မြန်မာ သတင်းများ  အောက်တိုဘာ ၀၄ ၊ ၂၀၁၂


ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ ၄ ရက်နေ့ ညတွင် ရန်ကုန်သို့ ပြန်ရောက်မည်

အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ သွားရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။


ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် တစ်ယောက်အနေဖြင့် မမြင်ဘဲ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတစ်ဦးအဖြစ်သာ မြင်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ယောက်အနေဖြင့် မမြင်ဘဲ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတစ်ဦးအဖြစ်သာ မြင်စေလိုကြောင်း ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
အောက်တိုဘာလ ၂ ရက်နေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ်တွင် ရခိုင်ပြည်နယ်အရေးအပေါ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ယောက်အနေဖြင့် အမြင်များ၊ အကြံပြုချက်များကို မေးမြန်းရာ တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာမိသားစုများမှမေးသော ကချင်ပြည်နယ်အရေး၊ နိုင်ငံရေး အကျဉ်းသားများကိစ္စ၊ လာဘ်ပေးလာဘ်ယူကိစ္စများစသည့် အကြောင်းအရာများနှင့် ပတ်သက်သည့်မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။
ကချင်ပြည်နယ်အရေးနှင့်ပတ်သက်၍ စစ်မီးဒဏ်ကိုမည်သူ့ကိုမှ မခံစေချင်ကြောင်း၊ စစ်မီးငြိမ်းသွားဖို့အတွက် မိမိအနေဖြင့် လုပ်ပေးနိုင်တာရှိ ရင်လုပ်ပေးပါမယ်ဟု ကမ်းလှမ်းထားတာ ရှိပါကြောင်း။ သို့ရာတွင် သက်ဆိုင်ရာ ကာယကံရှင်များ လိုလားမှသာ မိမိအနေဖြင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေးထားသော စာရင်းအရ အကျဉ်းသားဦးရေနှစ်ရာကျော် ရှိနေသေးကြောင်း ပြောကြားခဲ့သည်။ ကျောင်းသင်ရိုးညွှန်းတမ်းများတွင် မိမိနှင့် ဘာသာမတူသူ၊ လူမျိုးမတူသူ၊ အတွေးအခေါ်မတူသူတွေကို လေးစားသင့်တယ်ဆိုတာကို ထည့်၍ သင်သင့်သည်ဟု မိမိထင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်ပြီးဆုံး


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ ပတ်ကျော်ကြာ အမေရိကန်နိုင်ငံ ခရီးစဉ်ကို အဆုံးသတ်လိုက်ပြီး မနေ့က ဗုဒ္ဓဟူးနေ့မှာ ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပြီး မိမိတို့ ပါတီအနေနဲ့ သွားရောက်ကြိုဆိုဖို့ ပြင်ဆင်ထားပြီး ဖြစ်ပေမယ့် လေယာဉ်ဆိုက်ချိန်ဟာ ညပိုင်းဖြစ်တဲ့အတွက် လာရောက်ကြိုဆိုမယ့်  လူထုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုကြောင်း ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ မြန်မာနိုင်ငံသား ၃ ထောင်ခန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီစနစ်နဲ့ တူညီနိုင်မှာ မဟုတ်ကြောင်း၊ နိုင်ငံတိုင်းဟာ မိမိတို့နဲ့ သင့်လျော်မယ့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရတာ ဖြစ်ကြောင်း၊ အဲဒီလို အကောင်အထည် ဖေါ်ရာမှာ အပေါ်ကနေ အောက်ကို စီးဆင်းတဲ့ ဒီမိုကရေစီ စနစ်မျိုး မဖြစ်သင့်သလို စစ်အစိုးရ လက်ထက်က ကြွေးကျော်ခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဆိုတာကိုလည်း မိမိအနေနဲ့ ကန့်ကွက်ကြောင်း ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။

အာဏာရှင်လက်အောက် ဆုံးရှုံးခဲ့တဲ့ အချိန်တွေ အတွက် ကြိုးပန်းကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာနိုင်ငံဟာ နှစ် ၅၀ ကျော် စစ်အာဏာရှင် စနစ်အောက်မှာ နေခဲ့ရတဲ့အတွက် တခြားနိုင်ငံတွေ နဲ့ရင်ပေါင်တန်းနိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းရတော့မယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်တဲ့ အမေရိကန် ပြည်ထောင်စု အနောက်ဖက်ခြမ်းက မြန်မာတွေနဲ့ တွေ့ဆုံပွဲ မှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ကချင်တိုင်းရင်းသား အရေးမှာလည်း NLD ပါတီအနေနဲ့ တတ်နိုင်သမျှ ကူညီနေတယ်လို့ ပြောဆိုသလို၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကိစ္စဟာ ဖယ်ဒရယ်စနစ်ကို လက်ခံနိုင်ဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။


ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်မှုစီမံကိန်း ရပ်တန့်ခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်

ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်တန့်ခြင်း(Save The Ayeyawaddy) တစ်နှစ်ပြည့် အခမ်းအနားအား အောက်တိုဘာလ ၃ ရက်နေ့၊ နေ့လည် ၂ နာရီ၌ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တပ်ပြေးကလေးစစ်သားကိစ္စ လူ့အခွင့်အရေးကောင်စီကို တင်ပြ


အဓမ္မ စစ်တပ်တွင်း သွတ်သွင်းခံရတဲ့ ကလေးစစ်သား တစ်ဦး ပြန်လည်ထွက်ပြေး လွတ်မြောက်လာကြောင်း သိရပါတယ်။ပြည်မြို့က မောင်သန်းနိုင်ထွန်း ဆိုသူ အသက် ၁၄ နှစ် အရွယ် ကျောင်းသားလေး ကို ၂၀၀၈ ခုနှစ်က စစ်သားတစ်ဦးက အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားပြီး  စစ်တပ်ထဲကို အဓမ္မ သွင်းခဲ့ပါတယ်။
မောင်သန်းနိုင်ထွန်းဟာ  လားရှိုးမြို့ သံချပ်ကာတပ်မှာ တာဝန်ထမ်းဆောင်နေခဲ့ရပြီး ၃ နှစ် အကြာမှာ ထွက်ပြေးပြီး မိဘထံ ပြန်လည် ရောက်ရှိလာပါတယ်။ဒါပေမဲ့ တပ်ပြေးတစ်ဦး ဖြစ်နေတာကြောင့် ဒီကိစ္စကို ကြားဝင်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်စီကို မိဘတွေက မနေ့က တင်ပြထားသလို ILO ကိုလည်း ဆက်လက်တင်ပြမယ်လို့ သိရပါတယ်။

 
Eleven Media Group ကို အာရှသတင်းကွန်ရက် (ANN) ၏ အဖွဲ့ဝင်အဖြစ် လက်ခံ

Eleven Media Group ကို အာရှသတင်းကွန်ရက် (ANN) ၏ အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း Eleven Media Group ၏ Managing Director ဒေါက်တာသိန်းမြင့်က အောက်တိုဘာလ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

Eleven Media Group ကို အဖွဲ့ဝင်အဖြစ်  လက်ခံရန် အာရှသတင်းကွန်ရက် (ANN) ၏ အယ်ဒီတာများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

''Eleven Media Group က သတင်းတွေနဲ့ ပတ်သက်လို့ရှိရင် အရည်အသွေးအရရော၊ အရေအတွက်အရပါ ထူးကဲပြောင်မြောက်လှပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ Eleven Media Group ကို ANN ရဲ့ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သဘောတူပါတယ်''ဟု ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ The Daily Yomiuri မှ Taka က ပြောကြားခဲ့သည်။

အာရှသတင်းကွန်ရက် (ANN) ကို အာရှဒေသတွင်း ၁၈ နိုင်ငံမှ နာမည်ကြီးသတင်းစာ ၂၁ စောင်ဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး (The Daily Star - ဘင်္ဂလားဒေ့ရှ်)၊ (KUENSEL - ဘူတန်)၊ (The BRUNEI TIMES - ဘရူနိုင်း)၊ ကမ္ဘောဒီးယား (Rasmei Kampuchea)၊ (China Daily - တရုတ်)၊ (The China Post -  ထိုင်ဝမ်) ၊ (The Statesman - အိန္ဒိယ)၊ (The Jakarta Post -  အင်ဒိုနီးရှား)၊ (The Daily YOMIURI, The YOMIURI SHIMBUN - ဂျပန်)၊ (Vientiane Times -  လာအို)၊ (THE KATHMANDU POST -  နီပေါ)၊ (SIN CHEW DAILY - မလေးရှား) (STAR - မလေးရှား)၊ (DAWN -  ပါကစ္စတန်)၊ (PHILIPPINE DAILY INQUIRER -  ဖိလစ်ပိုင်)၊ (The STRAITS TIMES -  စင်ကာပူ)၊ (The Island -  သီရိလင်္ကာ)၊ (The Korea Herald -  တောင်ကိုရီးယား)၊ (The Nation -  ထိုင်း)၊ (Viet Nam News - ဗီယက်နမ်) တို့ ပါဝင်သည်။

Eleven Media Group  နှင့် ထိုင်းနိုင်ငံအခြေစိုက် The Nation Multimedia Group တို့အကြား ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ The Nation Multimedia Group ၏ အကူအညီဖြင့် Eleven Media Group မှပေးပို့သည့် မြန်မာနိုင်ငံ၏ ထူးခြားသတင်းဖြစ်စဉ်များကို အာရှသတင်းကွန်ရက် (ANN) တွင် လတ်တလော၌ ဖော်ပြလျက်ရှိသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် အာရှသတင်းကွန်ရက် (ANN) ၏ ANN' Coordinators အစည်းအဝေးတွင်လည်း Eleven Media Group မှ အယ်ဒီတာများက Eleven Media Group  နှင့်  
www.elevenmyanmar.com  အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုက်သစ်ကို မိတ်ဆက်ရှင်းလင်းခဲ့သည်။

www.elevenmyanmar.com ဝက်ဘ်ဆိုက်သည် မြန်မာနိုင်ငံ၏ နောက်ဆုံးရသတင်းများကို ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများ ဖတ်ရှုနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဖေါ်ပြသွားမည့် ဝက်ဘ်ဆိုက်ဖြစ်သလို အဆိုပါဝက်ဘ်ဆိုက်ကို မိုဘိုင်းဖုန်း၊ သင်ပုန်းကွန်ပျူတာများမှ တစ်ဆင့် ဖတ်ရှုနိုင်ရန်လည်း စီစဉ်ထားသည်။

ယင်း
www.elevenmyanmar.com  ဝက်ဘ်ဆိုက်သစ်ကို မြန်မာနိုင်ငံတွင် Soft Opening အဖြစ် ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှ စတင်ပြီး လွှင့်တင်ထားပြီးဖြစ်သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ညီလာခံကျင်းပမည်

 

လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ပြည်လုံးကျွတ် ပါတီညီလာခံကို အောက်တိုဘာ (၁၄) ရက်နေ့မှာ ကျင်းပသွားဖို့ ရှိကြောင်း သိရပါတယ်။

ပြည်ရွှေဆံတော် ဘုရားက ငွေပန်းအိုးများ ပျောက်ဆုံး


ဆယ်စုနှစ်ပေါင်း များစွာက ပြည်ရွှေဆံတော် ဘုရားမှာ လှူဒါန်းထားတဲ့ ငွေပန်းအိုးကြီး သုံးလုံး ဌာပနာ တိုက်ကနေ ပျောက်ဆုံးနေကြောင်း သိရပါတယ်။အခုလို ပျောက်ဆုံးနေကြောင်း ဂေါပကတွေက အောက်တိုဘာ ၁ ရက်နေ့က တွေ့ရှိခဲ့တာပါ။ငွေသားအစစ်နဲ့ ပြုလုပ်ထားပြီး မူလအစ ခေတ်ကပင် သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ငွေပန်းအိုးကြီးတွေကို နှစ်စဉ် ပူဇော်ပွဲ အတွက် ပြင်ဆင် ဆောင်ရွက်စဉ် ပျောက်ဆုံးနေကြောင်း သိရှိခဲ့ရတာပါ

သမ္မတဦးသိန်းစိန် ကစ်ဆင်းဂျားနဲ့ တွေ့ဆုံခဲ့

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် မြန်မာသမ္မတ ဦးသိန်းစိန် သည် ၎င်း၏ခရီးစဉ်အတွင်း ကမ္ဘာကျော် သံတမန်ရေးရာ ဂုရုကြီး ဟင်နရီ ကစ်ဆင်းဂျားနှင့်လည်း နယူးယောက်မြို့တွင်
တွေ့ဆုံခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်းဂျားနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က “(အဆွေတော်၏) အသက်အရွယ်၊ အတွေ့အကြုံနှင့် ဉာဏ်ပညာအရ မိမိအနေဖြင့် အလွန်ပင်
လေးစားခဲ့ရသော ပုဂ္ဂိုလ်တဦး ဖြစ်ပါကြောင်း” ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင်
ဖော်ပြပါရှိသည်။
ထို့ပြင် “မိမိတို့အစိုးရ၏ နိုင်ငံခြားရေးမူဝါဒအရ အရှေ့အနောက် ခွဲခြားဆက်ဆံမှုမျိုး မရှိဘဲ နိုင်ငံအားလုံးနှင့် ချစ်ခင် ရင်းနှီးစွာဖြင့် ဆက်ဆံနိုင်ရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း” လည်း ဦးသိန်းစိန် က ပြောကြားခဲ့ သည်။

သမ္မတ နစ်ဆင်လက်ထက် ၁၉၇ဝ စုနှစ်များအတွင်းက ကမ္ဘာ့အခင်းအကျင်းတွင် သျှမ်းသျှမ်းတောက် ကျော်ကြား လာခဲ့သော ကစ်ဆင်းဂျားကလည်း “မြန်မာနိုင်ငံအားများစွာ စိတ်ဝင်စားမှုရှိပြီး မြန်မာနိုင်ငံသမိုင်းအား တန်ဖိုးထားလေးစားပါကြောင်း၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊… အရှေ့တောင်အာရှ နိုင်ငံများ၏ အနာဂတ်တွင် မြန်မာနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည်ကို မိမိအနေဖြင့် သိရှိပါကြောင်း” ပြောဆိုခဲ့သည်။

အသက် ၈၉ နှစ်အရွယ်ရှိ ဟင်နရီကစ်ဆင်းဂျားမှာ အထူးသဖြင့် စစ်အေးခေတ် တရုတ်-အမေရိကန် ဆက်ဆံရေး အား ထူထောင်ပေးနိုင်ခဲ့ပြီး ၎င်း၏ ‘Diplomacy’ ကျမ်းကြီးမှာ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၊ သံခင်းတမန်ခင်း စိတ်ဝင်စားသူများ လေ့လာမှတ်သားကြရသည့် အထင်ကရ ကျမ်းကြီး ဖြစ်ပြီး အခြား သံခင်းတမန်ခင်း စာအုပ်ပေါင်း ၁၅ အုပ်ခန့် ရေးသားခဲ့သည်။

၂ဝ၁၁ ခုနှစ်က On China စာအုပ်ကို ရေးသားခဲ့သည့် ကစ်ဆင်းဂျားမှာ တရုတ်ပြည် အပေါ်တွင်လည်း သြဇာညောင်းသူတဦး ဖြစ်သည်။ အကြောင်းမှာ အမေရိကန်သမ္မတ ရစ်ချဒ် နစ်ဆင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ မော်စီတုန်းတို့အကြား ၁၉၇၂ ခုနှစ်တွင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး ထိုမှနေ၍ တရုတ်ပြည်၏ စီးပွားရေးဘဝသစ်ကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုများနှင့် တိုးတက်လာနိုင်စေခဲ့သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment