နိုင်ငံတကာသတင်း


၂၀၁၂ ခုနှစ် ဓာတုဗေဒနိုဘဲလ်ဆု အမေရိကန်နှစ်ဦး ရရှိ


အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြတဲ့ ရောဘတ်လက်ဖ်ကိုဝဇ် (Robert Lefkowitz) နဲ့ ဘရိုင်ယန်ကိုဖီကာ (Brian Kobilka) တို့ကို ၂၀၁၂ ခုနှစ်အတွက် ဓာတုဗေဒပညာ နိုဘဲလ်ဆု ချီးမြှင့်လိုက်ပါတယ်။
ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း မြို့မှာရှိတဲ့ ဆွီဒင်တော်ဝင်သိပ္ပံတက္ကသိုလ်ကနေ အမေရိကန်ဓာတုဗေဒ သိပ္ပံပညာရှင်နှစ်ယောက်ကို နိုဘဲလ်ဆု ချီးမြှင့်ဖို့ ရွေးချယ်လိုက်ကြောင်း မနေ့က ကြေညာလိုက်တာပါ။

Robert Lefkowitz နဲ့ Brian Kobilka တို့က ဆေးဝါးတွေကို လူ့ခန္ဓာကိုယ်ကနေ ထိထိရောက်ရောက် လက်ခံယူတဲ့ နေရာမှာ Cell (ကလပ်စည်း) တခုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ G-protein ကို ခွဲခြမ်းစိတ်ဖြာ သုတေသနလုပ်နိုင်ခဲ့တာကြောင့်အခုလို နိုဘဲလ်ဆုချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ် Duke တက္ကသိုလ်က ပါမောက္ခ Robert Lefkowitz က သူအိပ်နေချိန်မှာ တယ်လီဖုန်းနဲ့ ဒီသတင်းကို အကြောင်းကြားခဲ့တာဖြစ်လို့ အံသြတုန်လှုပ်ခဲ့ရတယ်လို့ ပြောပါတယ်။ပါမောက္ခBrian Kobilka ကတော့ California ပြည်နယ် Stanford တက္ကသိုလ်က ဓာတုဗေဒသိပ္ပံပညာရှင်ဖြစ်ပါတယ်။

ဆီးရီးယားလေယာဉ် တူရကီ ကြားဖြတ်စစ်ဆေး


ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်ကနေ ဆီးရီးယားနိုင်ငံ၊ ဒမတ်စကပ်မြို့ဆီ ပျံသန်းသွားတဲ့ ဆီးရီးယား ခရီးသည်တင် လေယာဉ် တူရကီလေကြောင်းပိုင်နက်ထဲ ဝင်ရောက်လာစဉ်မှာ တူရကီနိုင်ငံက အတင်းအကြပ် ဆင်းခဲ့ပြီး စစ်ဆေးရှာဖွေခဲ့တာမှာ တရားမဝင် ကုန်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ် လို့ တူရကီနိုင်ငံက ပြောပါတယ်။

နိုင်ငံတကာ လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တဲ့ပစ္စည်းတွေကို Ankara နိုင်ငံ Esenboga လေဆိပ်မှာ တာဝန်ရှိသူတွေက ဖမ်းဆီးရမိတယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu  ကပြောပါတယ်။

တူရကီ NTV ရုပ်မြင်သံကြားဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ဖမ်းမိတဲ့ပစ္စည်းတွေထဲမှာ Missile ဒုံးလက်နက်ရဲ့ အစိတ်အပိုင်းတွေ ပါဝင်တယ်လို့ ပြောပါတယ်။ ဆီးရီးယားလေကြောင်း Airbus A320 လေယာဉ်ပေါ်မှာ  ခရီးသည် ၃၀ ကျော်ပါလာပါတယ်။ လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေကို ဆီရီးယားမြို့တော်ဆီ ခရီးဆက်ခွင့်ပြုမှာဖြစ်ပေမဲ့ လေယဉ်ပေါ်ပါလာတဲ့ ပစ္စည်းတွေကိုတော့ တူရကီမှာ သိမ်းဆည်းထားမှာဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။




တောင်ကိုရီးယား၏ ဒုံးစနစ်ကို အဆင့်မြှင့်တင်ပေးရန် အမေရိကန်နှင့်ဆိုးလ်တို့ သဘောတူညီချက်ရရှိခဲ့ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်ကုန်းတွင်းပိုင်းအထိ တိုက်ခိုက်နိုင်စွမ်းရှိသော မဟာဗျူဟာမြောက်ဒုံး လက်နက်အင်အားပိုင်ဆိုင်ထားကြောင်း၊ အမျိုးသားကာကွယ်ရေးကော်မရှင်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့မှုကိုKorean Central New Agency (KCNA) သတင်းဌာနက  အောက်တိုဘာ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဆိုးလ်၏ဒုံးစနစ်ကို မြောက်ကိုရီးယားတစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သည့် အကွာအဝေးအထိ ချဲ့ထွင်မှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့်သဘောတူညီမှုတစ်ခုရရှိခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံက အောက်တိုဘာ ၇ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား၏ စစ်ရေးရန်စခြင်းများက ဟန့်တားရန်အတွက် ဆိုးလ်၏ ဒုံးလက်နက်များကို လက်ရှိသတ်မှတ်ထားသည့် အကွာအဝေး ၃၀၀ ကီလိုမီတာမှ ၈၀၀ ကီလိုမီတာအထိ အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment