မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၀၃ ၊ ၂၀၁၂


မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှပြုလုပ်သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းများပျံ့နှံ့


မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်သော မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်စီမံကိန်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် သတင်းထောက်များကို Sony  အမျိုးအစား ဒစ်ဂျစ်တယ်ကင်မရာများ ပေးအပ်ခဲ့ကြောင်း သတင်းများ ပျံ့နှံ့ခဲ့ပါသည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲကို နေရာနှစ်နေရာ၌ ပြုလုပ်ခဲ့ပြီး ရန်ကုန်အခြေစိုက် သတင်းထောက်များကို မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စီမံကိန်းရုံးသို့ ခေါ်ယူ၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဂရင်းမီးရထားဟိုတယ်၌ စက်တင်ဘာလ၂၉ ရက်နေ့တွင်လည်းကောင်း  ပြုလုပ်ခဲ့ပါသည်။
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်သို့ ခေါ်ယူ၍ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ ရန်ကုန်အခြေစိုက်မီဒီယာများဖြစ်သည့် Eleven Media Group ၊ The Myanmar Times ၊ The Voice ၊ Myanmar Post Global ၊ AP ၊ DVB ပေါ်ပြူလာသတင်းဂျာနယ်၊ လျှပ်တစ်ပြက် သတင်းဂျာနယ်တို့ကို ခေါ်ယူသွားခဲ့ပါသည်။
''ကျွန်တော့်ကို မုံရွာမသွားခင် ရန်ကုန်လေဆိပ်မှာကတည်းက ပွဲစီစဉ်သူ ဂျာနယ်လစ်က လာပြောပါတယ်။ သတင်းထောက်တွေအတွက် တစ်ယောက်ကို ကင်မရာတစ်လုံးစီပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်ကလည်း ကျွန်တော့်အတွက် ထည့်မတွက်ပါနဲ့။ ကျွန်တော်မယူပါဘူး။ ကျွန်တော်တို့ ဂျာနယ်ရဲ့ မူဝါဒကိုလည်း ဆရာသိပါတယ်။ ဘယ်လက်ဆောင်ကိုမှ လက်မခံပါဘူးလို့ ပြန်ပြောလိုက်ပါတယ်။ တခြားသူတွေကို ပြောလား၊ မပြောလားနဲ့ ဘယ်သူတွေ ယူတယ်၊ မယူဘူး ဆိုတာကို ကျွန်တော်မသိပါဘူး''ဟု Eleven Media Group ၏ အကြီးတန်းအယ်ဒီတာ ကိုဟိန်းမင်းလတ်က ပြောခဲ့သည်။
ထို့အတူ သတင်းထောက်များအား ကင်မရာ လက်ဆောင်ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်၍ DVB သတင်းထောက် မကေခိုင်ကျော် ရိုက်ကူးထားသော လက်ဆောင်ပေးအပ်ခဲ့သည့် 'ကင်မရာ' ဓာတ်ပုံနှင့် လက်ဆောင်ပေးလာဘ်ထိုးခဲ့သည့် အ ကြောင်းအရာများမှာ Facebook  လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ထို့အတူ ပေါ်ပြူလာသတင်းဂျာနယ်မှလည်း ယင်းကိစ္စရပ်အပေါ် ကြေညာချက်တစ်စောင်ကို အောက်တိုဘာလ ၁ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် သတင်းစာရှင်းလင်းပွဲ စီစဉ်သူသည် သတင်းရှင်းလင်းပွဲအတွက် ဖုန်းဖြင့်ဖိတ်ကြားစဉ်ကပင် ကင်မရာလက်ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် လက်ဆောင်ယူမည်မဟုတ်ဟု ငြင်းဆိုခဲ့ကြောင်း၊  ၎င်းတို့အနေဖြင့် ကင်မရာလက်ဆောင်ရယူခဲ့ခြင်း မရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
ပြည်တွင်း စာနယ်ဇင်းလောကအတွင်း သတင်းသမားများကို လက်ဆောင်ပေးခြင်းဖြင့် လာဘ်ထိုးခြင်းများမှာ သတင်းမီဒီယာများ မဖွံ့ဖြိုးမီအချိန်ကပင် ရှိနေခဲ့ပြီး အမြစ်တွယ်နေခဲ့သော ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သည်။  သတင်းမီဒီယာများ ဖွံ့ဖြိုးလာခဲ့ပြီး ၂၀၀၅ ခုနှစ်အချိန်နောက်ပိုင်းတွင် သတင်းထောက်များ လက်ဆောင်ပစ္စည်းရယူခြင်းသည် ကျင့်ဝတ်နှင့် မလျော်ညီသည့်အတွက် သတင်းမီဒီယာကြီးအချို့မှ ရှောင်ကြဉ်ခဲ့ကြသော်လည်း လက်ဆောင်ပေးခြင်းနှင့် လက်ဆောင်ယူခြင်းများမှာ ဆက် လက်ရှိနေခဲ့ပါသည်။
Eleven Media Group အနေဖြင့် စတင်တည်ထောင်စဉ်ကပင် သတင်းစာသမားများလိုက်နာရမည့် ကျင့်ဝတ်များနှင့် ပတ်သက်ပြီး အလေးထားရေးသားခဲ့သည့်အပြင် ၂၀၀၅ခုနှစ် Weekly Eleven News  သတင်းဂျာနယ်ထွက်ရှိပြီးချိန်မှ စတင်၍လည်း သတင်းထောက်များ လက်ဆောင်ပစ္စည်းရယူခြင်းသည် ကျင့်ဝတ်နှင့် လုံးဝလျော်ညီခြင်း မရှိသည့်အတွက် မယူသင့်ကြောင်း အပါအ၀င် သတင်းစာကျင့်ဝတ်ဆိုင်ရာသတင်းဆောင်းပါးများကို ဆက်တိုက်ရေးသားခဲ့ပြီး Eleven Media Group သတင်းထောက်များကို ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြပ်မတ်မှုများ ပြုလုပ်ခဲ့ပါသည်။  Eleven Media Group မှ စတင်တည်ထောင်စဉ်ကပင် သတင်းထောက်များလိုက်နာရန် စည်းကမ်းများ ထုတ်ပြန်ထားပြီး အဆိုပါစည်းကမ်းများတွင် ''ပွဲများ တက်ရာတွင် အရက်သေစာ သောက်စားခြင်းမပြုရန်နှင့် လက်ဆောင်ပစ္စည်း မယူရန်''မှာလည်း အချက်တစ်ချက်အဖြစ် ပါဝင်ခဲ့ပါသည်။
ထို့အပြင် သတင်းထောက်များ လက်ဆောင်ရယူခြင်း အပါအ၀င် စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် စပ်ဆက်ပြီး Eleven Media Group မှ ရေးသားခဲ့သော ဆောင်းပါးများ အနက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလထုတ် Weekly Eleven News   ဂျာနယ်အတွဲ ၂၊ အမှတ် ၄၇ ၌ ရေးသားခဲ့သော ''စာနယ်ဇင်းသမားတို့ မည်သည် မိမိတို့ ရသင့်ရထိုက်သည့် ငွေကြေး အခွင့်အရေးမှလွဲ၍ ကံစမ်းမဲ၊ ငွေကြေးအစရှိသည့် တံစိုးလက်ဆောင်ကဲ့သို့ အခြားအခွင့်အရေးများ မယူသင့်ဟူသော ကျင့်ဝတ်ကို စောင့်ထိန်းသင့်'' ဆောင်းပါးမှာ အထင်ရှားဆုံး ဖြစ်ခဲ့ပါသည်။
အဆိုပါ သတင်းဆောင်းပါးတွင် ၀ါရင့်သတင်းစာဆရာများဖြစ်သော လူထုဦးစိန်ဝင်း၊ ဂါးဒီးယန်း ဦးစိန်ဝင်း၊ မြန်မာ့အလင်း သန်းညွှန့် အစရှိသူတို့ အပါအ၀င် သတင်းစာသမားအများအပြားက တံစိုးဆိုသည့်သဘောပါဝင်သော လက်ဆောင်(သို့မဟုတ်) အခွင့်အရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေရယူခြင်းသည် ဂျာနယ်လစ်များ၏ အကျင့်သိက္ခာကို ပျက်ပြားစေခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
လက်ရှိအချိန်တွင် သတင်းမီဒီယာကြီးများ၏ သတင်းထောက်များအကြား လက်ဆောင်ရယူသည့် အလေ့အထမှာ ထိုက်သင့်သလောက် နည်းပါးသွားခဲ့ပြီ ဖြစ်သော်လည်း ယခင်က ''ပုဆိုးပေးမှ သတင်းရေးမည်''ဟူသော အသံထွက်ပေါ်ခဲ့သည့် အနုပညာသတင်းထောက်များ၊ အထူးသဖြင့် မန္တလေးနှင့် နယ်အလွတ်သတင်းထောက်များအကြား လက်ဆောင်ရယူခြင်းများက ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။ ထပ်မံသိရှိရသော သတင်းများအရ လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ် သက်သော ရှင်းလင်းပွဲသို့ သွားရောက်ခဲ့သော ခရီးစဉ်တွင်ပေးသည့် ကင်မရာများကို ယူသွားသူအတော်များများက အဆိုပါကင်မရာများကို ပွဲစီစဉ်သူ ဂျာနယ်လစ်ထံ ပြန်အပ်လိုက်ကြကြောင်း သိရှိရပါသည်။
အခြားတစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းရှင်များ သတင်းထောက်များအား တံစိုးလက်ဆောင် ပေးအပ်ခြင်းဖြင့် စည်းရုံးခြင်းများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရပါသည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ရန်ကုန်အခြေစိုက် သတင်းထောက်များကို မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စီမံကိန်းရုံးသို့ ခေါ်ယူပြီး စက်တင်ဘာလ၂၆ ရက်နေ့တွင်  ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စီမံကိန်းကိုရပ်နားမည် မဟုတ် ကြောင်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရန်ကုန်တွင် မဂ္ဂါဝပ် ၅၀ ဓာတ်အားပေးစက်ရုံများ တည်ဆောက်


နွေရာသီအမီ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် ရေတိုစီမံချက်အဖြစ် ရန်ကုန်မြို့ လှော်ကားနှင့် သာကေတတို့တွင် မဂ္ဂါဝပ် ၅၀ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်နေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကို ကိုးကား၍ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် ဖွင့်


ဥဇဘက်ကစ္စတန်မှ ရင်းနှီးမြှုပ်နှံသူတဦးက မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်မှုဆိုင်ရာ ဘဏ်တခုကို တဦးတည်းပိုင်ငွေ အမေရိကန်ဒေါ်လာ ၁ သန်း မ တည်၍ ဖွင့်လှစ်လိုက်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ မစ္စတာ အလီရှာ အလီဆိုသူက မန္တလေး ကပ်ပီတယ် (Mandalay Capital) အမည်ဖြင့် ဇူလိုင်လအတွင်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းသည် မွန်ဂိုလီးယားမှ အပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် အဆက်အသွယ်ရှိကြောင်း၊ မွန်ဂိုလီးယားတွင် ယူရေးရှား ကက်ပီတယ် (Eurasia Capital) ဘဏ်ကို ထူထောင်ထားပြီး မြန်မာပြည်တွင် လုပ်ငန်းထူထောင်ရန် မွန်ဂိုလီးယားအတွေ့အကြုံမှ ယုံကြည်မှု ရခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

စက်မှုဇုန်များ ထပ်မံတိုးချဲ့မည်


စက်မှုဇုန်သစ် ၇ ခုကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စားစက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူတဦးကို ကိုးကား၍ ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။ ယင်းစက်မှုဇုန်များမှာ မန္တလေးတွင် တပ်ကုန်းနှင့် ရတနာပုံ စက်မှုဇုန်၊ ကရင်ပြည်နယ်တွင် ဘာအံ၊ မြဝတီနှင့် ဘုရားသုံးဆူ စက်မှုဇုန်၊ ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်း စက်မှုဇုန်နှင့် ရှမ်းပြည်နယ်တွင် နမ့်အွန်စက်မှုဇုန်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာ့အာမခံတက္ကသိုလ် ဖွင့်မည်


စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အညီ မြန်မာ့အာမခံတက္ကသိုလ်ကို ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။ ယမန်နေ့နံနက်က ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်တွင် ဘဏ္ဍာအခွန် ဝန်ကြီးဌာနနှင့် ဂျပန်အာမခံလုပ်ငန်း ၂ ခုတို့ ပူးပေါင်းကျင်းပသော ဆယ်မီနာ၌ ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို နိုင်ငံတကာဘဏ်နှင့် အဖွဲ့အစည်းများ တောင်းယူ လုပ်ငန်းလုပ်ကိုင်ရာတွင် ယုံကြည်ရသည့်လုပ်ငန်းရှင်ဟုတ်၊ မဟုတ်သိရှိရန် တောင်းယူထားခြင်းဖြစ်

မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးအား စာအုပ်အဖြစ် ထုတ်ဝေခဲ့ပြီး အဆိုပါ စာရင်းစာအုပ်ကို နိုင်ငံတကာဘဏ်နှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့ကပါ တောင်းယူကြောင်း သတင်းရရှိပါသည်။
တောင်းယူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတကာမှဘဏ်နှင့် အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိလုပ်ငန်းရှင်များနှင့် လုပ်ငန်းဆက်စပ်လုပ်ကိုင်ရာတွင် မိမိနှင့်လုပ် ကိုင်မည့်လုပ်ငန်းရှင်မှာ အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်ဟုတ်၊ မဟုတ်၊ ယုံကြည်ရသည့်လုပ်ငန်းရှင် ဟုတ်၊ မဟုတ် သိရှိနိုင်ရန်အတွက် တောင်းယူထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်များက ထိပ်ဆုံးအခွန်ထမ်းဆောင်သူ လုပ်ငန်းရှင် ၁၀ ဦးစာရင်းကိုသာ ထုတ်ပြန်နိုင်ခဲ့သော်လည်း ၂၀၁၁- ၂၀၁၂ ဘဏ္ဍာရေးနှစ်မှစတင်ကာ လုပ်ငန်းရှင် ၁၀၀ ဦးအထိ စာရင်းပြုစုနိုင်ခဲ့သည်။
အဆိုပါ အခွန်ထမ်း ၁၀၀ ဦး စာရင်းအား ယခင်ကကဲ့သို့ စာရင်းပြုစုသည့် အဆင့်မဟုတ်ဘဲ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦး အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ကြောင်း၊ အဓိကရည်ရွယ်ချက်မှာ အခွန်ပေးဆောင်သည့် လုပ်ငန်းရှင်များအား ဂုဏ်ပြုကာ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ယခုအခါ အမေရိကန်မှ စီးပွားရေးပိတ်ဆို့ထားမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ထားမှုများကိုပါ ပယ်ဖျက်ပေးတော့မည်ဖြစ်ပြီး နိုင်ငံတကာဖြင့် စီးပွားရေးအရ ဆက်ဆံမှု ပိုမိုပြုလုပ်ရတော့မည့်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံတကာဘဏ်၊ နိုင်ငံတကာကုမ္ပဏီ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ဆက်ဆံရာတွင် ယုံကြည်ရသည့်လုပ်ငန်းရှင်၊ အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များ ဟုတ်၊ မဟုတ် စိစစ်လေ့ရှိကြောင်း သိရပါသည်။ နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူတစ်ဦး က"အခွန်ထမ်း ၁၀၀ ဦးစာရင်းကို ဂုဏ်ပြုတဲ့အနေနဲ့ စာအုပ်အဖြစ် ထုတ်ဝေခဲ့တယ်။ ၀န်ကြီးဌာန အားလုံးကို လည်း ဖြန့်ဝေပေးတယ်။ ထူးခြားတာက နိုင်ငံတကာဘဏ်တချို့နဲ့ အဖွဲ့အစည်းတွေပါ အဲဒီစာအုပ်ကို လှမ်းတောင်းတယ်။ စာအုပ်က ဒီနှစ်မှ စထုတ်တာလေ။ ဥပမာ OCBC ဘဏ်ဆို တောင်းတယ်။ အဓိကအချက်က လုပ်ငန်းလုပ်တဲ့အခါ အခွန်ထမ်းဆောင်ထားတဲ့ လုပ်ငန်းရှင် ဟုတ်၊ မဟုတ် သိရအောင်တောင်းတာလို့ သိရတယ်"ဟု ပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်အရပ်ရပ် စုစုပေါင်း ကျပ် ၁၂၂၂ ဒသမ ၈၄၄ ဘီလျံ ရရှိပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၅၃၈ ဒသမ ၇၆၆ ဘီလျံ ရရှိကြောင်း၊ ထို့အတွက် ယခင်နှစ်ကထက် ကျပ် ၃၁၅ ဒသမ ၉၂၂ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။
ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် ထိပ်ပိုင်း ၁၀၀ ဦးစာရင်း၏ ထိပ်ဆုံး ၁၀ ဦးတွင် ယခင်နှစ်က အတိုင်းပင် Myanmar Brewery Ltd ၊ ကမ္ဘောဇဘဏ်လီမိတက်၊ Myanmar CP Livestock Co.,Ltd စသည့်ကုမ္ပဏီများသာ အများစုပါဝင်ပြီး ထူးထူးခြားခြားအနေဖြင့် Max Myanmar Construction Co.,Ltd၊ Associate of Civil Engineering Construction Group Co.,Ltd နှင့် Information Technology Central Services Co.,Ltd ကုမ္ပဏီသုံးခု အသစ်တိုးလာခြင်းသာရှိခဲ့ပြီး ထိပ်ဆုံး ၁၀ ဦးဝင်သင့်သည့် ကုမ္ပဏီအုပ်စုကြီးအချို့ ကျန်ရှိနေသေးကြောင်း သိရသည်။

ထားဝယ် သဲတူးဖော်ရေး ဒေသခံများ စိုးရိမ်နေ


တနင်္သာရီတိုင်း ထားဝယ် ရေပိုင်နက်အတွင်း သင်္ဘောကြီးများဖြင့် သဲတူးဖော်ရေး လုပ်ငန်းများ ပြုလုပ်နေသောကြောင့် ကမ်းနားတွင် နေထိုင်လျက်ရှိသော ကျေးရွာများ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြသည်။
စင်ကာပူနိုင်ငံမှ အေးရှား ပစိဖိတ် ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ ကျော်ကျော်ဖြိုး ကုမ္ပဏီတို့ ပူးပေါင်း စီစဉ်သည့် သဲတူးသင်္ဘောကြီး ၈ စီးခန့် ထားဝယ်မြစ်ဝတွင် စက်တင်ဘာလဆန်းပိုင်းမှ စတင် ရောက်ရှိနေကြောင်း ထားဝယ်မြို့နယ် အခြေစိုက် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သည့် ကိုကျော်ကျော်သက်က ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၆ ရက်နေ့တွင် သဘာဝ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကျေးရွာ ဒေသခံများက လက်မှတ်ရေးထိုး၍ နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်နှင့် တနင်္သရီတိုင်း ဒေသကြီး အစိုးရ အပါအ၀င် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများထံ ကန့်ကွက်စာ ပေးပို့ ထားကြောင်း ၎င်းက ဆိုသည်။
ယင်း သဲတူးဖော်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ဆောင်နေသည့် ကုမ္ပဏီများက ရေကြောင်း ဦးစီးဌာနနှင့် သတ္တုတွင်း ဦးစီးဌာန အပါအ၀င် ဆိပ်ကမ်း အဏာပိုင်များ၏ ခွင့်ပြုချက် ရရှိထားသည်ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရထံ တင်ပြသည့် စာအရ သိရကြောင်း ကိုကျော်ကျော်သက်က ဆက်ပြောသည်။
“စက်အကြီးတွေနဲ့ သူတို့ လာတူးတဲ့ အချိန်မှာ ရှေးဟောင်း အမွေ အနှစ်တွေလည်း ပါသွားနိုင်တယ်၊ ကမ်းပါးတွေလည်း ပြိုနိုင် တယ်၊ ရေအောက်နေ သတ္တ၀ါတွေလည်း ပျက်စီးသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ယင်း သဲတူးဖော်ရေး လုပ်ငန်းများကြောင့် ဆင်ဖြူပြင်၊ တီတွတ်ပြင်၊ အိမ်ရှေ့ပြင် စသည် ကျေးရွာတို့တွင် ကမ်းပါးပြိုမှုနှင့် ရေ အောက်နေ သတ္တ၀ါများ ပျက်ဆီးမှုတို့ ကြုံတွေ့နေရကြောင်း သိရသည်။
မြစ်ကမ်းနားအနီးရှိ ကျေးရွာဒေသခံများသည် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်ပြီး လတ်တလော ကမ်းပါးပြိုသည့်  အခြေအနေ များကြောင့် သဘာဝဘေး အန္တရာယ်နှင့် ရင်ဆိုင်ရလာနိုင်သည်ဟု ယူဆပြီး ဒေသခံများက စိုးရိမ်နေကြခြင်း ဖြစ်သည်။
ထားဝယ်မြစ်ဝတွင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးနှင့် လုံလောက်သော ကြိုတင် လေ့လာ ဆန်းစစ်ခြင်း မရှိဘဲ ဒေသခံများ၏ လူမှုစီးပွားရေး ထိခိုက်စေနိုင်သည့် မြစ်သဲများ ထုတ်ယူမည့် လုပ်ငန်းအား တားမြစ် ရပ်ဆိုင်းပေးရန် တင်ပြကြောင်း အစိုးရ တာဝန်ရှိသူများထံ ပေးပို့သည့် စာတွင် ပါရှိသည်။
ကိုကျော်ကျော်သက်က “ဒီသင်္ဘာကြီးတွေက တနင်္သာရီ ကမ်းရိုးတန်တလျှောက် ကော့သောင်း၊ မြိတ်၊ ထားဝယ် ဒေသတွေမှာ လိုက်တူးနေတာ၊ ကော့သောင်းကနေ ကန့်ကွက်လို့ မတူးတော့ဘူး။ မြိတ်ကလည်း ကန့်ကွက်လို့ မတူးတော့ဘူး။ အခုဟာက ကျနော်တို့ ထားဝယ်မြစ်ထဲကို ကျွံပြီးတော့ ၀င်လာတာပါ” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလကလည်း ကော့သောင်း ရေပိုက်နက်တွင် သဲတူးဖော်ရေး လုပ်ငန်းများကြောင့် ရေအောက် ချိုင့်ဝှမ်းအတွင်းသို့ အစားထိုးနွံများ၊ သဲများ စီဆင်းသဖြင့် ခရုကျွန်း (ခေါ်) ရွာသာရွာ၊ သီရိမြိုင် ရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက်၊ ပုလိုတုံတုံးကျေးရွာ၊ ဆလုံကျွန်း၊ ရွှေပြည်စိုး ကျေးရွာစသည့် ကျေးရွာများတွင် ကမ်းပါးပြိုမှု၊ သဲသောင် ပျက်စီးမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသေးသည်။
စင်ကာပူနိုင်ငံသည် ၎င်းပိုင် ရေပိုင်နက်အတွင်း မြေဖြည့်ကျွန်းတု (Land fill) တည်ဆောက်လျှက် ရှိရာ သဲမြောက်များစွာ လိုအပ်နေပြီး အိမ်နီးချင်းနိုင်ငံများထံမှ ရသလောက် သဲများ တူးဖော် ဝယ်ယူလျှက်ရှိသည်။
မြန်မာနိုင်ငံသည် စင်ကာပူနိုင်ငံအတွက် လိုအပ်သော သဲများကို ၂၀၀၇ ခုနှစ် နောက်ပိုင်းမှ စ၍ အဓိက ထောက်ပံ့ ပေးခဲ့ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံသည်လည်း ယင်းကမ်းရိုးတန်းမှ သဲများကို စင်ကာပူသို့ ရောင်းချနေပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ပြည်တွင်း လူမှုရေး အဖွဲ့များက ဝေဖန်နေကြကြောင်း သတင်းများက ဆိုသည်။
မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ရှိလာသောကြောင့် ယင်းနိုင်ငံ ကမ်းရိုးတန်းများမှ သဲများ စင်ကာပူသို့ ရောင်းချခြင်းကို ရပ်ဆိုင်ခဲ့ကြောင်း သိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment