မြန်မာ့ စီးပွားရေး သတင်းများ  အောက်တိုဘာ ၀၈ ၊ ၂၀၁၂


မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းနီပါး မြှုပ်နှံ၍ စားသုံးဆီစက်ရုံကို မလေးရှားကုမ္ပဏီတစ်ခု တည်ဆောက်ရန်စီစဉ်၊ စားသုံးဆီထုတ်လုပ်ပြီး လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အပါအ၀င် နိုင်ငံတကာသို့ပါ ပြန်လည်တင်ပို့မည်


မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး တန်ဖိုးရှိသည့် စားသုံးဆီထုတ်လုပ်သည့် စက်ရုံကို မလေးရှားကုမ္ပဏီတစ်ခုမှ လာရောက်တည်ဆောက် မြှုပ်နှံရန်စီစဉ်နေကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာတစ်စောင်တွင် ဖော်ပြထား သည်။
မလေးရှားနိုင်ငံမှ စားသုံးဆီ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ် သော Delima Oil Products Sdn Bhd(DOP) မှ မြန်မာနိုင်ငံတွင် စား သုံးဆီထုတ်လုပ်ကာ ဖြန့်ဖြူးရောင်း ချရန်စီစဉ်နေခြင်းဖြစ်ပြီး ကုန်ပစ္စည်း ထုတ်လုပ်ပြီးနောက် ပြည်တွင်းဈေး ကွက်ကိုသာမက လာအို၊ ကမ္ဘောဒီး ယား၊ ဖိလစ်ပိုင်အပါအ၀င် ဒေသ တွင်းနိုင်ငံများသို့ ပြန်လည်တင်ပို့ သွားသည်အထိ ရည်ရွယ်ထား ကြောင်းသိရသည်။
DOP ၏ CEO ဖြစ်သူ Zakaria Arshad က “သုံးလအတွင်း မြန်မာနိုင်ငံမှ စက်ရုံတည်ထောင်ဖို့ အတွက် ပူးပေါင်းလုပ်ကိုင်မယ့် မြန် မာကုမ္ပဏီတွေကို ရှာနေပါတယ်။ အထူးသဖြင့် ရေရှည်လုပ်ငန်း လုပ်ကိုင်မှုအတွက် မြန်မာအစိုးရနဲ့ဆက်နွယ်တဲ့ ကုမ္ပဏီအချို့ကို ရှာဖွေချိတ်ဆက်နေတယ်။ စားသုံးဆီထုတ်မယ့် စက်ရုံအတွက်ကတော့ ရူပီးသန်း ၃၀ (အမေရိကန်ဒေါ်လာ ၁၀ သန်းနီး ပါး)ရင်းနှီးမြှုပ်နှံမှာပါ။ လောလော ဆယ်မှာ ကျွန်တော်တို့ အာဆီယံနိုင် ငံတွေရဲ့ စားသုံးဆီဈေးကွက်မှာ ၂၅ ရာခိုင်နှုန်းရရှိထားတယ်။ ဒါပေမယ့် နှစ်အနည်းအတွင်းမှာ ၅၀ ရာခိုင်နှုန်း အထိရဖို့အတွက် ရည်ရွယ်ထားတယ်”ဟု ပြောကြားခဲ့သည်။
DOP ကုမ္ပဏီမှာ မြန်မာနိုင်ငံရှိ Grand Wynn Enterprises ဖြင့် ကုန်ပစ္စည်းများဖြန့်ဖြူးမှုအတွက် ယခင်နှစ် နိုဝင်ဘာလကတည်းက သဘောတူလက်မှတ်ရေးထိုး လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင်လည်း ထိုသို့ DOP ၏ ထုတ်ကုန်များကို ဖြန့်ဖြူး ရန်အတွက် လက်ရှိပူးပေါင်းလုပ် ကိုင်နေသည့် Grand Wynn Enterprises ဖြင့် ထပ်မံ၍ သဘောတူစာချုပ်သစ် ချုပ်ဆိုသွားရန်အတွက် လည်းစီစဉ်ထားကြောင်းနှင့် Grand Wynn Enterprises ၏ Chairman ဖြစ်သူ Nicko Hla Win ဖြင့် စာချုပ် သစ်ချုပ်ဆိုနိုင်မည်ဟု DOP မှမျှော်လင့်ကြောင်း ထုတ်ပြန်ထားသည်။
DOP မှာ မလေးရှားနိုင်ငံရှိ Felda Holdings Bhds လုပ်ငန်းခွဲ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ Felda Holdings  မှ CEO ဖြစ်သူကလည်း ရန်ကုန်၏ စားသုံးဆီဖြန့်ချိရေး ဈေးကွက်ကို ၁၀၀ ရာခိုင်နှုန်း ရရှိသည် အထိလုပ်ဆောင်သွားရန် ရည်ရွယ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။


ယခုဘဏ္ဍာနှစ် လေးလအတွင်း ကျောက်စိမ်းထုတ်ယူမှု ယခင်နှစ်ကထက် တန်ချိန် ၁၀၀၀၀ ကျော်လျော့ကျ


ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲအခြေအနေများကြောင့် ယခုနှစ် ကျောက်စိမ်းထုတ်ယူနိုင်မှုမှာ တန်ချိန်များစွာလျော့ကျမည်ဟု ကျောက်စိမ်းလုပ်ငန်းရှင်များထံမှ သိရသည်။
ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇူလိုင်လကုန်အထိ ကျောက်စိမ်းထုတ်ယူနိုင်မှုစာရင်းများအရ လေးလအတွင်း ကျောက်စိမ်းတန်ချိန် ၁၄၀၀၀ ကျော်သာ ထုတ်ယူနိုင်ပြီး ယခင်နှစ်ကထက် တန်ချိန် ၁၀၄၃၉ ကျော်လျော့ကျခဲ့သည်ဟု ထုတ်ပြန်ထားချက်များအရ သိရသည်။
အထူးသဖြင့် ကချင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများခဲ့သည့် ဇွန်၊ ဇူလိုင်လများတွင် ထုတ်ယူနိုင်မှုလျော့ကျခဲ့ခြင်းဖြစ်ကြောင်း၊ သြဂုတ်လနှင့် စက်တင်ဘာလများ တွင်လည်း ထုတ်ယူမှုမပြုနိုင်သေးသည့်အတွက် များစွာလျော့ကျမည်ဖြစ်ကြောင်း ကျောက်စိမ်းတူးဖော်သူများက ပြောကြားသည်။
ကျောက်စိမ်းတူးဖော်သူများအနေဖြင့်လည်း မိမိအရပ်ဒေသများသို့ ခေတ္တပြန်ကာ အခြေအနေများကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများထံမှ သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယခင်နှစ်အထိ ပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ပြီးလျှင် ကျောက်စိမ်းတင်ပို့မှုကိုသာ အားထားရကြောင်း၊ သို့ သော် ယခုနှစ်တွင် တရုတ်နိုင်ငံ၏ အခွန်ဖြင့် ကန့်သတ်ထားမှုကြောင့် တင်ပို့မှုပိုင်းတွင်ပါ များစွာထိုးဆင်းခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံအနေဖြင့် ကျောက်စိမ်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၂၄၀ ကျော်အထိရရှိခဲ့သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်မူ အမေရိကန်ဒေါ်လာ ၇၈၀ ဒသမ ၁၈ သန်းသာရရှိခဲ့ပြီး ထိုးကျခဲ့ရသည်။ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်မူ ကျောက်စိမ်းတင်ပို့မှုမှရငွေမှာ သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၈ သန်းနီးပါးသာရရှိသည်။


မြန်မာ့ရေထွက်ကုန်များကို ယခင်ကကဲ့သို့ တတိယနိုင်ငံမှတစ်ဆင့် ပို့ဆောင်ရန်မလိုတော့ဘဲ အမေရိကသို့တိုက်ရိုက်တင်ပို့မည်


အမေရိကန်နိုင်ငံသို့ မြန်မာပို့ကုန်များ တင်သွင်းမှုပိတ်ဆို့ခြင်းများအား ဖယ်ရှားတော့မည်ဖြစ်ရာ လက်ရှိအချိန်တွင် မြန်မာ့ရေထွက်ကုန်များကို အမေရိကသို့ တင်ပို့နိုင်ခြင်းမရှိသေးသော်လည်း ယခင်ကကဲ့သို့ တတိယနိုင်ငံမှတစ်ဆင့် ပို့ဆောင်ရန်မလိုတော့ဘဲ တိုက်ရိုက်တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း ရေထွက်ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ အမေရိကန်နိုင်ငံတွင်တွေ့ဆုံဆွေးနွေးစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှပို့ကုန်များ အမေရိကန်နိုင်ငံသို့ တင်သွင်းမှု ပိတ်ဆို့ထားခြင်းအား ဖြေလျော့ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ရေထွက်ပစ္စည်းပြည်ပတင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် အဏ္ဏ၀ါဒေ၀ီရေလုပ်ငန်းမှ ဒေါက်တာဒေါ်တိုးနန္ဒာတင်က "ပိတ်ဆို့မှုတွေဖယ်ရှားလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် ချက်ချင်းကြီးပို့နိုင်သလားဆိုတဲ့မေးခွန်းက အားလုံးသိချင်တဲ့မေးခွန်းပါ။ ပိတ်ဆို့မှုတွေ ဖယ်ရှားတယ်ဆိုတာ လူကြီးချင်းပြောတဲ့စကားပ ဖြစ်ပါသေးတယ်။ ချက်ချင်းအမေရိကားကို ပို့တော့မယ်ဆိုပြီး လုပ်လို့မရသေးပါဘူး။ ဘာလို့လည်းဆိုတော့ အောက်ခြေမှာအဆင့်ဆင့်လုပ်ဆောင်ရမယ့် စနစ်တွေရှိပါသေးတယ"ဟု ပြောကြားခဲ့ပါသည်။
"ပိတ်ဆို့မှုတွေဖယ်ရှားလိုက်တဲ့အတွက်ကြောင့် ဘာကောင်းသွားလဲဆိုတော့ မြန်မာပို့ကုန်တွေအမေရိကကိုတင်ပို့တဲ့အခါ တတိယနိုင်ငံကိုသုံးစရာမလိုတော့ပါဘူး။ အရင်တုန်းက အမေရိကားကိုသွားတဲ့ရေထွက်ကုန်ပစ္စည်းတွေရှိပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေကနေတစ်ဆင့် ခိုးချောင်ခိုးဝှက်သွားရတယ်။ ခိုးချောင်ခိုးဝှက်သွားတယ်ဆိုတာ Product of Myanmar ဆိုတာ ပိတ်ဆို့မှုတွေလုပ်ထားတဲ့အတွက်ကြောင့် သူသည် အမေရိကကိုသွားလို့မရဘူး။ သိက္ခာရှိရှိသွားနိုင်အောင်လို့ ဖွင့်ပေးပြီးတဲ့အချိန်မှာ သိက္ခာရှိရှိပဲသွားစေချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အခွင့်အရေးကို အပြည့်အ၀အသုံးချဖို့ဆိုတာ ပို့ကုန်လုပ်ငန်းရှင်တွေမှာ တာဝန်အများကြီးရှိပါတယ်"ဟု မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအ သင်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ယခင်က မြန်မာပို့ကုန်များကို  အမေရိကနှင့်ဥရောပနိုင်ငံများသို့တင်ပို့ရာတွင် စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားစသည့်နိုင်ငံများမှတဆင့် တင်ပို့မှုများပြုလုပ်ခဲ့ရကြောင်းနှင့် ထိုသို့တင်ပို့ရာတွင် အီးယူနိုင်ငံများက ၎င်းတို့နိုင်ငံသို့တင်သွင်းသော ရေထွက်ကုန်များကို သွင်းကုန်ခွန်ကောက်ခံခဲ့မှုကြောင့် ရေထွက်ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် တွင်ကျယ်စွာတင်ပို့မှုမပြုနိုင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၇ ရက်က ဥရောပသမဂ္ဂ၏ထုတ်ပြန်ကြေညာချက်အရ မြန်မာ့ကုန်ပစ္စည်းများ ဥရောပသမဂ္ဂသို့တင်ပို့ရောင်းချရာတွင် လက်နက်ခဲယမ်းမီးကျောက် မှလွဲ၍ ကျန်ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှုကင်းလွတ်ခွင့်များရရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အီးယူသို့တင်ပို့ခွင့်ရှိသည့် အအေးခန်းစက်ရုံ ၁၃ ရုံရှိနေပြီး အခြားစက်ရုံများကလည်း အီးယူသို့တင်ပို့ရန် ဆောင်ရွက်မှုရှိနေကြောင်းလည်း သိရသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment