မြန်မာ သတင်းများ  အောက်တိုဘာ ၀၅ ၊ ၂၀၁၂


အမေရိကခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အား ထောင်ဂဏန်းရှိသော လူထုမှကြိုဆို


အမေရိကခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထောင်ဂဏန်းရှိသော လူထုမှကြိုဆိုခဲ့ကြကြောင်း သိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၇ ရက်ကြာ သွားရောက်ခဲ့သော ခရီးစဉ်မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံမှ ကိုရီးယားလေကြောင်းလိုင်းဖြင့် ည ၉ နာရီ ၄၅ မိနစ်အချိန်က ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပါတီမှ တာဝန်ရှိသူများ၊ မြို့နယ် အလိုက်ပါတီဝင်များ၊ အနုပညာရှင်များနှင့် ပြည်သူများက တစ်ခဲနက် လာရောက်ကြိုဆိုခဲ့ကြပါသည်။
''ကိုလိုနီခေတ်ကနေ လွတ်မြောက်ပြီး လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်းက လုပ်ဆောင်ခဲ့တယ်။ အဲလိုပဲ ဒီမိုကရေစီရရှိအောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်တယ်လို့ ယုံကြည်ပြီး သူ့ရဲ့ အပြန်ခရီးစဉ်ကို လာရောက်ကြိုဆိုတာပါ။ ကြိုဆိုဖို့လာတဲ့သူတွေနဲ့ နောက်လိုက်တွေဟာ ဒီထက်ပိုပြီး စည်းကမ်းရှိမယ်ဆိုရင် ပိုကောင်းပါမယ်။ ဒီလိုဆိုရင် ကျန်တဲ့ခရီးသွားတွေအတွက်ပါ အနှောင့်အယှက် မဖြစ်တော့ဘူးပေါ့ ''ဟု စမ်းချောင်းမြို့နယ်မှ လာရောက်ကြိုဆိုသူ လူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အပြန်နေအိမ်သို့ အရောက်တွင် လာရောက်စောင့်ကြိုနေသော ပြည်သူလူထုအား နှုတ်ဆက်ခဲ့ရာတွင် ယခုအချိန်တွင် ပြည်သူများအနေဖြင့် ထိုင်နေရတော့မည့်အချိန် မဟုတ်တော့ကြောင်း၊ အားလုံးညီညီညွတ်ညွတ်နဲ့ အတူတကွ အလုပ်လုပ်ရတော့မည့်အချိန်ရောက်နေပြီဖြစ်ကြောင်း စသည်တို့ကို ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားနှင့် သီးသန့်တွေ့ဆုံမှုအပါအ၀င် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ အမေရိကန်လွှတ်တော်အမတ်များ၊ အမေရိကန် နိုင်ငံရောက် မြန်မာများ စသည်တို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ခရီစဉ်အတွင်းတွင် အမေရိကန် ကွန်ကရက်လွှတ်တော်မှ အရပ်သားများအား ချီးမြင့်သည့် အမြင့်ဆုံးဆုတံဆိပ်ဖြစ်သော ကွန်ဂရက်ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့ရသလို အခြားသောဂုဏ်ပြုဆုများကိုလည်း လက်ခံရယူခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေစဉ် ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ရန် နယူးယောက်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ချီးကျုးဂုဏ်ယူကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်နိုဝင်ဘာလအတွင်းတွင်လည်း အိန္ဒိယနိုင်ငံသို့ နေရူးအမှတ်တရ ဟောပြောပွဲသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုကို လက်ခံခဲ့ကြောင်း The Times of India ၀က်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။
အဆိုပါ အမှတ်တရပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးသော်လည်း နိုဝင်ဘာလတတိယအပတ်အတွင်း ကျင်းပဖွယ်ရှိကြောင်း သိရသည်။ အဆိုပါပွဲသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ပါက ၎င်းမှာနေအိမ် အကျယ်ချုပ်မှ လွှတ် မြောက်ပြီးနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံးသွားရောက်သည့်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ နားလည်မှုအတွက် နေရူးဆုအား ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်က  မဟတ္တမဂန္ဒီနှင့် နေရူးတို့မှာ သူ့အပေါ် လွမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များဖြစ် သည်ဟု ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို


အမေရိကန် ပြည်ထောင်စုကို  ၁၇ရက်ခရီး လာရောက် ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၄ရက် ကြာသပတေးနေ့ ည  ၉နာရီ  ၄၅ မိနစ်မှာ  ကိုရီးယားလေကြောင်းလိုင်းနဲ့  ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။

လေဆိပ်မှာ ထောင်နဲ့ချီတဲ့ လူအုပ်က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို  တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ရှေ့မှာလည်း  လူအုပ်ကြီးက လာရောက် ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် နိုင်ငံ အနောက်ခြမ်း Los Angeles မြို့မှာ  သူ့ခရီးစဉ်ရဲ့ နောက်ဆုံး အစီအစဉ် အဖြစ်  မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး  သူ့ရဲ့ အမေရိကန် ခရီးစဉ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက်  ကူညီပံ့ပိုးမှုပေးသူတွေကို  ကျေးဇူးတင်ကြောင်း ပြောနိုင်ခဲ့သလို   မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေကို အမေရိကန် အစိုးရ တာဝန်ရှိသူတွေကို မျက်နှာချင်းဆိုင် ရှင်းပြခွင့် ရခဲ့တဲ့ အပြင်  မြန်မာနိုင်ငံကနေ  အမေရိကန် နိုင်ငံကို ရောက်နေသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့တာမို့ ကျေနပ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ါရှင်တန် ဒီစီမှာ  အမေရိကန် သမ္မတ Barack Obama နဲ့ တကွ အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့သလို အမေရိကန် လွှတ်တော်ရဲ့ အရပ်သားဆိုင်ရာ အမြင့်ဆုံး ချီးမြှင့်တဲ့ လွှတ်တော် ရွှေတံဆိပ်ဆု အပါအ၀င် ဆုအတော်များများကိုလည်း လက်ခံယူခဲ့ပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂ ပညာရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ  ပင်တိုင်ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးခဲ့သလို အမေရိကန်နိုင်ငံက ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေဖြစ်တဲ့  Yale နဲ့  Harvard  အပါအ၀င် တက္ကသိုလ် တော်တော်များများမှာလည်း  မိန့်ခွန်းတွေပြောကြားခဲ့ပါတယ်။


မြန်မာအမေရိကန် ပူးတွဲ အမြင်ဖလှယ်


ပြီးခဲ့တဲ့ ရက်ပိုင်းက ဝါရှင်တန်ဒီစီမြို့တော်မှာ အမေရိကန်၊ မြန်မာ  ဆွေးနွေးပွဲတခု လုပ်ခဲ့ပါတယ်။ အမေရိကန်နဲ့ မြန်မာ နှစ်ဖက် အစိုးရပိုင်း တာဝန်ရှိသူတွေရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေပါ ပါဝင်တဲ့ အပြန်အလှန် အမြင်ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ရှိတဲ့ Johns Hopkins တက္ကသိုလ်မှာ အောက်တိုဘာ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အမေရိကန်ပြည်ထောင်စုဘက်က ဘယ်လိုအကူအညီတွေ ပေးနိုင်မလဲဆိုတာ လက်တွေ့ဆွေးနွေး အဖြေထုတ်ကြတဲ့ပွဲဖြစ်တယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။

သတင်းဂျာနယ် နှစ်စောင်ကို NLD ဦးဉာဏ်ဝင်း တရားစွဲမည်


ပြည်မြန်မာ သတင်းဂျာနယ်နှင့် Messenger သတင်း ဂျာနယ်တို့အား “တရားရုံးဆုံးဖြတ်ချက် မချမီ ပြစ်မှုကျူးလွန်သည်ဟု ရေးသားခြင်းကြောင့်” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မန္တလေးတိုင်း တရားလွှတ်တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့က တရားစွဲဆိုလိုက်သည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံတချို့တွင် ဖယောင်းသုတ်သည်ဟု ဦးဉာဏ်ဝင်း၏ ပြောဆိုမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မမှန်မကန် သတင်းပေးမှုဖြင့် တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဂျာနယ်နှစ်စောင်၌ ပြစ်မှုကျူးလွန်သည်ဟု ရေးသားကြောင်း၊ ထိုရေးသားချက်သည် ဥပဒေအရ တရားရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်သည့်အတွက် တရားစွဲခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
“တရားရုံးက အမှုကိုစစ်နေဆဲ၊ အဆုံးအဖြတ် ဘာမှမလာသေးဘူး။ အဲဒါကို မီဒီယာက ဘယ်သူဟာ ဘာပြစ်မှုကို ကျူးလွန်တယ်၊ ဘာအပြစ်ရှိတယ်လို့ ရေးတာဟာ တရားရုံးအလုပ်ကို အနှောက်အယှက် ပေးရာကျပါတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေးတိုင်း တရားလွှတ်တော်ကလည်း အဆိုပါ ဂျာနယ်နှစ်စောင်အား တရားစွဲဆိုသည့် အမှုကို လက်ခံထားကြောင်း၊ မကြာမီ ဆင့်ခေါ်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ရှင်းပြသည်။
ဦးဉာဏ်ဝင်းသည် ကြားဖြတ်ရွေးကောက်ပွဲကာလက ပါတီအောင်နိုင်ရေးတာဝန်ကို ယူခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မဲရုံတချို့တွင် ဖယောင်းသုတ်ကာ မဲမသမာမှုများရှိသည့်ဟု ပြောဆိုခဲ့သည့်အတွက် ပြည်ထောင်စုရွေးကော်မရှင်က မမှန်မကန် သတင်းပေးသည်ဟုဆိုကာ တရားစွဲဆိုခြင်းခံရသူဖြစ်သည်။
အဆိုပါ NLD ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း၏ တရားစွဲဆိုခြင်းနှင့် ပတ်သက်ပြီး ပြည်မြန်မာနှင့် Messenger ဂျာနယ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပြည်မြန်မာဂျာနယ်သို့ ဆက်သွယ်၍ မရခဲ့ပေ။ Messenger ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးသူရအောင်ကမူ တရားစွဲဆိုမှုကို မသိရှိကြောင်း ပြောသည်။


Orchid Hotel မှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် တည်းခိုနေထိုင်သည့် ဂျပန်နိုင်ငံသားတစ်ဦးတို့ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် အပြန်အလှန်တရားစွဲဆိုမှုအား မင်္ဂလာတောင်ညွှန့်မြို့နယ်တရားရုံးမှ နှစ်ဖက်စလုံးအား စွဲချက်တင်ကြောင်း အမိန့်ချမှတ်


ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel မှ မြန်မာအမျိုးသမီးတစ်ဦးနှင့် တည်းခိုနေထိုင်သည့် ဂျပန်နိုင်ငံသားတစ်ဦးတို့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် အပြန်အလှန်အမှုဖွင့်ပြီး တရားစွဲဆိုထားမှုအား မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးမှ နှစ်ဖက်စလုံးအားစွဲချက်တင်ကြောင်း ဆုံးဖြတ်ချက်ကို အောက်တိုဘာလ ၄ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။
Orchid Hotel တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတစ်ဦးသည် ညပိုင်းတွင်ပြင်ပမှ မြန်မာအမျိုးသမီးငယ်တစ်ဦး ခေါ်ဆောင်လာသည့်အတွက်  ဟိုတယ်ကောင်တာ၌ တာဝန်ကျနေသည့် မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးက   ပြင်ပမှခေါ်ဆောင်လာသည့် အမျိုး သမီးငယ်နှင့် ပတ်သက်၍ ဟိုတယ်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊စည်းကမ်းအတိုင်း လက်မခံနိုင်ကြောင်း ပြန်လည်ပြောကြားရာတွင် အဆိုပါဂျပန်နိုင်ငံသားက အမျိုး သမီးဝန်ထမ်းကို ဆဲဆိုကြိမ်းမောင်းပြီး ပါးတစ်ချက်ရိုက်ခဲ့သည့်အတွက် မြန်မာအမျိုးသမီးဝန်ထမ်းဖြစ်သူက ပုဇွန်တောင်ရဲစခန်းသို့ ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း၊   ဂျပန်နိုင်ငံသားဘက်မှလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ပုဇွန်တောင်ရဲစခန်း၌ အဆိုပါ မြန်မာအမျိုးသမီးဝန်ထမ်းအပြင် အခြားအမျိုးသမီးဝန်ထမ်းတစ်ဦးအား  မတရားတားဆီးကန့်ကွက်ခြိမ်းခြောက်မှုဖြင့် ပြန်လည်အမှုဖွင့်တိုင်တန်းခဲ့ပြီး အပြန်အလှန်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။


ဇေကမ္ဘာကုမ္ပဏီ၏ တရားစွဲဆိုမှုအား အောက်တိုဘာလ (၁၁) ရက်နေ့၌ ရုံးချိန်းထပ်မံခေါ်ယူသွားမည်


ဇေကမ္ဘာကုမ္ပဏီ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှုအား အောက်တိုဘာလ(၁၁) ရက်နေ့၌ ရုံးချိန်း ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီအသရေဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၅၀၀) ဖြင့် သြဂုတ်လ(၂၃)ရက်နေ့၌ တရားစွဲဆိုခဲ့ပြီး ပထမရုံးချိန်းအား စက်တင်ဘာလ(၆)ရက်နေ့၌ လည်းကောင်း၊ ဒုတိယရုံးချိန်းအား စက်တင်ဘာလ (၂၀) ရက်နေ့၌ လည်းကောင်း ခေါ်ယူခဲ့ပြီး တတိယအကြိမ်ရုံးချိန်းအား အောက်တိုဘာလ (၄) ရက်နေ့၌ ခေါ်ယူပြီးဖြစ်ကြောင်း သိရသည်။


ဗီဒီယိုဇာတ်ကားများအား ရန်ကုန်တွင် ဖြန့်ချီချိန်နှင့် တစ်ပြိုင်နက်တည်း အင်တာနက်မှတစ်ဆင့် အခပေးဝင်ရောက်ကြည့်ရှုနိုင်မည့် အစီအစဉ်အား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြည်တွင်းကုမ္ပဏီတစ်ခု ပူးပေါင်းဆောင်ရွက်မည်


မြန်မာဗီဒီယိုဇာတ်ကားများအား ရန်ကုန်တွင် ဖြန့်ချီချိန်နှင့် တစ်ပြိုင်နက်တည်း အင်တာနက်မှတဆင့် အခပေးဝင်ရောက်ကြည့်ရှုနိုင်မည့်အစီအစဉ်ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် ပြည်တွင်းကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်ရန် စီစဉ် လျက်ရှိသည်ဟု သတင်းရရှိသည်။ ယင်းသို့ စီစဉ်ရာတွင် ၀က်ဘ်ဆိုက် စတင်လွှင့်တင်ရာ၌ အခမဲ့ဝင်ရောက် ကြည့်ရှုခွင့်ပြုသွားမည်ဖြစ်ပြီး စမ်းသပ်ကာလပြည့်သွားပါက အခကြေးငွေဖြင့် ကြည့်ရှုနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။
''ကျွန်တော်တို့ မြန်မာဗီဒီယိုဇာတ်ကားတွေကို အင်တာနက်ကတစ်ဆင့် နိုင်ငံခြားမှာရှိတဲ့ မြန်မာတွေ အလွယ်တကူ ၀င်ရောက်ကြည့်ရှုနိုင်မယ့် အစီအစဉ်တစ်ခုလုပ်နေပါတယ်။ အခုလက်ရှိ အနေအထားအရဆိုရင်တော့ တရားဝင်မဟုတ်ဘဲ ကြုံတဲ့သူ က ထွက်လာတဲ့ မြန်မာဗီဒီယိုဇာတ်ကားကို အင်တာနက်တင်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီဇာတ်ကားတွေကိုပဲ Download လုပ်တာတွေ အများကြီးပါပဲ။ ကျွန်တော်တို့ အခုလို စနစ်တကျဖြစ်ဖို့လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံတကာမှာရှိနေတဲ့ မြန်မာပရိသတ်တွေအနေနဲ့ မြန်မာဇာတ်ကားတွေကို ပုံမှန်ကြည့်ခွင့်ရမယ်။ မြန်မာဇာတ်ကားထုတ်လုပ်သူတွေ အနေနဲ့လည်း ဈေးကွက်သစ် တစ်ခုတည်ဆောက်နိုင်ဖို့ပါ။ ဒီလို အခကြေးငွေရယူပြီး ကြည့်ရှုခွင့်မပြုခင်မှာ စမ်းသပ်ကာလအဖြစ် အခမဲ့ ကြည့်ရှုခွင့်ပြုမှာပါ။ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ ညှိနှိုင်းဆောင်ရွက်ရမှာတွေအားလုံးကို ပူးပေါင်းဆောင်ရွက်မယ့် ကုမ္ပဏီနဲ့ ညှိနှိုင်းပြီးနေပါပြီ။ ညှိနှိုင်းဆောင်ရွက်မယ့် အချက်အားလုံးကို မြန်မာဗီဒီယိုဇာတ်ကားထုတ်လုပ်သူတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်သွားပါမယ်''ဟု ရုပ်ရှင်အစည်းအရုံးမှ အတွင်းရေးမှူးဦးဝင်းကြည်က ရှင်းပြခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံသားတဦး စစ်ကိုင်းတွင် သံမဏိတံတား တည်ဆောက်လှူ


စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်ရှိ ဒေါင်းမြူးချောင်းတွင် ကျပ်သိန်း ၁၁၀ တန် သံမဏိကြိုးတံတားကို ဆွစ်ဇာလန်နိုင်ငံသားတဦးက တည်ဆောက် လှူဒါန်းလိုက်ကြောင်း သိရသည်။ မစ္စတာတိုနီက အလျားပေ ၂၁၀၊ အမြင့် ၂ ပေရှိ ကြိုးတံတားဖြစ်ကြောင်း၊ ယင်း ဒေါင်းမြူးချောင်းတွင် ၁၉၉၅ ခုနှစ်က ရေးကြီးရေလျှံမှုကြောင့် နေအိမ် ၁၅၃ လုံး မျောပါပြီး လူ ၉၅ ဦး သေဆုံးခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ မစ္စတာ တိုနီသည် ကချင်ပြည်နယ်၊ စစိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့တွင်လည်း ကြိုးတံတားများ တည်ဆောက်လှူဒါန်းခဲ့သေးကြောင်း သိရသည်။

ကွန်တိန်နာတွင်း လက်နက်တွေ့မှု စုံခုံရုံးဖွဲ့စစ်ဆေးနေ


ပါကစ္စတန် နိုင်ငံမှ မှာယူထားသော ဂျုံစေ့ ကွန်တိန်နာတခုတွင် တရုတ်နိုင်ငံလုပ် ပစ္စတိုတလက်နှင့် ကျည်ဆံများ တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်း ပေါင်းစုံပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ (စုံခုံရုံး) ဖွဲ့စည်းကာ စုံစမ်းနေပြီး စစ်ဆေးချက်အပေါ် မူတည်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ နယ်စပ်နှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဧပြောသည်။
ယင်း ကွန်တိန်နာသည် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သော ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်သည့် ဒိုင်းမွန်းစတား ကုမ္ပဏီက မှာယူထားခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ဒိုင်းမွန်းစတား ဂျုံစက်ရုံတွင် သီလ၀ါဆိပ်ကမ်းမှ သယ်ဆောင်လာသည့် ဂျုံ ကွန်တိန်နာများကို ဖွင့်ဖောက်ပြီး စက်ရုံအတွင်းသို့ သယ်ရန် ပြင်ဆင်နေစဉ် အထုပ်တထုပ်ကို အလုပ်သမားများက တွေ့ရှိခဲ့ကြောင်း၊ ယင်းအထုပ်ကို စက်ရုံတာဝန်ရှိသူများက စစ်ဆေးကြည့်ရှုရာ ပစ္စတို အမျိုးအစား သေနတ်တလက်နှင့် ကျည်ဆံများ ဖြစ်နေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
“ပစ္စတို သေနတ်က အသစ်စက်စက် Made in China၊ ရွှေရောင်၊ ကျည်ဆံတွေလည်း ပါတယ်။ အလုပ်သမားတွေက တွေ့တွေ့ချင်း သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ပါတယ်။ ဘယ်လို ပါလာသလဲဆိုတော့ သေသေချာချာမသိဘူး” ဟု ဒိုင်းမွန်းစတား ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။
ဗိုလ်မှူးကြီး တင်ဝင်းကမူ လက်နက်တွေ့ရှိမှုနှင့် ပတ်သက်၍ အသေးစိပ် စုံစမ်းစစ်ဆေးလျှက် ရှိကြောင်း၊ လက်ရှိ အခြေ အနေတွင် လက်နက် တွေ့ရှိမှုအပေါ် မည်သို့မျှ မပြောနိုင် သေးဘဲ စုံစမ်း စစ်ဆေးချက်များကို စောင့်ဆိုင်းနေကြောင်း ရှင်းပြသည်။
“ဘယ်လမ်းကြောင်းက လာတာလဲ၊ ဘယ်လို ၀င်လာသလဲ စုံစမ်းစစ်ဆေး နေဆဲပဲ။ လောလောဆယ် အထိတော့ ဘာအဖြေမှ တက်မလာသေးဘူး။ ရလဒ်ပေါ်မှာ မူတည်ပြီး အရေးယူတာတွေ ရှိမယ်။ ဆိပ်ကမ်း စစ်ဆေးရေး လုပ်ငန်းတွေ ပေါ့ဆတယ် ဆိုတာမျိုး တွေ့ရင်လည်း တွေ့ရှိချက်မှာပေါ်မှာ မူတည်မှာပေါ့။ ဒီကွန်တိန်နာတွေ ဆိပ်ကမ်းမှာ X-Ray စက်က ဖြတ်၊ မဖြတ်၊ X-Ray စက် ကောင်း၊ မကောင်း အဲဒါတွေ အကုန်လုံး စစ်ခိုင်းထားတယ်။ အဲဒါတွေစုံမှ သိရမယ်” ဟု ၎င်းက ဆိုသည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပါအ၀င် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ အဖွဲ့အစည်းများစွာ ပါဝင်ကြောင်း သိရှိရသည်။
အကောက်ခွန် အေးဂျင့်တဦးကမူ ကွန်တိန်နာတွင် လက်နက် ပါဝင်မှုသတင်းကြောင့် အကောက်ခွန် ရှင်းလင်းရေး ၀န်ဆောင်မှု ပေးသော အေဂျင်စီများ စိုးရိမ်ထိတ်လန့် နေကြသည်ဟု ပြောသည်။
“လက်နက် ပါလာတဲ့သတင်းကြောင့် အကုန်လုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တယ်။ အကောက်ခွန် အေဂျင်စီဆိုတာ ကုမ္ပဏီတွေက သွင်းလာတဲ့ ကွန်တိန်နာတွေကို ဆိပ်ကမ်းမှာ သွားထုတ်ပေးတဲ့ ၀န်ဆောင်မှုကို အဓိက ပေးကြတာ။ အဲဒီလို ကွန်တိန်နာမျိုး ထုတ်ပေးမိရင် ကုမ္ပဏီလည်း ပြဿနာတက်မယ်၊ အေဂျင်စီတွေလည်း ပြဿနာတက်မှာ။ အရင်တုန်းက လိုင်စင်မဲ့ ကားတွေပါတဲ့ ကွန်တိန်နာတွေ ထုတ်ပေးမိတဲ့ အေဂျင်စီတွေ ပြဿနာတက်၊ တရားရုံးရောက်၊ လိုင်စင်ပိတ်၊ ထောင်ကျတာမျိုးတွေ ရှိခဲ့ဖူးတော့ ပိုပြီး စိုးရိမ်ကြတယ်” ဟု ရန်ကုန်အကောက်ခွန်အေဂျင်စီတဦးက ဆိုသည်။

မြစ်ဆုံစီမံကိန်းကုမ္ပဏီ အမြန်ထွက်ခွာဖို့ ဒေသခံများတောင်းဆို


ဧရာဝတီ မြစ်ဆုံစီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီကို မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကနေ အမြန်ဆုံး ထွက်ခွာပြီး မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ ဒေသခံပြည်သူတွေက မနေ့က တောင်းဆိုလိုက်ပါတယ်။

ဆောက်လုပ်ဆဲတိုက် ငြမ်းပြိုကျပြီး ၇ ဦးသေဆုံး


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့  ပြည်တော်သာ ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံတခု၏ တည်ဆောက်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျပြီး စုစုပေါင်း လူ ၇ ဦး သေဆုံးကြောင်း သိရသည်။
ပြည်တော်သာရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်းရှိ ပုဂ္ဂလိက အထူးကုဆေးရုံကို ၇ ထပ်ရှိ အဆောက်အအုံ အဖြစ်တည်ဆောက်နေရာ အဆောက် အအုံ၏ ၅ လွှာတွင် တပ်ဆင်ထားသည့် ငြမ်း ယမန်နေ့က ပြုတ်ကျ၍ ၆ ဦးပွဲချင်းပြီး သေဆုံးကာ ၄ ဦးမှာ အတွင်း လူနာအဖြစ် တောင်ကြီးဆေးရုံ၌ ဆေးကုသမှု ခံယူနေ ယနေ့ နောက်ထပ်တဦး ထပ်မံသေဆုံးကြောင်း မြို့ခံများက ပြောသည်။
“ကွန်ကရစ် လောင်းနေရင်း ငြမ်းကြိုးပြတ်ကျပြီး ပြုတ်ကျတော့ လူတွေက အဆောက်အအုံ ပြိုကျတဲ့ ပစ္စည်းတွေအောက်မှာ ပိကုန်ကြတယ်၊ ငြမ်းကြိုးက ဆွေးနေတဲ့ ကြိုးဖြစ်လို့ပါ” ဟု  မျက်မြင်တဦးက ပြောသည်။
သေဆုံးသွားသူများမှာ ဦးတင့်အောင်၊ ဦးအောင်ကိုလတ်၊ ဒေါ်ပြုံးရီ၊ မလစန္ဒာ၊ မလှလှခိုင်၊ မထွေးထွေးတို့ ဖြစ်ကြသည်။ ကိုတင့်နိုင်ဦး၊ ဦးကြည်ဝင်း၊ ကိုကုလား၊ ကိုသက်ပိုင် တို့မှာ အတွင်းလူနာများ အဖြစ်ဆေးကုသ ခံနေစဉ် ကိုကုလားမှာ ယနေ့ ထပ်မံသေဆုံးသွားကြောင်း သိရသည်။
ထိုလုပ်ငန်းခွင်၌ အလုပ်သမား စုစုပေါင်း ၁၂၀ ၀န်းကျင်ရှိပြီး အများစုမှာ ဒေသခံများဖြစ်ကြောင်း၊ လုပ်ငန်းခွင် တာဝန်ခံ အင်ဂျင်နီယာ ၃ ဦးကို အာဏာပိုင်တို့က ယခုအခါ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း  ဒေသခံတချို့က ပြောသည်။နောက်ဆုံးရရှိသော သတင်းများအရ မူခင်းရဲတပ်ဖွဲ့က တာဝန်ခံ အင်ဂျင်နီယာ ကိုသန့်ဇင်အား ပုဒ်မ ၃၀၄ (က)/၃၃၈ ဖြင့် အရေးယူထားကြောင်း သိရသည်။
အလုပ်သမားများ ယခုကဲ့သို့ အစုအပြုံလိုက် သေဆုံးရခြင်းသည် အဆောက်အအုံပိုင်ရှင်နှင့် လုပ်ငန်းခွင် တာဝန်ရှိသူ တို့၏ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်း၊  အလုပ်သမားတို့၏ လုပ်ငန်းခွင် လုံခြုံမှုကို အလေးထားမှု နည်းပါးသည့် အတွက် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။


သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယားသို့ သွားမည်

 

တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်၏ ဖိတ်ကြားချက်အရ သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယားသို့ အလည်အပတ် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ ချစ်ကြည်ရေးခရီး သွားရောက်မည့် ခရီးစဉ်အသေးစိတ်ကိုမူ မသိရှိရသေးပေ။

အိန္ဒိယသူပုန်လက်မှ အမေရိကန်လက်နက် မြန်မာပြည်မှလာ ဟုဆို

အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မော်ဝါဒီ သူပုန် နှစ်ယောက်က ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိသော အမေရိကန်လုပ် M-16 သေနတ် တလက်နှင့် ဗြိတိန်လုပ် ရူပီး လေးသိန်း (ဒေါ်လာ ၇,၀၀၀ ကျော်) တန် ကျည်ကာအင်္ကျီတို့ကို မြန်မာပြည်မှ ရရှိကြောင်း ဖြောင့်ချက်ပေး ထွက်ဆိုကြသည်ဟု ဂျာရ်ခန်းပြည်နယ် ရဲညွှန်ချုပ် က ပြောသည်။


သကြားစက်စွန့်ပစ်ပစ္စည်းကြောင့် ရေထုလေထုညစ်ညမ်း


စစ်ကိုင်းတိုင်း ဒေသကြီး၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ရှိတဲ့ ဂရိတ်ဝေါ သကြားစက်က စွန့်ပစ်တဲ့ ပစ္စည်းတွေနဲ့ အနံ့ဆိုးတွေကြောင့် ဒေသခံ လူပေါင်း ကိုးရာကျော်ဟာ အရေပြား ကူးစက်ရောဂါတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။အဲဒီလိုဖြစ်လာတာကြောင့် ဒေသခံ တစ်ထောင်ကျော်  လက်မှတ်ရေးထိုးပြီး အခုလ တစ်ရက်နေ့က နိုင်ငံတော် သမ္မတဆီ စာရေးတင်ပြလိုက်ကြတယ်လို့ သိရပါတယ်။

မော်လမြိုင်ထောင်မှ လွတ်လာသည့် ခိုးဝင်သူများ ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့


သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ မော်လမြိုင်အကျဉ်းထောင်မှ လွတ်မြောက်လာသော တရားမ၀င် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်ပို့မည့် ခရီးစဉ်အတွင်း ယမန်နေ့ည ၇နာရီခန့်က ပြည်မြို့အကျဉ်းထောင်သို့ ရောက်ရှိလာသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများသည် ပြီးခဲ့သည့် မေလက မွန်ပြည်နယ်ရှိ ရေးမြို့နယ်အတွင်းသို့ ၀င်ရောက်လာသူများဖြစ်ပြီး၊  ပြန်လည် ထွက်ခွာစဉ် အစိုးရ ရေတပ်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ထို့နောက် မော်လမြိုင်ထောင်တွင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရကာ ပြီးခဲ့သည့် ၁၇ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများဖြစ်သည်။၎င်းတို့ကို နှစ်နိုင်ငံနယ်စပ် မောင်တောမြို့တွင် နှစ်ဘက်အစိုးရ အစီအစဉ်ဖြင့် လွှဲအပ်မည်ဖြစ်ကြောင်း၊ ပြည်မြို့ အကျဉ်းထောင်တွင် ၃ ရက်ကြာ ထားရှိမည်ဟု သိရကြောင်း အဆိုပါ အကျဉ်းသားများကို သွားရောက်တွေ့ဆုံခဲ့သူ ပြည်မြို့ခံ ကိုသန်းထိုက်အောင်က ပြောသည်။
“သူတို့က ဗမာစကားမတတ်တော့ ထောင်အာဏာပိုင်တွေနဲ့ ဆက်ဆံတဲ့အခါမှာ အခက်အခဲရှိတယ်၊ ဒါကြောင့် မြို့က ဘာသာရေး ခေါင်းဆောင်တွေက အူရဒူဘာသာ၊ ဘင်္ဂလီဘာသာနဲ့ ထောင်ထုံးစံတွေ ပြောပြရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ မော်လမြိုင်ထောင်မှ စတင်ထွက်ခွာလာစဉ်ကတည်းက လမ်းတလျှောက်ရှိ မြို့ရွာများမှ အစ္စလမ်ဘာသာဝင်များ၏ သတင်းပို့ခြင်းများကြောင့် ယခုကဲ့သို့ ပြည်မြို့အကျဉ်းထောင်ကို ရောက်ရှိမည်ဟု သိရှိကြောင်း၊ ယခုလည်း ပြည်မြို့ခံ အစ္စလမ်ဘာသာဝင်များက စားသောက်မှု တာဝန်ယူထားကြောင်း ၎င်းက ဆက်ပြောသည်။
မူလ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ၈၅ ဦးဖြစ်ပြီး အသက် ၁၇ နှစ်မှ ၅၀ ကျော်အထိ ပါဝင်ကြောင်း၊ ယခုအဖွဲ့မှာ ပထမအသုတ်ဖြစ်ပြီး မကြာမီတွင် ဒုတိယအသုတ် ထပ်မံရောက်ရှိလာဦးမည်ဖြစ်ကြောင်း ၎င်းတို့ကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှတဆင့် မောင်တောမြို့သို့ ပို့ဆောင်ကာ နှစ်နိုင်ငံအစီအစဉ်အရ လွှဲပြောင်းမည်ဖြစ်သည်။ပြီးခဲ့သည့်လ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်သည့် နိုင်ငံတ၀န်းမှ အကျဉ်းသား ၅၁၄ ဦးအနက် ၄၀၀ ၀န်းကျင်သည် နိုင်ငံခြားသားများ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၁ ဦး ပါဝင်ကြောင်း သိရသည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung


0 comments:

Post a Comment