲ့ ပြည်သူတွေက အမှန်သိရအောင် သတင်းစာရှင်းလင်းပွဲ လုပ်ပေးလိုက်တာ။”

ဒီလိုဟာမျိုးက အန်ကယ်တို့ ဘဏ်ကို ဘာဖြစ်လို့ ရွေးပြီးတော့မှ ဒီလိုမျိုး ဂယက်က ရိုက်လာတာလဲရှင့်။ ဘာကြောင့်မို့လို့ အန်ကယ်တို့ ထင်ပါလဲ။ -

“ဒါကတော့ ပြောလို့တော့ မရဘူးပေါ့။ ဒါတွေက လုပ်ကြံမှု၊ မနာလိုတာလည်း ပါမယ်။ ပျက်စီးရာ ပျက်စီးကြောင်း ကြံတဲ့ဟာလည်း ပါမယ်။ ဘဏ်တခုတည်းကိုတော့ ဦးတည်လိမ့်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ အန်ကယ်တို့က ဘဏ်အကြီးဆုံး ဖြစ်နေတာကိုး။ အဲဒီတော့ သတိထားရမှာကတော့ အများကြီးပေါ့လေနော်။ တွေးလိုက်ရင်တော့ အမျိုးမျိုး တွေးနိုင်တာပေါ့လေ။ ဒါပေမဲ့ ဘယ်ဟာဖြစ်တယ် ဘာညာ ဆိုတာကတော့ သက်ဆိုင်ရာက စုံစမ်းပါလိမ့်မယ်။ အန်ကယ်တို့က ကြိုပြီးတော့ မပြောချင်ဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ကမ္ဘောဇဘဏ်ရဲ့ အကြီးအကဲဖြစ်သူ ဘဏ်ဥက္ကဋ္ဌဦးအောင်ကိုဝင်း အထိန်းသိမ်းခံရတယ် ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာလည်း မမှန်ကန်ကြောင်းနဲ့ အခုဆိုရင် သမ္မတဦးသိန်းစိန်နဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဦးသန်းလွင်က ပြောပါတယ်။

“သမ္မတခေါ်လို့ ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ က သွားပြီးတော့ ဖွင့်ပွဲ အခမ်းအနားတွေ သွားတက်တယ်။ ခုနကပြောသလို သူ့ကို ဖမ်းသွားပြီဆိုတာ ဟုတ်မှမဟုတ်ဘဲ၊ နောက်ပြီးတော့ ဘဏ်ကြီး ပြိုလဲပြီဆိုတာ ဟုတ်မှမဟုတ်ဘဲ။ ဒါမျိုးတွေက မဟုတ်တဲ့သတင်းကိုတော့ အန်ကယ်တို့က မဖြေရှင်းချင်ဘူး။ အန်ကယ်တို့ ပြောပြီးပြီ။ customer တွေ ဘာမှ စိတ်ပူစရာ မရှိဘူး။ ဒါ ကောလာဟလ ဖြစ်တယ်။ မမှန်တဲ့ သတင်းပဲ ဖြစ်နေတယ် ဆိုတော့ စိတ်ချလက်ချတော့ ထားလို့ရတယ်။ ဘာမှ စိုးရိမ်ကြောင့်ကြစရာ အကြောင်း မရှိတဲ့အကြောင်း၊ ဗဟိုဘဏ်ကလည်း နောက်ကွယ်မှာ backing ပေးထားတယ် ဆိုတော့ စိတ်မချစရာ ဘာအကြောင်း ရှိလို့လဲ။ သူများနိုင်ငံမှာ ဒီလိုမှ မပေးဘဲ။ ဒီမှာက ပေးတယ်။ ပေးတယ်ဆိုကတည်း ကတော့ ပြီးနေပြီပဲလေ။ ပေးတယ် ဆိုကတည်းက ဘာဖြစ်နေဖြစ်နေ ဟိုက ကယ်မယ်ဆိုတဲ့သဘောမျိုး။ ဒါ rescue plan ပဲ ဒါက။ ပြီးနေပြီလေ။ အဲဒီတော့ ပြည်သူတွေ အနေနဲ့ ဘာကြောင့် စိတ်ပူစရာ လိုလဲလို့။ အဲဒါပဲ အန်ကယ် ပြောတာပါ။ ဥက္ကဋ္ဌလည်း ရှိနေတယ်။ အခု ဒီနေ့ပဲ ကြည့်လေ၊ သမ္မတကြီးနဲ့ အတူတူ အစည်းအဝေးတွေ တက်နေကြတယ်လေ။”

ယခုရက်ပိုင်းတွေအတွင်း ပုဂ္ဂလိက ဘဏ်လောကနဲ့ပတ်သက်ပြီးတော့ ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလာဟလတွေ သာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြားခဲ့တယ်လို့ Eleven Media သတင်းမှာ ဖော်ပြပါရှိပါတယ်။

ဒါပေမဲ့ အခုလို သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့အတွက် ရန်ကုန်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲတွေမှာ သောကြာနေ့ ဘဏ်ပိတ်ချိန် ဖြစ်တဲ့အထိ ငွေအပ်နှံထားသူတွေက ထိတ်လန့်လာကြပြီး ဘဏ်အပေါ်မှာ မယုံကြည်မှုတွေ ဖြစ်လာလို့ ဘဏ်ထဲကနေ ငွေတွေကို အလုအယက် ထုတ်ယူနေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။


မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ၇ ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်၊ ကျေးလက်နေပြည်သူများအား GSM မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းမည့်အစီအစဉ်အား ဝေဖန်မှုများရှိနေ

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကျေးလက်နေ ပြည်သူများအား ဂျီအက်စ်အမ် ၂.၇၅ မိုဘိုင်းဖုန်းများ နိုင်ငံ့ဝန်ထမ်းများအား ရောင်းချပေးသကဲ့သို့ အရစ်ကျငွေပေးချေသည့် စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သို့ သော်မကြာမီကာလများအတွင်း နိုင်ငံ တကာနည်းတူ ဖုန်း Sim card  တန်ဖိုးများ လျှော့ချရတော့မည် ဖြစ်ရာ ယခုကဲ့သို့ ဈေးနှုန်းလျှော့ချခြင်း မရှိဘဲ ရောင်းချသည့်အပေါ် ဝေဖန်မှုများထွက်ပေါ် ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အချိန်တွင် လူ၁၀၀ဦးလျှင် ခုနစ်ဦးသာ မိုဘိုင်းဖုန်း အသုံးပြုနိုင်ကြောင်းလည်း စာရင်းဇယားများအရ သိရှိရပါသည်။
“ကျေးလက်နေပြည်သူတွေကတော့ ဒီလိုအရစ်ကျစနစ်နဲ့ ရောင်းပေးတဲ့အတွက် ပျော်နေမှာပဲ။ ဒါပေမယ့်လည်း သူတို့တွေက မိုဘိုင်းဖုန်းတစ်လုံးကို အဲလောက်တန်ဖိုးမပေးရဘူး ဆိုတာကိုတော့ သူတို့သိချင်မှ သိမယ်။ သူတို့ကတော့ အားပေးကြမှာပါ။သူတို့အတွက် ဆက်သွယ်ရေး အဆင်ပြေသွားတာတော့ အမှန်ပါပဲ။ ၀မ်းနည်းစရာကောင်းတာက သူတို့တွေ ဖုန်းတစ်လုံးကို ဈေးကြီးပေး ၀ယ်လိုက်ရတာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ညာချခံလိုက်ရတာပေါ့ဗျာ။ နယ်ကလူ တွေကတော့ ဆက်သွယ်ရေးက ဒီလိုလုပ်ပေးတဲ့အတွက် ကျေးဇူးတင်နေကြမှာပါ။ နောက်ဆုံး မိုဘိုင်းဖုန်းတွေကို လတ်တလောမှာ ဈေးမလျှော့ပေးနိုင်ရင် တောင်မှပဲ ခေါ်ဆိုခတွေကို လျှော့ပေးစေချင်တယ်။ လူအိပ်တဲ့အချိန်တွေ တော့မဟုတ်ဘူးပေါ့ဗျာ။” ဟု ကိုထက်လင်းစိုး(Mr. Htet Computer Virus Lab)က ပြောကြားခဲ့ပါသည်
မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆသည် ၂၀၁၁ ခုနှစ် မတ်လကုန်တွင် ၃.၈ သာရှိခဲ့ရာမှ လက်ရှိ အချိန်တွင် မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆမှာ ၇.၅ အထိရှိလာပြီဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများအား မီရန်ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း သိရသည်။
GSM/ UMTS မိုဘိုင်းတယ်လီဖုန်းများအား လွှမ်းခြုံဧရိယာအတွင်း ရှိ ကျေးလက်ဒေသများမှ ပြည်သူများ အတွက် အရစ်ကျရောင်းချပေးရာတွင် သတ်မှတ်ချက်များအတိုင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ချက်များမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ အာမခံသော ပုဂ္ဂိုလ်များဖြစ်ရန်၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အနီးကပ်ကြီးကြပ်ကွပ်ကဲရန်၊ သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေသကြီးပြည်နယ် မန်နေဂျာများမှ ကြီးကြပ်ရောင်းချရန်၊ GSM(2.75G) မိုဘိုင်းတယ်လီဖုန်းများ အား နိုင်ငံဝန်ထမ်းများ ရောင်းချပေး နေသည့်အတိုင်း ပထမအရစ် ၄၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး လစဉ် ၁၀၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်သည်။ တယ်လီဖုန်းများ ရောင်းချရငွေမှ ၂ ရာခိုင် နှုန်းကို ကြီးကြပ်မှုစရိတ်အဖြစ် ကျေးရွာနှင့်မြို့နယ်များသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ထည့်ဝင်သွားမည် စသည့်အချက်များပါဝင်ကြောင်း သိရသည်။
“သူတို့ရဲ့ ပထမနှစ် စီမံကိန်းက ဖုန်းအလုံးရေ လေးသန်းမှာတစ်သန်း ကျော်လောက်ပဲ ရောင်းရသေးတယ်လို့တော့ ကြားရပါတယ်။ ဒီအတွက်ပစ္စည်းတွေ အကုန်လုံးလည်း တပ်ထားပြီး သွားပြီလို့တော့လည်း ကြားတယ်။ ဒီကုန်ကျစရိတ်တွေကြောင့် သူတို့ဘက်က ဈေးလျှော့ရောင်းပေးလို့ မရ သေးဘူးလို့ ပြောပါတယ်။ သူတို့တွေ ဘယ်လောက်ရင်းထားရတယ် ဆိုတာကို သူတို့ တွက်ပြထားတာတွေတော့ ရှိတယ်။ အခုကျွန်တော့ အမြင်ကတော့ အခုသူတို့ အရစ်ကျစနစ်နဲ့ ရောင်း ကြည့်လို့ဝယ်လိုအားရှိနေသေးတယ် နောက်ပြီး ၀ယ်လိုအားမရှိတော့ဘူး ဆိုရင်တော့ သူတို့တဖြည်းဖြည်းနဲ့ လျှော့ပေးမှာပါ။”ဟုလည်း ဦးဇော်မင်းဦး (မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များအသင်း - အတွင်းရေးမှုး) ကလည်း ရှင်းပြခဲ့သည်။
ထို့ပြင်အရစ်ကျစနစ်ဖြင့် ၀ယ်ယူမည့်သူများအနေဖြင့် သဘောတူ စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး အဆိုပါ စာချုပ်တွင် မိမိဆန္ဒအရ ၀ယ်ယူခြင်း ဖြစ်ကြောင်း၊ ကျန်ရှိသည့်ငွေများကို လစဉ်ပေးသွင်းရမည်၊ မြန်မာ့ဆက် သွယ်ရေးမှကနဦး တပ်ဆင်ခနှုန်းထားများ လျှော့ချပါက ပြောင်းလဲလျှော့ချသည့် နှုန်းအသစ်အားခံစားခွင့်ရရှိမည်၊ နှုန်းထားအသစ်ထက် ကျော်လွန်သွင်း ၍ သွင်းထားပြီးဖြစ်ပါက ပိုမိုပေး သွင်းထားမိသည့် ငွေပမာဏအားပြန် လည်ထုတ်ပေးမည် မဟုတ်ကြောင်း၊ မိုဘိုင်းတယ်လီဖုန်းခ ငွေများအား ကျေး ရွာအုပ်ချုပ်ရေးမှူးမှစုစည်း၍ နီးစပ် ရာမြို့နယ် ဆက်သွယ်ရေးစခန်းများ သို့ ပေးသွင်းရမည်၊ အင်တာသုံးစွဲ လိုပါက သတ်မှတ်နှုန်းထားအတိုင်း သုံးစွဲခွင့်ရှိမည်၊ အရစ်ကျပေးသွင်းငွေ ကို လစဉ်ပေးသွင်းခြင်းမရှိခြင်း၊ သုံးစွဲနေစဉ် ပြည်ပနိုင်ငံများနှင့် တရားမ၀င် ခေါ်ဆိုမှုများရှိသည်ဟု သံသယဖြစ် ဖွယ်ရှိသည်ဟု စစ်ဆေးတွေ့ရှိပါက လိုင်းဖြတ်တောက်မည်၊ ပထမအရစ် ငွေပေးသွင်းပြီးချိန်တွင် စတင်သုံးစွဲ ခွင့်ရှိမည်၊ ငွေအကျေပေးသွင်းပြီးချိန် တွင် တယ်လီဖုန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ အထောက်အထား များအား လွှဲပေးမည်၊ တပ်ဆင်ခပေး သွင်းမှုမကျေခင် လွှဲပြောင်းရောင်းချ ခြင်း၊ ပေါင်နှံခြင်းများမပြုလုပ်ရ စသည့်အချက်များကိုထည့်သွင်းချုပ် ဆိုရမည်ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းတယ်လီဖုန်းများရောင်း ချရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ကနဦးတပ်ဆင်ခ ၄၀၀၀၀ ကျပ်ပေးသွင်းပြီးချိန်တွင် ၂ရာခိုင်နှုန်း ခွဲဝေပေးသွားမည်ဖြစ်သည့်အပြင် လစဉ်ကျပ် ၁၀၀၀၀ ပေးသွင်းချိန်တွင် လည်း ၂ ရာခိုင်နှုန်းခွဲဝေ ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း ယင်းကဲ့သို့ ကျေးလက်နေပြည်သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချမည့်အပေါ် နယ်ပယ်အသီးသီးမှ ဝေဖန်မှုများ ပိုမိုလာခဲ့ပြီး မိုဘိုင်းဖုန်းကတ်များ၏ တန်းဖိုး ကိုလည်း အခြားဒေသတွင်းနိုင်ငံများ နည်းတူဖြစ်သင့်သည့် တန်းဖိုးတစ်ခု သို့ အမြန်ဆုံးလျှော့ချပေးရန်လည်း လိုလား လျက်ရှိကြောင်း သိရှိရသည်။  ကျေးလက်ဒေသတွင် မိုဘိုင်းဖုန်းများ အား အရစ်ကျစနစ်ဖြင့် ရောင်းချမည့် အစီအစဉ်အပေါ် ဒေါက်တာကျော်သန်းမိုး (လက်ထောက် ကထိက-ရန်ကုန် တက္ကသိုလ်)ကလည်း” ဒီဖုန်းကတ် တွေက သူများနိုင်ငံမှာဈေး ပေါပေါ နဲ့အလကားပေးနေတာတွေ။အခုက ရောင်း မကုန်တဲ့ အခြေအနေဆိုတော့ ထိုးရောင်းတဲ့သဘောလို့ထင်ပါတယ်။ ဈေးချရ တော့မယ့် အခြေအနေမျိုးမှာ ဈေးမလျှော့တာက သူတို့အမြတ် မရမှာစိုးလို့ ရောင်းပေးတယ်လို့ ထင် တာပဲ။ အမှန်တကယ်ဒီဖုန်းကတ်တွေ အလကားပေးလိုက်လို့လဲ ဘာမှမဖြစ် ပါဘူး။ ဖုန်းဆက်ခနဲ့တင် အများကြီး ပြန်ရနေပြီး ဈေးအသက်သာဆုံးလေး ငါးသောင်းလောက်နဲ့ ရောင်းပေးရင်တောင် ၀မ်းသာစရာ ဖြစ်ရမယ့်ဟာ လေ။ ဖုန်းမရှိတာ ထက်စာရင်ဒီလို ရောင်းပေးတာ ကောင်းတယ်လို့ အကောင်းဘက်ကတွေးလို့ရသလို မကောင်းတဲ့ ဘက်ကတွေးကြည့်ရင်တော့ ဒါလူလည်ကျတာပဲ။သူတို့ ရောင်းမကုန်တော့လို့ ထိုးရောင်းတယ် လို့ထင်တာပဲ။” ဟု ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် လူနေဧရိယာ၏ ၈၅ ရာခိုင်နှုန်းအား မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ရေးဖြင့် လွှမ်း ခြုံထားနိုင်ပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် GSM/ UMTS  တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအရ ဆက်သွယ်ရေး ၀န်ဆောင်မှုပေးသည့် မိုဘိုင်းတယ်လီဖုန်း ရေဒီယိုစခန်း ၇၀၀ ခန့်ရှိပြီး မို ဘိုင်းတယ်လီဖုန်းရေဒီယိုစခန်းမှ မြေ ပြန့်ဒေသတွင် ၇ မိုင်မှ ၈ မိုင်ခန့် အကွာအဝေးအထိသုံးစွဲနိုင်ပြီး၊ တောင် ပေါ်ဒေသဖြစ်ပါကသုံးစွဲနိုင်မှုမှာ ယင်း အကွာအဝေးထက် လျော့နည်းနိုင်ကြောင်း သိရသည်။
“မကြာခင် ‘သုည’ တန်ဖိုးဖြစ်ရတော့မယ့် Sim card ကို ဆင်းရဲပြီးရင်း ဆင်းရဲ၊ မွဲပြီးရင်းမွဲနေတဲ့ ကျေးလက်နေလူထုကို ညာရောင်းသလို မျိုးဖြစ်နေတာကိုရော မြန်မာ့ဆက်သွယ်ရေးက စဉ်းစားမိရဲ့လား မသိဘူး။ ဒါဟာမလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဒီအစီအစဉ် ကို ကန့်ကွက်ပါတယ်။ မ၀ယ်ကျပါနဲ့ အားလုံးသပိတ်မှောက်ကြပါ”ဟု IT ပညာရှင်တစ်ဦးက ပြောပါသည်။


မြန်မာနိုင်ငံအပါအ၀င် လေးနိုင်ငံအကြား ၂၀၁၅ ခုနှစ်၌ ခရီးသွား ၂၅သန်း အပြန်အလှန် သွားလာနိုင်ရန် ဆောင်ရွက်မည်

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်စသည့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် အာဆီယံ CLMV လေးနိုင်ငံအကြား ၂၀၁၃-၂၀၁၅ ခုနှစ်တွင် ခရီးသွား ဧည့်သည် ၂၅ သန်း အပြန်အလှန် ၀င်ထွက်သွားလာနိုင်ရန် ခရီးသွား စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။
အဆိုပါစာချုပ်တွင် လေးနိုင်ငံ ပူးပေါင်း၍ တစ်ခုတည်းသော ခရီးသွားဗီဇာစနစ်အား ဆက်လက် အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၂၀၁၅ ခုနှစ်တွင် လေးနိုင်ငံအကြား ခရီး သွား ၁၅ သန်းဝင်ရောက်၍ အဆိုပါ ၁၅ သန်းမှ လေးသန်းမှာ လေးနိုင်ငံအကြား အလွယ်တကူ သွားလာနိုင်မည့် တစ်ခုတည်းသော ခရီးသွား ဗီဇာ (Four Countries, One Destination) ကိုင်ဆောင်နိုင်ရေးအတွက် တစ်ခုတည်းသော ဗီဇာထုတ်ပေးနိုင်ရေး အတွက်လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သဘောတူစာချုပ်အား စက်တင်ဘာလ ၁၄ ရက်နေ့က ဟိုချီမင်းစီးတီးတွင် ကျင်းပသည့် CLMV လေးနိုင်ငံခရီးသွားလုပ်ငန်း ၀န်ကြီးများ အစည်းအဝေး၌ CLMV လေးနိုင်ငံမှ ၀န်ကြီးများက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
“CLMV နိုင်ငံတွေအကြားမှာ ကမ္ဘာလှည့်ခရီးသည် သွားလာမှုက ၂၀၁၁ ခုနှစ်မှာ တိုးတက်လာခဲ့ပြီး လေးနိုင်ငံအကြား သွားလာမှုက ၁၂ သန်း ၀န်းကျင်ရှိခဲ့ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုနှုန်းမှာ နှစ်စဉ် တိုးတက်လာသည် ဆိုသော်လည်း အာဆီယံဒေသတွင်းနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေဆဲဖြစ်ကြောင်း သိရှိရပါသည်။ 

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment