မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၂၁ ၊ ၂၀၁၂

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်


“ကျနော်တို့ကွမ်းယာ လူကြိုက်များတဲ့ အဓိကအချက်က ထုံးပဲဗျ” လို့ ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ အသက် ၃၅ နှစ်ဝန်းကျင်ရှိ “မိုးစံပယ်” ကွမ်းယာဆိုင် ပိုင်ရှင် ကိုဇာနည်က ကွမ်းယာ အယာ ၂၀ ကျော်လောက်ကို ခုံပေါ်မှာဖြန့်ယာနေရင်း ရှင်းပြပါတယ်။
“မိုးစံပယ်” ကွမ်းယာဆိုင်ဟာ နေပြည်တော် ကောင်စီနယ်မြေ ဇဗ္ဗူသီရီမြို့နယ်ထဲက သပြေကုန်းဈေးအနီး လမ်းမကြီးဘေး ၁၂ ပေ၊ ၁၅ ပေလောက် ကျယ်ဝန်းတဲ့ ဆိုင်ခန်းလေးမှာ ဖွင့်ထားတာပါ။ ဆိုင်ထဲမှာတော့ ဆိုင်ရှင်အပါအဝင် အမျိုးသမီး အလုပ်သမ ၃ ဦး ကလည်း ဧည့်သည်တွေ မှာထားတဲ့ ကွမ်းယာတွေကို ဇယ်ဆက်သလို ယာနေကြတယ်။
ဆိုင်ထဲမှာရှိတဲ့ ကွမ်းယာ စားပွဲဘောင်တွေ၊ နံရံတွေပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ခွပ်ဒေါင်း တံဆိပ်နဲ့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တရ” ဆိုတဲ့ စာတမ်းပါတဲ့ အမှတ်တံဆိပ် စာရွက်လေးတွေကို ကပ်ထားတာကိုလည်း တွေ့မြင်ရ ပါတယ်။
ကွမ်းယာ စားပွဲတွေရဲ့ဘေးတဖက်တချက်စီမှာ ထုံးအိုးကြီးတွေကို တောင်ပို့ကြီးတွေအလား တွေ့ရပါတယ်။ စားပွဲပေါ်မှာတော့ ကွမ်းယာထဲမှာ ထည့်ပြီးအသုံးပြုတဲ့ ကွမ်းသီး၊ နွယ်ချို၊ အုန်းသီးကြော်၊ စမုံစပါး၊ လေးညှင်း၊ သံပုရာသီး၊ အာမွှေး၊ ဆေးရွက်ကြီး အပါအဝင် နိုင်တီတူး၊ ဖိုတီဖိုက် စတဲ့ ဆေးမျိုးစုံကိုလည်း ကော်ဗူးလေးတွေနဲ့ ခွဲပြီး တန်းစီထားပါတယ်။
ဆိုင်ကို ၂၄ နာရီ ဖွင့်လှစ်ရောင်းချပေးနေတဲ့အတွက် ကွမ်းယာဆိုင်တွေထဲမှာတော့ အထူးဝန်ဆောင်မှုပေးနေတဲ့ ဆိုင်လို့တောင် ပြောရမှာပါ၊ အဲဒီအတွက် ဂျူတီနဲ့ အလှည်ကျ ကွမ်းယာဖို့ နယ်ကနေခေါ်ယူထားတဲ့ အမျိုးသမီး ၈ ဦးကို အလုပ်ခန့်ထားပါသေးတယ်။
ဆိုင်ရဲ့ရောင်းအားကလည်း တရက်ကို ပျမ်းမျှ ကျပ် ၅ သိန်း အထက်မှာ ရှိပါတယ်။ သားသားနားနား ဆောက်ထားပြီး လူအသွားအလာ ခြောက်ကပ်နေတဲ့ နေပြည်တော်လို နေရာမှာ ၂၄ နာရီ ဝန်ဆောင်မှုပေးပြီး စားသောက်ဆိုင်ကြီး တဆိုင်ရဲ့ ဝင်ငွေလောက်ကို ရှာနိုင်တဲ့ ကွမ်းယာဆိုင်ဟာ ဒီမြို့မှာ သူတဆိုင်ပဲရှိတယ်ဆိုတာ ယုံမှားစရာမရှိပါ။ဆိုင်ရှင် ကိုဇာနည်က သူ့ကွမ်းယာရဲ့ အဓိကစွဲဆောင်မှုက “ထုံး” တဲ့။ နောက် ကွမ်းရွက်တွေကို သုံးတဲ့အခါမှာလည်း ကျွတ်ဆတ်ဆတ် အရွက်တွေကို မသုံးဘူးတဲ့။ ပျော့ပျော့ပြောင်းပြောင်းနဲ့ ယာကောင်းပြီး ခါးတွင်း မစပ်စေတဲ့ ကွမ်းရွက်တွေကိုပဲ မှာယူသုံးစွဲတာလို့ ဆိုတယ်။
သူ့ဆိုင်မှာ အသုံးပြုနေတဲ့ ထုံးနဲ့ ကွမ်းရွက် ကောင်းခြင်းတွေကြောင့် ကွမ်းမစားတတ်သေးတဲ့ လူတွေစားတာတောင် ထုံးပေါက်တာတို့၊ အာခံတွင်း စပ်တာတို့ ဖြစ်မှာ မဟုတ်ဘူးတဲ့။ သူ့ကွမ်းယာရဲ့ အဓိက လျှို့ဝှက်ချက်ဖြစ်တဲ့ ထုံးရောစပ်နည်းကိုတော့ ပြောပြလို့မဖြစ်ဘူးလို့ ဆိုင်ရှင်က ခပ်ပြုံးပြုံးပြန်ပြောပါတယ်။
အဓိကရောင်းချတဲ့ပုံစံက အစိုးရရုံးတွေ၊ စားသောက်ဆိုင်၊ ဈေးဆိုင်အလုပ်ရုံနဲ့ အခြား ဌာနဆိုင်ရာတွေက ဖုန်းနဲ့ ဆက်ပြီး ကြိုမှာတာတွေကို ဆိုင်ကယ်နဲ့လိုက်ပို့တယ်။ ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက်အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့်လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။မှာထားတဲ့ ကွမ်းယာတွေကို လာမယူသေးတဲ့ချိန်နဲ့ လိုက်မပို့ရသေးတဲ့အချိန် ရေခဲ့သေတ္တာထဲမှာ ထည့်ပြီး သိမ်းထားပေးတယ်။ ယာပြီးသား ကွမ်းယာတွေ ထည့်တဲ့ ဗူးမှာလည်း ဆိုင်လိပ်စာနဲ့ ဖုန်းနံပတ်တွေကို တံဆိပ်ရိုက်ထားသလို၊ ကွမ်းထုပ်တွေမှာလည်း လိပ်စာ စာရွက်လေးတွေ ထည့်ပေးထားတာကို တွေ့ရပါတယ်။
ဆိုင်ထဲမှာ ကွမ်းယာလာဝယ်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဆောက်လုပ်ရေး အလုပ်သမားတဦးက “သူ့ကွမ်းကကောင်းလို့ ဒီဆိုင်မှာပဲ လာဝယ်စားတာပေါ့၊ တရက် ၁၀ ယာ၊ ၁၅ ယာစားလည်း ထုံးမပေါက်ဘူး၊ ထုံးကောင်းတော့ ဝါးကောင်းတာပေါ့ဗျာ” လို့ ပြောရင်းဆိုရင်း ကွမ်းတယာကို ပါးစပ်ထဲ ထည့်လိုက်သေးတယ်။ သူက ကွမ်းအတော်ကြိုက်ပုံရပါတယ်၊ သွားတွေဆိုရင် ကွမ်းဂျိုးတွေတက်နေတာ ညိုမဲလို့။
ဒီကွမ်းယာဆိုင်လေး အခြေချ တည်ပြီးရောင်းနေတဲ့ နေပြည်တော်မြို့ဟာ ယခင်စစ်အစိုးရလက်ထက် စစ်ဗိုလ်ချုပ်ကြီးတွေ အစီအမံနဲ့ ဇဗ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနဲ့ ဒက္ခိဏသီရိဆိုပြီး မြို့နယ် ၅ မြို့နယ်ခွဲပြီး စတည်ခဲ့တာပါ။ ဒီမြို့စတည်ကတည်းက ဒီကွမ်းယာဆိုင်လေးကို တည်ထောင်ခဲ့တာလို့သိရပါတယ်။
“မိုးစံပယ်” ကွမ်းယာဆိုင်လေး ရောင်းချနေတဲ့ ဇဗ္ဗူသီရီမြို့နယ်ဟာ နေပြည်တော်မြို့ရဲ့ အလယ်မှာရှိပြီးတော့ အဲဒီမှာ မြို့တော်ခန်းမ၊ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနရုံးတွေ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၊ စာတိုက်ကြီး၊ ဈေးကြီးတွေ၊ ပွဲရုံတွေ၊ ဘဏ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ကျောက်မျက်ပြတိုက်၊ ဈေးဝယ်စင်တာတွေနဲ့ အိမ်ယာတွေ ရှိပါတယ်။
နောက်ပြီး အများပြည်သူတွေ အားလပ်ချိန်တွေမှာ အပန်းဖြေဖို့ဆိုပြီး နိုင်ငံတကာအဆင့်မီ ရေပန်းဥယာဉ်၊ ရုပ်ရှင်ရုံ၊ ပရဆေး ဥယျာဉ်၊ အားကစားရုံနဲ့ အားကစားပြိုင်ကွင်းတွေ၊ ဂေါက်ရိုက်ကွင်းတွေလည်း ရှိပါတယ်။ တောင်ကုန်းတွေကို ရှင်းပြီး ဒီလို နေချင့်စဖွယ် ပြုလုပ်ထားတဲ့ မြို့ကြီးက လူသူသွားလာမှု ခြောက်ကပ်လှပါတယ်။နေပြည်တော် မြို့လယ်လို့ဆိုတဲ့ ဇဗ္ဗူသီရီမြို့နယ်မှာရှိတဲ့ အရောင်းစင်တာတွေမှာတောင် ဝယ်သူသူတွေ၊ ဈေးလည်သူတွေ နည်းပါးတယ်၊ ရာသီဥတုကလည်း တခြားမြို့တွေမှာ သာမန်အနေအထားမှာ ရှိနေတာတောင် နေပြည်တော်မှာ ခြစ်ခြစ်တောက် ပူနေတာပဲ။
မြန်မာနိုင်ငံရဲ့ အထင်ကရ လွှတ်တော်ကြီးလည်း ရှိတယ်၊ မြို့ကိုလည်း စွဲမက်အောင်၊ စိတ်ဝင်စားအောင် လုပ်ထားတာ၊ လမ်းတွေဆိုလည်း မြန်မာနိုင်ငံ ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ ၁၆ လမ်းသွား လမ်းမကြီးတွေ၊ လမ်း ၂၀ သွား လမ်းမကြီးတွေ ဟည်းနေအောင် ခင်းထားတာ။ ဒါပေမယ့် အဲဒီလမ်းတွေပေါ်မှာ ကားတစီးနဲ့ တစီးတွေ့ရဖို့ မလွယ်လှပါဘူး။မြန်မာနိုင်ငံရဲ့ ခမ်းနားလှတဲ့ လွှတ်တော်အဆောက်အအုံကြီးတွေ၊ ရင်သပ်ရှုမောဖွယ် လမ်းတွေရှိတဲ့ မြို့တော်ကြီးရဲ့ ဘေးနားက ရွာတွေကတော့ တနေ့စာဝမ်းတခါးအတွက် နေပြည်တော်မြို့ပေါ်တက်ပြီး မြို့အလှဆင်ရေးနေရာတွေ၊ သန့်ရှင်းရေး လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်နေကြတာကို တွေ့ရပါတယ်။
နေပြည်တော် အဝိုင်းမှာ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ မြက်နုတ်နေတဲ့ အမျိုးသမီးတယောက်က သူရတဲ့ မြက်နှုတ်ခက တရက်ကို ကျပ် ၁၇၀၀ လို့ ပြောပါတယ်။ နေပြည်တော်က အဝိုင်းတွေ၊ လမ်းအလှဆင်ရေးတွေမှာ သူ့လိုလုပ်နေကြသူတွေ များစွာတွေ့ရပါတယ်။တရက်ကို ကျပ် ၁၇၀၀ ရတဲ့ သူတို့အဖွဲ့တွေဟာ ရတဲ့ငွေထဲကနေ ပဲ့မထွက်အောင်၊ ကွမ်းကြိုက်တတ်ရင် ကွမ်း၊ ဆေးလိပ် ကြိုက်တတ်ရင် ဆေးလိပ်တို့ကို အိမ်ကနေ တပါတည်း ယူလာကြပါတယ်။ သူတို့တွေကတော့ နေပြည်တော်မှာ နာမည်ကြီးလှတဲ့ “မိုးစံပယ်” ကွမ်းယာဆိုင်လေးနဲ့တော့ နီးလျက်နဲ့ ဝေးနေကြပါတယ်။
ကွမ်းစားတဲ့ယဉ်ကျေးမှုဟာ နေပြည်တော်တင် မကပါဘူး။ မြန်မာတနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေတာပါ။ ဒါပေမယ့် ကွမ်းတံတွေး ထွေးတဲ့ အခါမှာတော့ စည်းကမ်းရှိမှု နည်းပါးပါတယ်။စင်္ကြန်တွေ၊ ကားလမ်းတွေ၊ ကားမှတ်တိုင်၊ ဈေးဆိုင်တွေနဲ့ လူအသွားအလာ များတဲ့ နေရာတွေမှာ ကွမ်းတံတွေးတွေ စည်းကမ်းမဲ့ ထွေးထားတာတွေ မြင်ရမှာပါ။ နေပြည်တော်ထက် ရန်ကုန်၊ မန္တလေးလို လူစည်ကားတဲ့ မြို့ပြတွေမှာ ပိုပြီးတွေ့မြင်နိုင်ပါတယ်။ဒါအပြင် ကွမ်းကို အဆမတန် စားတဲ့အတွက်လည်း ဘေးထွက် ဆိုးကျိုးတွေရှိပါတယ်။ သွားတွေ ညစ်ထေးပေကျံတာ၊ သွားတွေအတွင်း ကျောက်ဖြစ်နိုင်တာ၊ ဆီးကျောက်တည်နိုင်တာ၊ ပါးစောင်ကင်ဆာ ဖြစ်ပွားနိုင်တာတွေ ဖြစ်တတ်ကြောင်းလည်း ဆေးပညာရှင်တွေက သတိပေး ပြောဆိုတာတွေလည်းရှိပါတယ်။
တိုးတက်တဲ့ အိမ်နီးချင်း နိုင်ငံတွေမှာတော့ သူတို့ရောင်းတဲ့ နေကြာစေ့ပဲဖြစ်ဖြစ် တခြား မုန့်ထုပ်တွေမှာဖြစ်ဖြစ် အမှိုက်တွေကို အမှိုက်ပုံးထဲကို စွန့်ပစ်ဖို့ ကုန်ပစ္စည်းနဲ့ တပါတည်း ကြော်ငြာလေးတွေ ထည့်ပေးပါတယ်။မြန်မာနိုင်ငံမှာလည်း အခုလို ၂၄ နာရီလို ဝန်ဆောင်မှုမျိုးတွေ ပေးလာတဲ့ “မိုးစံပယ်” လို ကွမ်းယာဆိုင်မျိုးတွေရဲ့ ကွမ်းထုပ်တွေမှာ နောက်ပိုင်း “စည်းကမ်းမဲ့ ကွမ်းထွေးခြင်း သည်းခံပါ”၊ “အမှိုက်များကို အမှိုက်ပုံးတွင်းသို့ စွန့်ပစ်ပါ” စတဲ့ စာတမ်းလေးတွေနဲ့ သတိပေးချက်လေးတွေနဲ့ ထိန်းသိမ်းမှုလေးတွေ လုပ်ဆောင်လာနိုင်ပါတယ်။
အခုအချိန်မှာတော့ နေပြည်တော်က “မိုးစံပယ်” ကွမ်းယာဆိုင်လေးက သူတို့မြို့ရဲ့ ဆွဲဆောင်မှုတွေနဲ့အတူ အနာဂတ်မှာ စည်ကားလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်၊ အဲဒီလိုစည်ကားလာရင် သူတို့ရဲ့ ရောင်းအားဟာလည်း အဆပေါင်းများစွာ တက်လာနိုင်ဖွယ်ရှိနေပါတယ်။
“မြို့ပိုစည်လာတာနဲ့ ရောင်းအား ပိုကောင်းမှာပေါ့” လို့ ဆိုင်ရှင် ကိုဇာနည်က ကွမ်းယာတွေကို ယာပေးနေရင်း သူ့မျှော်လင့်ချက်ကို ပြောပါတယ်။


ရေနံတင်ဆိပ်ကမ်း အပါအဝင် လေဆိပ်နှင့် အိမ်ရာများ ပါဝင်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဒေသခံများ၏ ဆန္ဒအတိုင်းသာ ဆောင်ရွက်မည်ဟု သိရ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူမည်


ရေနံတင်ဆိပ်ကမ်း အပါအ၀င် လေဆိပ်၊ ကားဂိတ်နှင့် အိမ်ယာ၊ အပန်းဖြေဇုန်များပါဝင်မည့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းအား ဒေသခံများ၏ သဘောထားဆန္ဒ စစ်တမ်းအရသာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ(အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး) ဦးမြင့်သိန်းက ပြောကြားခဲ့ပါသည်။ ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူသွားမည် ဖြစ်ကြောင်းကိုလည်း ၎င်းကဆက်လက် ပြောကြားသွားခဲ့ပါသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် အားလက်ရှိအချိန်တွင် လျာထားချက် ဦးစားပေး(၁)အနေဖြင့် ကျောက်ဖြူမြို့နယ် ကင်းမြောက်ဒေသ(ဇင်ချောင်း ကျေးရွာအုပ်စုနှင့် ကင်းမြောက်ကျေးရွာ အုပ်စုအကြား) တဆက်တည်း မြေဧရိယာ(၁၅၀၀မှဧက၂၀၀၀) ခန့်အား လည်းကောင်း၊ ဦးစားပေး(၂)အနေဖြင့် ကျောက်ဖြူခရိုင် ကျောက်ချောင်းတိုက်နယ်၊ အောင်လျပြင်ကျေးရွာ အုပ်စုနှင့် ကျောက်နဂါး ကျေးရွာအုပ်စုအကြား တဆက်တည်း မြေဧရိယာ (၃၀၀၀ မှ ဧက ၅၀၀၀ အထိ) အားလည်းကောင်း ကွင်းဆင်းလေ့လာမှုများ ပြုလုပ်၍ လျာထားချက်များ ထားရှိပြီး စီးပွားရေးဇုန်မြေနေရာများ အပြီးသတ် သတ်မှတ်ရွေးချယ် ပြီးစီးပါက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိသည်။
“ကျောက်ဖြူအထူးစီးပွားရေးဇုန် ဆောက်လုပ်မယ့်စီမံကိန်းနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလက ကျောက်ဖြူမှာဒေသခံတွေရဲ့ သဘောထားစစ်တမ်းကိုကောက်ယူ ခဲ့ပါတယ်။ ထပ်မံဆောင်ရွက်မယ့် လုပ်ငန်းတွေမှာလည်း ဒေသခံတွေ ကို အသိပေးဖိတ်ကြားပြီး ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ မကြာခင်မှာလည်း ဒေသခံတွေနဲ့တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဖို့ရှိပါတယ်။ ဒီစီမံကိန်းကို အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာ၊ သာတူညီမျှရှိပြီး အောင်မြင်မှုရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ ရခိုင်သဟာရအသင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်ရေးရာ ၀န်ကြီးချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အမျိုးသားလွှတ်တော်အမတ်နှင့် ကျောက်ဖြူမြို့နယ်မှ ဒေသခံများ၊ သဘာဝပတ်ဝန်းကျင်နှင့် အထူးစီးပွားရေးဇုန်ကျွမ်းကျင် ပညာရှင်များပါဝင်သော ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့က အပြည်ပြည်ဆိုင်ရာ စီးပွားရေး အဆောက်အအုံ(IBC) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အိတ်ဖွင့်တင်ဒါခေါ်ယူ သွားမည့်အစီအစဉ်နှင့် ပတ်သက်၍ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက “ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မကြာခင် အချိန်အတွင်းမှာပဲ အိတ်ဖွင့်တင်ဒါ ခေါ်ယူသွားပါမယ်။ ဘယ်အချိန်လောက်ဖြစ်မယ်ဆိုတာတော့ အသေချာ မပြောနိုင်သေးပါဘူး။ လောလောဆယ်တော့ ရပ်ရွာအခြေပြုအဖွဲ့ Civil Society တွေနဲ့ပေါင်းပြီး ထိုက်သင့်သလို conceptual plan တစ်ခု ရေးဆွဲနေတယ်။ ဒါပြီးရင်တော့ open tender ခေါ်သွားမယ်” ဟု ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ open တင်ဒါခေါ်ယူရာ၌ ဒေသခံများအား ဦးစားပေးသွားမည်ဖြစ်ပြီး၊ ဒေသခံများအနေဖြင့် အကျိုးတူပူးပေါင်း လုပ်ဆောင်လိုပါကလည်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ယင်းနောက်မှနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲကျွန်းအတွင်း လျာထားချက်တည်ရှိပြီး လက်ရှိအချိန်တွင် စီမံကိန်းနယ်မြေ အတိအကျ သတ်မှတ်ခြင်း၊ Gas Turbine များဖြင့် လျှပ်စစ်မီးပေးနိုင်ရန် ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်မှုပြုလုပ်ခြင်း၊ National Master Plan များ ချမှတ်ခြင်းနှင့် ကျောက်ဖြူ SEZ Law ပြဋ္ဌာန်းခြင်းတို့ကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ နှင့်ဂျပန်နိုင်ငံ Nippon Koei Co., Ltd တို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နိုင်ငံခြားသား ၀ယ်ယူပိုင်ဆိုင်ခွင့်များပါဝင်သော ကွန်ဒိုမီနီယံဥပဒေ လာမည့်နှစ်တွင် ပြဋ္ဌာန်းမည်


နိုင်ငံတကာအရည်အသွေး စံ သတ်မှတ်ချက်များနှင့် နိုင်ငံခြားသားများ ၀ယ်ယူပိုင်ဆိုင်ခွင့်များ ပါဝင်သော ကွန်ဒိုမီနီယံဥပဒေ(စုပေါင်းပိုင် အဆောက်အအုံဥပဒေ)ကို  ၂၀၁၃ခုနှစ်အတွင်း ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ဥပဒေမူကြမ်းကို ပါဝင်ရေးဆွဲခဲ့သည့် ပညာရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။ရေးဆွဲထားပြီးသော ကွန်ဒိုမီနီယံဥပဒေမူကြမ်းတွင် တည်ဆောက်မှု၊ ရောင်းဝယ်မှု၊ ပိုင်ဆိုင်မှု၊ နေထိုင်မှု၊ လွှဲပြောင်းမှုများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ၊ အ ရည်အသွေး သတ်မှတ်ချက်များကို ထည့်သွင်းရေးဆွဲထားကြောင်းနှင့် ပိုင်ဆိုင်မှုအာမခံချက်များ၊ မြေနေရာတစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ခွင့်များနှင့် ဘဏ်ချေးငွေရယူနိုင်ခွင့်များ စသည့် နည်းဥပဒေများလည်း ရေးဆွဲထားကြောင်း သိရပါသည်။
"ကွန်ဒိုဥပဒေကို အမြန်ဆုံး အတည်ပြုနိုင်အောင် လုပ်ဆောင်နေပါတယ်။ အရည်အသွေးနဲ့ ပိုင်ဆိုင်မှုအာမခံချက်တွေ ခိုင်ခိုင်မာမာ ပါဝင်လာမှာပါ။ ၂၀၁၃ ထက် နောက်မကျဘဲ ပြဋ္ဌာန်းနိုင်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်" ဟု ဥပဒေမူကြမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သည့် ပညာရှင်တစ်ဦးက ပြောကြားသည်။
အဆိုပါ စုပေါင်းပိုင် အဆောက်အအုံဥပဒေမူကြမ်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ကျင်းပသော ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။
"ကွန်ဒိုဥပဒေပေါ်လာရင် အရည်အသွေးတို့ ဈေးကွက်အခြေအနေတို့ ပိုင်ဆိုင်မှုတို့ ပိုခိုင်မာလာမယ်။ ကွန်ဒိုမှာနေတဲ့သူအများစုက အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေများတယ်။ အခု ကွန်ဒိုကို အပေါင်ထားပြီး ဘဏ်ကနေ ငွေချေးလို့မရဘူး။ ဥပဒေရှိတယ်ဆိုရင် အပေါင်ထားပြီး ငွေချေးလို့ရတဲ့အတွက် ခိုင်မာတဲ့ပိုင်ဆိုင်မှုတစ်ခု၊ အရင်းအနှီးတစ်ခု ဖြစ်လာမှာ၊ ဒါက ကွန်ဒိုဈေးကွက်ကိုလည်း ပိုဖြစ်ထွန်းစေမှာပါ" ဟု  ပါမောက္ခဦးမော်သန်း (ပါမောက္ခချုပ် -ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္က သိုလ်) က ထင်မြင်သုံးသပ်ပါသည်။
မြန်မာနိုင်ငံအတွင်း လက်ရှိကွန်ဒိုအများစုသည် ကွန်ဒိုအမည်ခံ တိုက်ခန်းများသာဖြစ်ပြီး ဈေးနှုန်းကြီးမြင့်ခြင်း၊ အရည်အသွေးမမီခြင်း၊ ၀န်ဆောင်မှု နည်းပါးခြင်းများကြောင့် တည်ဆောက်သူနှင့် နေထိုင်သူများအကြား ပြဿနာများ  ဖြစ်ပေါ်လေ့ရှိသည်။ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်း နေထိုင်သူများက ရေ၊ မီး၊ သန့်ရှင်းရေး၊ လုံခြုံရေး၊ ဓာတ်လှေကား၊ လောင်စာဆီအသုံးစရိတ်များ၊ ကုန်ကျစရိတ်များကို ပေးသွင်းရန်လိုအပ်ပြီး တစ်လလျှင် အနည်းဆုံး ကျပ်ရှစ်သောင်းမှ သုံးသိန်းဝန်းကျင်အထိ ပေးသွင်းရကြောင်း နေထိုင်သူများထံမှ သတင်းရရှိပါသည်။


စီးပွားရေးဖွင့်လှစ်မှုနှင့်အတူ ပုဂ္ဂလိကကဏ္ဍ၌ အရည်အသွေးမြင့် ဝန်ထမ်းများ ဆက်လက်ထိန်းသိမ်းနိုင်ရန် လစာ ၂၀ မှ ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးဖွယ်ရှိနေ


မြန်မာနိုင်ငံ၏ စီးပွားရေး ဖွင့်လှစ်လိုက်မှုနှင့်အတူ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမှုကြောင့် အလုပ်အကိုင်ဈေးကွက်အတွင်း အရည်အသွေးမြင့် ၀န်ထမ်းများ၏လစာမှာ လာမည့်ခြောက်လအတွင်း ၂၀ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း လုပ်ငန်းများ အပြိုင်အဆိုင်ဖြစ်လာချိန်တွင် ဈေးကွက်အတွင်း အရည်အသွေးမြင့် ၀န်ထမ်းများ အပြိုင်အဆိုင် ခေါ်ယူလာနိုင်သဖြင့် လက်ရှိကုမ္ပဏီများမှ ၎င်းတို့၏၀န်ထမ်းများကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လစာနှင့်အခြားခံစားခွင့်များ တိုးမြှင့်ဆွဲဆောင်လာရဖွယ် ရှိနေသည်ဟု နယ်ပယ်အသီးသီးမှ လေ့လာသူများက သုံးသပ်ပြောကြားသည်။
“ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် လုပ်ငန်းပိုင်ရှင်တွေကလည်း အရေးကြီးလာပြီ။ ကိုယ့်ဆီမှာရှိတဲ့ အရည်အသွေးမြင့် ၀န်ထမ်းတွေ တခြားကုမ္ပဏီတွေကို ရောက်မသွားဖို့ အများတန်းတူလစာရော အခြားခံစားခွင့်တွေပါ ပေးပြီး ထိန်းနိုင်ဖို့လိုတယ်။ ၀န်ထမ်းတွေဘက်ကလည်း ကိုယ်ပိုင်အရည်အသွေးကို မြှင့်ထားဖို့လိုတယ်။ အရည်အချင်းရှိရင် ဘယ်သူမဆို လစာနှုန်းထားမြင့်မြင့်နဲ့ ပေးမှာပါပဲ။ ‘ဒီလိုမျိုးတွေ စ၀င်လာတာက လုပ်ငန်းရှင်တွေအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်”ဟု မြန်မာဘရူဝါရီ လီမိတက်မှ Coporate Communication Manager ဒေါ်ဝင်းဝင်းသန့်က သုံးသပ်သည်။လက်ရှိအချိန်တွင် မြန်မာအလုပ်သမားများကလည်း မိမိတို့အတွက် အလားအလာ ကောင်းသော၊ အကျိုးခံစားခွင့်ပိုမိုသော လုပ်ငန်းများကို စိတ်ဝင်စားမှုရှိလာပြီး အလုပ်ပြောင်းလဲရန် ကြိုတင်ပြင်ဆင်မှုများလည်း ရှိလာနေကြောင်း အလုပ်သမားများ အသိုင်းအ၀န်းမှ သိရသည်။
“အလုပ်အကိုင် ဈေးကွက်အတွင်းမှာ လူကပေါများပြီး တကယ် လုပ်တတ်ကိုင်တတ်တဲ့သူက ရှားနေတယ်။ ဒီတော့နယ်ပယ်အသီးသီးက အရည်အသွေးမြင့် ၀န်ထမ်းတွေကတော့ လစာ ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်” ဟု မီဒီယာလုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။
မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက အခြေခံအလုပ်သမားများ၏ လစာနှင့် အမှုဆောင်များ၊ မန်နေဂျာများ၏ လစာနှုန်းထားများမှာ ကွာခြားချက် မြင့်မားသည်။ အခြေခံ အလုပ်သမားတစ်ယောက်အတွက် လက်ရှိအနိမ့်ဆုံးလစာမှာ ကျပ်သုံးသောင်းဝန်းကျင်ခန့် ဖြစ်ပြီး အမှုဆောင်၊ မန်နေဂျာတစ်ဦး၏ အနိမ့်ဆုံးလုပ်ခလစာမှာ သုံးသိန်းဝန်းကျင်ခန့်ဖြစ်ကြောင်း အလုပ်အကိုင်ဈေးကွက်မှ စုံစမ်း သိရှိရသည်။
မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် လတ်တလော ၀င်ရောက်လာသည့် စီးပွားရေးလုပ်ငန်းများတွင် အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် လေကြောင်းလိုင်းသစ်များလည်း ပါဝင်နေသဖြင့် ၎င်းနယ်ပယ်များမှ ကျွမ်းကျင် လုပ်သားများလည်း လုပ်ခ၊ လစာ တိုးမြှင့်ခံစားရဖွယ်ရှိနေသည်ဟု သိရ သည်။
“အခုလို စီးပွားရေးပွင့်လင်းသွားတော့ အရင်က ပိတ်ဆို့ထားတဲ့လုပ်ငန်းတွေ ပြန်ဝင်လာကြတယ်။ ဆောက်လုပ်ရေးနဲ့ အထည်ချုပ်လိုလုပ်ငန်းတွေက ပြန်တက်လာနေပြီ။ ဒီတော့ကျွမ်းကျင်ဝန်ထမ်း လိုအပ်မှုကတိုးလာတယ်။ တတ်ပြီးသားတွေကို အပြိုင်ခေါ်လာတယ်။ အခု လေကြောင်းလိုင်းတွေမှာလည်း ပရော်ဖက်ရှင်နယ်နဲ့ Admin ဆိုပြီး နှစ်ပိုင်းရှိတာမှာ ပရော်ဖက်ရှင်နယ်လိုင်းကတော့ ကမ္ဘာမှာတောင် ၀န်ထမ်း လိုအပ်ချက်မြင့်နေတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လာရင် နိုင်ငံတကာပရော်ဖက်ရှင်နယ် ဈေးနှုန်းတွေအတိုင်း ရလာနိုင်ပါတယ်” ဟု ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ Admin Manager က ပြောခဲ့သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၂ခုနှစ် ဇူလိုင်လအထိ ရှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၂၉ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ အများဆုံးခွင့်ပြုပေးခဲ့သော လုပ်ငန်းများမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းဖြစ်ပြီး အထည်ချုပ်လုပ်ငန်းများက ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် မ၀င်ရောက်လာမီ နိုင်ငံသား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများလည်း တိုးလာနေပြီး အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် မေလ ၂၁ ရက်မှဇွန်လ ၉ ရက်နေ့အထိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း လေးသောင်းသုံးထောင်ကျော် ထပ်မံ တိုးမြင့်လာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု အများဆုံးနယ်ပယ်များမှာ ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအားနှင့် ကုန်ထုတ်လုပ်ငန်းများဖြစ်သည်။
“လစာနဲ့ခံစားခွင့်တွေကကုမ္ပဏီကြီးတွေပေါ်မူတည်တယ်။ မြန်မာနိုင်ငံမှာ စနစ်တကျနဲ့ လုပ်ကိုင်နေတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ၊ ပြည်တွင်းကုမ္ပဏီကြီးတွေက တကယ် အရည်အသွေးမြင့်တဲ့ ၀န်ထမ်းတွေကို လစာနဲ့ခံစားခွင့်တွေ တိုးပေးနိုင်ပါတယ်။ ကိုယ့်ရဲ့အရည်အသွေးမြင့် ၀န်ထမ်းတွေအခြားကို ရောက်သွားမှာ စိုးရိမ်လို့ တိုးပေးလာရတာတွေလည်း ရှိနိုင်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားနယ်ပယ်က ၀န်ထမ်းတွေဆိုရင် အရည်အချင်းရှိသူတွေကို လစာခံစားခွင့်တွေ ကောင်းကောင်းပေးနေပါပြီ”ဟု Center of Vocational Training မှ လူထုဆက်ဆံရေး အရာရှိ ကိုညီညီက ပြောကြားခဲ့သည်။
စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေးများ အပြီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို လွှတ်တော်နှစ်ရပ်စလုံးမှ အတည်ပြုပြီး သမ္မတထံ ပေးပို့ခဲ့သော်လည်း ပြန်လည်ပြင်ဆင်ရန် လွှတ်တော်သို့ ပြန်လည်ပို့ဆောင်ထားသည်။ နိုင်ငံတွင်းမြှုပ်နှံလိုသည့် နိုင်ငံခြားသားအများစုမှာ အဆိုပါ ဥပဒေအပြီးသတ် ထွက်ပေါ်မှုကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး အတည်ပြုပြီးပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များစွာ ၀င်ရောက်လာနိုင်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းက သုံးသပ်သည်။


ဘဏ္ဍာရေးနှစ်ဝက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါးရှိ ယခင်နှစ်ကထက် ၁ ဘီလျံနီးပါး နည်းပါးပြီး ပို့ကုန်၊ သွင်းကုန် ပမာဏနှစ်ရပ်စလုံး လျော့ကျခြင်းဖြစ်


ယခုဘဏ္ဍာနှစ်၏ မြန်မာနိုင်ငံ ကုန်သွယ်မှုပမာဏမှာ နှစ်တစ်ဝက်ထိစာရင်းအရ အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါး ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ပို့ကုန်သွင်းကုန်စာရင်းများအရ သိရသည်။
ယခင်ဘဏ္ဍာရေးနှစ်၏ နှစ်တစ်ဝက်ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ယခု နှစ်ဝက်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁ ဘီလျံနီးပါး လျော့နည်းနေပြီး ပို့ကုန်၊ သွင်းကုန်နှစ်ရပ်စလုံး တွင် လျော့ကျခြင်းဖြစ်သည်ဟု သိရ သည်။ ယခု ဘဏ္ဍာနှစ်၏ ဧပြီလမှ ယခုအထိ ၆ လအတွင်း ပြည်ပသို့ တင်ပို့သည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၆၄ ဘီလျံကျော် ရှိပြီး သွင်းကုန်ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၃၂ ဘီလျံရှိကြောင်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ၈ ဒသမ ၉၆ ဘီလျံကျော် ဖြစ်ကြောင်းသိရသည်။
ယခင်နှစ်က ယခုကဲ့သို့ ၆ လ အတွင်း ပြည်ပသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလံကျော်ရှိပြီး သွင်းကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၆ ဘီလျံကျော် ဖြစ်သည့်အတွက် ဘဏ္ဍာနှစ်ဝက် ကုန်သွယ်မှုပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ၁၀ ဘီလျံ နီးပါးဖြစ်သည့်အတွက် ယခုနှစ် ဘဏ္ဍာရေးနှစ်ဝက်ကုန်သွယ်မှု စုစုပေါင်းထက် ၁ ဘီလျံနီးပါး ပိုမိုများပြားခဲ့သည်။
ယခုနှစ် ပို့ကုန်ပမာဏကျဆင်းရသည့် အဓိကအကြောင်းရင်းမှာ ကျောက်စိမ်းတင်ပို့မှု ကျဆင်းရခြင်း  ကြောင့်ဖြစ်ပြီး သွင်းကုန်ပမာဏ ကျဆင်းရခြင်းမှာ ပြည်ပမှ စက်သုံးဆီ တရားဝင်တင်သွင်းမှု ကျဆင်းခြင်း၊  ယန္တရားတင်သွင်းမှုနှင့် စားသုံးဆီ တင်သွင်းမှုများ ကျဆင်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ပို့ကုန်ပမာဏမှာ ပုံမှန်အတိုင်း ဆိုပါက ယခုထက်ကျဆင်းမည့် အနေအထားဖြစ်သော်လည်း ယခုနှစ်တွင် ဆန်၊ ပဲတင်ပို့မှုများမှာ ယခင်နှစ်ထက် မြင့်တက်ခဲ့သည့် အတွက်လည်း ကျဆင်းမှုသက်သာခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာဖြင့် ကုန်သွယ်ရာတွင် သွင်းကုန်ကဏ္ဍ၌ အဓိကအားဖြင့် ကိုရီးယားနိုင်ငံမှ တင်သွင်းမှုပမာဏ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင်နှစ်က ကိုရီးယားနိုင်ငံမှ မြန်မာ နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၅၄၁ ကျော်ဖိုးတင်သွင်းခဲ့သော်လည်း ယခုနှစ်တွင် ၆ လအတွင်း တင်သွင်းသည့်ပမာဏသည်ပင်အမေရိ ကန်ဒေါ်လာ ၁၅၈ သန်းဖိုးသာတင် သွင်းခဲ့သည့်အတွက် ဒေါ်လာသန်း ပေါင်း ၄၄၀၀ နီးပါး(ဒေါ်လာ ၄ ဒသမ ၄ ဘီလျံကျော်)အထိ လျော့ကျခဲ့ သည်။
သို့သော် ယခုနှုန်းအတိုင်း ကုန်သွယ်မှုပြုလုပ်သွားမည်ဆိုပါက ယခု ဘဏ္ဍာနှစ်ကုန်တွင် ယခင်နှစ်တစ်နှစ်လုံး ကုန်သွယ်မှုပမာဏထက်များစွာ လျော့ကျမည်မဟုတ်ပဲ ယခင်နှစ် ကတန်ဖိုးအတိုင်း ရှိနေမည်ဟုလည်း သုံးသပ်ကြသည်။ အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုထားပြီးဖြစ်သည့် လုပ်ငန်းများမှ ယန္တရားများ၊ ကုန် ကြမ်းများပိုမိုတင်သွင်းမည့်အလား အလာ၊ ပို့ကုန်ပိုင်းတွင်လည်း လယ်ယာထွက်ကုန် ပစ္စည်းများတင်ပို့မှု ယခု နှစ်တွင် မြင့်တက်နေသည့်အနေ အထားများကြောင့်လည်း ယခင်နှစ် ကုန်သွယ်မှုပမာဏထက် မနည်းသည့် အနေအထား ရောက်ရှိမည်ဟု ခန့်မှန်းရခြင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)

ဘဏ္ဍာနှစ်   
ပို့ကုန်ပမာဏ
သွင်းကုန်ပမာဏ
စုစုပေါင်း
၂၀၀၅-၂၀၀၆  
၃၅၅၇ .၂၁
၁၉၈၄ .၄၁
၅၅၄၁ .၆၂
၂၀၀၆-၂၀၀၇  
၅၂၃၂ .၆၈
၂၉၃၆ .၇၃
၈၁၆၉ .၄၁
၂၀၀၇-၂၀၀၈      
၆၄၀၁ .၇၁
၃၃၅၃ .၄၂
၉၇၅၅ .၁၃
၂၀၀၈-၂၀၀၉   
၆၇၇၈ .၈၅
၄၅၄၃ .၄၅
၁၁၃၂၂ .၃၀
၂၀၀၉-၂၀၁၀               
၇၅၈၆ .၉၄
၄၁၈၁ .၄၀
၁၁၇၆၈ .၃၄
၂၀၁၀-၂၀၁၁             
၈၈၆၁ .၀၁
၆၄၁၂ .၇၃
၁၅၂၇၃ .၇၄
၂၀၁၁-၂၀၁၂(ဖေဖော်ဝါရီလထိ)       
၄၆၄၀ ကျော်
၄၃၂၀ ကျော်
၈၉၆၀၀ ကျော်

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment