မြန်မာ သတင်းများ  အောက်တိုဘာ ၁၁ ၊ ၂၀၁၂

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားခရီးစဉ် ပြီးဆုံး


တောင်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီးသွားခဲ့တဲ့ သမ္မတဦးသိန်းစိန်ဟာ ခရီးစဉ် အဆုံးသတ်ပြီး မနေ့က ညပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မှာ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့သလို အရေးပါတဲ့ သဘောတူစာချုပ်နှစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။
သမ္မတဦးသိန်းစိန်ဟာ သုံးရက်ကြာ တောင်ကိုရီးယားခရီးစဉ်ကို အဆုံးသတ်ပြီး အခုည ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ သုံးရက်ကြာ ခရီးစဉ်ရဲ့နောက်ဆုံးနေ့မှာ တောင်ကိုရီးယားနိုင်ငံ ရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချန်းဝမ်းက သင်္ဘောကျင်းကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် နဲ့အတူ သင်္ဘောတည်ဆောက်ရေးအကြီးအကဲ ကန်ဒေါက်ဆူး (Kang Duk-soo) လိုက်ပါသွားပြီး သမ္မတကြီးနဲ့ မစ္စတာကန် တို့ဟာ နှစ်နိုင်ငံကြား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကာကွယ်ရေး ဆိုင်ရာ စက်မှုစီးပွားရေးလုပ်ငန်းတွေ အကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပညာရေးဆိုင်ရာ ဆွေးနွေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းက သူ့ရဲ့ မဲဆန္ဒနယ် ကော့မှူးမြို့နယ်က ဆရာ ဆရာမ ၁၀၀ လောက်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကျောင်းတွေမှာ ဘယ်လို အထောက်အပံ့မျိုးတွေ လိုအပ်နေသလဲ ဆိုတာ လေ့လာခဲ့ပါတယ်။ 


တာဝန်မဲ့ရေးသားသော အင်တာနက်ဝက်ဘ်ဆိုက်အချို့နှင့် Facebook Account အချို့၏ မမှန်ကန်သောအချက်အလက်များကို တာဝန်သိသူများကဖော်ထုတ်ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း


တာဝန်မဲ့ရေးသားသော အင်တာနက်ဝက်ဘ်ဆိုက်အချို့နှင့် Facebook Account အချို့၏ မမှန်ကန်သောအချက်အလက်များကို တာဝန်သိသူများကဖော်ထုတ်ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင်ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group မှ မေးမြန်းခဲ့သည့် မေးခွန်းများနှင့်ပတ်သက်၍ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
အင်တာနက်ပေါ်က မိမိနှင့်သဘောထား မတူသူများကို ကိုယ့်ရန်သူဟုဆိုကာ သဘောတူသည့်သူများပေါင်းသည့်အခါ အစွန်းရောက်သည့်စိတ်များထွက်လာကြောင်း၊ ယင်းကိစ္စမှာ စိုးရိမ်စရာဖြစ်လာသည်ဟု ပညာရှင်များကထောက်ပြကြောင်း၊ မိမိအနေဖြင့်လည်း ယုံကြည်ပါကြောင်း ယင်းကိစ္စများကိုလည်း ယခုကတည်းက စောစောစီးစီးသိထားပြီးတော့ သတင်းလောကမှလူများက တတ်နိုင်သမျှကြိုးစားပြီး လုပ်ဆောင်ပေးကြပါရန် မေတ္တာရပ်ခံလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဖြေကြားခဲ့သည်။

ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်း ဆင်နိုင်


၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော် တွင် ပထမဆုံး မုန်းတိုင်း တခု ဖြစ်ပေါ်လာဖွယ် ရှိကြောင်း သတင်းရသည်။ ယမန်နေ့က စတင်၍ မြန်မာနိုင်ငံ တောင်ပိုင်းသို့ ချဉ်းကပ် လာသော GAEMI အမည်ရှိ အပူပိုင်း မုန်တိုင်း ၏ အကြွင်း အကျန် တိမ်တိုက်များသည် ကပ္ပလီ ပင်လယ် ပြင် မြောက် ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ တောင်ပိုင်း တို့ကို ဖြတ်သန်း ခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်း အတွင်း ရောက်ရှိလာပြီး ပိုမိုအားကောင်းလာခဲ့ကြောင်း၊ မကြာမီ မုန်တိုင်းငယ် တခုအဖြစ်သို့ ရောက်ရှိ လာနိုင် ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ၏ ၀က်ဘ်ဆိုက်တွင် ရေးထားသည်။ ယင်း မုန်တိုင်းငယ် သည် မြောက်-အရှေ့ ယွန်းယွန်း သို့ ရွေ့လျား၍ ယနေ့ မွန်းတည့်မှ ၂၄ နာရီ၊ ထိုမှ ၃၆ နာရီအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီး မှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟုလည်း ဆိုသည်။ မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း တို့တွင် နေရာအနှံ့ မိုးရွာနိုင်ပြီး ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန်


ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (အသက် ၉၃ နှစ်) သည် ယနေ့နံက် အစောပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံတရုံတွင် ကွယ်လွန်သွားကြောင်း သမီး ဖြစ်သူ ဒေါက်တာ လှကျော်ဇောက ပြောသည်။ မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင် ခဲ့သည့် ဗိုလ်မှူးချုပ် ကျော်ဇောသည် ၁၉၇၆ ခုနှစ် ခန့်က ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှ ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက် ရာ တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာခဲ့ပြီး တရုတ် နိုင်ငံ၌ နိုင်ငံရေး ခိုလှုံနေသူဖြစ်သည်။ ၎င်း၌ သားသမီး ၄ ဦးရှိရာ ကွယ်လွန်ချိန်တွင် ဦးအောင်ကျော်ဇော၊ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော သားသမီး သုံးဦး သက်ရှိထင်ရှား ကျန်ရစ်ကြောင်း သိရသည်။ သားတဦး ဖြစ်သည့် ဦးကျော်ဇောဦးမှာ ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။

လောင်းကြေး ဖော်ပြသည့် အားကစား ဂျာနယ်များ ကြပ်မတ်ရမည်


လောင်းကြေးများ ထည့်သွင်း ဖော်ပြနေသော ပြည်တွင်း အားကစား ဂျာနယ် ၁၅ စောင်ကို ထိန်းကျောင်း ကြပ်မတ်ပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)ကို အကြောင်းကြားထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။ 90 Minute, Super Sports, Daily Sports, Sky Soccer, ဖန်တီးရှင်, Sport Icon, တက်လမ်း, Number one, 9Plus, Sport Time, 7Day Star Sports, 7Day Sports, Olympic, Best Players, Special One စသည့် ဂျာနယ်များတွင် လောင်း ကြေးများ ဖော်ပြလျက်ရှိသည်ဟု အောက်တိုဘာ ၈ ရက်က ဖော်ပြထားခြင်း ဖြစ်သည်။

သတင်းစာဆရာ ဘာတေး လစ်တနာ ဗီဇာ ရရှိ


မကြာသေးခင်က နာမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခံရသည့် ဆွီဒင် လူမျိုး နာမည်ကြီး သတင်းစာဆရာ ဘာတေး လစ်တနာ (Bertil Lintner) ကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ဗီဇာ ပေးလိုက်ကြောင်း သတင်းရသည်။ ၎င်းသည် အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်ဟု Eleven Media Group အင်တာနက် စာမျက်နှာ၌ ပါရှိသည်။ ဘာတေး လစ်တနာ သည် မြန်မာပြည် ဗီဇာ ရရှိရန် အကြိမ်များစွာ ကြိုးပမ်းခဲ့ရကြောင်း၊ ၎င်းကို အစိုးရက ၁၉၈၅ ခုနှစ်ခန့်ကပင် ဗီဇာပိတ်ပင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာပြည်နှင့် ပတ်သက်ပြီး တိုင်းရင်းသား အရေး၊ ကွန်မြူနစ်ပါတီ၊ စစ်ခေါင်းဆောင်များ၊  ဒီမိုကရေစီ အရေး၊ မူးယစ်ဆေးဝါး စသည့်အကြောင်းအရာ များစွာကို နိုင်ငံတကာ စာနယ်ဇင်းများတွင် ရေးသား ထုတ်ဝေခဲ့သူ ဖြစ် သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment