မြန်မာ့ စီးပွားရေး သတင်းများ အောက်တိုဘာ ၀၄ ၊ ၂၀၁၂
ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု
ယခင်က အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ ရပ်ဆိုင်းခဲ့ကြသော ပက်စီနှင့် ကိုကာကိုလာ အချိုရည် ကုမ္ပဏီများသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်လာချိန်တွင် မြန်မာ့ဈေးကွက်အတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ၀င်ရောက်လာကြောင်း၊ ပက်စီနှင့် ကိုကာကိုလာ အချိုရည်တို့သည် ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာ့ ဈေးကွက်အတွင်းသို့ ပြန်လည် ၀င်ရောက်လာခဲ့ရာ ယင်းအချိုရည် နှစ်မျိုး ၀င်ရောက်လာပြီး အချိန်အနည်းငယ် အတွင်း ပြည်တွင်းအချိုရည် လုပ်ငန်းများ စတင် ပြိုလဲလာခဲ့သည်ဟု Shark နှင့် Blue Mountain အပါအ၀င် နာမည်ကျော် ပြည်တွင်း အချိုရည် အမှတ်တံဆိပ်များစွာ ထုတ်လုပ်ရောင်းချနေသော လွယ်ဟိန်း ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ပြောသည်။
“ပက်စီနဲ့ ကိုကာကိုလာ ပြန်ဝင်လာတော့ အချိုရည် ဈေးကွက်မှာ ပြည်တွင်းက ကုမ္ပဏီတွေ အနေနဲ့ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူး။ ပြည်တွင်းအချိုရည် လုပ်ငန်းတွေ ဆက်ရှင်သန်ဖို့က ဉာဏ်အား၊ ငွေအား၊ လူအားနဲ့ ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်” ဟု သူက ရှင်းပြသည်။
လတ်တလော အခြေအနေများအရ ပြည်တွင်း အချိုရည်ဈေးကွက်တွင် အလတ်စားနှင့် အသေးစား ကုမ္ပဏီများ ပျောက်ကွယ်သွားနိုင်ခြေ များနေပြီး ကုမ္ပဏီကြီးများ အနေဖြင့်လည်း ပြိုင်ဆိုင်မှု ပြင်းထန်လာသော အခြေအနေများကို မဖြစ်မနေ ရင်ဆိုင်လာရမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိ အခြေအနေမှာ အချိုရည် ကုမ္ပဏီကြီးတွေပဲ တောင့်ခံနိုင်မယ်။ အသေးစား၊ အလတ်စား လုပ်တဲ့သူတွေကတော့ ပျောက်ပျက် သွားနိုင်တယ်။ ဒါကြောင့် ကြော်ငြာ အင်အားတွေ သုံးမယ်၊ ၀န်ထမ်းတွေ ထပ်ခန့်မယ်။ အရည်အသွေး မီအောင်လည်း ကြိုစား လုပ်ကိုင်သွားရင် တိုးတက်လာနိုင်မယ်” ဟု ဒေါက်တာစိုင်းဆမ်ထွန်း ကပြောသည်။
ပက်စီနှင့် ကိုကာကိုလာ အချိုရည်များ ဈေးကွက်အတွင်း ၀င်ရောက်လာပြီး နောက်ပိုင်း ပြည်တွင်း အချိုရည် လုပ်ငန်းများတွင် ၀န်ထမ်းအင်အား လျှော့ချခြင်းများ ဖြစ်ပေါ်နေပြီး အရည်အသွေး နိမ့်ကျခြင်းနှင့် ၀ယ်လိုအား ကျဆင်းကာ ဈေးကွက်ပျက်လုနီးပါး ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြည်တွင်း စားသုံးသူ တဦးက ယခင်က ရွေးချယ်စရာ မရှိသည့်အချိန်တွင် ပြည်တွင်း အချိုရည်များကိုသာ သောက်သုံး ခဲ့ရသော်လည်း ရွေးချယ်စရာ များလာချိန်တွင် အရည်အသွေး ကောင်းသော ပက်စီနှင့် ကိုကာကိုလာ အချိုရည်များကိုသာ ရွေးချယ် သောက်သုံး ဖြစ်ကြောင်း ပြောသည်။
“ပြည်တွင်းအချိုရည်က တဘူးကို ကျပ် ၃ ရာလောက် ရှိချိန်မှာ ပက်စီနဲ့ ကိုကာကိုလာက ၅ ရာနဲ့ ၆ ရာ ကြားမှာရှိတယ်။ ဈေးက သိပ်မကွာတော့ အရည်အသွေး ကောင်းတာကိုပဲ ရွေးသောက်တယ်” ဟု ၎င်းက ဆိုသည်။
ပက်စီနှင့် ကိုကာကိုလာ ကုမ္ပဏီတို့မှာ မြန်မာနိုင်ငံတွင် စက်ရုံများ တည်ဆောက်ရန် အစီအစဉ် ရှိသည်ဟု သိရှိထားကြောင်း လည်း ပြည်တွင်း အချိုရည်လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ပက်စီ အချိုရည် ဖြန့်ချိပေးနေသော ဒိုင်းမွန်းစတား ကုမ္ပဏီမှ တာဝန်ရှိသူ တဦးကမူ ပက်စီကုမ္ပဏီက စက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေပြီဟု အတည်ပြုပြောသည်။
စီပွားရေး ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ပြည်တွင်း အချိုရည်လုပ်ငန်းများ အနေဖြင့် ပက်စီနှင့် ကိုကာကိုလာကို ယှဉ်ပြိုင်နိုင်ရေး အတွက် အရည်အသွေး မြှင့်တင်ရန်ကိစ္စကို အရေးတကြီး လုပ်ဆောင်ရန် လိုအပ်သည်ဟု သုံးသပ်သည်။
“ပက်စ်စီနဲ့ ကိုကာကိုလာ ၀င်ရောက် လာတာကြောင့် ပြည်တွင်း အချိုရည်ဈေးကွက်ကို အများကြီး ထိခိုက်မှာပဲ။ အလုပ်သမား လျှော့ချတာတွေကြောင့် အလုပ်သမား ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ပြည်တွင်း အချိုရည် လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေး ပိုင်းတွေကို စနစ်တကျ လုပ်စေချင်တယ်။ အရည်အသွေးပိုင်း အဆင့်မြှင့် ထားမယ်ဆိုရင် ပက်စီနဲ့ ကိုကာကိုလာကိုမှ မဟုတ်ဘူး၊ ပြည်ပက ၀င်လာမယ့် အချိုရည်တွေ အားလုံးနဲ့ပါ ယှဉ်ပြိုင်နိုင်မယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် အချိုရည်နှင့် စားသောက်ကုန်များ အဓိက လက်လီလက်ကား ဖြန့်ဖြူး ရောင်းချနေသော ညောင်ပင်လေးဈေး ပလာဇာ တွင်လည်း ပြည်တွင်း အချိုရည်များထက် ပက်စီနှင့် ကိုကာကိုလာ အချိုရည်များသာ အရောင်းအသွက်ဆုံး ဖြစ်နေ ကြောင်း စားသောက်ကုန် အရောင်းဆိုင်ကြီးများမှ သိရသည်။
“စားသုံးသူတွေက ပက်စီနဲ့ ကိုကာကိုလာ ကိုပဲ ၀ယ်သောက်ကြတာ များတယ်။ ပြည်တွင်း အချိုရည်တွေက ၀ယ်လိုအား နည်းသွားတော့ ကံစမ်းမဲ ဖောက်ပေးတဲ့ စနစ်တွေ သုံးပြီး ရောင်းအားမြှင့်တာတွေ လုပ်နေရတယ်။ ကံစမ်းမဲ မပါတဲ့ အချိုရည်တွေ ဆိုရင် လုံးဝ အရောင်းအ၀ယ် မရှိတဲ့အဆင့် ဖြစ်လာတယ်” ဟု ညောင်ပင်လေးဈေး ပလာဇာမှ အချိုရည်နှင့် စားသောက်ကုန် လက်လီလက်ကား အရောင်းဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
နိုင်ငံခြားသားတဦးက မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်
ဖွင့်လှစ်
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေများ ရေးဆွဲနေဆဲသာ
ရှိသေးသော်လည်း ကိုလံဘီယာ တက္ကသိုလ်နှင့် အောက်စဖို့ တက္ကသိုလ်များတွင်
ပညာဆည်းပူးခဲ့သည့် ဥဇဘက်ကစ္စတန် အမျိုးသား တဦးက ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်
(investment bank) ဖြစ်သည့် Mandalay Capital ကို စတင် တည်ထောင်လိုက်သည်။
ရင်းနှီးမြှုပ်နှံသူ အလီရှား အလီ Alisher Ali သည် မြန်မာနိုင်ငံ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ်အတွက် ဘဏ္ဍာငွေဒေါ်လာ ၂၅ သန်း ရရှိထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နည်းလမ်းရှာဖွေနေကြသည့် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူများနှင့် အရင်းအနှီးနှင့် လမ်းညွှန်မှုများ လိုအပ်နေသည့် မြန်မာနိုင်ငံ ဒေသတွင်း ကုမ္ပဏီများ အကြားတွင် Mandalay Capital က ပေါင်းကူး ဆက်သွယ်ပေးမည်ဟု Businessweek.com ဝက်ဘ်ဆိုက် ၏ အင်္ဂါနေ့က ဆောင်းပါး တပုဒ်တွင် Ali က ပြောဆိုခဲ့သည်။
သူသည် ၂ဝဝ၈ ခုနှစ်တွင် မွန်ဂိုလီးယား နိုင်ငံ အူလန်ဗတော မြို့၌ ရင်းနှီးမြှုပ်နှံမှုဘဏ် တခုဖြစ်သည့် Eurasia Capital ကို တည်ထောင်ခဲ့သူ ဖြစ်ပြီး ထိုဒေသတွင် စီးပွါးဘက် ဖောက်သည်များကို ဆွဲဆောင်နိုင်ခဲ့ကာ ဆုတံဆိပ်များ ရရှိခဲ့သည့်Eurasia Capital ၏ ပုံစံအတိုင်း Mandalay Capital ကို ဆောင်ရွက်မည်ဟု သူက ဆိုသည်။
Mandalay Capital ၏ ဝန်ထမ်းငါးဦး အနေဖြင့် အလုပ်များကို ရုံးမှ လုပ်ကိုင်နေခြင်း မဟုတ်ဘဲ ဘန်ဂလို တလုံးမှနေ၍ လုပ်ကိုင်နေသည်ဟု ဆောင်းပါးထဲတွင် ရေးသား ဖော်ပြထားသည်။
ရန်ကုန်တွင် ရုံးခန်းနေရာ စုစုပေါင်း အဖြစ် ၆၃,ဝဝဝ စတုရန်းမီတာ (၆၇၈,၁၂၆ စတုရန်းပေ) ခန့်သာ ရရှိနိုင်ပြီး ထိုပမာဏသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Empire Tower မိုးပျံတိုက် တတိုက်တည်းတွင် ရရှိနိုင်သည့် စုစုပေါင်း ရုံးခန်း ဧရိယာထက်ပင် တဝက်ခန့် လျော့နည်းနေသည်ဟု အိမ်ခြံမြေ ကုမ္ပဏီ Colliers International ၏ အဆိုအရ သိရသည်။ ထိုကဲ့သို့ နေရာမလုံလောက်သည့်အပြင် လိုအပ်သော ရုံးခန်းအရေအတွက် မြင့်မားလာခြင်းက တိုက်ခန်းဈေးနှုန်းများကို မြင့်တက်စေခဲ့သည်။
အနောက်နိုင်ငံမှ စီးပွါးရေး လုပ်ငန်းများသည် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသဖြင့် ရန်ကုန်တွင်
ဈေးနှုန်းများ မြင့်တက်နေသည်။ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆ဝ နီးပါးခန့် ရှိနေပြီး အလုပ်သမားများအတွက် ပျမ်းမျှလစာမှာ တလလျှင် အမေရိကန် ဒေါ်လာ ၁၅ဝ ထက် လျော့နည်းသဖြင့် ကမ္ဘာပေါ်တွင် ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်းများစွာ ကျန်ရှိနေသေးသည့် နောက်ဆုံးနယ်မြေများထဲမှ တခုအဖြစ် မြန်မာနိုင်ငံအား ရှုမြင်နေကြသည်။

သဘာဝဓါတ်ငွေ့ပို့ကုန် လျှော့ချရေး ညှိနှိုင်း
စက်တင်ဘာလ တတိယပတ်က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ တစ်ရပ်မှာ ၀န်ကြီး ဦးသန်းဌေး က - သဘာဝ ဓါတ်ငွေ့ ကုဗပေ သန်း (၂၀၀) ဟာ ပြည်တွင်း လိုအပ်ချက်အတွက် လုံလောက်ကြောင်း၊ တိုင်းပြည်မှာ သဘာဝ ဓါတ်ငွေ့ မလုံလောက်တဲ့အခါ၊ ပြီးတော့ စွမ်းအင် စုဆောင်းထားတာလည်း မရှိတဲ့အခါ၊ ရှိသမျှ ရေနံ နဲ့ ဓါတ်ငွေ့ကို တိုင်းပြည်အတွက် သုံးစွဲရမှာဖြစ်ကြောင်း၊ လောင်စာ စွမ်းအင် ရင်းမြစ်တွေကို တိုင်းပြည်အတွက် ဦးစားပေး သုံးစွဲရေး ဆိုတဲ့ စွမ်းအင် မူဝါဒ တစ်ရပ် အစိုးရက ချမှတ်ထားကြောင်း ပြောဆိုခဲ့တယ်လို့ The Nation သတင်းစာ က ရေးသားပါတယ်။
စွမ်းအင် ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် ကလည်း - ပြည်တွင်း လိုအပ်ချက် မြင့်မားလာတာနဲ့ အမျှ သဘာဝဓါတ်ငွေ့ တင်ပို့မှု သဘောတူ စာချုပ်တွေကို အစိုးရက ပြင်ဆင်မှာ ဖြစ်ကြောင်း၊ ရှိသမျှ ရေနံ နဲ့ ဓါတ်ငွေ့အားလုံးကို တင်ပို့မှာ မဟုတ်ကြောင်း၊ ပြည်တွင်း လိုအပ်ချက် ဖူလုံပြီးမှသာ သဘာဝ သယံဇာတ အရင်းအမြစ်တွေကို ကုန်ကြမ်းအနေနဲ့ မဟုတ်ဘဲ၊ ကုန်ချောအဖြစ် ပြင်ဆင်ပြီး တင်ပို့ရောင်းချသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အခြေခံအဆောက်အအုံ
မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို
လက်ခံဖို့အတွက် အခြေခံအဆောက်အအုံနဲ့ စွမ်းရည် ဖြည့် တင်းမှုတွေ
လိုအပ်နေသေးတယ်ဆိုပေမဲ့ အလုပ်အကိုင်သစ် ဖန်တီးရေးနဲ့ လူထုကို တိုက်ရိုက် အကျိုး
ရှိစေမယ့် လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အခြေအနေတွေ ရှိနေပါတယ် လို့
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။
ဝါရှင်တန်ဒီစီက ဗွီအိုအေရုံးကို ဗုဒ္ဓဟူးနေ့တုန်းက ရောက်လာ ခဲ့တဲ့ ကော်မရှင်ဥက္ကဋ္ဌ
ဦးစိုးသိန်းက ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် မေးမြန်းခန်းမှာ အခုလို ပြောခဲ့တာ
ဖြစ်ပါတယ်။
LWIN PWIN
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment