နိုင်ငံတကာသတင်း


အမေရိကန် စီးပွားရေးပြဿနာ နိုင်ငံရေးအရ ကွဲလွဲစရာဖြစ်


အမေရိကန် သမ္မတ ဘရက်အိုဘားမား နဲ့ ရီပက်ကလစ်ကန် ပါတီဝင်တွေဟာ စနေနေ့က အပတ်စဉ် ပြောကြားခဲ့တဲ့ အစီအစဉ်တွေထဲမှာ စီးပွားရေးကိစ္စရပ်တွေကို အဓိက ထားပြီး ပြောသွားခဲ့ပါတယ်။ အိမ်ကို အကြွေးနဲ့ ၀ယ်ထားတဲ့သူတွေ အကြွေးနှုန်း လျော့ကျဖို့အတွက် ဥပဒေကို လွှတ်တော်အနေနဲ့ အတည်ပြုပေးဖို့ သမ္မတ အိုဘားမားက လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ ရီပက်ပလစ်ကန်တွေဟာ အဲဒီအစီအစဉ်ကို လုပ်ဆောင်ခြင်း မရှိဘဲ ဘေးချိတ်ထားတယ်လို့ သမ္မတ အိုဘားမားက စွပ်စွဲလိုက်ပါတယ်။

အဲဒီ အစီအစဉ်အရသာဆိုရင် အိမ်ဝယ်ထားတဲ့သူတွေဟာ တနှစ်ကို အမေရိကန် ဒေါ်လာ သုံးထောင်လောက် သက်သာစေမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။ ရီပက်ပလစ်ကန်တွေကတော့ သူ့ရဲ့ သမ္မတ သက်တမ်း လေးနှစ်အတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးကောင်းလာအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ဘူးလို့ အယ်ရီဇိုးနား ပြည်နယ် အောက်လွှတ်တော်အမတ် ဂျက်ဖလစ် က ပြောလိုက်ပါတယ်။

သမ္မတ အိုဘားမားရဲ့ လေးနှစ်တာ သမ္မတ သက်တမ်းဟာ စီးပွားရေး ကျဆင်းမှု ဖြစ်တယ်လို့ က ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့လက လစ်ဗျားနိုင်ငံမှာ ရှိတဲ့ အမေရိကန် ကောင်စစ်ဝင်ရုံး တိုက်ခိုက်ခံရပြီး အမေရိကန် သံအမတ် အပါအ၀င် လေးယောက် သေဆုံးသွားရတဲ့ ကိစ္စအပေါ်မှာ သမ္မတ အိုဘားမားရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့ ရီပက်ပလစ်ကန်တွေက အကြီးအကျယ် ထပ်ပြီးတော့ တိုက်ခိုက်လိုက်ပါတယ်။


ငြိမ်းချမ်းရေးကိုယ်စားလှယ် ဆီးရီးယား အစိုးရနဲ့ဆွေးနွေး

             
ကုလသမဂ္ဂရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် လက်ဒါ ဘရာဟီမီ (Lakhdar Brahimi) နဲ့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး တို့ စနေနေ့က ဆွေးနွေးပြောဆိုမှုဟာ လေးနက်ပြီးတော့ အပြုသဘော ဆောင်တယ်လို့ ဆီးရီးယား အစိုးရက ပြောလိုက်ပါတယ်။ ၁၉ လကြာ ဆီးရီးယား အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုတွေကို ယာယီ ရပ်ဆိုင်းပြီး ဆွေးနွေးမှုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို သူတို့နှစ်ယောက် ဆွေးနွေးခဲ့တယ်လို့ ဆီးရီးယား အစိုးရပိုင် ဆာနား သတင်းအေဂျင်စီက ပြောပါတယ်။ ဒါပေမဲ့ ဆွေးနွေးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ ထုတ်ပြန် ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတိုင်းမှာ ပြည်ပက ၀င်ရောက်စွက်ဖက်မှုတွေကို ထပ်တလဲလဲ ပြောသွားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အာရပ်အဖွဲ့ သံကိုယ်စားလှယ်ဟာ သူ့ရဲ့ ဆီးရီးယားနိုင်ငံ ခရီးစဉ်အတွင်းမှာ သမ္မတ ဘက်ရှားအယ်လ်အာဆဒ် နဲ့ရော၊ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့က စတင်မယ့် မူစလင်တွေရဲ့ အားလပ်ရက်ဖြစ်တဲ့ အစ်နေ့ လေးရက်အတွင်းမှာ အပစ်အခတ် ရပ်စဲရေးကိစ္စကို ထောက်ခံဖို့ ဘရာဟီမီ က ဆီးရီးယား အစိုးရကို တွန်းအားပေးနေပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ်တွေကလည်း အစ္စလာမ်ဘာသာရေး ပွဲတော်ရက်တွေ အတွင်းမှာ အကြမ်းဖက်တာတွေ အဆုံးသတ်ကြဖို့ သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဆီးရီးယား နိုင်ငံတ၀ှမ်း အစိုးရတပ်တွေနဲ့ သူပုန်တွေကြားမှာ စနေနေ့က တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇၀ သေဆုံးသွားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား စောင့်ကြည့်ရေးအဖွဲ့က ပြောပါတ်ယ။

အကြမ်းဖက်မှုတွေကြောင့် လက်ဘနွမ်အစိုးရ အရေးပေါ်အစည်းအဝေး ခေါ်ယူ


လက်ဘနွမ် နိုင်ငံမှာ သောကြာနေ့က ရဲ ထောက်လှမ်းရေးမှူး သေဆုံးခဲ့ရတဲ့ ကားဗုံးဖောက်ခွဲမှုကို အကာအကွယ် မပေးနိုင်ခဲ့တဲ့အတွက် ၀န်ကြီးချုပ် Najib Mikati က သူ နှုတ်ထွက်မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမဲ့ သမ္မတက သူ့ရဲ့ နှုတ်ထွက်လွှာကို ခွင့်မပြုဘူးလို့ ဆိုပါတယ်။ သမ္မတ Michel Suleiman က ၀န်ကြီးချုပ် အနေနဲ့ အချိန် အတိုင်းအတာ တခုအထိတော့ တာဝန်ဆက်ပြီး ယူစေချင်တယ်လို့ မနေ့ကပြောဆိုသွားတာပါ။

နိုင်ငံရဲ့ အကျိုးစီးပွားကို ငဲ့ကွက်ပြီး ၀န်ကြီးချုပ်တာဝန်ကို ဆက်လက် ထမ်းဆောင်ဖို့ မစ္စတာ Mikati က သဘောတူလိုက်တယ်လို့ ဆိုပါတယ်။ ရဲထောက်လှမ်းရေးမှူးချုပ်နဲ့ တခြား လူ ၇ ယောက် သေဆုံးခဲ့ ရတဲ့ သောကြာနေ့ ကားဗုံးခွဲမှုအတွင်း ချက်ချင်း ဆိုသလိုမှာပဲ အတိုက်အခံ အနာဂတ် လှုပ်ရှားမှုအဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် က Ahmad Hariri က ၀န်ကြီးချုပ် နှုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်တာပါ။

အခု တိုက်ခိုက်ခံရတာဟာ ၀န်ကြီးချုပ်မှာ တာဝန်မကင်းဘူးလို့ မစ္စတာ Hariri က အပြစ်တင်နေတာပါ။ ၀န်ကြီးချုပ် Mikati ကတော့ ဒီတိုက်ခိုက်မှုဟာ ဆီးရီးယား ပြည်တွင်းစစ်နဲ့ ဆက်နွှယ်နေတယ်လို့ မနေ့ကကျင်းပတဲ့ အစိုးရ အရေးပေါ် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။ နိုင်ငံတ၀ှမ်းလုံးမှာ ဒီ တိုက်ခိုက်မှုကို ကန့်ကွက်တဲ့အကြောင်း လူထုက ဆန္ဒပြနေကြပါတယ်။ သောကြာနေ့က ကားဗုံးခွဲ တိုက်ခိုက်မှုဟာ ရဲ ထောက်လှမ်းရေးမှူးချုပ် မစ္စတာ Wissam al-Hassan ကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ လက်ဘနွမ်က လာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment